တီတူးခါးခါး

Call Contact the business

တီတူးခါးခါး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from တီတူးခါးခါး, Book shop, Mandalay.

မန္တလေးကို လွမ်းတယ်ဆိုရင် ☁ မန္တလေးကိုသိပ်ချစ်တဲ့သူတစ်ယောက်ဆိုရင်🍀 အလွမ်းကလေးပဲ ဖြေးဖြေးပြေဦးတော့🍂လွမ်းနေရတဲ့ မန္တလေးကိ...
04/02/2025

မန္တလေးကို လွမ်းတယ်ဆိုရင် ☁ မန္တလေးကိုသိပ်ချစ်တဲ့သူတစ်ယောက်ဆိုရင်🍀 အလွမ်းကလေးပဲ ဖြေးဖြေးပြေဦးတော့🍂

လွမ်းနေရတဲ့ မန္တလေးကို နီးနီးလေးပြေးတွေ့ရသလို ခံစားရစေမဲ့ '' ကျုံးတစ်ပတ်မြနန္ဒာ ''

◾️သုဓမ္မာဇရပ်တန်း ကျုံးဘေးလမ်းမှသည်     တောင်ထိပ်ဖျားက မြွေကြီးနှစ်ကောင်အထိ။ ◾️ရွှေတချောင်း ၃၅ လမ်းမှသည်     မြို့အနောက်...
04/02/2025

◾️သုဓမ္မာဇရပ်တန်း ကျုံးဘေးလမ်းမှသည်
တောင်ထိပ်ဖျားက မြွေကြီးနှစ်ကောင်အထိ။

◾️ရွှေတချောင်း ၃၅ လမ်းမှသည်
မြို့အနောက်ခြမ်း ဂေါဝိန်ကမ်းစပ်အထိ။

◾️အုတ်ကာသွပ်မိုး စျေးချိုတော်မှသည်
အတုမရှိကျောင်းက ထနောင်းပင်အိုလေးအထိ။

◾️ဝိသုဒ္ဓါရုံ မစိုးရိမ်မှသည်
တော်ဝင် ဝင်းလိုက် မစိုးရိမ်အထိ။

◾️ဒုမ္မာလေ ဒုမ္မာကြိုင်ပျံ့မှသည်
အခင်းမြက်က မြကော်ဇောလားအထိ။

◾️ရင်ထဲ
ငြိခဲ့ရပါသော မန္တလေး။

◾️သို့မဟုတ် ..
ချစ်ခြင်းဖြင့် ထုံးဖွဲ့မိသော မန္တလေးကဗျာ
#ကျုံးတစ်ပတ်မြနန္ဒာ

မှာယူလိုပါက m.me/tituekharkhar

ချစ်သောမျက်စိဖြင့် (၃) 😍_________________________________ 📱"အလွမ်းငွေ့ငွေ့၊ ထိုမန္တလေးနှင့် ကျုံးတစ်ပတ် မြနန္ဒာ"သည်အချိန...
24/01/2025

ချစ်သောမျက်စိဖြင့် (၃) 😍
_________________________________ 📱

"အလွမ်းငွေ့ငွေ့၊
ထိုမန္တလေးနှင့် ကျုံးတစ်ပတ် မြနန္ဒာ"

သည်အချိန်သည်အခါရောက်တိုင်း ကလေးတွေ စာအော်ကျက်ကြသည့်အသံကို ရုတ်တရက် ကြားယောင်သွားရစမြဲ။ ပြာသိုလမှာချမ်းအေးသည်၊ခွါညိုပန်းရနံ့မွှေး၏ . .တဲ့။ မှန်ပါ၏။ ခေတ်တွေဘယ်လိုပဲ ပြောင်းလဲသွားသည်ဖြစ်စေ ဆောင်းရာသီ ပြာသိုလ၏ အအေးဓတ်သည် ချမ်းလို့တုန် မလုံကွေးရလောက်သည်အထိ အစွမ်းပြနေ၏။ မအေး၍လည်းမဖြစ်တော့ပေ။ မကြာခင်ရောက်လာတော့မည့်နွေဦးရာသီက မျက်စောင်းထိုး၍နေချေပြီကော။

ပြာသိုလမှာချမ်းအေးနေသလို ခွာညိုပန်းတွေလည်း သူ့အခါသူ့ရာသီနှင့်လိုက်ဖက်ညီညွတ်စွာ ဖူးပွင့်ဝေဆာသင်းရနံ့တွေနှင့် ကြိုင်စွာလှိုင်စွာ။ ပြာသိုနှင့်ခွါညိုပေါ့။ ရာသီဥတုကလည်းအေး၊ပန်းတွေကလည်းမွှေး။ "ငွေနှင်းမှုန်ရီ ဝေဝေစီ၊ မြောက်လေဆော်သွေး၊အေးတဲ့လရာသီ၊ သမယအခါဆီ၊ ပြာသို ညှာစိုးစိမ်းလန်း၊ရွှေနန်းတော်တွင်း လဲ့ဝင်းမူရာပလီ၊သူဇာဒေဝီ၊တော်ဝင်ပန်းကိုမြန်းလို့ ဆင်ရှာသည်၊ ဗျာပါဆံကလေးချအရွယ်ညီ၊ဘွေသဖန်း ရဝေနန်း ရွှေကြငှန်း ဆောင်ဘုံဆီ။"

ဆရာမြို့မငြိမ်း၏ မြင်းခင်းတော်သီချင်းကိုသတိရသွားလိုက်သည်နှင့် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်တုန်းက နန်းရင်ပြင်ရှေ့ရှိမြေကွက်လပ်ပေါ်မှာသူရဲကောင်းတွေ လက်ရုံးရည်နှလုံးရည်အစွမ်းပြကြသည့် ပုံရိပ်တွေက မြင်းခွာသံတဖြောင်းဖြောင်းမြည်ဟီး၍ ကျွန်တော့်ဆီသို့။ သို့သော် ခေတ်တွေပြောင်းလဲသွားခဲ့၍ ဝေးလံသောအတိတ်က မြင်ကွင်းများသည် ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ဓါး လှံ လေး မြှားခေတ်သည် ကားလိပ်ချပြီးဆုံးသွားခဲ့ပြီး ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် နေရာကွက်တိ ဝုန်းကနဲဒိုင်းကနဲ ဆော်ကြနှက်ကြသည့်ခေတ်ကြီးသို့ ရောက်လာခဲ့ပြီပဲ။ မည်သို့ပင်ဖြစ်စေ ကျွန်တော်ကတော့ အကြောင်းတိုက်ဆိုင်သည်နှင့် အတိတ်၏ အရိပ်ထဲသို့ အလွမ်းစိတ်ဖြင့်ရောက်သွားတတ်သည်။
အချိန်နာရီတို့သည် ပုံမှန်အတိုင်းခုတ်မောင်းနေလျက်။ သို့ဖြင့်ကျွန်တော်သည်လည်း နှစ်ကာလတွေကို တရွေ့ရွေ့သွားနေသည့်နာရီလက်တန်များနှင့်အတူ ဖြတ်သန်းလာခဲ့ကြရင်းအရွယ်အိုဘဝဆီသို့ ခြေလှမ်းတွေကျွံဝင်လာစပြုလေပြီ။ သည်အရွယ်က စိတ်နောက်ကိုယ်ပါမသွားနိုင်တော့၍အိမ်ထဲမှာဘုတ်ထိုင် ထိုင်ရင်း နေ့တိုင်း ငါ့ဆီကို ဘယ်သူများလာမှာပါလိမ့်ဟူသောအတွေးဖြင့် ဧည့်မျှော်‌နေရသည့်အရွယ်။

ခက်လိုက်ပါဘိ။ အကယ်၍ မျက်စိလည်လမ်းမှားပြီးအိမ်ကို ဧည့်သည်ရောက်လာခဲ့သည်ဆိုပါအံ့။ သူ့ခမျာ ကံဆိုးမိုးမှောင်ကျသွားရရှာလေပြီ။ ကိုရွှေဧည့်သည်ကို မုန့်တွေဘာတွေ တဝကြီးဧည့်ခံကျွေးမွေး၍သကာလ သုံးလေးနာရီမက အားပါးတရတော်လ်ကီပွားလွှတ်လိုက်မိသည်ကိုး။ အဲသည်နောက်တော့ တစ်ကြိမ်တစ်ခါလေးလာမိသော ရွှေဧည့်သည်ခမျာလည်း တစ်ခါတည်းနှင့် အီဆောင့်လက်လန်သွား၍ ကျွန်တော့်ဆီသို့ ယောင်လို့တောင်ခြေဦးမလှည့်တော့။ ထိုအခါ လက်ဘက်ရည်ဆိုင်ကိုသွားဖို့အတွက် လာရောက်ခေါ်မည့်သူကို မျှော်ရပြန်၏။

ကံကောင်းထောက်မစွာဆိုင်ကယ်ဖြင့်လာခေါ်သူရောက်လာခဲ့လျှင်တော့ ထိုနေ့မှာ ထီဆုကြီးပေါက်လိုက်သည့်နှယ်။ ဘယ့်နှာကြောင့်ရယ်မသိ အသွားအလာတုန့်နှေးနှေးဖြစ်နေသော်လည်း လာခေါ်သည့်ဆိုင်ကယ်ပေါ်သို့ စွေ့ကနဲ မြန်မြန်
ဆန်ဆန်တက်ခွမိရဲ့သားဖြစ်သွားသည်။ ခက်တာက သို့ကလို ပျော်စရာကောင်းသည့်နေ့ရက်များကလည်း သိပ်ကြုံတွေ့ရတာမဟုတ်။ ရပ်ဝေးနေ သူငယ်ချင်းတစ်ယောက်နှင့်တယ်လီဖုန်းထဲက စကားပြောကြရင်း ဘယ်သွားလဲ ဘာတွေလုပ်နေလဲဟု မေးလိုက်၍ဘယ်မှမသွားဘူးဟ နေ့တိုင်းအိမ်မှာပဲ ငုတ်တုတ်ထိုင်နေရတာဟု ဒေါပွပွဖြင့် ဆောင့်ကြီးအောင့်ကြီးဖြေလိုက်မိသည်။ သူကလည်းမခေ၊ ကျွန်တော့်ဆီသို့ပြန်ခြင်းကလေးခပ်လွှတ်သည်။ ဟေ့ကောင် ဘယ်လိုဖြစ်နေတာတုန်း ငါလည်း မင်းလိုပဲကွတဲ့။

