𝐓𝐡𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬

  • Home
  • Myanmar
  • Pakokku
  • 𝐓𝐡𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬

𝐓𝐡𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬 ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာ၊ ခံစားမှု

16/07/2026

🖤


ခင်ဖုန်းသက်ဝေ နှင်း-------------------- ➖ သန်းတင့်လွမ်းစရာရှိလို့ ကျွန်တော် မအားသေးကြောင်းပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ...
07/04/2026

ခင်ဖုန်းသက်ဝေ နှင်း
-------------------- ➖ သန်းတင့်

လွမ်းစရာရှိလို့
ကျွန်တော် မအားသေးကြောင်း
ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ။

မေနဲ့ ဩဂုတ်မှာ အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။

လိုအပ်ရင် ပန်းအသစ်တွေ လဲပေးဖို့
ဘယ်အပင်ကိုမှ
ကျွန်တော် မတောင်းဆိုချင်ပါဘူး။

အပြည့်အဝ လွမ်းခွင့်ရတာဟာလည်း
လူဖြစ်ကျိုးနပ်မှု အခက်အခဲ တစ်ခုပါကွယ်။

ခင်ဖုန်းသက်ဝေ ကြားလိုက်လားတော့ မသိဘူး
တချို့ဆို တိုးလျှိုပေါက်ကြီးကို
ပုန်းညက်ပန်းလေး ဖြစ်သွားကြတာလေ။

လမ်းဘေးက အချိုရည်ဘူးခွံလေးကို
ပိတ်ကန်ပစ်လိုက်မယ်။

လမ်းလျှောက်ရင်း
ကြော်ငြာဆိုင်းဘုတ်တွေ ဖတ်မယ်။

သတ္တိရှိချင်ယောင်ဆောင်ပြီး
စပယ်ယာကို ဘုကြည့်ကြည့်မယ်
အားလုံး လွယ်လွယ်လေးပါ။

ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်တာကအစ
ရှမ်းကိုးမီးဝိုင်းက ကျင့်ဝတ်ဆိုင်ရာပြဿနာတွေအထိ
လွယ်တတ်ပါတယ်

ဒေါသရော အတ္တရော ကြီးတဲ့ကောင်တွေ
မျိုးသုဉ်းသွားဖို့အရေးထိ
လွယ်ကောင်း လွယ်နေနိုင်ပါတယ်။

စိုးရိမ်ထိတ်လန့်နေတဲ့
အစွမ်းအစ အမျိုးမျိုးကို ပိုင်ဆိုင်ဖို့
လွယ်ပါလိမ့်မယ်။

ဆင်ခြင်တုံတရားကို ချရေးဖို့
ပို့(စ်)ကတ်လေးတစ်ခု ရှာရတာ
လွယ်ပါလိမ့်မယ်

အို . . .
အားလုံး လွယ်ကောင်း လွယ်နေကြပါလိမ့်မယ်။

“စံပယ်ဖြူ တုံးခါမှ ခင်ဖုန်းသက်ဝေရယ်
ဘယ်စိတ်‌လည်လို့ ပေါ်လာပြန်တယ်”
ခက်တယ် ခင်ဖုန်းသက်ဝေရယ်
သိပ်ခက်တယ်

နေထွက်စမှာ တွန်နေတဲ့
ငှက်နှုတ်သီးရဲ့ အရိပ်လေး
နေ့လယ်ခင်း တိုတိုဝင်သွားသလိုပါပဲ။

ဗုဒ္ဓဟူးညဆို အိပ်မက်တွေ မကောင်းဘူး
သိပ်ခက်တယ်။

လမ်းကြုံရင် ကိုယ့်သဘောနဲ့ကိုယ်
အရှုံးပေးလိုက်ချင်တယ်။

တောင်ကုန်းလေးတောင်မှ
မြက်တွေစိမ်းဖို့ စောင့်ရသေးတာပဲလေ။

ရေကန်မှာ ရေမရှိတော့တဲ့ ဆုံးရှုံးမှုမျိုးဆိုတာကရော
ကျွန်တော် ထိုက်ထိုက်တန်တန်
နားလည်ပါတယ် ခင်ဖုန်းသက်ဝေ။

တဒင်္ဂ ဆင်းသက်လာတဲ့ နေမင်းရောင်ခြည်ဆီ
တရွေ့ရွေ့ ကျောက်တုံးတွေရဲ့
အားကိုးယုံကြည်မှုမျိုးနဲ့
ရှေ့တိုးလာခဲ့ရပါတယ်။

