Strawberry Online Shop

Strawberry Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Strawberry Online Shop, Yangon, Kamayut.

02/02/2026

"ဖောက်သည်ဝန်ဆောင်မှုကောင်းခြင်း" (သို့မဟုတ်) ရေရှည်အမြတ်ကျန်စေမည့် ရင်းနှီးမြှုပ်နှံမှု

လုပ်ငန်းရှင်အများစုက "ဝန်ဆောင်မှု (Service)" ဆိုတာကို စရိတ် (Expense) တစ်ခုလို့ မြင်တတ်ကြပါတယ်။

တကယ်တော့ ဖောက်သည်ဝန်ဆောင်မှုကောင်းမွန်ခြင်းဟာ သင့်လုပ်ငန်းအတွက် တန်ဖိုးအကြီးမားဆုံးသော "ပိုင်ဆိုင်မှု (Asset)" တစ်ခုပါ။

သင့်ဆိုင်ရဲ့ အရောင်းဝန်ထမ်းတွေကို စနစ်တကျ သင်တန်းပေးပြီး ဝန်ဆောင်မှုကောင်းအောင် ပြုလုပ်ခြင်းအားဖြင့် အောက်ပါ အကျိုးအမြတ် (၁၀) ချက်ကို ရရှိနိုင်ပါတယ်။

၁။ ဖောက်သည်ဟောင်းများ မြဲမြံခြင်း (Customer Retention)
ဖောက်သည်သစ်တစ်ယောက်ရဖို့ ရှာရတဲ့စရိတ်က ဖောက်သည်ဟောင်းကို ထိန်းထားတဲ့စရိတ်ထက် (၅) ဆကနေ (၂၅) ဆအထိ ပိုများပါတယ်။ ဝန်ဆောင်မှုကောင်းရင် ဖောက်သည်က နောက်တစ်ခါ ထပ်လာဖို့ ဝန်မလေးတော့ပါဘူး။

၂။ အခမဲ့ ကြော်ငြာရရှိခြင်း (Word of Mouth Marketing)
လူတွေက ကိုယ်ကြုံတွေ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံကို သူငယ်ချင်း၊ မိတ်ဆွေတွေကို ပြန်ပြောလေ့ရှိပါတယ်။ "အဲဒီဆိုင်က ဝန်ဆောင်မှု သိပ်ကောင်းတာပဲ" ဆိုတဲ့ စကားတစ်ခွန်းက Facebook Boost လုပ်တာထက် ပိုထိရောက်ပါတယ်။

၃။ ဈေးနှုန်းကို အဓိကမထားတော့ခြင်း (Less Price Sensitivity)
ဝန်ဆောင်မှု အရမ်းကောင်းတဲ့ဆိုင်မှာ ဝယ်သူတွေက ဈေးနည်းနည်းကြီးရင်တောင် ကျေကျေနပ်နပ် ပေးဝယ်ကြပါတယ်။ သူတို့ဝယ်တာ ပစ္စည်းတစ်ခုတည်း မဟုတ်ဘဲ၊ စိတ်ချမ်းသာမှုနဲ့ ယုံကြည်မှုကိုပါ ဝယ်ယူတာဖြစ်လို့ ဈေးနှုန်းပြိုင်ဆိုင်မှုဒဏ်ကို ခံနိုင်ရည်ရှိလာပါတယ်။

၄။ တစ်ဦးချင်း ဝယ်ယူမှုနှုန်း မြင့်တက်လာခြင်း (Increased Average Order Value)
ဖော်ရွေပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းနဲ့ တွေ့ရင် ဝယ်သူက မူလဝယ်ဖို့ စိတ်ကူးထားတာထက် ပိုဝယ်မိတတ်ပါတယ်။ (ဥပမာ - ဘောင်းဘီဝယ်ဖို့လာရင်း ဝန်ဆောင်မှုကောင်းလို့ ခါးပတ်ပါ ထပ်ဝယ်သွားတာမျိုးပါ)။

၅။ ပြိုင်ဘက်များကို အသာစီးရခြင်း (Competitive Advantage)
ပစ္စည်းတူ၊ ဈေးတူ ရောင်းနေပေမယ့် ဝန်ဆောင်မှုသာတဲ့ဆိုင်က အမြဲနိုင်ပါတယ်။ ကုန်ပစ္စည်းကို Copy ကူးလို့ရပေမယ့်၊ သင့်ဝန်ထမ်းတွေရဲ့ "ပျူငှာမှု" နဲ့ "ဂရုစိုက်မှု" ကိုတော့ ဘယ်ပြိုင်ဘက်မှ Copy ကူးလို့ မရပါဘူး။