လဆုပ်ရက်ဖြစ်၍ ဘက်ထရီမီးချောင်းခေတ်မှ ဆိုလာမီးခေတ်ကို ဖြတ်သန်းရောက်ရှိနေသော မန္တလေးသည်ဆောင်းကာလ၏ အေးစက်သောအမှောင်ညထဲမှာတိတ်ဆိတ်ငြိမ်သက်စွာ။ လျှပ်စစ်မီးရောင်တွေကလည်း တစ်မြို့လုံးမှာ နေရာကွက်ကျားလင်းသည့်နေရာလင်း၊မှောင်သည့်နေရာမှောင်။ ဟိုး တစ်ခေတ်တစ်ခါတုန်းက လျှပ်စစ်ဖြင့် နိဗ္ဗာန်တည်ဆောက်မည်ဆိုလား ခပ်တည်တည်ဖြင့် ကြွေးကြော်ခဲ့ကြသည်ကိုကျွန်တော်တို့က အဟုတ်မှတ်ကာယုံကြည်ခဲ့ကြ၏။ သည်လိုဖြင့် နှစ်ကာလတွေကိုဖြတ်သန်းရင်း ခန္တီပါရမီ အားမကောင်း၍လားမသိ၊ နိဗ္ဗာန်သည် နီးသလိုလိုနှင့်ဝေး၍ ဝေး၍။

အမှောင်ညတွေထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသောမန္တလေးကို ချစ်သောမျက်စိဖြင့်ကြည့်နေမိသည်။ ကျွန်တော့်ရင်ထဲမှာ မန္တလေးချစ်စိတ်တွေ မန္တလေးအလွမ်းတွေဖြင့်ပြည့်သိပ်နေလျှက်။ ကျွန်တော်သည် မန္တလေးမှာနေ၍ မန္တလေးကိုလွမ်းသည်။ ကျွန်တော်၏ အလွမ်းသည် အတိတ်ကာလဆီက မန္တလေးကို လွမ်းရခြင်းဖြစ်သည်။

အဲသည်မန္တလေးအလွမ်းတွေထဲမှာ နေရာတကာဟောင်ဖွာဟောင်ဖွာနှင့် လွတ်လပ်ပေါ့ပါးနေသည့်ကျွန်တော်၏ နုပျိုသောအရွယ်ရှိသည်။ အငြိမ့်ခုံနဘေးမှာ ငေးမောခဲ့ရသည့်ညတွေရှိသည်။ ရပ်ကွက်ဘုရားပွဲရှိသည်။ယခု၆၂လမ်းနှင့်မန္တလေး လားရှိုးမီးရထားသံလမ်းအနီး ပြောင်းခင်းကြီးထဲမှာ တချက်တချက် ဝေါကနဲပွက်လောရိုက်အားပေးသံတွေဖြင့် ကျင်းပနေသောကြက်ဝိုင်းကို ရဲတွေဝင်ဖမ်း၍ အတားအဆီးမှန်သမျှခုန်ပျံကျော်လွှား ဒရောသောပါးထွက်ပြေးခဲ့ရသည့်အမှတ်တရလည်းရှိခဲ့သည်။ သည်းညှာနု မခိုင်တခိုင်မို့ချစ်ရသူလက်ထပ်သွားသည့်အချိန် ရင်ကွဲပက်လက်တအီးအီးငိုခဲ့ရသည့်နေ့ရက်လည်းရှိခဲ့သည်။ ဪ ပြောရမည်ဆိုလျှင်ဖြင့် ပြောလို့မဆုံးနိုင်သည့်အလွမ်းတွေ။ အဲဒါကိုပဲ ဘိုးတော် အလွမ်းတွေကြွယ်လှချီလားဟုပြောလည်း ဘာမျှမတတ်နိုင်။

တကယ်တော့ ကျွန်တော်တို့လို အရွယ်အိုဘဝကိုရောက်လာကြသူတိုင်း ရှည်လျားသော အတိတ်ကာလဆီသို့ နောက်ကြောင်းပြန်ကြရင်း ပြောစရာလွမ်းစရာတွေက တစ်အုံတစ်ခဲရှိနေကြစမြဲ။ တစ်ချိန်က မန္တလေးအခင်းအကျင်းနှင့်အဝန်း
အဝိုင်း၊မန္တလေးရနံ့တွေထဲက ကျွန်တော်တို့လောကဝန်းကျင်နှင့် ကျွန်တော်တို့တတွေ။ တစ်မြို့တည်းမှာ အတူနေကြရင်း နီးလျှက်ဖြင့်ဝေးပြီး လွမ်းနေကြရတာတွေ။ သည်အလွမ်းတွေနှင့်အမှတ်တရတွေကို ဖေ့စ်ဘွတ်မှာတင်ပြီး အချင်းချင်းမျှဝေခံစားကြ။ ဤသည်ပင် လောကဝန်းကျင်တဖြေးဖြေး ကျဉ်း
မြောင်းလာခဲ့သည့်အသက်ကြီးအရွယ်အိုတို့အတွက် အသက်ရှည်ဆေးဟုဆိုရတော့မည်။

လွမ်းမိပေါ့၊လွမ်းနေရပါသောမန္တလေးရေ။ လွမ်းရတာတွေကိုပြောချင်သည်။ တခြားသူပြောတာတွေကိုလည်းအလွမ်းစိတ်ဖြင့် နားထောင်ချင်မိသည်။ မန်းနီးမိတ်ရဲဗရီးသင်းဟူသော အတွေးအခေါ်တွေဖြင့်ဟိတ်ကြီးဟန်ကြီးထုတ်နေသည့် ယနေ့ခေတ်ကာလ၏ အသွင်ပြောင်းမန္တလေးကို မမြင်ချင်ယောင်ဆောင်၍ ကျန်ရစ်ခဲ့သည့်မန္တလေးကိုပဲ ငေးမျှော်နေမိသည်။ အဝေးကမန္တလေးကိုပဲအတွေးနှင့်လွမ်းချင်ချင်ဖြစ်နေမိရဲ့။ သည်အခိုက်ရဟန်းစာဆိုဆရာတော် အရှင်သုမင်္ဂလ (စစ်ကိုင်း)၏ ကျုံးတစ်ပတ်မြနန္ဒာ(မန္တလေးအခြေစိုက်ရသစာစုများ)စာအုပ်ကကျွန်တော့်အလွမ်းတွေကို နိုးဆွပေးလိုက်လေပြီ။

(၂)
တီတူးခါးခါး စာပေတိုက်ကထုတ်ဝေလိုက်သည့် အရှင်သုမင်္ဂလ(စစ်ကိုင်း)၏ ကျုံးတစ်ပတ်မြနန္ဒာ၊မန္တလေးအလွမ်းငွေ့တွေဝန်းဖွဲ့ထားသည့် ရသစာစုတွေ။

"ဝါဝါဆိုဆို၊ပြာပြာညိုညို၊
ငွေလစန္ဒာလျှမ်းသလို၊
ရွှေမြနန္ဒာသန်းတယ်
ဪ . .မန္တလေးမြို့က တို့တောတေးသံချို။"

ပထမဆုံးစာမျက်နှာမှာ နန်းတော်ရှေ့ဆရာတင်၏ မြနန္ဒာသီချင်းထဲက ကောက်နှုတ်ဖော်ပြသည့် သီချင်းစာသားအချို့ကိုတွေ့လိုက်ရသည်နှင့် ရင်တွေခုန်သွား၏။ တစ်ဆက်တည်းမှာပင် သီချင်းသံတွေက ကျွန်တော့်အနားသို့ရောက်လာသည်
ဟုထင်ရ၏။

မြင်းလှည်းတဲ့၊မျှော်စင်တဲ့၊တရားတင်းကုပ်တဲ့။ ချစ်စရာကောင်းသည့်အက်ဆေးတွေ။ ဖတ်လိုက်ရသည်နှင့် နှစ်သက်ကြည်နူးခြင်းဖြစ်ရသည်။ ကျွန်တော်သည် စာဖတ်ရင်းဖြင့် ဆရာတော်၏ အလွမ်းတွေ ရောယှက်ထားသည့် စိတ်ဉာဏ်
ကွန့်မြူးရာနောက်သို့ တကောက်ကောက်လိုက်ပါနေမိသည်။

"တစ်ဟုန်တိုးပြောင်းလဲစီးဆင်းသွားသော ခေတ်တစ်ခေတ်၏ ရေစီးက ဆိုရှယ်လစ်ဝါဒကိုသာမက စက်ဘီးနှင့်မြင်းလှည်းကိုပါ ရောထွေးသယ်ဆောင်သွားခဲ့၏။ ခုတော့ မန္တလေး၏လမ်းမများထက်၌ စက်ဘီးလေးများကို အတွေ့ရနည်းခဲ့ပြီ။ စစ်ကိုင်းတောင် အတက်လမ်း၌အတွေ့ရများခဲ့သည့် မြင်းလှည်းကတော့ ခုဆိုမူးလို့ပင်ရှူစရာမရှိတော့။ မျက်စိအောက်မှ ပျောက်ခြင်းမလှပျောက်သွားခဲ့ရပြီဖြစ်သည်။"

ဆရာတော်က ခေတ်အရွေ့နှင့်မမြဲသော လောကသဘောကို ရေးလိုက်ခြင်းဖြစ်သော်လည်း ကျွန်တော့်မှာဖြင့် မြင်းလှည်းတွေ စက်ဘီးတွေနှင့်ခေတ်ကိုပဲ လွမ်းတသသဖြင့် သံယောဇဉ်တွေမဖြတ်နိုင်ခဲ့။ မြင်းလှည်းကိုဖတ်ရင်း စစ်ကိုင်းတောင်ခြေက တောက်ကလပ် တောက်ကလပ်အသံဖြင့်မြင်းလှည်းတစ်စီး ကျွန်တော့်အတွေးအာရုံထဲသို့ အသက်ဝင်လှုပ်ရှားလာခဲ့သည်။
ကျွန်တော်တို့စီးခဲ့သည့်မြင်းလှည်းတွေ။ ပြင်ဦးလွင်ကရထားလုံးတွေ။ တစ်ကောင် ကသောမြင်းလှည်းများသာမဟုတ်၊နှစ်ကောင်၊လေးကောင်၊ခြောက်ကောင်ဆွဲသည့်မြင်းလှည်းတွေ။ သို့ရာတွင် ဆရာတော်က ခေတ်အဆက်ဆက် လူသားတို့စီးနင်းခဲ့ကြသမျှ မြင်းလှည်းတို့တွင် "သိဒ္ဓတ္ထမင်းသားစီးခဲ့သော မြင်းလှည်းက အဖိုးသားနား အထိုက်ဆုံးဖြစ်၏"ဟုသာ မိမိက ဆိုချင်ဘိတော့သည်. .တဲ့။

