16/12/2022
ကိုယ် စိတ်ပါပျော်ရွှင်တဲ့ အလုပ်တွေနဲ့ မအားအောင်နေပါ။
ဘာအလုပ်မှ လုပ်စရာမရှိတဲ့အခါ လူက စိတ်လေလာတတ်ပါတယ်။ စိတ်လေတော့ အတွေးပေါင်းစုံ လျှောက်တွေးပြီး အတွေးတွေနဲ့ လုံးထွေးရစ်ပတ်ရင်း စိတ်တွေညစ်လာ၊ စိတ်ဓါတ်တွေကျလာပါတယ်။ အကောင်းမြင်စိတ်တွေ ပါးလျလွင့်ပြယ်ပြီး... အဆိုးမြင်တဲ့စိတ်တွေ၊ စိတ်အားငယ်တဲ့စိတ်တွေ၊ သိမ်ငယ်စိတ်တွေက နေရာယူ လွှမ်းမိုးခြယ်လှယ်လာပါတော့တယ်။
အဆိုးမြင်တော့ အပျက်တွေတွေး၊ အပျက်တွေးတော့ ဘာလုပ်လုပ်အဆင်မပြေ... အဆင်မပြေတော့ စိတ်ဓါတ်တွေကျ၊ အဲ့ဒီ သံသရာစက်ဝန်းထဲကနေ ရုန်းမထွက်နိုင်ဘဲ လည်နေတတ်ပါတယ်။
မကောင်းတဲ့အတွေးတွေ၊ အဆိုးမြင်တဲ့အတွေးတွေ...ထပ် တလဲလဲတွေးတတ်လာတဲ့အခါ အကျင့်တစ်ခုလို စွဲလာပါတယ်။
ဘာတွေးတွေး အကောင်းဘက်ကနေ မတွေးတတ်တော့ဘဲ အပျက်ဘက်ကနေပဲ တွေးနေမိတော့တာပါ။ ဒါကြောင့် အတွေးပုံစံကို ပြုပြင်ဖို့လိုပါတယ်။ ပျော်ရွှင်ကောင်းမွန်တဲ့အတွေးတွေ တွေးနိုင်ဖို့ ဆိုရင် ကိုယ့်စိတ်ကိုပျော်ရွှင်စေတဲ့ ကိုယ်တကယ်စိတ်ပါဝင်စားတဲ့ နှစ်သက်မြတ်နိုးတဲ့ အလုပ်ကလေးတွေလုပ်ကြည့်ပါ။ အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိလောက်အောင် အလုပ်ထဲမှာ ပျော်ဝင်နေ ပါလိမ့်မယ်။
တချို့က ခြံထဲမှာ ပန်းပင်ကလေးတွေစိုက်တာ၊ မြေဆွ ရေလောင်း စသဖြင့် စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး နေတတ်ကြပါတယ်။ တချို့က ဟင်းချက်တာ၊ တချို့က အိမ်သန့်ရှင်းရေးလုပ်တာ၊ တချို့က အင်္ကျီလေးတွေချုပ်တာ၊ စာဖတ်တာ၊ တရားထိုင်တာ၊ တရားနာတာ စသဖြင့် ကိုယ်စိတ်ပါပျော်ရွှင်တဲ့ အလုပ်ကလေးတွေ လုပ်ကြည့်ပါ။ စိတ်ဟာ သိသိသာသာ ကြည်လင်ပေါ့ပါးပြီး ပျော်ရွှင်လာပါလိမ့်မယ်။
ကိုယ်စိတ်ပါပျော်ရွှင်တဲ့ အလုပ်ကလေးတွေနဲ့ စိတ်ကမအားလပ်နိုင်အောင်ဖြစ်နေတဲ့အချိန်မှာ အဆိုးမြင်အတွေးတွေလည်း ဝင်မလာနိုင်တော့ပါဘူး။ ရရှိလာတဲ့ ရလဒ်ကလေးတွေကိုကြည့်ပြီး တစိမ့်စိမ့်ပျော်ရွှင်လာစေပါတယ်။
ကိုယ်မလုပ်ချင်တဲ့အလုပ်တွေကို စိတ်ပင်ပန်းခံပြီး ဖျစ်ညှစ်လုပ်နေမယ့်အစား ကိုယ်ပျော်ရွှင်နှစ်သက်တဲ့ ဝါသနာပါတဲ့အလုပ်ကိုပဲ ထူးချွန်ပေါက်ရောက်တဲ့အထိ လုပ်ကြည့်ပါ။ ဥပမာ...အချက် အပြုတ် မုန့်ဖုတ်တာ ဝါသနာပါတဲ့သူဆိုရင်လည်း သင်တန်းတွေတက်ပြီး ကျွမ်းကျင်အောင် သင်ယူနိုင်ပါတယ်။ ဟင်းကလေးတွေ ချက်၊ မုန့်ကလေးတွေဖုတ်ပြီး YouTube လို Channel မှာ တင်လို့ ရပါတယ်။
အစားအသောက်နဲ့ ခရီးသွားတာဝါသနာပါတဲ့သူ ဆိုရင် လည်း Vlogger လုပ်လို့ရပါတယ်။ ကိုယ်နှစ်သက်ပျော်ရွှင်တဲ့အလုပ်ကနေ ဝင်ငွေရှာဖွေနိုင်ပါတယ်။ ခုခေတ်မှာ You Tube Channel မှာ Vloggers တွေ ခေတ်စားလာတာနဲ့အမျှ အခွင့်အလမ်းတွေလည်း ပွင့်လန်းလို့လာတာပါပဲ။ ကိုယ်ပျော်တာလေးလုပ်နေရင်း ဝင်ငွေ လည်းရတော့ ပိုပျော်ရွှင်ရတာပေါ့လေ။
ပျော်ရွှင်နေတဲ့သူဟာ စိတ်လက်ပေါ့ပါး ကြည်လင်စွာနဲ့ အ ကောင်းမြင်တဲ့စွမ်းအင်တွေ ထက်သန်လာစေပါတယ်။ ထိုစွမ်းအင်ဟာ သံလိုက်ဓါတ်တွေလိုပဲ ကောင်းသောကံတရားတွေ၊ အောင်မြင် ခြင်းနဲ့ ချမ်းသာသုခတွေကို ဆွဲငင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကိုယ်နှစ်သက်ပျော်ရွှင်တဲ့ အလုပ်တွေကိုသာ လုပ်ကြည့်ပါ၊ စိတ် ချမ်းသာအောင်မြင်ခြင်းတွေက အဆင်သင့်စောင့်ကြိုနေပါလိမ့်မယ်။
#လွန်းထားထား
#သောကနဲ့ဝေးရာဆီ..
#ဒီနေ့ပျော်ပါ..
#စိတ်ခွန်အားဖြည့်စာစုများ
#ပျော်ရွှင်ခြင်းစာစုများ
# #ဒီလင့်ခ်ကနေမှာလို့ရပါပြီ.. https://store.wunzinn.com/bookdetail/61860
://webookbot.yammobots.com/Order/ShareInfo?ID=8751
Photo credit.. Bangkok Myanmar Book Shop.