၆။ အမှတ်တံဆိပ် ဂုဏ်သတင်းတက်ခြင်း (Better Brand Image)
ဝန်ဆောင်မှုကောင်းတဲ့ဆိုင်ဟာ ရပ်ကွက်ထဲမှာ၊ မြို့ထဲမှာ နာမည်ကောင်း (Reputation) ရလာပါတယ်။ "နာမည်ကြီးဆိုင်" ဖြစ်လာတာနဲ့အမျှ ယုံကြည်မှုပါ မြင့်တက်လာပါတယ်။

၇။ အမှားများကို ခွင့်လွှတ်လွယ်ခြင်း (Forgiveness for Mistakes)
ဝန်ဆောင်မှု အမြဲကောင်းနေကျ ဆိုင်တစ်ဆိုင်မှာ တခါတလေ အမှားပါသွားရင်တောင် ဖောက်သည်တွေက "ထားလိုက်ပါ.. သူတို့က သဘောကောင်းပါတယ်" ဆိုပြီး ခွင့်လွှတ်လွယ်ပါတယ်။ ဝန်ဆောင်မှုညံ့တဲ့ဆိုင် ဆိုရင်တော့ ပြဿနာအကြီးကြီး တက်နိုင်ပါတယ်။

၈။ ဝန်ထမ်းများ စိတ်ပျော်ရွှင်ခြင်း (Improved Employee Morale)
ဖောက်သည်တွေ စိတ်ချမ်းသာရင် ဝန်ထမ်းတွေကို ပြန်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ဆဲဆိုမခံရဘဲ ကျေးဇူးတင်စကား ကြားရတဲ့ ဝန်ထမ်းတွေဟာ အလုပ်လုပ်ရတာ ပိုပျော်ရွှင်ပြီး ဝန်ထမ်းထွက်နှုန်း (Turnover Rate) ကို ကျဆင်းစေပါတယ်။

၉။ ဝင်လာသူတိုင်း ဝယ်ယူသူဖြစ်လာခြင်း (Higher Conversion Rate)
ဆိုင်ထဲဝင်လာပြီး ကြည့်ရုံကြည့်မယ့်သူ (Window Shopper) တွေကို တကယ်ဝယ်သွားတဲ့သူ (Buyer) ဖြစ်အောင် ပြောင်းလဲပေးနိုင်တာက ဝန်ဆောင်မှုကောင်းခြင်းပါပဲ။

၁၀။ ရေရှည်အကျိုးအမြတ် (Customer Lifetime Value)
ဖောက်သည်တစ်ယောက်က သင့်ဆိုင်မှာ တစ်သက်တာ ဝယ်ယူမယ့် ငွေပမာဏကို တွက်ကြည့်ပါ။

ဝန်ဆောင်မှုကောင်းလို့ ၁၀ နှစ်ဆက်တိုက် ဝယ်သွားမယ့် ဖောက်သည်တစ်ယောက်ရဲ့ တန်ဖိုးဟာ ဖြတ်ရိုက်ပြီး တစ်ခါပဲ ရောင်းလိုက်ရတဲ့ ဖောက်သည်ထက် အဆပေါင်းများစွာ ပိုများပါတယ်။

လုပ်ငန်းရှင်များသို့ အကြံပြုချက်
အထက်ပါ အကျိုးကျေးဇူး (၁၀) ချက်ကို ရရှိဖို့ဆိုတာ ဆုတောင်းနေရုံနဲ့ မရပါဘူး။ "Service ဆိုတာ မွေးရာပါ ပင်ကိုယ်စွမ်းရည် မဟုတ်ပါ၊ လေ့ကျင့်ယူရသော ကျွမ်းကျင်မှု (Skill) ဖြစ်ပါတယ်"။

ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့-
မိမိဝန်ထမ်းတွေကို အရောင်းသင်တန်း (Sales Training) များ ပို့ချပေးခြင်း။

ဖောက်သည်ဝန်ဆောင်မှုသင်တန်း (Customer Service Training) များ ပေးခြင်း။

ကုန်ပစ္စည်းအကြောင်း နားလည်အောင် သင်ကြားပေးခြင်း (Product Knowledge Training)။

စတဲ့ "လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး (Human Resource Development)" မှာ ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဝန်ထမ်းကောင်းမှ၊ ဝန်ဆောင်မှုကောင်းပြီး၊ ဝန်ဆောင်မှုကောင်းမှ လုပ်ငန်းအောင်မြင်မှာ ဖြစ်ပါတယ်။

ကျွန်တော် မန္တလေးမှာ သင်မည့် Customer Service and Retail Selling Skills
https://www.facebook.com/share/p/1DJpegKQP4/

အမှတ်တရ

Aung Si Lin - Knowledge Hub
O2.O2.2O26

02/01/2026

အလုပ်ထွက်ချင်နေတဲ့ လူတော်တွေကို ဘယ်လိုထိန်းသိမ်းမလဲ?

လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေအတွက် အခေါင်းကိုက်စရာအကောင်းဆုံးကိစ္စကတော့ "ကိုယ့်လက်ထဲက အားကိုးရတဲ့ လူတော် (Top Talent) တွေ အလုပ်ထွက်ဖို့ ပြင်ဆင်နေတာ" ပါပဲ။

လူတော်တစ်ယောက် ထွက်သွားတဲ့အခါ ကုမ္ပဏီရဲ့ ဆုံးရှုံးမှုက သူရတဲ့လစာထက် (၃) ဆလောက် ရှိတတ်ပါတယ်။

ဒါကြောင့် မန်နေဂျာတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ "အလုပ်ထွက်ချင်နေတဲ့ လူတော်တွေကို ဘယ်လိုထိန်းသိမ်းမလဲ?" ဆောင်းပါးကို ရေးသားပေးလိုက်ပါတယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်အတွက် အိပ်မက်ဆိုးဆိုတာ အရောင်းကျတာ မဟုတ်ပါဘူး။ ကိုယ့်အဖွဲ့ထဲက "Star Player (ကြယ်ပွင့်ဝန်ထမ်း)" တစ်ယောက်က စာအိတ် (နုတ်ထွက်စာ) ကိုင်ပြီး ရုံးခန်းထဲ ဝင်လာတဲ့ အချိန်ပါပဲ။

သာမန်ဝန်ထမ်းတစ်ယောက် ထွက်သွားရင် အစားထိုးဖို့ လွယ်ပေမယ့်၊ လူတော်တစ်ယောက် ထွက်သွားရင်တော့ လုပ်ငန်းလည်ပတ်မှု (Operation) ရော၊ အဖွဲ့ရဲ့ စိတ်ဓာတ် (Team Morale) ပါ ပြိုလဲသွားတတ်ပါတယ်။

လူတော်တွေက "လစာနည်းလို့" ထွက်တာ ရှားပါတယ်။

အများစုက "အနာဂတ်မမြင်လို့" သို့မဟုတ် "တန်ဖိုးထားမခံရလို့" ထွက်ကြတာ များပါတယ်။

ဒါဆို သူတို့ကို ဘယ်လို ဆွဲဆောင်ထိန်းသိမ်းမလဲ? နည်းဗျူဟာ (၅) ခုကို မျှဝေလိုက်ပါတယ်။

၁။ "Stay Interview" လုပ်ပါ (ထွက်မှ မမေးပါနဲ့၊ မထွက်ခင် မေးပါ)
ကုမ္ပဏီတော်တော်များများက ဝန်ထမ်းထွက်မှ "Exit Interview" လုပ်ပြီး ဘာလို့ထွက်တာလဲ မေးကြတယ်။

အဲဒီအချိန်မှာ နောက်ကျသွားပါပြီ။

လူတော်တွေကို ထိန်းချင်ရင် ပုံမှန် "Stay Interview" လုပ်ပါ။

"မင်း ဒီမှာလုပ်ရတာ ပျော်ရဲ့လား?"
"ဒီကုမ္ပဏီမှာ မင်း ဆက်ရှိနေအောင် ငါဘာတွေ ကူညီပေးရမလဲ?"
"မင်းကို စိတ်ညစ်စေတဲ့ အရာတွေ ရှိနေလား?"

ဒီလိုမေးခွန်းတွေ မကြာခဏ မေးမြန်းခြင်းက "ငါ့ဆရာက ငါ့ကို ဂရုစိုက်ပါလား" ဆိုတဲ့ အသိကို ဝင်စေပြီး သစ္စာစောင့်သိမှုကို မြင့်တက်စေပါတယ်။

၂။ ရှင်းလင်းသော အနာဂတ်လမ်းကြောင်း (Career Path) ချပြပါ
လူတော်တွေ (High Performers) ဟာ ရည်မှန်းချက်ကြီးသူတွေ ဖြစ်ပါတယ်။ သူတို့က ဒီနေရာမှာပဲ တစ်သက်လုံးနေဖို့ စိတ်ကူးမရှိပါဘူး။

သူတို့ကို "နောက် ၃ နှစ်နေရင် မင်း ဘယ်နေရာ ရောက်မယ်၊ ကုမ္ပဏီက မင်းကို ဘယ်လိုရာထူးတိုးပေးမယ်" ဆိုတဲ့ Vision ကို ရှင်းရှင်းလင်းလင်း ပြသထားရပါမယ်။ တက်လမ်းမရှိတဲ့ (Dead End) နေရာမျိုးဆိုရင် သူတို့ ကြာကြာနေမှာ မဟုတ်ပါဘူး။