ဖတ်လက်စ စာအုပ်ကို နဘေးသို့ချပြီး တခဏငေးငိုင်သွား၏။ ပြီးတော့ မိမိအဖြစ်ကို တွေ့မြင်လိုက်တော့ ရယ်ချင်ချင်။ တစ်ခါတလေတော့စာရေးသူနှင့်စာဖတ်သူကြားမှာ အတွေးခံစားမှုတွေထပ်တူမကျဘဲ အံချော်သွားတာမျိုးလည်းရှိတတ်
သည်ကိုး။ မြင်းလှည်းကို ဖတ်လိုက်ရသော်လည်း ကျွန်တော့်စိတ်အာရုံတွေက တစ်ကောင်တည်းဆွဲနေသည့်မြင်းလှည်းဆီကိုပဲ အခုထိ တရစ်ဝဲဝဲရှိနေဆဲ။
ဖျတ်ကနဲဆို ပူးကပ်လာခဲ့သည့် အတွေးတစ်ခု။ကျောက်တော်ကြီးဘုရားပွဲကျင်းပနေသည့်အချိန် ကျုံးမြို့ရိုးအရှေ့ဖက် လရောင်ဆမ်းထားသည့်ကတ္တရာလမ်းမပေါ်မှာ ကောင်မလေးတွေ စီးခဲ့သည့်မြင်းလှည်းနောက်သို့ အမျှင်တန်းလန်းဖြင့်ပါလာကြသည့် စက်ဘီးအုပ်ကြီးနှင့်ကျွန်တော်တို့တတွေ။ မြင်းလှည်းနှင့်စက်ဘီး‌တွေက အပြန်အလှန် စကြ နောက်ကြ။ အွန်း . .ဟွန်းဟွန်း ပျော်စရာပါပဲ။ သို့သော်လည်း အခုချိန်မှာတော့ သည်ခံစားမှုကလေးက ကျွန်တော့်ရင်ထဲမှာ တစက်
စက်ကျဆင်းနေရသည့် အလွမ်းတွေအဖြစ်ကျန်ရစ်ခဲ့တော့သည်။

စစ်ကိုင်းတောင်နှင့်မင်းဝံတောင်ကြားရှိ ဆရာတော်၏ ဇာတိမြေ ရေခါးကျေးရွာကို စာပေဟောပြောပွဲနှင့် ကျွန်တော် ရောက်ခဲ့ဖူးသည်။ အဲသည်ရွာက ကိုရင်ငယ်လေးသည် စစ်ကိုင်းတောင်ရိုး၊ထို့နောက် မန္တလေးသို့။ ဤသို့ဖြင့် မန္တလေးမှာပဲရွာနေပြည်ထိုင်ဖြစ်ခဲ့သော ဆရာတော်၏ ဘဝပုံရိပ်များသည် အလွမ်းစိတ်ဖြင့်ရေးခဲ့သည့်စာတွေထဲမှာ တဖျတ်ဖျတ်လင်းလက်နေလျက်။ ငယ်ဘဝနှင့်မန္တလေးခံစားမှုကြားမှာ အလွမ်းတွေကလည်း လွန်းထိုးသလို သွားချည်ပြန်ချီ။ ထို့အတူ စာဖတ်သူကျွန်တော့်မှာလည်း မန္တလေးအလွမ်းစာတွေထဲမှာပဲ စီးမျောနေဆဲ။

အမြင့်ဆုံးမျှော်စင်ကြီးပေါ်မှ မန္တလေးကို ငေးမောမိသည်။ မုန့်တီစုကိုရောက်ပြန်တော့ သဲပုံစေတီဘုရားပွဲကို သတိရလိုက်သည်။ သီးသီးရိုက်ပွဲနှင့် ရှုံးသွားသည့်သီးသီးအကွဲတွေကို ဒိုင်ခံဝယ်နေသည့်အချဉ်ပေါင်းသည်ကိုလည်းမြင်ယောင်မိပြန်သည်။ ဂေါဝိန်ဆိပ်ကမ်းကိုရောက်သွားပြန်တော့ တိရိစ္ဆာန်တွေဆေးကုဖို့အတွက် ဧရာဝတီမြစ်တစ်ကမ်းရှိ သံမှိုကျွန်း၊ ဓားမချရွာတွေဆီသို့ ပဲ့ထောင်နှင့်သွားခဲ့သည့်ပုံရိပ်အပိုင်းအစတွေ။ ပြီးတော့ ဂေါဝိန်ကမ်းနားလမ်းတိုက်တန်းမှာနေခဲ့သည့်ကွယ်လွန်သူ စာရေးဆရာ ဆရာသိုက်ထွန်းသက်။ သတိရစရာတွေက အလွမ်းတွေနှင့်အတူ နှလုံးသားထဲသို့ တိုး
ဝင်လာခဲ့၏။ ဪ. .မန္တလေးကလည်း လွမ်းမည်ဆို လွမ်းစရာတွေချည်း။

နီကွန်ကင်မရာလေးကိုင်၍ ကျုံးတစ်ပတ်နှင့်မြနန္ဒာရွာအထိခရီးခြေဆန့်လိုက်သည့် ဆရာတော်ကို မြင်တွေ့လိုက်ရပြန်သည်။ ကျွန်တော့်မိတ်ဆွေ ဆရာဦးကျော်သိန်းဌေးနေသည့် မြနန္ဒာရွာကိုလည်း ကျွန်တော်ရောက်ခဲ့ဖူးသည်။စိမ်းမြလယ်ကွင်းတွေနှင့် မန္တလေးတောင်၏ မြောက်ဖက်က မြနန္ဒာ။ ရွာနှင့် ဆယ့်လေးငါးမိုင်လောက်ဝေးမည့်အရှေ့ဖက်မျက်နှာမှာတော့ ပြာမှိုင်းနေသည့်ရှမ်းရိုးမ။

"ရွှေနန္ဒာ မြရည်ကညိုညို၊ သုံးလေပါတော့ မယ်မဒီပျို၊ မန္တလေးတောင်ရိပ်ခိုမယ် ကိုကိုရေ စိန်ပါတီလာရင်မောင်တို့ကြိုမယ် စိတ်ရွှင်လန်းလှ ရောင်စိုစို၊ အေးအေးချမ်းချမ်း ဘေးမသန်းဘဲ တေးအဆန်းကိုဆို။"

နန်းတော်ရှေ့ဆရာတင်၏ မြနန္ဒာသီချင်းကလေးက မန္တလေးကို လွမ်းချင်နေသူတို့အတွက် မောလျသွားစေခဲ့သည်။ ကျွန်တော့်မှာ အငေးနှင့်အတွေးတွေ ရောထွေးနေလျက်။ လွမ်းတသသနှင့်ပြောစရာတွေကလည်းများလှချည့်။ ဆရာတော်၏
နီကွန်ကင်မရာထဲမှာ စွဲထင်ကျန်ရစ်ခဲ့သည့် မြနန္ဒာပုံရိပ်တွေ။ တဖန် ကျွန်တော့်ဆီသို့ ကူးစီးသွားခဲ့သည့်မန္တလေးအလွမ်းတွေ။

တကယ်တော့ ရဟန်းစာဆိုအရှင်သုမင်္ဂလ၏ မန္တလေးအခြေစိုက်ရသစာစုများသည် စာဖတ်သူကို အလွမ်းစိတ်တွေဖြင့် နှစ်သက်ကြည်နူးမှုတွေလွှမ်းခြုံပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ သည်စာအုပ်ကိုမန္တလေးအလွမ်း‌ငွေ့တွေနှင့်အက်ဆေးတွေဟုဆိုလိုက်ပါတော့မည်။ အက်ဆေးစာ စုစုပေါင်းအား
လုံး၂၁ပုဒ်ပါရှိသည်။ ရသစာစု သို့မဟုတ် အက်ဆေးသည် စာဖတ်သူတို့အတွက် ကြည်နူးနှစ်သက်ခြင်းကို ရစေသည်။ ဖတ်ရင်းဖြင့်အတွေးတစ်ချက်လင်းလက်သွားစေတတ်သည်။ ကျုံးတစ်ပတ်မြနန္ဒာသည်ကျွန်တော့်ရင်ထဲသို့ တစိမ့်စိမ့်တိုး
ဝင်လာခဲ့သည်။ အက်ဆေးတစ်ပုဒ်ဖတ်ပြီးသည်နှင့် ရသစာအရေးအဖွဲ့ကိုနှစ်နှစ်သက်သက်ခံစားရင်းအတွေးတွေပျံ့လွင့်သွားသည်။ အတန်ကြာမှ နောက်တစ်ပုဒ်ကိုဖတ်ဖြစ်သည်။

မန္တလေးတဲ့ မန္တလေးတဲ့။
အဘယ်မည်သော မန္တလေးပါလိမ့်။
ဆရာတော်က "မိမိသိသော မန္တလေးသည် အထက်ကောင်းကင်ယံ၌ပန်းနုရောင်အလှသွေးတို့ ယှက်သမ်းရစ်ဖြာနေသောမဟာဆန်သည့်မြို့တော်ကြီးတစ်ခုဖြစ်သည်။ နန်းဆန်မန်းဆန်သည့်မြို့တော်ကြီးတစ်ခုဖြစ်သည်။ နောက်ပြီး'မြန်မာ'၏ အနက်သွားကို အတိအကျညွှန်းဆိုပြခဲ့ရာမြို့တော်ကြီးတစ်ခုလည်း ဖြစ်ခဲ့ချေ၏။ ထိုမန္တလေးကိုမိမိလွမ်းပါသည်တဲ့။

ဟင်းကနဲသက်ပြင်းရှိုက်လိုက်မိသည်။ အပိုစကား ဆိုစရာ မရှိတော့ပါ။ ကျွန်တော်သည်လည်း အရှင်သုမင်္ဂလ(စစ်ကိုင်း) နှင့်အတူ ထိုမန္တလေးကိုပဲလွမ်းနေရလေပြီ။အလွမ်းတွေထဲက ထိုမန္တလေးသည် မန္တလေး၏ နောက်ဆုံးလက်ကျန် ကျွန်တော်တို့မျိုးဆက်ဟောင်းကြီးတွေရဲ့နှလုံးသားထဲမှာ ခိုင်မာစွာ ကျောက်ချတည်ရှိနေဆဲမို့ ကျေနပ်သဘောကျသွားခဲ့ရသည်ကော။

