16/03/2022
ဆိုလာဆင်ရမလား၊ မီးစက်ဝယ်ရမလား ဝေခွဲမရသူတွေအတွက်
EPC မီးရပေမယ့် မီးက မကြာမကြာပျက် အရေးအကြောင်းဆို အားကိုမရဘူးဖြစ်နေတဲ့အတွက် မီးစက် (or) ဆိုလာ တစ်ခုခုတော့ လုပ်မှဖြစ်မယ်ဆိုတဲ့ သူများ ဒီဆောင်းပါးကိုဖတ်ပြီး အတွေးတစ်ခုခုရသွားကြမယ်လို့ ယုံကြည့်ပါတယ်။
သာမန် (လူလတ်တန်းစား) မိသားစု နေအိမ်တစ်လုံးစာအတွက် လျှပ်စစ်သုံးစွဲမှုပုံစံ အမျိုးမျိုးရှိကြပါလိမ့်မယ်။ ပုံမှန်အားဖြင့် မဖြစ်မနေ Lighting တော့ အနည်းဆုံး သုံးကြရမှာဖြစ်ပြီး၊ ယနေ့ခေတ်အလျောက် TV, စလောင်းများအသုံးပြုခြင်း၊ ထမင်းပေါင်းအိုးများ အသုံးပြုခြင်း၊ ဒယ်နီအိုးများ အသုံးပြုခြင်း၊ ရေနွေးအိုးများအသုံးပြုခြင်း၊ ပန်ကာအသုံးပြုခြင်း၊ မီးပူအသုံးပြုခြင်း၊ ရေခဲသေတ္တာအသုံးပြုခြင်း၊ အဝတ်လျော်စက်အသုံးပြုခြင်း၊ ရေမော်တာ အသုံးပြုခြင်း၊ ညအိပ်ချိန်အဲကွန်း (၁လုံး) အသုံးပြုခြင်း၊ Computer, Phone, CCTV, Wifi စသည်ဖြင့် အသုံးပြုကြပါလိမ့်မယ်။ အထက်ပါသုံးစွဲမှုမျိုးဟာ လျှပ်စစ်သုံးစွဲမှုအကြမ်းအားဖြင့် စုစုပေါင်း 10KW လောက်ရှိနေပါလိမ့်မယ်။
ပျှမ်းမျှအားဖြင့် မိသားစု လူနေမှုပုံစံအလိုက် 3KW, 5KW, 10KW စသည်ဖြင့် လျှပ်စစ်သုံးစွဲမှု မျိုးစုံရှိကြပါတယ်။ မိသားစရဲ့ လျှပ်စစ်သုံးစွဲမှုအလိုက် 3-5-10Kw ရှိကြသူများဟာ ယခုအချိန်မှာ မီးစက်ပဲ ဝယ်ထားရမလား၊ Solar System ပဲ တပ်ဆင်ထားရမလား ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။ အိမ်တစ်အိမ်ဟာ Solar တပ်ဆင်မယ်ဆိုရင် အဲကွန်းတစ်လုံး ပါဝင်အသုံးပြုနေပါက 3KW အနည်းဆုံး တပ်ဆင်ရမှာဖြစ်ပြီး၊ အဲကွန်းအလုံးရေများရင် များသလောက် တွက်ချက်ပြီး လိုက်ဖက်ညီသော KW ကို ရွေးချယ်တပ်ဆင်ရမှာဖြစ်ပါတယ်။ ထို့အတူ မီးစက်အသုံးပြုပါကလည်း လိုက်ဖက်ညီသော KW ကိုဝယ်ယူရမှာပဲ ဖြစ်ပါတယ်။
ဆိုလာတပ်ဆင်မယ်ဆိုရင် မီးစက်ထက် ကနဦးကုန်ကျစရိတ် ကြီးမားစေမှာ အသေချာပင်ဖြစ်သော်လည်း နောက်ပိုင်းမှာ အားသာချက်များစွာ ရှိနေမည်မှာ မလွဲပေ။ မီးစက်ဝယ်မယ်ဆိုက ကနဦး ကုန်ကျစရိတ်ဟာ Solar တပ်ဆင်မှုထက် သက်သာနေမှာဖြစ်ပေမယ့် နောက်ပိုင်းကုန်ကျမှုမှာ မသေးလှပေ။ ထို့အပြင် ထိန်းသိမ်းမှု အပိုင်းရော စက်ကိုင်တတ် နိုးတတ် ရပ်တပ်မှုကလည်း နားလည်ဖို့လိုပါသေးတယ်။ နှစ်မျိုးစလုံးမှာတော့ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါတယ်။