၃။ စိန်ခေါ်မှုအသစ်များနှင့် ပျင်းရိခြင်းကို တိုက်ဖျက်ပါ (Challenge Them)
သာမန်ဝန်ထမ်းတွေက အလုပ်များရင် မုန်းပေမယ့်၊ လူတော်တွေကတော့ "ပျင်းရင်" မုန်းပါတယ်။ သူတို့ဟာ အမြဲတမ်း တိုးတက်ချင်နေသူတွေပါ။

သူတို့လုပ်နေကျ အလုပ်တွေမှာ ကျွမ်းကျင်သွားပြီဆိုရင် စိန်ခေါ်မှုအသစ် (New Challenges) တွေ ပေးပါ။

Project အသစ်တွေ ဦးဆောင်ခိုင်းပါ။ သူတို့ရဲ့ ဦးနှောက်ကို အမြဲ အလုပ်ပေးထားမှ သူတို့ မြဲပါလိမ့်မယ်။

၄။ လွတ်လပ်ခွင့်နှင့် ယုံကြည်မှု ပေးပါ (Autonomy & Trust)
လူတော်တွေ အမုန်းဆုံးအရာက Micromanagement (အသေးစိတ် လိုက်လံချုပ်ခြယ်ခြင်း) ပါပဲ။ သူတို့က ကိုယ့်အရည်အချင်းကို ကိုယ်သိပါတယ်။

သူတို့ကို ယုံကြည်မှုပေးပါ။ "ရလဒ် (Result) ထွက်ရင် ပြီးရော... မင်းကြိုက်တဲ့နည်းနဲ့လုပ်" ဆိုတဲ့ လွတ်လပ်ခွင့်မျိုး ပေးလိုက်ပါ။ စိတ်ကြိုက်စီမံခွင့်ရတဲ့ နေရာတစ်ခုကို ဘယ်လူတော်မှ စွန့်ခွာလေ့ မရှိပါဘူး။

၅။ ထိုက်တန်သော တန်ဖိုးထားမှု (Recognition & Reward)
ငွေကြေးတစ်ခုတည်း မဟုတ်ပါဘူး။ လူအများရှေ့မှာ ချီးကျူးတာ၊ ဆုပေးတာ၊ သူတို့ရဲ့ အကြံဉာဏ်ကို အလေးထားပြီး လက်ခံတာတွေက သူတို့အတွက် အကြီးမားဆုံး ဆုလာဘ်ပါပဲ။

ဒါပေမဲ့ သတိထားရမယ့်အချက်က "လုပ်အားခ မျှတမှု" ပါ။ သူများထက် ၂ ဆ လုပ်ပေးနေတဲ့သူကို သာမန်လူတွေနဲ့တန်းတူ လစာပေးထားရင်တော့ "မတရားဘူး" လို့ ခံစားရပြီး ထွက်သွားမှာ သေချာပါတယ်။

မန်နေဂျာမိတ်ဆွေ...
လူတော်တွေဆိုတာ ရှားပါးသယံဇာတ (Rare Assets) တွေပါ။ သူတို့ကို ငှက်လှောင်အိမ်ထဲ ထည့်ပိတ်ထားလို့ မရပါဘူး။ သစ်ပင်ကြီးတစ်ပင်လို အရိပ်အာဝါသပေးပြီး ကြီးထွားခွင့်ပေးမှသာ သင့်ဆီမှာ အကြာကြီး ခိုနားမှာ ဖြစ်ပါတယ်။

သင့်အဖွဲ့ထဲက လူတော်တစ်ယောက်ယောက် မျက်နှာမကောင်းဖြစ်နေပြီဆိုရင်... ဒီနေ့ပဲ သူ့ကို ကော်ဖီဆိုင်ခေါ်သွားပြီး စကားလက်ဆုံ ပြောကြည့်လိုက်ပါ။

အဲဒီ ကော်ဖီတစ်ခွက်က သင့်ကုမ္ပဏီအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်သွားနိုင်ပါတယ်။

ကျွန်တော် ဇန်နဝါရီလမှာဖွင့်မည့်
ဝန်ထမ်းစနစ်ချခြင်း
https://www.facebook.com/share/p/1CtwvLpvEB/

ကျွန်တော်ရေးသားသော Ebook များ
https://www.facebook.com/share/p/14Q68VxAH7d/

(အခုဆောင်းပါးအပေါ် သင့်၏ ထင်မြင်ချက်ကို Comment တွင်ရေးသားခဲ့ပါ။ ဆောင်းပါးကို ခွင့်တောင်းစရာမလိုဘဲ လွတ်လပ်စွာမျှဝေနိုင်ပါသည်။)

အမှတ်တရ

Aung Si Lin - Knowledge Hub
O2.O1.2O26

19/12/2025

လစာဆိုတာ "လုပ်ပြပြီးမှ" တိုးတာပါ...