ညိုထွန်းလူ

လွမ်းစရာမို့ လွမ်းပါသည်  #စစ်ကိုင်းမြောက်လက်က တောင်ခြေကျေးရွာလေးမှာ ဖွားခဲ့တယ်၊ ကိုရင်ဝတ်ခဲ့တယ်... ဆိုပေမယ့် ကိုယ်တော်ဟာ...
21/01/2025

လွမ်းစရာမို့ လွမ်းပါသည် #
စစ်ကိုင်းမြောက်လက်က တောင်ခြေကျေးရွာလေးမှာ ဖွားခဲ့တယ်၊ ကိုရင်ဝတ်ခဲ့တယ်... ဆိုပေမယ့် ကိုယ်တော်ဟာ
မန္တလေးမှာ ရဟန်းစာသင်ယူ၊ ရဟန်းစာပို့ချ၊ ကျောင်းထိုင်
ဘုန်းတော်ကြီး လုပ်နေရသူဆိုတော့ မန္တလေးမှာ အနေကြာ
ခဲ့ပြီ။ ဒီတော့ မန္တလေးကို ချစ်သည်။ မန္တလေးကို လွမ်းသည်ပေါ့

မန္တလေးမှာ နေနေတာပဲ၊ မန္တလေးကို လွမ်းနေရသလား
ဟုတ်ကဲ့။ ဇာတိ၊ ပဝတ္တိ မန္တလေးသားတွေဟာ မန္တလေးမှာ
နေထိုင်လျက်က မန္တလေးကို ချစ်စိတ်နဲ့အတူ မန္တလေးကို
လွမ်းနေကြရတယ်

အခုအရွယ်မှာ ကလေးဘဝက မန္တလေးကို ပြန်လွမ်းတယ်
အခုကာလမှာ ဟိုတခေတ်တခါက မန္တလေးကို ပြန်လွမ်းတယ်

ဒီစာစုကို ရဟန်းစာဆိုဖြစ်သူက မန္တလေးအခြေစိုက် ရသ
စာစုများ...လို့ ခေါင်းစဥ်ငယ်ပေးထားတယ်။ မန္တလေးချစ်စိတ်
မန္တလေးလွမ်းရိပ် အက်ဆေးတွေလို့ ဆိုနိုင်တယ်။ အကြောင်း
အရာအရ သုတဆောင်းပါးဘက် ပိုတိမ်းရေးဖို့ လိုအပ်တဲ့
တပုဒ်စ နှစ်ပုဒ်စမှအပ ကျန်အပုဒ်တိုင်းက အက်ဆေးရသ
အပြည့် အက်ဆေးရနံ့ ထုံသင်းနေတာကို ကြည်နူးဖွယ်
ခံစားရတယ်

ဘာတွေကို ဘယ်လိုဖွဲ့တယ် နွဲ့တယ် မပြောတော့ပါ
တပုဒ် ဖတ်ကြည့်လိုက်တာနဲ့ နောက်တပုဒ်ဆီ၊ ပြီးတော့ နောက်
တပုဒ်ဆီကို အသာစီးမျော ပါသွားလိမ့်မယ်လို့တော့ ကြိုပြော
လိုက်ပါမယ်...

အရှင်သုမင်္ဂလ(စစ်ကိုင်း)
ကျုံးတစ်ပတ် မြနန္ဒာ #

ပထမအကြိမ်- 2025 jan.


အရှင်သုမင်္ဂလ(စစ်ကိုင်း)ကျုံးတစ်ပတ်မြနန္ဒာ=================           အရှင်သုမင်္ဂလ( စစ်ကိုင်း )က ရသဟန်ကဲတဲ့ စာတွေကိုအမျ...
21/01/2025

အရှင်သုမင်္ဂလ(စစ်ကိုင်း)
ကျုံးတစ်ပတ်မြနန္ဒာ
=================

အရှင်သုမင်္ဂလ( စစ်ကိုင်း )က ရသဟန်
ကဲတဲ့ စာတွေကိုအများဆုံးရေးသားတဲ့၊ရသအာရုံထုံတဲ့စာတွေရေးတဲ့ ရဟန်းစာဆိုလို့
ဆိုရမယ်ထင်တယ်။ကျွန်တော်ဖတ်ရသမျှစာ
တွေမှာ ရသအာရုံထုံမှုကို နှစ်လိုဖွယ်ရာဖတ်ခဲ့ရတာများပါတယ်။
အခုစာအုပ်မှာလည်း Eleven သတင်းစာမှာရေးသားတဲ့ အက်ဆေးလေးတွေအများစုပါဝင်ပြီး၊အခြားဂျာနယ် မဂ္ဂဇင်းတွေမှာရေးခဲ့
တာတွေလည်း မန္တလေးအာရုံအစုအစည်းအ
ဖြစ်နဲ့ပါဝင်ထားတာတွေ့ရတယ်။ဆရာတော်ကတော့ ရသစာစုများလို့ အမည်တပ်ထားတယ်။
လွမ်းမောဖွယ်ရာအမှတ်တရတွေဖြစ်လေတော့ လွမ်းစရာပါပဲ။အကြောင်းအရာအနေနဲ့ပြောရရင်တော့ ကျွန်တော်နဲ့မစိမ်းတဲ့၊
ကျွန်တော်ကိုယ်တိုင်လည်း တတို့တထိ ရေးခဲ့ဖူးတဲ့ အကြောင်းအရာမျိုးတွေပါပဲ။စာရေးဆရာဆရာမတွေလည်း ရေးခဲ့ကြဖူးတဲ့
အကြောင်းအရာမျိုးပါပဲ။သို့သော်လည်း ရေးသူ့အာရုံအလိုက် နှစ်လိုစွာဖတ်ဖြစ်သွားတာချည်းပဲဖြစ်ပါတယ်။
ဆရာတော်ကငယ်စဥ်ကိုရင်အရွယ်ကနေ မန္တလေးမှာ ကျောင်းထိုင်နေတဲ့အရွယ်အထိ အတိတ်လည်ပြန်ရေးဖွဲ့ထားတာဖြစ်ပါတယ်။စစ်ကိုင်းတောင်ရိုးအဖွဲ့တွေလည်းပါတဲ့
မန္တလေးအခြေပြုထားတဲ့ အရေးအသားတွေဖြစ်ပါတယ်။ဆရာတော်ရဲ့အရေးအသားမှာ
သံဃာ့အတွေ့အမြင်အတွေးအာရုံတူရူရာရှု
ထောင့်ကနေ မန္တလေးအတိတ်တွေကို များများတွေ့ရပြီး၊ပစ္စုပ္ပန်မန္တလေးကို ဖျတ်ခနဲလေးတွေပဲတွေ့ရတယ်။
ရဟန်းစာဆိုရဲ့မန္တလေးဟာ ဘယ်လိုမျိုး
လဲဆိုတာကို တွေ့ကြရမယ့်အက်ဆေးကလေး
တွေအများစုပါတဲ့ စာအုပ်လေးပါ။
မန္တလေးနဲ့မြင်းလှည်း၊မန္တလေးကမျှော်စင်တွေ၊မလွန်ဆန်လှူအသင်းကြီး၊သကျသီဟစာမေးပွဲ၊မလွန်ရပ်ဆွမ်းခံအတွေ့အကြုံ၊
စျေးချိုတော်အငွေ့အသက်၊မန္တလေးနဲ့မုန့်တီ၊
သီးသီးရိုက်ပွဲ၊ခြင်းဝိုင်းများ၊မစိုးရိမ်ကျောင်း
တိုက်၊ဂေါဝိန်ဆိပ်ကမ်း၊ကျုံးဘေးလမ်း၊လမ်း
ဘေးပန်းချီ၊သစ်ပင်စိုက်သူဦးငွေ၊အာဇာနည်
၁၇ ဦး၊လူထုရပ်ဝန်း၊ကျုံးတစ်ပတ်နဲ့မြနန္ဒာလမ်း၊သာသနာ့တက္ကသိုလ်၊သာသနာ့တက္ကသိုလ်ပညာသင်အတွေ့အကြုံ စတာတွေ
ကို ကိုရင်ကလေးဘဝနဲ့စပြီး၊ကိုရင်လေးရဲ့အလွမ်းနဲ့ပဲ ပန်းနုကောင်းကင်မန္တလေးအဖြစ်
အဆုံးသတ်ထားတယ်။
အရှင်သုမင်္ဂလက ကိုယ်တွေ့ခံစားမှုတွေ
ကို အဓိကအားပြုရေးသားထားပြီး၊အချက်အ
လက်တစ်ချို့ကို စာအုပ်တွေကနေ ကိုးကားထားတယ်။စာရေးသူရဲ့အာရုံဖြန့်ကျက်မှုကို
အဓိကရေးဖွဲ့တာဖြစ်လို့၊သိထားတာတွေ၊ဖတ်ဖူးတာတွေဆိုတာတွေလည်း ဖတ်တဲ့အာရုံထဲ
အဟန့်အတားဖြစ်မသွားပဲ ပြန်နှိုးသလိုဖြစိသွားရတယ်။သံဃာ့အနေကနေထိတွေ့ခံစားထားတာတွေကလည်း တမျိုးတဖုံအရသာရှိနေတာမျိုးဖြစ်ပါတယ်။
လွမ်းမောဖွယ်ရာ အမှတ်တရများကို ပါးပါးထိထိရေးဖွဲ့သွားတယ်လို့လည်းခံစားရတယ်။ဒါကြောင့်ပဲတစ်ပုဒ်ဖတ်ပြီးတိုင်း လည်
ပြန်လွမ်းမောမှုဟာ ပူးကပ်စိမ့်ဝင်လာပြီး ခံစားမှုအာရုံတွေ တွန်းထိုးဝင်ရောက်လာတော့တယ်။အကြောင်းအရာက သမိုင်းတန်ဖိုးဖြစ်
သွားပြီး၊အဖွဲ့တွေက ချစ်ခြင်းတန်ဖိုးဖြစ်သွား
တယ်လို့ဆိုနိုင်ပါတယ်။ဒေသစွဲဆိုတာ မေ့လျော့သွားတတ်တာမျိုးမဟုတ်တော့ လူဟာသူ့ဖြတ်သန်းမှုတွေကို လည်ပြန်ခံစားလွမ်းဆွတ်မိတတ်စမြဲပါပဲ။
ရုပ်ရှင်ရုံထဲမှာ အတူကြည့်ပြီးထွက်လာကြတာဖြစ်ပေမယ့် အတူကြည့်ခဲ့၊မြင်ခဲ့တာတွေကိုပဲ ပြန်ပြောခံစားကြတတ်တာမျိုး အရှင်သုမင်္ဂလရဲ့စာတွေကိုဖတ်ပြီး၊စာရေးသူရဲ့ပြန်ပြောတာတွေကို နားထောင်သူကလည်း
သဘောတကျနားထောင်လိုက်ရတာမျိုးလို့ဆိုရမလားပဲ။အတိတ်မန္တလေးကို ပြန်ထိတွေ့လိုက်ရတာမျိုးနဲ့အတူ မန္တလေးတန်ဖိုးတွေထဲက အလျော့အပါးတွေကိုလည်း ရင်ခုန်ရင်တုန်ခံစားရတယ်။
ဟိုးတစ်နေ့ကမန္တလေးနဲ့ ဒီနေ့မန္တလေးဟာ အဆင်တန်ဆာ အရွေ့အပြောင်းဖြစ်သွား
ပြီဆိုတော့ တချို့မြင်ကွင်းတွေဟာလည်း ပြောင်းလဲသွားပြီဖြစ်ပါတယ်။ဆရာတော်ရေး
ထားတဲ့ မေ့လျော့ခံနေရတဲ့ ကျုံးမြောက်ဘက်
လည်း အခုအခါ သတိရဖော်ဖြစ်လာပြီး၊မွမ်းမံဆင်သနေတာကို တွေ့နေရသလိုမျိုးပေါ့။
ဒီစာအုပ်ဟာ မန္တလေးရပ်ဝန်းအကြောင်းနဲ့မန္တလေးရပ်ဝန်းမှာ ဖြတ်သန်းခဲ့တဲ့ သံဃာတစ်ပါးရဲ့ အတွေ့အကြုံ၊အာရုံနဲ့ချစ်
မြတ်နိုးခြင်းတွေ ထုံထားတဲ့စာအုပ်ပါ။ကျွန်တော်တို့စကားစမြည်တွေထဲမှာ တစ်ခါတလေလာခိုနားတတ်တဲ့၊ကျွန်တော်တို့တသသပြောဖြစ်ကြတဲ့စကားဝိုင်းတွေထဲ ကျောက်ချနေတတ်တဲ့ မန္တလေးဝိညာဥ်တွေကို
မြင်ယောင်လာရတဲ့စာအုပ်လို့လည်း သဘောရလိုက်ပါတယ်။
မာတိကာကြည့်တာနဲ့ကို အာရုံနိုးလာစေပါလိမ့်မယ်။

