18/06/2026
https://www.facebook.com/share/p/1GBunrFMR4/
မြန်မာနိုင်ငံမှာ ပြည်သူတွေပါးစပ်ထဲထည့်နေတာ အစာလား ၊ အဆိပ်လား
ကျောင်းဆင်းချိန်မှာ မုန့်လက်ဆောင်းတစ်ခွက်၊ အလုပ်နားချိန်မှာ အကြော်စုံတစ်ပွဲ၊ ညနေခင်း သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ လမ်းဘေးခေါက်ဆွဲတစ်ပွဲ။ ဒါတွေက ကျွန်တော်တို့ မြန်မာတွေရဲ့ ဘဝနဲ့ ခွဲလို့မရတဲ့ လမ်းဘေးအစားအသောက် ယဉ်ကျေးမှုပါပဲ။
တစ်ချိန်က ဒီယဉ်ကျေးမှုဟာ ပျော်စရာ၊ အရသာရှိစရာတစ်ခုဖြစ်ခဲ့ပေမဲ့ အခု ၂၀၂၅ ခုနှစ်မှာတော့ ဒီအလေ့အထတွေက ကျွန်တော်တို့ကို သေမင်းဆီ အရောက်ပို့နေတဲ့ တရားခံတွေများ ဖြစ်နေပြီလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။
"အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုတဲ့စကားက ကျွန်တော်တို့ရဲ့ ထမင်းဝိုင်းတွေမှာသာမက လမ်းဘေးဆိုင်တွေမှာပါ မှေးမှိန်ပျောက်ကွယ်နေပါပြီ။
ပထမဆုံး၊ ကျွန်တော်တို့ နေ့တိုင်းမြင်နေရတဲ့ "ဆီကြော်ပြန်" ပြဿနာကိုပဲ ကြည့်ပါ။ မနက်ကကြော်ထားတဲ့ဆီကို ညနေအထိ သုံးတယ်၊ နောက်နေ့မနက်မှာ အဲ့ဒီဆီအမည်းကြီးထဲကို ဆီအသစ်နည်းနည်းရောပြီး ဆက်ကြော်တယ်။
အဲဒီဆီတွေနဲ့ကြော်ထားတဲ့ အကြော်၊ အသားလုံး၊ မုန့်တွေကို စားလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာပြီး သွေးတိုး၊ နှလုံး၊ ကင်ဆာရောဂါတွေအတွက် လမ်းခင်းပေးနေတယ်ဆိုတာကို ကျွန်တော်တို့ ဘယ်နှစ်ယောက်က သတိထားမိလို့လဲ။ ရောင်းတဲ့သူကလည်း "မတတ်နိုင်ဘူး"၊ စားတဲ့သူကလည်း "ဒါလေးပဲ စားတာပဲ" ဆိုတဲ့အတွေးတွေနဲ့ ဒီသံသရာက လည်ပတ်နေတုန်းပါပဲ။
ဒုတိယအချက်က "သန့်ရှင်းမှု" ပါ။ ပန်းကန်ဆေးတဲ့ရေဇလုံတစ်လုံးတည်းနဲ့ တစ်နေကုန်သုံးနေတာတွေ၊ ယင်နားနေတဲ့အသားတွေကို ဘာမှအဖုံးအအုပ်မရှိဘဲ ရောင်းချနေတာတွေ၊ ဖုန်တွေကြားထဲမှာ ချက်ပြုတ်နေတာတွေက မြင်ရက်စရာမရှိပါဘူး။ ဒီ့ထက်ပိုဆိုးတာက မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေကနေ ကူးစက်တဲ့ရောဂါတွေပါ။ လက်ကို စင်ကြယ်အောင်မဆေးဘဲ အစားအစာတွေကို ကိုင်တွယ်တာ၊ မသန့်ရှင်းတဲ့ရေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောတာတွေက အစာအဆိပ်သင့်ခြင်းကို တိုက်ရိုက်ဖိတ်ခေါ်နေတာပါပဲ။ လေ့လာချက်တွေအရဆိုရင် ငါးကင်၊ ဝက်သားကင်လို အစားအစာတချို့မှာ ဗီဘရီယို နဲ့ ဆယ်လ်မိုနဲလားလို အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ အများအပြားတွေ့ရှိရတယ်လို့ဆိုတယ်။ ဒါ့အပြင် အသားငါးလို ပုပ်လွယ်တဲ့ပစ္စည်းတွေကို ရေခဲသေတ္တာထဲမှာ စနစ်တကျမသိမ်းဆည်းတာ၊ အပူချိန်ကို ကောင်းကောင်းမထိန်းနိုင်တာတွေကလည်း ဘက်တီးရီးယားပိုးတွေကို အလျင်အမြန် ပေါက်ဖွားစေပြီး ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ခြိမ်းခြောက်နေပါတယ်။