"ဒါဘဲလုပ်တတ်တယ်" ဆိုတဲ့ စကားလုံးက သင့်တိုးတက်မှုကို အဆုံးသတ်စေပါလိမ့်မယ်..

ကျွန်တော့်ရဲ့ မောင်တို့၊ ညီမတို့... အရောင်းအဖွဲ့သားတွေ အားလုံးကို မေးခွန်းတစ်ခု မေးချင်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်တစ်ခုခု အကူအညီတောင်းခံရတဲ့အခါ "ဒါ ကျွန်တော့်အလုပ် မဟုတ်ဘူး"၊ "ကျွန်တော် ဒါ မလုပ်တတ်ဘူး (လုပ်လည်း မလုပ်ချင်ဘူး)" လို့ ငြင်းဖူးကြသလား။

တချို့က တွေးကြတယ်။ "ငါ့လစာက ၃ သိန်း၊ ငါလုပ်ပေးနေတာ ၃ သိန်းဖိုးတောင် ကျော်နေပြီ။ ပိုလုပ်ပေးလည်း လစာပိုရမှာမှ မဟုတ်တာ... တော်ပြီ... ငါ့အလုပ်ငါလုပ်ပြီးရင် ပြန်မယ်" ဆိုပြီးစိတ်ထားကြပါတယ်...

ကျွန်တော့် အနေနဲ့ရော၊ မိတ်ဆွေတစ်ယောက်အနေနဲ့ပါ ပြောပါရစေ။

အဲဒီလို တွေးနေသရွေ့ မင်းတို့ ဘဝက ဒီနေရာကနေ ဘယ်တော့မှ တက်လာမှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတာကို ရှင်းပြပါ့မယ်။

၁။ လစာဆိုတာ "လုပ်ပြီးမှ" တိုးတာပါ...
ဘယ်သူဌေးကမှ "မင်းကို လစာအရင်တိုးပေးမယ်၊ ပြီးမှ အလုပ်ပိုလုပ်တော့" လို့ မပြောပါဘူး။

ဒါဟာ စီးပွားရေးသဘောတရားပါ။
မင်းက ၃ သိန်းတန် အလုပ်ကိုပဲ လုပ်နေရင်၊ ကုမ္ပဏီက မင်းကို ၃ သိန်းပဲ ဆက်ပေးနေမှာပါ။ မင်းက ၃ သိန်းရပေမယ့် ၅ သိန်းတန်တဲ့ တာဝန်တွေကို ယူပြမယ်၊ မလုပ်တတ်တာတွေကို သင်ယူပြီး ဝင်ကူညီပေးမယ်ဆိုရင်တော့... ခေါင်းဆောင်တစ်ယောက်ရဲ့ မျက်လုံးထဲမှာ မင်းဟာ "နေရာပေးသင့်တဲ့သူ၊ ရာထူးတိုးပေးသင့်တဲ့သူ" ဖြစ်လာပါတယ်။

၂။ "ဒါဘဲလုပ်တတ်တယ်" ဆိုတာ "ငါမတိုးတက်ချင်တော့ဘူး" လို့ ကြေညာတာပါပဲ။
"ကျွန်တော်က အရောင်းသမားလေ... စာရင်းပိုင်းတွေ လာမခိုင်းနဲ့၊ ပစ္စည်းသယ်တာတွေ လာမခိုင်းနဲ့" လို့ ပြောလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် သက်တောင့်သက်သာဇုန် (Comfort Zone) ထဲမှာ သော့ခတ်ပိတ်လှောင်လိုက်တာပါပဲ။

ခေါင်းဆောင်တွေ၊ ပိုင်ရှင်တွေဆိုတာ ပြဿနာပေါင်းစုံကို ဖြေရှင်းနေရသူတွေပါ။

သူတို့ဟာ သူတို့လိုပဲ အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးချင်တဲ့သူ၊ "မလုပ်တတ်ဘူး" လို့ ပြောမယ့်အစား "ကျွန်တော် စမ်းလုပ်ကြည့်ပေးမယ်" လို့ပြောတဲ့ ဝန်ထမ်းမျိုးကိုပဲ လက်တွဲခေါ်ယူချင်ကြတာပါ။