မာတိကာ

၁။ မြင်းလှည်း
၂ ။မျှော်စင်
၃။ တရားတင်းကုပ်
၄။ သက်တော်ရှည် မလွန်ဆန်လှူအသင်းကြီး
၅။ သကျသီဟစာမေးပွဲ
၆။ မလွန်ကို မလွန်
၇။ အိပ်မက်ချို
၈။ မုန့်တီ
၉။ သီးသီးရိုက်ပွဲ
၁ဝ။ ညနေခတ်ခြေလုံးနှင့်
၁၁။ မစိုးရိမ်ပစ္စဝေက္ခဏာ
၁၂။ ဂေါဝိန်
၁၃။ ကျုံးဘေးလမ်း
၁၄။ လမ်းဘေးပန်းချီ
၁၅။ ချစ်ခြင်းသစ်ပင်
၁၆။ အာဇာနည် ၁၇ ဦး
၁၇။ လူထုကို ချစ်သောစိတ်ဖြင့်
၁၈။ ကျုံးတစ်ပတ်မြနန္ဒာ
၁၉။ သာသနာ့တကျကသိုလပြုလဲရတု
၂၀။ စိတ်ကူးလှေ
၂၁။ ပန်းနုကောင်းကင်မန္တလေး

၂၀၂၅၊ဇန်နဝါရီလမှာ တူးတူးခါးခါးစာပေကထုတ်ဝေဖြန့်ချိတယ်။
စာမျက်နှာ ၁၉၀။တန်ဖိုး ၁၀၀၀၀ ကျပ်။

credit ဆရာစိုးဘားဒိုင်

 #ကျုံးတစ်ပတ်မြနန္ဒာ(မန္တလေးအခြေစိုက် ရသစာစုများ) စာအုပ်လေးကတော့ ဖြစ်လာခဲ့ပါပြီမကြာမီရက်ပိုင်းအတွင်းမှာကိုလတ်စာပေမှတစ်ဆင...
08/01/2025

#ကျုံးတစ်ပတ်မြနန္ဒာ
(မန္တလေးအခြေစိုက် ရသစာစုများ)

စာအုပ်လေးကတော့ ဖြစ်လာခဲ့ပါပြီ
မကြာမီရက်ပိုင်းအတွင်းမှာ
ကိုလတ်စာပေမှတစ်ဆင့်
စာအုပ်ဆိုင်တွေပေါ် ရောက်လာတော့မှာပါ။
တန်ဖိုး ၁၀၀၀၀ ကျပ်။

တီတူးခါးခါးပေ့ချ်မှလည်း
တိုက်ရိုက် ဆက်သွယ် မှာယူနိုင်ပါတယ်။
m.me/tituekharkhar

မေတ္တာဖြင့်
အရှင်သုမင်္ဂလ (စစ်ကိုင်း)
(8 Jan 2025)

 #သပိတ်ပိုက်ထားသည့်မေတ္တာစာကိုလက်ခံရရှိခြင်း                                       (သိုက်ထွန်းသက်)နိဗ္ဗာန်ဆော် အော်သံကြာ...
19/10/2023

#သပိတ်ပိုက်ထားသည့်မေတ္တာစာကိုလက်ခံရရှိခြင်း

(သိုက်ထွန်းသက်)

နိဗ္ဗာန်ဆော် အော်သံကြားသော် ဆွမ်းချက်ဖို့ စေတနာပေါ် အရုဏ်တော်လင်းကြက်ကဆော် သဒ္ဓါဟုန်မျှော် ဝတ်မပျက်ပနော် ဝိသာခါ ဘုရားအမ အားကျတာပဲ ကောင်းမှုကုသိုလ်မျှော်
အဆိုတော်ခင်မာဌေး

ကိုဗစ်-၁၉ ကပ်ရောဂါဘေး မတိုင်မီက တနင်္လာနေ့ မနက်တိုင်း ကိုယ့်အိမ်ရှင်မရဲ့ ပြုဖွယ်ကိစ္စတစ်ခုဟာ ပေပင် မစိုးရိမ်ကျောင်းတိုက်ကသံဃာတော်များ ဆွမ်းတန်းကြွချိန်မှာ ဆွမ်းဝတ်မပျက် လောင်းလှူနိုင်ဖို့ ဖြစ်ပါတယ်။အဲဒီအတွက် မနက် စောစောထ ဆွမ်းချက်ရသလို ဆွမ်းဟင်းတစ်ခွက်လောက် ပါနိုင်အောင်လည်း ညကတည်းက ချက်တန်ချက် ဒါမှမဟုတ် မနက်အဆင်သင့်ချက်နိုင်အောင် ပြင်ဆင်တန် ပြင်ဆင်ထားရပါတယ်။ အခုတော့လည်း တိုက်ခန်းအောက်ကနေ ပျံ့လွင့်လာမြဲဖြစ်တဲ့ ဆွမ်းခံသံဃာတော်များရဲ့ ရှေ့တော်ပြေး ကြေးစည်သံလေးမျှ မကြားရ ကြာ‎ချေပေါ့။

ပြီးခဲ့တဲ့ ရက်များအတွင်း သမီးကြီး အနံ့မရတော့တာကို စစ်ဆေးမှုခံယူရာက ကိုဗစ်-၁၉ ကုသရေးဌာနတစ်ခုမှာ၂၁ရက်လောက်နေလိုက်ရတယ်။သမီးကြီး ကွာရာတင်း ဝင်နေချိန် သူ့မွေးနေ့ဖြစ်တဲ့ တနင်္ဂနွေနှစ်ရက်မှာ သူ့မမအေးက တိုက်ခန်းနောက်ကျောရှိ လမ်းဘက်ထွက်စောင့်ပြီး ဘေးဘယာကျော်စေကြောင်း ဆုတောင်းရင်း ဆွမ်းခံသံဃာတွေကို ဗယာကြော်နဲ့ဆွမ်း လောင်းလှူဖြစ်ပါသေးတယ်။နို့ပေမင့် ဆွမ်းခံသံဃာ တစ်ပါးတစ်ပါး ကြွလာဖို့ အကြာကြီးစောင့်ရတယ်လို့ဆိုပါတယ်။

အဲဒီတော့မှ ကိုဗစ်-၁၉ ကပ်ဘေးကာလရဲ့ ရိုက်ခတ်မှုဟာ ဘုန်းတော်ကြီးကျောင်းတိုက်တွေထဲအထိ ရောက်ရှိနေလောက်ပြီဆိုတာ စဉ်းစားမိတော့တယ်။

ဇန်နဝါရီလ ၂၂ရက်နေ့က ကျွန်တော်တို့သူငယ်ချင်းတစ်စုရဲ့ဝတ္ထုတိုတစ်ပုဒ်စီပါဝင်တဲ့ "ရင် အမြုတေနှင့် ဝတ္ထုတိုမျဉ်းပြိုင်များ"စာအုပ်နဲ့ ဆရာ(ကို)ဂျိုဇော်ရဲ့ "ကူးခတ်နေဆဲငါးကင် နှင့်အခြားMicrofictionဝတ္ထုများ"စာအုပ် နှစ်အုပ်ထွက်လို့ စာအုပ်ယူဖို့ မင်းတုပ်ချထားတဲ့ အိမ်တွေကနေ ကိုယ်စီထွက်ခဲ့ကြတယ်။စာအုပ်ဆိုင်ကနေ အပြန် အရှင်သုမင်္ဂလ(စစ်ကိုင်း)သီတင်းသုံးရာ မဟာဝေယန်ဘုံသာတိုက်ကို အနောက်ပေါက်ကဝင်ကြတယ်။မဟာဝေယန်ဘုံသာတိုက် အနောက်ဘက် လူဝင်ပေါက် သံတံခါးပိတ်ထားလို့ ကားကိုအပြင်မှာရပ်ပြီး မလွယ်ပေါက်ကနေပဲ ဝင်ခဲ့ကြပါတယ်။