မိုးမရွာတဲ့ ဝါဆိုကို
ဘယ်လိုအမည်မျိုး ပြောင်းလဲမှည့်ခေါ်ချင်ပါသလဲ။

ခင်ဖုန်းသက်ဝေ ဆန္ဒရှိတဲ့အတိုင်း
တခြားသူတွေပါ ခေါ်နိုင်အောင်
ကျွန်တော် မျှဝေလိုက်ပါ့မယ်။

အစီစဉ်တကျမရှိတဲ့ ရေမျောအိမ်လေးတွေ
တိဘက်တောင်နံရံက နန်းတော်ဟောင်းတွေ
စသဖြင့်။

ကျုံးတွေ
ဥယျာဉ်မြေနုကျွန်းနဲ့ ကမ်းနီးကမ်းဝေး
တစ်‌နယ်တကျေးမှ လေပြေလေညင်းတွေ
ဂုဏ်သရေရှိ အလံကိုင်တပ်ဦးနဲ့
တီးမှုတ် ချီတက်လာသူတွေ
အားလုံးကို မျှဝေလိုက်ပါ့မယ်။

ဖြေစရာရှိတာသာ
ခင်ဖုန်းသက်ဝေ ဖြေပါ။

ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ မှတ်မိနေသေးရင်
ကျွန်တော့်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါ့မယ်။

ဒီနေရာက
စွန့်စားခန်းတွေ အဆုံးသတ်ရမယ့် နေရာမဟုတ်ပါဘူး။

ဆိုကောင်းရုံ သီချင်းတစ်ပုဒ်ရဲ့ ချိုးပိုဒ်နေရာကို
ကပ်ကပ်လာနေရုံမျှပါပဲ။

စွန်နီနီလေး တက်သွားတဲ့နောက်
ကြိုးဖြူဖြူလေး ထက်ကြပ်မကွာ
ချည်လျက် နှောင်လျက် ပါသွားတာပါပဲ။

သံယောဇဉ်ရဲ့
သီးခြားလက္ခဏာရပ် တစ်ခုပါ။

ခင်ဖုန်းသက်ဝေရေ
ခွင့်လွှတ်နိုင်ရင် ကျေအေးစေချင်တယ်။

ပညာရှိတွေရဲ့ နိုင်ငံတော်ဦး၊
အတွေ့အကြုံနဲ့ ကံတရားကိုပဲ
အားကိုးအဖော်ပြုနေရတဲ့
သူဆင်းရဲတို့ရဲ့ သတ်ကွင်းခင်းညံ့၊
သုံးရာသီ ကျွန်တော့်အလုပ်စာရင်းမှာတော့
နုတ်မရ ပယ်မရ အစားထိုးမရ
ခင်ဖုန်းသက်ဝေ စိတ္တဇ။

သစ်ချိုသီးလေးလို ပန်းချိုပွင့်လေးလို
အလိုမကျတာတောင် ပြန်မပြင်ရက်ဘူး
ကဲ ကြည့်စမ်း။ ။

#သန်းတင့်


#ခင်ဖုန်းသက်ဝေဂယ်လာရီ

❝ ခင်ဖုန်းသက်ဝေ ဖတ်ဖို့နွေ ❞ရိုးသားနိုင်သလောက် အမြင့်ဆုံးတောင်ကုန်းမှာ ကျွန်တော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ။ မိုးရိပ်မို...
03/04/2026

❝ ခင်ဖုန်းသက်ဝေ ဖတ်ဖို့နွေ ❞

ရိုးသားနိုင်သလောက်
အမြင့်ဆုံးတောင်ကုန်းမှာ
ကျွန်တော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ။

မိုးရိပ်မိုးဦးတွေ ကျူးပြီဆိုရင်
ပန်းနီနီတွေ ပွင့်ပြီဆိုရင်
ခြွင်းချက်မရှိ အယူသည်းနေတတ်တုန်းပါပဲ။

ကျွန်တော်တို့ရဲ့ ပုံတိုပတ်စလေးတွေအကြောင်း
ချဲ့ကားထားတဲ့သီချင်းတွေတော့
တခါတလေ ရေးဖြစ် ဆိုဖြစ်ပါတယ်။