၃။ တန်ဖိုး (Value) ရှိမှ ဈေးကောင်းရပါတယ်။
ဈေးကွက်ထဲမှာ ဖုန်းတစ်လုံးကို ဘာလို့ ဈေးကြီးပေးဝယ်လဲ? Function တွေအများကြီး ပါလို့လေ။ ဖုန်းပြောရုံသက်သက်ပဲ ရတဲ့ ဖုန်းဆိုရင် ဈေးက အနည်းဆုံးပဲ ဖြစ်နေမှာပေါ့။

ဝန်ထမ်းဆိုတာလည်း ဒီအတိုင်းပါပဲ။ ကိုယ့် JD (Job Description) တစ်ခုတည်းကိုပဲ လုပ်တတ်တဲ့သူနဲ့၊ ကိုယ့်အလုပ်လည်းနိုင်တယ်၊ လိုအပ်ရင် အသင်းအဖွဲ့အတွက် ဝင်ကူညီနိုင်တယ်၊ Multi-tasking ရတယ်ဆိုတဲ့ သူနှစ်ယောက် ယှဉ်လာရင်... ဘယ်သူ့ကို ရာထူးတိုးပေးမလဲဆိုတာ အဖြေက ရှင်းရှင်းလေးပါ။

၄။ ပိုင်ရှင်တွေက ဘယ်လိုလူကို ရှာဖွေနေသလဲ?
လုပ်ငန်းရှင်တွေ၊ ဒါရိုက်တာတွေက ဝန်ထမ်းရာချီ၊ ထောင်ချီထဲကနေ လူတော်လူကောင်းကို ရှာဖွေတဲ့အခါ ကြည့်တဲ့ အချက်တစ်ခုရှိတယ်။

အဲဒါကတော့ "Ownership Mindset" (ပိုင်ရှင်စိတ်ထား) ပါ။

လစာရလို့ လုပ်တာမဟုတ်ဘဲ၊ ကိုယ့်အလုပ်၊ ကိုယ့်တာဝန်၊ ကိုယ့်အိမ်ကိစ္စလို သဘောထားပြီး စေတနာပိုလုပ်ပေးတဲ့သူကို တွေ့ပြီဆိုရင် ဘယ်ပိုင်ရှင်မှ အဲဒီလူကို လျစ်လျူမရှုထားပါဘူး။

ရာထူး၊ ငွေကြေး၊ အခွင့်အရေးတွေနဲ့ တုံ့ပြန်ပေးလေ့ရှိပါတယ်။

ကျွန်တော့်ရဲ့ မိတ်ဆွေတွေကို မှာချင်တာက တစ်ခုတည်းပါ။

"မင်းကိုပေးထားတဲ့ လစာအတိုင်းပဲ အလုပ်လုပ်ရင်၊ မင်းဟာ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်နိုင်ပေမယ့်... ခေါင်းဆောင်ကောင်းတစ်ယောက်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။"

မလုပ်တတ်တာ၊ တာဝန်မရှိတာကို ခိုင်းလာတဲ့အခါ စိတ်မပျက်ပါနဲ့။ ဒါဟာ ငါ့အရည်အချင်းကို ပြသဖို့ အခွင့်အရေး (Opportunity) တစ်ခုပဲလို့ မြင်ကြည့်ပါ။

"ဒါပဲ လုပ်တတ်တယ်" ဆိုတဲ့ စကားကို မေ့ပစ်လိုက်ပါ။
"ဒါလည်း လုပ်တတ်အောင် သင်ယူမယ်" ဆိုတဲ့ စိတ်ကို မွေးပါ။

အဲဒီစိတ်ထား ပြောင်းလဲလိုက်တဲ့နေ့ဟာ... မင်းရဲ့ လစာနဲ့ ရာထူး အပြောင်းအလဲ စတင်မယ့်နေ့ပါပဲ။

ဝန်ထမ်းစနစ်ချခြင်း
https://www.facebook.com/share/p/1CtwvLpvEB/

ကျွန်တော်ရေးသားသော Ebook များ
https://www.facebook.com/share/p/14Q68VxAH7d/

(အခုဆောင်းပါးအပေါ် သင့်၏ ထင်မြင်ချက်ကို Comment တွင်ရေးသားခဲ့ပါ။ ဆောင်းပါးကို ခွင့်တောင်းစရာမလိုဘဲ လွတ်လပ်စွာမျှဝေနိုင်ပါသည်။)

အမှတ်တရ

Aung Si Lin - Knowledge Hub
17.12.2O25

18/12/2025

အလိုက်သိခြင်း အနုပညာ (The Art of Being Considerate)