‌ကျွန်တော်တို့ မန္တလေးစာပေအသိုက်အဝန်းဆိုတာဟာ ဟိုး ကျွန်တော်တို့ မမွေးသေးခင်ံ ခေတ်တွေကတည်းက ရဟန်းစာဆိုများပါ ပါဝင်တဲ့ အသိုက်အဝန်းဖြစ်ပါတယ်။ရှေ့မှာ ဆရာတော်အရှင်ဉာဏိသရ(ဆရာကြီးဆန်းထွန်း-မန်းတက္ကသိုလ်)၊ဆရာတော်အရှင်‎သောဘိတ( ဆရာတော်ရွှေကိုင်းသား)၊ဆရာတော်အရှင်ပညာဇောတ(ဆရာတော်ကိုပညာ-အမရပူရ)တို့ဟာ မန္တလေးစာပေသမိုင်းထဲမှာ ထွန်းလင်းတင့်တယ်ခဲ့ကြတဲ့ ကြယ်ပွင်ကြီးများ မဟုတ်ပါလား။

ဒီနေ့ ဒီကာလမှာ သာသနာ့တာဝန်များ မလစ်ဟင်းစေရဘဲ စာပေယဉ်ကျေးမှုအလုပ်တွေ မဆုတ်မနစ် အားထုတ်ကြိုးကုတ်ဖြစ်ကြတဲ့ ရဟန်းစာဆို ဆရာတော်တက္ကသိုလ်တေဇာလင်း၊ဆရာတော် အရှင်သုမင်္ဂလ(စစ်ကိုင်း)တို့နဲ့ တစ်ခေတ်ထဲအတူ ဆုံစည်းရတာဟာလည်း ကြည်နူးချမ်းမြေ့ဖို့အလွန်ကောင်းပါတယ်။ဦးဇင်းသန်းဖေသားတို့ ဦးဇင်းနေရစ်သော်(ဟင်္သာတ)တို့လည်း ပါဝင်ပေသပေါ့။မင်းကွန်းက စာချစ်သူ ဘုန်းဘုန်းအရှင်ဓမ္မနန္ဒလည်း မမေ့ပါဘုရာ့။

အရှင်သုမင်္ဂလရဲ့ မွေးဇာတိက စစ်ကိုင်းမြို့နယ် ရေခါးရွာဖြစ်ပါတယ်။၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၇ရက်မှာ မွေးဖွားပါတယ်။
မိဘနှစ်ပါးက ဦးဘိုကြီးနဲ့ ဒေါ်လှကြည်တဲ့။ဆယ်နှစ်သားအရွယ်မှာ ကိုရင်ဝတ်ပြီး စစ်ကိုင်းတောင် ရွှေဥမင်ချောင်၊ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်၊မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်နဲ့ ရန်ကုန်/မန္တလေး ပရိယတ္တိသာသနာ့တက္ကသိုလ်များမှာ စာသင်သားအဖြစ် ပညာသင်ခဲ့ပါတယ်။၂၂နှစ်အရွယ်မှာ ဓမ္မာစရိယဘွဲ့နဲ့ သာသနင်္ကုရဓမ္မာစရိယဘွဲ့ ရရှိပြီး၃၃နှစ်အရွယ်မှာ မဟာဓမ္မာစရိယ(MA)ဘွဲ့ ရရှိခဲ့ပါတယ်။မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊မော်ကွန်းထိန်းဌာနမှာ စာသင်သားရေးရာ ဌာနစုမှူးတာဝန်နဲ့မြန်မာစာပေဌာနမှာ နယဒေသက နည်းပြတာဝန် ထမ်းဆောင်ခဲ့ပါတယ်။စာချတာဝန်ထမ်းဆောင်ခဲ့တဲ့ကျောင်းတိုက်များက
စစ်ကိုင်းတောင်ရွှေဥမင်ချောင်၊မန္တလေးမြို့ သာသနာ့တက္ကသိုလ် မြန်မာစာဌာန၊ပုသိမ်မြို့ အောင်မြေဘုံသာစာသင်တိုက်၊တောင်သာမြို့နယ် ကျောက်ကာ မဟာဗောဓိစာသင်တိုက်၊ပြင်ဦးလွင် မြို့လယ်ရွှေစည်းခုံစာသင်တိုက်တို့ ဖြစ်ပါတယ်။အခုလက်ရှိ နာယကဘုန်းကြီးအဖြစ် သတင်းသုံးရာဌာနက ချမ်းအေးသာစံမြို့နယ် မဟာဝေယန်ဘုံသာတိုက်၊ပါဠိတက္ကသိုလ်ကျောင်းမှာ ဖြစ်ပါတယ်။

ဘုန်းဘုန်းအရှင်သုမင်္ဂလ ရေးသားထုတ်ဝေပြီးတဲ့စာအုပ်တွေက ကုသိနာရုံဂီတ၊တပည့်တို့ရဲ့ဆရာ၊စွယ်တော်ရွက်၏ ဖြစ်နိုင်ခြေများစွာ၊နေအဝင်နိဒါန်း၊တော၏ရနံ့၊အပြုံးတစ်ပွင့်လက်ဆောင်၊နောက်ဆုံးစီးတဲ့မြင်း၊တပေါင်းပွင့်၊စံပယ်သုံးကုံး၊ခရမ်းနုရောင်တို့ဖြစ်ပါတယ်။

ကျွန်တော်က ဘုန်းဘုန်း စာတွေကို Eleven ဂျာနယ်မှာ ဖတ်မိရာက စပြီး နှစ်သက်စွဲလမ်းခဲ့ရတာပါ။ညက်ချောတဲ့စကားပြေ၊လှပတဲ့ အစီအကုံးတွေထဲမှာ မွေ့လျော်ရတာ အရသာရှိလှလို့ ဖြစ်ပါတယ်။စာကြီးပေကြီးတွေနဲ့ မခြိမ်းခြောက်ဘဲ မှတ်သင့်မှတ်ရာ ထိုထိုစာများကို သိသင့်သိထိုက် ပေးသင့်ပေးထိုက် ကျွေးသင့်ကျွေးသင့်ကျွေးထိုက်သလောက်သာ လက်ဆ ကောင်းကောင်းနဲ့ ထည့်သွင်းဖော်စပ် ထားတတ်တယ်လို့ သတိပြုမိပါတယ်။။ ရသစာတန်းဆရာတွေထဲမှာ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အလံစိုက်ထူထားတဲ့ ဆရာတစ်ပါးလို့ ကိုယ့်ပေတံနဲ့ကိုယ် နေရာတစ်နေရာ ပေးထားခဲ့ပါတယ်။ကျွန်တော့်အဆို လွန်၏မလွန်၏ အရှင်သုမင်္ဂလရဲ့ ထွက်ပြီးစာအုပ်တွေသာဖတ်ကြည့် သုံးသပ်ဆုံးဖြတ်နိုင်ပါတယ်။

အရှင်သုမင်္ဂလ (စစ်ကိုင်း)မှာ အသင်္ခယာသျှင်ထွေး ဆိုတဲ့ကလောင်ခွဲ ရှိပါသေးတယ်။ယသောဓယာ၏ညများ၊သမုဒယမျက်နှာစိမ်း၊တာဝတိံသာမျဉ်းဖြောင့်၊မဒ္ဒီဒေဝီတောင်တန်း ဆိုတဲ့ စာအုပ်တွေလည်း အသင်္ခယာသျှင်ထွေး ကလောင်ခွဲနဲ့ ထွက်ထားပါတယ်။

ဆရာတော် အရှင်သုမင်္ဂလ(စစ်ကိုင်း)ရဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလထုတ်စာအုပ်က ဆွမ်းခံကိုယ်တော်တစ်ပါးရဲ့မှတ်စုများ စာအုပ်ပါ။စာအုပ်မထွက်ခင် ဒီဇိုင်းမြင့်လွင်ဦးရဲ့ စာအုပ်မျက်နှာဖုံးနဲ့ကျောဖုံးမြင်ရကတည်းက စိတ်လှုပ်ရှားခဲ့ရတာပါ။

နောက်ကျောဖုံးမှာ ရဟန်းစာဆိုဦးဇင်းသားအေးညရဲ့ အမှာက ကောက်နုတ်ဖော်ပြထားတဲ့ စာပိုဒ်လေးကလည်း ဖတ်ချင်စိတ်ကိုနှိုးဆွနေတယ်။"ဆွမ်းခံကိုယ်တော်တစ်ပါးသည် သူတွေ့ကြုံရသောခေတ်ကာလကို သပိတ်တစ်လုံးထဲထည့်ပြသွားသည်။ဆွမ်းခံကိုယ်တော်၏ မမေ့မလျော့မှုကို ကျေးဇူးတင် ကြည်ညိုရပါသည်"တဲ့။

ကျွန်တော်ဟာ
ဆွမ်းခံကိုယ်တော်အရှင်သုမင်္ဂလရဲ့ သပိတ်ထဲက ခေတ်ကို မြင်ချင်ဇောအားကြီးနဲ့
ဒီနေ့မနက် ဆုံရပ်က အပြန်မှာ မဟာဝေယန်ဘုံသာကျောင်းတိုက်ဝင်ဖို့ ဆရာတွေကို စည်းရုံးခေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ဘုန်းဘုန်းဆီက အပြန်မှာတော့ ကျွန်တော်တို့လက်ထဲ သပိတ်လေး တစ်လုံးစီ ပါလာတယ်။(ဆရာကိုဂျိုဇော်ကလည်း ဘုန်းဘုန်း ဘုဉ်းပေးဖို့ သပိတ်ပေါ် ငါးကင်တစ်ကင်တင်ပြီး ဆက်ကပ်ခဲ့ ပါတယ်)
ကျွန်တော်ဟာ လောဘ မောဟ ဒေါသ မီးလျှံများ တညီးညီးတောက်လောင်နေတဲ့ ဇန်နဝါရီလက်ကျန်ရက်ကို ဆွမ်းခံကိုယ်တော်တစ်ပါး၏မှတ်စုများနဲ့ ကုန်ဆုံးလွတ်မြောက်ဖို့ ကြိုးပမ်းရပါတယ်။

ရဟန်းစာဆိုလောင်းလျာ ဆယ်နှစ်သားကိုရင်ဟာ ဘယ်အချိန်မှာ ဘယ်လောက်ဖုန်ထနေပါစေ ဝေလီဝေလင်း မနက်ခင်းချိန်ရောက်ပြီတဲ့ဆို အမှိုက်စင်ကင်း သန့်ရှင်းနေတတ်တဲ့ ဆွမ်းခံလမ်းထဲ စခေါ်သွားပါတယ်။ရွာလယ်ဇရပ်ကြီးနားက "ဆွမ်းတော်ခမျို"ဆိုတဲ့ ဆွမ်းတော်ဟစ်သံစကြားရပါတယ်။