ဆိုလာ – မီးစက် အားနည်းချက်၊ အားသာချက်များ
* Solar ဟာ ကနဦးတပ်ဆင်ခ ကုန်ကျစရိတ်ကြီးမားသော်လည်း တပ်ဆင်မှုပြီးစီးက လှည့်ကြည့်စရာ သိပ်မလိုအပ်တော့ပေ။ မီးစက်ကတော့ ကနဦးဝယ်ယူခ ကုန်ကျစရိတ် သက်သာသော်လည်း နောက်ပိုင်း ပါးပါးလှီး၍ သမပါတယ်။ အလုပ်ရှုပ်တယ်၊ မိသားစုထဲမှာ လုပ်တတ်ကိုင်တတ်သူ နားလည်သူရှိမှ အလုပ်ဖြစ်မယ့်ပုံစံမျိုးပါ။
* ဆိုလာဟာ နေရာဒေသ ရွေးချယ်ရပါတယ် (ဥပမာ- နေရောင်ခြည် ကျရောက်မှုအားနည်းသောဒေသများမှာ မတပ်ဆင်သင့်ပေ)။ မီးစက်ကတော့ ဒါကိုထည့်တွက်ရန် မလိုပေ။
* Solar ဟာ အကုန်အကျခံပြီး ကျွမ်းကျင်သူများဖြင့် သေချာကျကျနန တပ်ဆင်ပြီးရင်တော့ ကိစ္စပြီးပြီဖြစ်ပါတယ်။ နောက်နောင် အချိန်ကြာမြင့်အောင် လှည့်ကြည့်စရာမလိုအပ်ပေ။ မီးစက်ကတော့ ဝယ်ယူတပ်ဆင်ပြီးသော်လည်း မပြီးပြတ်သေးပေ။ စက်ဆီဝယ်ရခြင်း၊ ဆီလှောင်ထားရခြင်း၊ ဆီထည့်ပေးရခြင်း၊ ရေထည့်ရခြင်း အင်ဂျင်ဝိုင်များ မကြာခဏ စစ်ဆေးရခြင်း၊ စက်အကြောင်းအနည်းငယ်နားလည်ထားသူမှသာ နိုးခြင်း ရပ်ခြင်းပြုလုပ်နိုင်ခြင်း အစရှိတာတွေ ကျန်ပါဦးမယ်။
* ဆိုလာဟာ လှည့်ကြည့်စရာမလိုခြင်း၊ ပတ်ဝန်းကျင်ကိုလည်း ဆူညံမှုမပေးခြင်း၊ စနစ်ရဲ့လုပ်ဆောင်ချက်အားလုံး Auto System စနစ်ဖြစ်သောကြောင့် ဘာဆိုဘာမှ လုပ်ပေးနေစရာမလိုပေ။ မီးစက်သည် နားငြီးစေခြင်း၊ ပတ်ဝန်းကျင်ကို ဆူညံစေခြင်း၊ ဂရုစိုက်ထိန်းသိမ်းပေးရခြင်းများ ရှိပါတယ်။
* Solar ဟာ EPC မီးမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ သူ့ဘာသာ Auto အလုပ်လုပ်ပေးနေ၍ သက်တမ်းကြာလာသမျှ မီတာခ သက်သာရာရပြီး ကုန်ကျစရိတ်ကာမိစေပါတယ်။ မီးစက်ကတော့ EPC မီးမှန်သွားရင်တော့ နှိုးစရာမလိုအပ်တော့ပေ။ ဒါပေမဲ့ မနှိုးတာကြာရင်တော့ အဆင်မပြေဖြစ်တတ်တဲ့အတွက် ထိန်းသိမ်းဂရုစိုက်ထားပေးရခြင်း၊ EPC မီးမရရင်လည်း စက်မောင်းဆီကုန်ကျစရိတ် အင်ဂျင်ဝိုင်ကုန်ကျစရိတ် စသည်ဖြင့် ထပ်မံကုန်ကျရခြင်းတို့ ရှိပါတယ်။
မည်သို့ပင်ဆိုစေကာမူ Solar ဟာ ကနဦးတပ်ဆင်စရိတ်ကြီးမားသည်မှ လွဲရင် နောက်ပိုင်းကိစ္စအားလုံးသည် လှည့်ကြည့်စရာမလိုဘဲ အတော်လေး အဆင်ပြေချောမွေ့နေသည်ကို တွေ့ရှိရပါတယ်။ အရေးကြီးတာကတော့ Solar တပ်ဆင်မယ်ဆိုပါက ပေါချောင်ကောင်းမဆင်ကြဖို့ပါပဲ။
crd Car Thadin Sone March 15, 2022