01/09/2022
ကျွန်တော့် အသိဦးလေးတစ်ယောက်ရှိတယ်။သူ့ရာသီက သူ့မျက်ဝန်းအတိုင်းဆို အမြဲတမ်းမှုန်မှိုင်းနေတတ်တယ်။စကားပြောသံက နူးညံ့တယ်။တိုးညင်းတယ်။ခပ်ဖျော့ဖျော့ပြုံးတတ်တယ်။လက်ကြားမှာ အမြဲတမ်း ဖက်ကြမ်းတစ်လိပ်ကို တွေ့ရတယ်။
ညနေစောင်းချိန်ဆို သူ့အိမ်ရှေ့က အုတ်ခုံလေးပေါ်မှာထိုင်ပြီး သီချင်းတစ်ပုဒ်ကို အမြဲဆိုတတ်တယ်။၅နှစ်လား ၁၀နှစ်လား။တိတိကျကျမသိခဲ့ရပေမယ့် ကျွန်တော်ငယ်ငယ်လေးကတည်းနေ သူဆိုလာခဲ့တာ အဲ့ သီချင်းတစ်ပုဒ်တည်း။စိုင်းထီးဆိုင်ရဲ့ ငယ်ချစ်ဦး သီချင်းပဲ။
ကြာပြီဆိုတော့ မေ့လောက်ပါပြီ စိတ်မှာထင်ခဲ့တယ် …… အချစ်ဦးမို့ ယနေ့ထက်ထိတိုင် ကိုယ်မမေ့နိုင်သေးတယ်
သူ့အသံဖျော့ဖျော့လေးတွေကို ဂစ်တာသံခပ်တိုးတိုးလေးက အဖော်ပြုပေးနေသလိုပဲ။ဆိုလက်စကို ခဏနားလိုက် ဖက်ကြမ်းကိုဖွာလိုက် အဝေးကိုငေးလိုက် ငယ်ချစ်ဦးသီချင်းအစပိုင်းကို ပြန်ကျော့လိုက်နဲ့ သူ့ညနေခင်းတွေနဲ့သူတော့ သာယာနေပြန်ကော။
ဒီတစ်ပုဒ်တည်းပဲ တီးတာလားလို့မေးရင် ခပ်ဖျော့ဖျော့လေးပြုံးတယ်။ငယ်ချစ်ဦးမမ ကို သတိရနေတုန်းလားဆိုရင် အဝေးကိုငေးတယ် ဖက်ကြမ်းကို ရဲတက်လာတဲ့အထိဖွာပြီး ဘာစကားတစ်ခွန်းမှပြန်မပြောတော့ဘူး။
ဒဏ်ရာတွေက အတော်နက်ခဲပုံရပါရဲ့။ညနေတိုင်း ဒီသီချင်းတစ်ပုဒ်တည်းနဲ့ သူဘဝကို ဖြတ်သန်းနေရပုံကိုလဲ အတော်ကျေနပ်နေဟန်ရှိတယ်။သူက ခံစားမှုကို ဦးစားအတော်ပေးပုံရသည်။သူ ဂစ်တာတီးနေချိန် သူ့ဘေးနားကျွန်တော်လာတာနဲ့ ဂစ်တာတီးတာကို ရပ်လိုက်တာက အမြဲတမ်းပဲ။ကျွန်တော်တင်မဟုတ် ဘယ်သူလာလာ တီးလက်စ ဂစ်တာကို ရပ်လိုက်တယ်။သူ့ဘေးနားလာပြီး ပြောသမျှစကားတိုင်းကို ပြုံးပြီးနားထောင်တယ်။အသံခပ်တိုးတိုးနဲ့ နှုတ်ဆက်ပြီးသွားရင်တော့ သူတစ်ယောက်တည်းကျန်နေချိန်မှ စိတ်နှစ်ပြီး ဂစ်တာတီးသီချင်းဆိုတော့တယ်။
နောက်မှသိလိုက်ရတာက သူကျောင်းတက်တုန်းကလဲ ရည်းစားမရှိသလို ဘယ်သူ့ကိုမှလဲ မကြိုက်ခဲ့ဘူးတဲ့။ငယ်ချစ်ဦး သီချင်းချည်း ၁၀နှစ် ၁၅နှစ်လောက် တီးနေတာကလဲ ဘာခံစားချက်မှမရှိပဲ လက်ကွက်မကိုင်တတ်သေးလို့ကျင့်နေတာတဲ့။ဒါကြောင့် သူ့နား လူတွေလာရင် ရှက်လို့ တီးလက်ဆ ဂစ်တာကို ရပ်လိုက်တာပါတဲ့ 😂