အဲဲဒီနောက် ကိုရင်ပေါက်စနေတဲ့ စစ်ကိုင်းတောင်ရိုးမှာ စကျင်ရွှေဂူဘုရားပွဲကရတဲ့ ပဲတီချဉ်နဲ့ ဝက်သားပြွမ်းဟင်းအိုး မီးကုန်းမှုတ်ရင်း အမြည်းကျွေးတာကို စိတ်မှန်းနဲ့ အာရုံခံစား(အာရုံခံလွေး)ရပါတယ်။

ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်အရောက် မနက်ခင်း ဆွမ်းခံထွက်ဖို့ သင်္ကန်းရုံ သပိတ်ပွေ့ပြီး တန်းစီနေရာယူထားကြချိန်၊ တိုက်အုပ်ဘုန်းကြီးက သံဃာတန်းနှစ်တန်းအလယ်ကနေ လျှောက်ကြည့်စစ်ဆေးနေတုန်း အချိုးမကျတဲ့ ကိစ္စရပ်တစ်ခုအတွေ့ ဖြောင်းခနဲထွက်လာတဲ့ အသံပြင်းပြင်းလည်း ကြားဖြစ်အောင်ကြားလိုက်ရပြန်ပါတယ်။

ခရမ်းသုံးခွဘက် သံဃာအပါး၁၀၀ကျော်စီတန်းပြီး ဆွမ်းဆန်ခံထွက်စဉ် ဟာလာဟင်းလင်းကွင်းပြင်ကျယ်မြင်ကွင်းကို အညာသားကိုယ်တော်နဲ့အတူ တငေးတမောနဲ့ မျက်လုံးအရသာခံနေမိစဉ် "စာ ဆိုမှ စာ"ဆိုသော စာသင်သားတို့က ထိုတစ်နေ့ကို အလဟဿအဖြစ်မခံ သပိတ်ပေါ် စာရွက်တင်ပြီး စာကြည့်မပျက်လိုက်ပါလာကြတာကိုလည်း အားကျဖွယ်ရာ မြင်ရပါတယ်။

စက်ဘီးမြို့တော်မန္တလေး၊သပိတ်ထဲကမန္တလေး၊စစ်မှန်သောဆွမ်းခံအတွေ့အကြုံကို အိတ်သွန်ဖာမှောက်သင်ကြားပေးတဲ့ မန္တလေး မှတ်စုတွေက လည်းရသမျိုးစုံပါပဲ။

ဝတ်ခွက်ထဲက ကြက်သွန်နီဥကြီး၊မျက်စိလည်ပြီးရှာမတွေ့တဲ့ဆွမ်းခံအိမ်၊သပိတ်ချိန်မှာ ဇလုံကိုင်ထွက်လာတဲ့ မိန်းမငယ်မြင်လိုက်လို့ မျက်လွှာအသာချရပ်မိမှားပုံ (ဆွမ်းဇလုံမဟုတ် သူငယ်ပေါက်စ ထမင်းခွံ့နေတဲ့ ဇလုံဖြစ်နေပုံ)၊ဆွမ်းခံသံဃာမတင်ချင်တဲ့ ဘတ်စ်ကားတွေကို သပိတ်တစ်ဖက်နဲ့စီးခြင်း၊စက်ဘီးစီးလာတဲ့ကျောင်းဆရာမနဲ့ မျက်နှာခြင်းဆိုင် ထုပ်ဆီးတိုးခြင်း၊ဆွမ်းခံချိန်တွေ အိမ်မှာမရှိလို့ ဆွမ်းခံသံဃာကို ဆိုင်ကယ်နဲ့ပတ်ရှာ ပြီး ဆွမ်းလောင်းတဲ့ ရုံးဝန်ထမ်း မန္တလေးသူ၊ဆွမ်းခံလာတိုင်း ဒူးကောက်ကွေးကို နှုတ်သီးနဲ့ထိုးတတ်လွန်းလို့ ထိတ်လန့်ရတဲ့ခွေးကြီး ဂျက်ကီ၊သပိတ်ထဲပြာကြွေကျလေမလားစိုးရိမ်စိတ်ပေါ်အောင် ဆေးပြင်းလိပ်ကြီး မချွတ်တမ်းခဲရင်း ဆွမ်းလောင်းတဲ့ ဒကာကြီး၊"မြေသပိတ်နဲ့ငွေအစိတ်ပါပဲ ကိုယ်တော်"လို့ ဘုန်းကြီးချင်းမျက်နှာချင်းဆိုင်တွေ့ကြချိန် အဆိုတစ်ခု တွင်ကျယ်ခဲ့တဲ့ ကျောက်တော်ကြီးဘုရားပွဲ၊ယာဉ်အသွားအလာများတဲ့နေရာ ဆိုင်ရှေ့ပိတ်မရပ်ချင်လို့ ခေါင်းကိုငုံ့ဖြတ်သွားတာတောင်" ဦးဇင်း"လို့ အသံကုန်အော်ခေါ်ပြီး ပဲပြုတ်ကိုကြွတ်ကြွတ်အိတ်ထဲထည့် နှမ်းထောင်းလေးဖြူး ဆီလေးဆမ်း လောင်းလှူတတ်တဲ့၊ကောက်ညင်းပေါင်းထည့်ထားတဲ့ ကြွတ်ကြွတ်အိတ်ကို သပိတ်ထဲမထည့်သေးဘဲ အားမကိုးရတဲ့သားသမီးတွေအကြောင်း ရင်ဖွင့်နေတတ်တဲ့ စျေးသည်အမယ်အို ။ဖတ်ရသမျှ မှတ်စုတွေက အရယ်အသော အမောအလွမ်း ဇာတ်လမ်းစုံဖြစ်ပါတယ်။

အရှင်သုမင်္ဂလရဲ့ စာတွေကို သဘောကျတယ်ဆိုရာမှာ ဗုဒ္ဓဝင်နိပါတ် ကျမ်းဂန်တစ်ရပ်ရပ်က ထုတ်နုတ်ကိုးကားပြီး စာတစ်ပုဒ်ကို အနားသတ်ပေးတဲ့အခါ လှလှပပ သေသေသပ်သပ် ရှိတတ်တာလည်း တစ်ချက်လို့ ဆိုရပါမယ်။

ဆွမ်းဇလုံ မှောက်ကျလို့ အထိတ်တလန့်ဖြစ်နေတဲ့ ကလေးမလေးကို ဆူလားကြိမ်းလားမလုပ်တဲ့ ဒကာမကြီးကို ကျေးဇူးတင်မိရင်း ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာရဲ့ စကားတစ်ခွန်းနဲ့ ဆက်စပ် အနားသတ်သွားပုံမျိုးဖတ်ရတာ အလွန်အရသာရှိတာပါကလား။
မလိက္ကာက မြတ်စွာဘုရားအမှူးရှိတဲ့ရဟန်းတော်ငါးရာကို နေအိမ်မှာဆွမ်းကပ်ဖို့ စီစဉ်နေတုန်း သားသုံးကျိတ်နှစ်ယောက်နဲ့တကွ အဖဖြစ်သူ ဗန္ဓုလသေနာပတိရဲ့ဦးခေါင်းကို ဖြတ်ပြီးတဲ့အကြောင်း ပသေနဒိကောသလမင်း ပို့လိုက်တဲ့သဝဏ်လွှာ လက်ခံရရှိထားတာကို ဘယ်သူ့မှဖွင့်မပြောဘဲ အိတ်ကပ်ထဲထည့်ထားတယ်။ အဲဒီမှာ အစေအပါးမိန်းမတို့ ယူလာတဲ့ ထောပတ်အိုးက တံခါးခုံနဲ့ တိုက်မိပြီး ကျကွဲလို့ အိုးအသစ် ယူစေကာ ဘိက္ခုသံဃာကို ဆွမ်းလုပ်ကျွေးရသတဲ့။ဗုဒ္ဓမြတ်စွာက ဆွမ်းကိစ္စပြီးတော့ မလ္လိကာရဲ့ သောကကို ပယ်ဖျောက်စေလိုလို့ "ထောပတ်အိုးကွဲခြင်းဟူသော အကြောင်းကြောင့် ထွေရာလေးပါး စိတ်အကြံမများလေလင့် မလ္လိကာ"လို့ မိန့်ကြားတော်မူသတဲ့။အဲဒီမှာ မလ္လိကာက အိတ်ကပ်ထဲက သဝဏ်လွှာကို ထုတ်ပြီး ဒီစာပါသတင်းစကားကြားရတာတောင် ထွေရာလေးပါး စိတ်အကြံမများခဲ့ကြောင်းနဲ့ထောပတ်အိုးကွဲခြင်းလောက် က စိတ်အကြံများစရာမရှိကြောင်း ပြန်ကြားလျှောက်ထားပုံကို ရေးပြပြီး ဒီလို အနားသတ်ပေးပါတယ်။

"မျက်လုံးက သပိတ်ပေါ် ရောက်နေသော်လည်း စိတ်က ဟိုရောက်သည်ရောက် ဖြစ်နေသည်။စိတ်က အတိတ်ရော ပစ္စုပ္ပန်ရော ရောနေသည်။စိတ်ထဲမှာ ထောပတ်အိုးကြီးက ခဏခဏ မှောက်ကျနေသလို ဆွမ်းဇလုံကိုလည်း ခဏခဏတိုက်ချနေသည်။သို့ပေမဲ့ တကယ်တမ်းစွဲကျန်ရစ်ခဲ့သည်က မလ္လိကာမိဖုရား၏ နှုတ်ခမ်းအလှုပ် အရွေ့ပဲ ဖြစ်နေခဲ့သည်။အရှင်ဘုရား၊တပည့်တော်မသည် ထွေရာလေးပါး စိတ်အကြံမများခဲ့ပါတဲ့။ဒါနဲ့တောင်ငါ့စိတ်က ဘာလို့များ ထွေရာလေးပါး စိတ်အကြံများနေရပါလိမ့်"။"သြော် အိမ့်ကြီးရှင်တိုင်းရဲ့
အဇ္ဈထမှာ မလ္လိကာစိတ်ဓာတ်တွေရှိနေကြမယ်ဆိုရင် ကောင်းမှာ ဆိုသည့် ထူးထူးခြားခြား စိတ်ခံစားမှုဖြင့်သာ တလှမ်းချင်း ရွေ့ရွေ့လှမ်းလာခဲ့မိသည်။ဘေးဘီကိုကြည့်လိုက်တော့ လှမ်းလာသော ခြေအစုံက ကုန်စည်ဒိုင်ကိုပင် ကျော်ခဲ့ပြီ"။