ဒါတွေ မကသေးဘူး။ ကျွန်တော်တို့ရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကရော ဘယ်လောက်စိတ်ချရလို့လဲ။ အထွက်တိုးဖို့နဲ့ ပိုးမကျအောင်ဆိုပြီး စည်းမရှိကမ်းမရှိသုံးထားတဲ့ ပိုးသတ်ဆေးတွေရဲ့အကြွင်းအကျန်တွေက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကို နေ့စဉ်ဝင်ရောက်နေတယ်။ သက်တမ်းလွန်နေတဲ့ အသားငါးတွေကို ဓာတုဆေးနည်းနည်းသုံးပြီး အသစ်ဖြစ်အောင် အရောင်တင်ရောင်းချနေတာတွေကလည်း ဈေးတွေထဲမှာ ဒုနဲ့ဒေးပဲ။
ငါးပိ၊ လက်ဖက်လို အစားအစာတွေကတော့ မြန်မာ့အစားအစာရဲ့ အသည်းနှလုံးလို့ ပြောလို့ရပါတယ်။ သူ့မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနိုင်တယ်ဆိုတာမှန်ပေမဲ့ စနစ်တကျမရှိတဲ့ ကစော်ဖောက်တဲ့ဖြစ်စဉ်တွေကတော့ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေ ပေါက်ဖွားနိုင်ခြေကို တံခါးဖွင့်ပေးနေသလိုပါပဲ။ ဒီအရာတွေအားလုံးက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို တိတ်တဆိတ် တိုက်စားနေတဲ့ ပြည်တွင်းဖြစ်အဆိပ်တွေပါပဲ။
ဒီပြည်တွင်းက အန္တရာယ်တွေထက် ပိုပြီး ကောက်ကျစ်စဉ်းလဲတဲ့ ပြဿနာတစ်ခုကတော့ ကျွန်တော်တို့ရဲ့ မီးဖိုချောင်တွေထဲအထိ တိတ်တဆိတ် ဝင်ရောက်နေပါပြီ။ အဲဒါကတော့ နိုင်ငံခြားကနေ ဝင်လာတဲ့ အသင့်စား စားသောက်ကုန်တွေပါပဲ။ အထူးသဖြင့် တရုတ်ပြည်ကလာတဲ့ ရောင်စုံမုန့်ထုပ်တွေ၊ အသားလုံးတွေ၊ ယိုစုံတွေပေါ့။ သူတို့ရဲ့ အရသာက အံ့မခန်းပဲ။ ချို၊ ချဉ်၊ ငန်၊ စပ် အရသာမျိုးစုံနဲ့ လျှာကိုညို့ယူဖမ်းစားထားတော့ ကလေးတွေရော လူကြီးတွေပါ ကြိုက်ကြတယ်။ ဒါပေမဲ့ အဲဒီအရသာတွေက သဘာဝပစ္စည်းတွေက လာတာမှမဟုတ်ဘဲ၊ ဘယ်လိုဓာတုပစ္စည်းတွေနဲ့ ဖန်တီးထားမှန်းမသိတဲ့ "ဓာတုအရသာ" တွေဆိုတာကို ကျွန်တော်တို့ မေ့နေကြတယ်။
အဆိုးဆုံးကဘာလဲသိလား။ ပါဝင်ပစ္စည်းစာရင်းကို လုံးဝမရေးထားတာ၊ ရေးထားပြန်တော့လည်း ဘယ်သူမှဖတ်တတ်တဲ့ တရုတ်စာနဲ့ဆိုတော့ ဘာတွေစားမိမှန်းမသိတဲ့ကိန်းဆိုက်နေတာပဲ။ တရုတ်နိုင်ငံရဲ့ အစားအသောက်ဘေးကင်းမှုရာဇဝင်က နာမည်ကောင်းမရှိဘူးဆိုတာ အားလုံးအသိပါ။ တရုတ်လူမျိုးတွေကိုယ်တိုင်တောင် ယုံကြည်ရတဲ့ ကုမ္ပဏီကြီးတွေက မဟုတ်ရင် သူတို့နိုင်ငံထုတ် သရေစာမုန့်တွေကို ရှောင်ကြတယ်။ ဒီမှာတော့ ကျွန်တော်တို့က ဘာမှန်းမသိတဲ့ အသေးစား၊ အလတ်စား တရုတ်စက်ရုံတွေကလာတဲ့ အစားအသောက်တွေကို ဘာမှမသိဘဲ စားသုံးနေကြတာဟာ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဖျက်ဆီးနေတာနဲ့ ဘာမှမထူးပါဘူး။