အရောင်းလောကမှာ လူပြောများတဲ့ စကားတစ်ခွန်းရှိပါတယ်။ "ဖောက်သည်တွေက သင်ဘယ်လောက်သိထားလဲ (Knowledge) ဆိုတာထက်၊ သင်သူတို့ကို ဘယ်လောက်ဂရုစိုက်လဲ (Care) ဆိုတာကို ပိုသတိထားကြတယ်" တဲ့။

ကျွန်တော်တို့ အရောင်းသမားတော်တော်များများက ကုန်ပစ္စည်းအကြောင်း ရှင်းပြဖို့၊ ဈေးနှုန်းပြောဖို့လောက်ပဲ အာရုံစိုက်နေတတ်ကြတယ်။

တကယ်တမ်း အရောင်းအဝယ်တစ်ခု အောင်မြင်ဖို့ဆိုတာ ကုန်ပစ္စည်းကောင်းရုံနဲ့ မရပါဘူး။ အရောင်းသမားရဲ့ "အလိုက်သိမှု (Tact & Perception)" ပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဖောက်သည်က စိတ်ရှုပ်နေတဲ့အချိန်မှာ သွားရောင်းမိလို့ အော်ထုတ်ခံရဖူးလား?

ဖောက်သည်က အေးဆေးကြည့်ချင်ပါတယ်ဆိုမှ ဘေးကနေ တတွတ်တွတ် လိုက်ပြောမိလို့ ဖောက်သည် ပြန်ထွက်သွားတာ ကြုံဖူးလား?

ဒါတွေအားလုံးဟာ "အလိုက်ကန်းဆိုး မသိခြင်း" ကြောင့် ဖြစ်ရတာပါ။

ဒါကြောင့် အရောင်းသမားတိုင်း မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ "အလိုက်သိခြင်း အနုပညာ (၄) ရပ်" ကို မျှဝေပေးချင်ပါတယ်။

၁။ အခြေအနေနှင့် အချိန်အခါကို အလိုက်သိပါ (Timing & Situation)

အလိုက်သိတဲ့ အရောင်းသမားတစ်ယောက်ဟာ ဖောက်သည်ဆိုင်ထဲ ဝင်လာတာနဲ့ (သို့မဟုတ်) ဖုန်းစပြောလိုက်တာနဲ့ သူတို့ရဲ့ အခြေအနေကို ချက်ချင်း အကဲခတ်ပါတယ်။

ဖောက်သည်က နာရီကို ခဏခဏကြည့်နေလား? (ဒါဆိုရင် စကားကို လိုရင်းတိုရှင်းပြောပါ။ ရှည်ရှည်ဝေးဝေး ရှင်းမပြပါနဲ့။)

ဖောက်သည်က ကလေးနဲ့အတူ လာတာလား? (ဒါဆိုရင် ကလေးကို အရင်ဦးစားပေး စကားပြောပါ။ ကလေးငိုနေရင် အတင်းမရောင်းပါနဲ့ဦး။)

ဖောက်သည်က ဖုန်းပြောရင်း ဝင်လာတာလား? (စကားဖြတ်မပြောဘဲ ပြီးတဲ့အထိ ငြိမ်ပြီး စောင့်ပေးလိုက်ပါ။)

ဖောက်သည်ရဲ့ လက်ရှိအခြေအနေကို နားလည်ပေးခြင်းက အရောင်းပိတ်ဖို့ ပထမခြေလှမ်းပါပဲ။

၂။ စိတ်အခြေအနေကို အလိုက်သိပါ (Emotional Intelligence)

လူတိုင်းမှာ စိတ်ကြည်တဲ့နေ့ ရှိသလို၊ စိတ်မကြည်တဲ့နေ့လည်း ရှိပါတယ်။

ဖောက်သည်က မျက်မှောင်ကြုတ်ထားရင်၊ လေသံမာနေရင် ပြုံးပြုံးလေးနဲ့ နားထောင်ပေးပါ။ ငြင်းခုံတာမျိုး လုံးဝမလုပ်ပါနဲ့။

ဖောက်သည်က စိတ်လှုပ်ရှားတက်ကြွနေရင် သင်ကလည်း Energy ရှိရှိနဲ့ တုံ့ပြန်ပါ။

"အခု သူ ဘာဖြစ်နေလဲ" ဆိုတဲ့ စိတ်ခံစားချက် (Mood) ကို အလိုက်တသိ ဖတ်တတ်မှ သူတို့နဲ့ ရေဒီယိုလှိုင်း (Frequency) ကိုက်ညီမှာ ဖြစ်ပါတယ်။

၃။ လိုအပ်ချက်ကို အလိုက်သိပါ (Anticipating Needs)