ကျွန်တော်က ဒါမျိုးလေးတွေကို သဘောကျမိတာ။ဆွမ်းခံကိုယ်တော်တစ်ပါး၏ မှတ်စုများမှာ ဒါမျိုးလေးတွေအများကြီး။နို့ပေမင့် ကြိုက်တာလေးတွေကို နောက်ထပ် ထုတ်ပြဖို့တောင် စာမျက်နှာက မရှိတော့။

ခေတ်မီတဲ့ ရဟန်းစာဆိုပီပီ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ခံစားမှုလည်း မကျန်စေရ။ဝေရဉ္ဇာမြို့မှာ မြတ်စွာဘုရား သီတင်းသုံးစဉ်ကာလ ကြုံတွေ့ရသော ငတ်မွတ်ခေါင်းပါးခြင်းဘေးနဲ့ ဆက်စပ်ရေးပြပြီးမှ ဒီလို အနားသတ်ပြန်တယ်။

"ယခုမိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးက ရောဂန္တရကပ်ဘေး ဖြစ်သည်။အငတ်ဘေးကာလ၌ မုယောဆန်ကြမ်းကို ထုထောင်း သုံးဆောင်တော်မူခဲ့ရသည့် ဘုရားအမှူးပြုသော သံဃာတော်တို့၏
ဆွမ်းအခက်အခဲနှင့်စာသော် ကိုဗစ်ကပ်ဘေးကာလ၌ မိမိတို့ ကြုံဆုံနေရသော ဆွမ်းကိစ္စအခက်အခဲက ဘာကမျှ မပြောပလောက်ပါ။"
"လောက၌ အလှူဆွမ်း၊မင်္ဂလာဆွမ်း၊မွေးနေ့ဆွမ်း၊သဒ္ဓါဆွမ်း၊သက်ပျောက်ဆွမ်း၊ရက်လည်ဆွမ်း စသည်ဖြင့် ဆွမ်းက အမည်နာမအမျိုးမျိုးဖြင့် ရှိနေခဲ့သည်။ကိုယ့်နည်းကိုယ့်ဟန် အခြေခံဖြင့် လတ်တလော သုံးဆောင်နေရသည့် သည်ဆွမ်းကိုတော့ ကိုဗစ်ဘတ္တ=ကိုဗစ်ဆွမ်း ဟုသာမှတ်မှတ်ရရခေါ်လိုက်ချင်ပါဘိတော့သည်"

ဆွမ်းခံကိုယ်တော် အရှင်သုမင်္ဂလရဲ့ သပိတ်ထဲက နောက်ဆုံးမြင်လိုက်ရတဲ့ မန္တလေးကတော့ ဝမ်းနည်းစရာ ကောင်းလှပါတယ်။သာသနာတော်ရပ်ဝန်းမှာ တောသားလူချွန်တို့ မင်းမူကြီးစိုးခဲ့ဖူးတဲ့ တောအရပ်ဆီက လူသားအရင်းအမြစ် အမျှော်ရခက်နေပြီတဲ့။မြို့စာသင်တိုက်ကို စာသင်သားပေးပို့ဖို့ ဘေးချိတ် တောကျောင်းကိုယ်နှိုက်မှာတောင် ကိုရင်မရှိ ကျောင်းသားမရှိ ဖြစ်နေရတဲ့ ဘဝရောက်နေပြီတဲ့။

▪️စံတော်ချိန် နေ့စဥ်သတင်းစာ (5-2-2021)
▪️သိုက်ထွန်းသက်

😐
07/09/2023

😐

တစ်ခါကကြားနေကျရယ်သံတွေမြောက်ပြန်လေမှာ ရိုက်ခတ်သွားတကယ်လေလားသူပြန်လာလားညကိုယိုးမှားဝိညာဥ်တွေက လှည့်စားတယ်။ ယသောဓရာ၏ညများ ...
05/09/2023

တစ်ခါက
ကြားနေကျရယ်သံတွေ
မြောက်ပြန်လေမှာ ရိုက်ခတ်သွား
တကယ်လေလား
သူပြန်လာလား
ညကိုယိုးမှား
ဝိညာဥ်တွေက လှည့်စားတယ်။

ယသောဓရာ၏ညများ ⚫️

ဒီနေ့ဟာ  ရမ်ချို ,  ဖာဟန် ,  ရာဂျူးတို့သုံးယောက်ကို   ချာတူး (Chatur) က  ဒေါသအိုးပေါက်ကွဲပီး  နောင်အနာဂတ်မှာ  ဘယ်သူက  အသ...
05/09/2023

ဒီနေ့ဟာ ရမ်ချို , ဖာဟန် , ရာဂျူးတို့သုံးယောက်ကို ချာတူး (Chatur) က ဒေါသအိုးပေါက်ကွဲပီး နောင်အနာဂတ်မှာ ဘယ်သူက အသာဆုံးဖြစ်နေမလဲဆိုတဲ့ Challenge လေးကို စတင်ခဲ့တဲ့ 14 နှစ်ပြည့်နေ့ပါ။

ဒီနေရာမှာ , ချာတူးကို လူအများစုက ဘာဖြစ်လို့မုန်းကြလဲဆိုတာကို ကျွန်တော်မတွေးတတ်ဘူး။
ဒါပေမဲ့ , For me Personally အရတော့ ချာတူးဆိုတဲ့ကျောင်းသားက တခြားနေရာတွေမှာသာ အကျင့်မကောင်းရင်နေမယ်။
အနည်းဆုံးသူ့ဘ၀မှာတော့ ရည်မှန်းချက်တစ်ခုရှိခဲ့တယ်။
ရမ်ချိုထက်သာကိုသာစေရမယ်ဆိုတဲ့ ရည်မှန်းချက်။

ပီးတော့ , သူရမ်ချိုလောက် ပါရမီမပါဘူး။
ဒါပေမဲ့နော် သူရမ်ချိုကို ဘယ်တော့မှမကြောက်နေခဲ့ဘူး။

အဲ့လိုချာတူးဆီကနေ , ဘာကိုသင်ယူခဲ့ရလဲဆိုတော့ "ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့" ဆိုတဲ့အချက်ကလေး။
ချာတူးက သူ့ကိုယ်သူ Show off လုပ်တာ , ထုတ်ကြွားပြတာတွေအရမ်းများပေမဲ့ ဒီလိုအကျင့်တွေသာမရှိဘူးဆိုရင် ချာတူးဟာ အတုယူစရာတွေ ပိုပီးများလာမှာပါ။

ဥပမာ - Self-Cnfidence , Hardworking , Indomitable Spirit (အနိုင်မခံ အရှုံးမပေးလိုစိတ်) စတာတွေကို အကုန်လုံးချာတူးဆီကနေ သင်ယူနိုင်တာပဲလေ။

ဒီနေ့ကချာတူးရဲ့နေ့လေးမို့ ချာတူးကိုပိုအမွှန်းတင်နေပေမဲ့လဲ သူတယောက်ထဲတင်မကပါဘူး။
3 Idiots ဆိုတဲ့ ဇာတ်ကားလေးထဲကနေ သင်ယူနိုင်တာတွေက အများကြီး" ပဲရယ်။

တက္ကသိုလ်ကျောင်းတွေမှာ ပညာတင်မက , မိသားစု၀င်လို သူငယ်ချင်းအသစ်တွေကိုပါ ရှာလို့ရကြောင်း သင်ပေးခဲ့တဲ့ရာဂျူး !

၀ငျငှကေောငျးဖို့ဆိုတာထကျ ကိုယ့်ကိုနေ့စဉ်ပျော်ရွှင်နေစေမဲ့ အလုပ်မျိုးကိုပဲလုပ်ပါလို့ လမ်းပြခဲ့တဲ့ဖာဟန် !

ဘ၀ဟာ အပြေးပြိုင်ပွဲတခုလိုပဲ , မင်းမြန်မြန်မပြေးနေရင် ချနင်းခံခဲ့ရမှာဆိုတဲ့အသိကို သူ့ဘ၀နဲ့ရင်းပီး သင်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီး Virus !

ကျောင်းသူ/သားအများစုမှာမှာလဲ မခံမရပ်နိုင်လောက်စရာ ပြသနာတွေစုပုံလာတဲ့အခါ သူတို့လွတ်မြောက်ရာလမ်းအဖြစ် Sui*ide ကို ရွေးချယ်သွားတတ်ကြကြောင်း ပညာပေးခဲ့တဲ့ Joy Lobo ဆိုတဲ့ ကျောင်းသားလေး !

ရင်ဆိုင်နေရတဲ့ပြသနာတခုဟာ ဘယ်လောက်ပဲကြီးမားနေပါစေ , မင်းရဲ့နှလုံးသားဆီ "အရာအားလုံး အဆင်ပြေသွားမှာပါ ( All is well )" ဆိုတဲ့စကားလေးတခွန်းကိုသာ ဆက်တိုက်ပြောနေဖို့ သင်ပေးခဲ့တဲ့ရမ်ချို !

ဒါတွေက ကျွန်တော် ဒီဇာတ်ကားလေးထဲကနေ သင်ကြားခဲ့ရတဲ့ အဖိုးတန်သင်ခန်းစာလေးတွေပေါ့။
ဘာရယ်မဟုတ်ပါဘူး။
ဒီနေ့ကလဲ ဒီဇာတ်ကားလေးရဲ့ Memorable Day လေးလို ဖြစ်နေလို့မို့။

September 5 ဆိုတဲ့ ကျောင်းခေါင်မိုးပေါ်က ဒီအမှတ်အသားလေးတစ်ခုကြောင့် , 14 နှစ်အကြာမှာ သူတို့အားလုံးကို နောက်ထပ်တကြိမ် အမှတ်ရရင်း , ကျွန်တော်တို့နိုင်ငံအတွက်လဲ ရမ်ချိုရဲ့ "All is well" (အရာအားလုံး အဆင်ပြေသွားတော့မှာပါ ) ဆိုတဲ့စကားလေးကို လက်ဆောင်ပါးလိုက်ချင်ပါတယ်။

Address

Mandalay

Telephone

+959977257806

Website

Alerts

Be the first to know and let us send you an email when တီတူးခါးခါး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တီတူးခါးခါး:

Shortcuts

Share

Category