နောက်ထပ် ထည့်ပြောရမယ့်အချက်ကတော့ အစားအသောက်ကိုင်တွယ်ရောင်းချသူတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းချက်ပါပဲ။ သူတို့အများစုဟာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး စနစ်တကျသင်ကြားထားတာမရှိဘူး။ ပိုက်ဆံကိုင်လိုက်၊ အသုပ်သုပ်လိုက်၊ လက်အိတ်လည်းမစွပ်ဘူး။ ဒီအပြုအမူတွေက ရောဂါပိုးမွှားတွေကို တစ်နေရာကနေတစ်နေရာ အလွယ်တကူ ကူးစက်စေပါတယ်။ အထူးသဖြင့် ရေကောင်းရေသန့်ရှားပါးတဲ့ လမ်းဘေးဆိုင်တွေမှာ ဒီပြဿနာက ပိုဆိုးတယ်။ မန္တလေးက ဆေးရုံစားသောက်ဆိုင်တွေမှာလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် ရောင်းချသူတွေရဲ့ ထက်ဝက်ကျော်ဟာ အစားအသောက်ကိုင်တွယ်ပုံ စည်းကမ်းပိုင်းမှာ အားနည်းချက်တွေရှိနေတယ်လို့တောင် တွေ့ခဲ့ရပါတယ်။
ဒီပြဿနာတွေအားလုံးရဲ့ ဗဟိုချက်မှာ ဒုက္ခအများဆုံးခံစားနေရတာက ကျွန်တော်တို့ရဲ့ အမျိုးသမီးတွေပါ။ အလုပ်ကပြန်လာလို့ ပင်ပန်းနေတဲ့ ညီမလေးတစ်ယောက်အတွက် လမ်းဘေးက အသင့်စားအသုပ်တစ်ပွဲက အဆင်ပြေဆုံးဖြစ်မှာပေါ့။ မိသားစုအတွက် ဈေးဝယ်ချိန်မှာ ဈေးသက်သာတဲ့ တရုတ်ပြည်ဖြစ် အသားလုံးတွေက အိမ်ရှင်မတစ်ယောက်အတွက် ရွေးချယ်စရာ ဖြစ်နေမှာပေါ့။ သူတို့ရဲ့ "အဆင်ပြေမှု" နဲ့ "သက်သာမှု" တွေက သူတို့မသိလိုက်ဘဲ သူတို့မိသားစုရဲ့ ကျန်းမာရေးကို ပေးဆပ်နေရတယ်ဆိုတာကတော့ ဝမ်းနည်းစရာအမှန်တရားပါပဲ။
ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဒီအတိုင်းပဲ ဆက်သွားနေကြမှာလား။ ကိုယ့်ရဲ့ သက်တမ်းကို နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေနဲ့ တဖြည်းဖြည်းတိုစေတော့မှာလား။
ဒီစာကိုဖတ်နေတဲ့ လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးငယ်တွေကို ကျွန်တော်တိုက်တွန်းချင်တယ်။
ကျွန်တော်တို့ရဲ့ အစားအသောက်ယဉ်ကျေးမှုကို ပြန်လည်သုံးသပ်ဖို့ အချိန်တန်ပါပြီ။ အဆင်ပြေတာ၊ ဈေးသက်သာတာထက် "ကျန်းမာရေးနဲ့ ညီညွတ်မှု" ကို ဦးစားပေးရွေးချယ်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူကြဖို့လိုပါတယ်။ ကိုယ်စားမယ့်အစာကို ကိုယ်တိုင်ချက်ပြုတ်ဖို့ အချိန်ပေးတာ၊ ဝယ်မယ်ဆိုရင်လည်း စိတ်ချရတဲ့၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာကို ရွေးချယ်တတ်တာက ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကို အကောင်းဆုံးကာွယ်ခြင်းပါပဲ။ ကျွန်တော်တို့ရဲ့ နေ့စဉ်ရွေးချယ်မှုလေးတွေက ကျွန်တော်တို့အားလုံးရဲ့ အသက်ရှည်ကျန်းမာတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာဖြစ်ကြောင်း အလေးအနက် သတိပေးလိုက်ပါရစေ။