သာမန်အရောင်းသမားက ဖောက်သည် "မေးမှ" ဖြေပါတယ်။ အလိုက်သိတဲ့ အရောင်းသမားကတော့ ဖောက်သည် "မပြောခင်ကတည်းက" သိပါတယ်။

ဥပမာ - စားသောက်ဆိုင်မှာ ဖောက်သည်က ဟင်းအစပ်မှာထားရင် ရေခွက်ထဲ ရေဖြည့်ပေးဖို့ အဆင်သင့်ပြင်ထားတာမျိုး။

အိမ်ခြံမြေရောင်းတဲ့အခါ ဖောက်သည်က လူကြီးမိဘတွေ ပါလာရင် "ဆေးရုံဆေးခန်းနဲ့ နီးတဲ့နေရာလေးပါ" လို့ ဦးစားပေး ပြောပြတာမျိုးပေါ့။

ဖောက်သည်ရဲ့ အသံတိတ်လိုအပ်ချက် (Unspoken Needs) ကို ဖြည့်ဆည်းပေးနိုင်တာဟာ အဆင့်အမြင့်ဆုံး အလိုက်သိမှုပါပဲ။

၄။ ဖောက်သည် ကို လေးစားသောအားဖြင့် အလိုက်သိပါ (Respecting Space)

ဖောက်သည်အပေါ် လေးစားတယ်ဆိုတာ "ဟုတ်ကဲ့ပါခင်ဗျာ” ပြောရုံဖြင့် မလုံလောက်ပါဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်ဧရိယာကို လေးစားရပါမယ်။
ဖောက်သည်က တစ်ယောက်တည်း စဉ်းစားချင်တဲ့ပုံစံပြရင် ခဏလောက် ရှောင်ပေးလိုက်ပါ။ (အတင်းဖိအားမပေးပါနဲ့။)

"မဝယ်သေးဘူး၊ ကြည့်ဦးမယ်" ပြောရင်လည်း မျက်နှာမပျက်ပါနဲ့။ "ရပါတယ်ခင်ဗျာ။ကြည့်ပါ" ဆိုပြီး လေးစားစွာ တုံ့ပြန်ပါ။

အတင်းအကျပ် မဆက်ဆံဘဲ လွတ်လပ်ခွင့်ပေးလိုက်ခြင်းက ဖောက်သည်ကို သက်တောင့်သက်သာ ဖြစ်စေပြီး ဝယ်ချင်စိတ်ကို ပိုဖြစ်ပေါ်စေပါတယ်။

မိတ်ဆွေ... "အလိုက်သိတယ်" ဆိုတာ ဖောက်သည်ကို မျက်နှာလိုမျက်နှာရ လုပ်တာ မဟုတ်ပါဘူး။

ဒါဟာ တစ်ဖက်သားရဲ့ အခက်အခဲနဲ့ လိုအင်ဆန္ဒကို ကိုယ်ချင်းစာစိတ်နဲ့ နားလည်ပေးခြင်း ဖြစ်ပါတယ်။

ကုန်ပစ္စည်းကို ပါးစပ် နဲ့ ရောင်းရင် တစ်ခါပဲ ရောင်းရပါလိမ့်မယ်။

ဒါပေမဲ့ ဖောက်သည်ကို အလိုက်သိတဲ့ နှလုံးသား နဲ့ ရောင်းရင်တော့ အဲဒီဖောက်သည်က သင့်ဆီကနေ တစ်သက်လုံး ဝယ်ယူသွားမယ့် "မိတ်ဆွေစစ်" ဖြစ်လာမှာပါ။

ဒါကြောင့် ဒီနေ့ကစပြီး "အလိုက်သိတဲ့ အရောင်းသမား” တွေ ဖြစ်အောင် ကြိုးစားကြပါစို့။

ဝန်ထမ်းစနစ်ချခြင်း
https://www.facebook.com/share/p/1CtwvLpvEB/

ကျွန်တော်ရေးသားသော Ebook များ
https://www.facebook.com/share/p/14Q68VxAH7d/

(အခုဆောင်းပါးအပေါ် သင့်၏ ထင်မြင်ချက်ကို Comment တွင်ရေးသားခဲ့ပါ။ ဆောင်းပါးကို ခွင့်တောင်းစရာမလိုဘဲ လွတ်လပ်စွာမျှဝေနိုင်ပါသည်။)

အမှတ်တရ

Aung Si Lin - Knowledge Hub
18.12.2O25

Address

Yangon
Kamayut

Telephone

+959790161728

Website

Alerts

Be the first to know and let us send you an email when Strawberry Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Strawberry Online Shop:

Shortcuts

Share