ပိုးဖလံလေးတစ်ကောင်
သူ့အတောင်ပံတွေကို ချွတ်ချလိုက်သလိုပေါ့။

ဘေးလူတွေအမြင်မှာ ပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။

ဒီလိုကြောင့်သာ
ကျွန်တော် မီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကန်သုံးဆင့်ကို
ရောက်ဖြစ်ခဲ့သေးတယ်
ရေလှိုင်းလာရာအတိုင်း
ရေညှိပင်လေးတွေ ဆက်လက်ရွေ့ရှားနေကြ
ရေလယ်ကျွန်းကငှက်တွေ
အရင်လို တေးသီဖောင်ဖွဲ့နေကြ။

တံတားပျက်ကြီးရဲ့လက်ကျန်တိုင်တွေက
ရေလည်မှာထိုးထိုးထောင်ထောင်နဲ့
လှမ်းပြီးနှုတ်ဆက်တယ်
အင်မတန် အထီးကျန်လှပေမယ့်
ခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့။

တချို့လူတွေအတွက်
လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်
ကိုယ့်အအေးဖိုးကိုယ်ရှင်းပြီး ထပြန်ကြရုံပဲ။

ခက်တယ် ခင်ဖုန်းသက်ဝေရယ်။

မအောင်မြင်ခဲ့တဲ့ မြောက်အရပ်က ကြယ်တွေ
ဓူဝံကြယ်ကိုစိတ်နာသလို
ဘယ်သူငိုနေတာလည်းကွယ်
ဒီမှာ သိပ်ခက်တယ်။

ကမ်းပြိုနားကသစ်ပင်ကတော့
မရှိရှာတော့ဘူး။

အဲ့ဒီလိုဆိုမှဖြင့် သူ့သစ်မြစ်တွေမှာ ငြိနေခဲ့ဖူတဲ့
ကျွန်တော်တို့ရဲ့ စက္ကူလှေလေးလည်း
မရှိတော့ဘူးပေါ့။

နတ်ဝှက်ထားတာလို့ချည်း
ကျွန်တော့်စိတ်မှာ ထင်မိနေသေးတယ်။

အချစ်တဲ့
ခြင်္သေ့အားလုံး သိုးငယ်ဖြစ်သွားတဲ့ တောအုပ်
နှုတ်ဆက်ပါတယ်။

ဟယ်လင်ကဲလားပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီးစောင့်နေမှာ မို့လို့လဲ။

ရှေ့ကိုသွားနေတဲ့ရထားမှာ
နောက်ပြန်ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။

မဲဇလီပင်တန်းတွေ တရွေ့ရွေ့ကျန်ခဲ့ပြီ
ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ
ဖိုးချိုသီချင်းတွေကျန်ခဲ့ပြီ
ပန်းသင်္ချိုင်းက စောင့်နေမယ်ဆိုတာတွေ ကျန်ခဲ့ပြီ
ကျောင်းသားကဒ်ပြပြီး
စက်ဘီးငှားလို့ရတဲ့ ဆိုင်လေးတွေကျန်ခဲ့ပြီ။

ဟိုနားက သီချင်းစသင်တဲ့နေရာ
ဒီနားက အချစ်စသင်တဲ့နေရာ
အားလုံးကျန်ခဲ့ပြီ။

ဘယ်သူ့ခေါ်သံမှ ကြားရလို့တော့မဟုတ်ပါဘူး
ရွာရိုးကိုးပေါက်
ကျွန်တော်လျှောက်သွားနေခဲ့တာ
ဆယ်စုနှစ် တစ်ခုစာ
တစ်ယူဇနာ နှစ်ယူဇနာ
ခြေရာတွေတောင်ပြာလို့
ပင်လယ်ပက်ပင်းနဲ့ ကျွန်းကြိုကျွန်းကြားမှာ
အိပ်တဲ့အခါအိပ်တယ်။

တခါတလေ ကမ်းခြေတွေ
ကျောက်ညိုနန်းဆောင်မြင့်တွေ
ခရုခွံတွေ ဖွေးဖွေးလှုပ်အောင်ခင်းထားတဲ့
ရိုးမြေကျလမ်းကလေးတွေ။

တခါတခါ ဆန်းပြားလွန်းတဲ့ ခင်တန်းသာယာတွေ
ခင်ဖုန်းသက်ဝေလို
လူစကားပြောတတ်တဲ့ ပန်းပွင့်လေးတွေ။

တခါတေလ
တချို့တောင်ပေါ်ရွာလေးတွေမှာ
တဆောင်း တနွေ
ကျွန်တော်ပျော်သလောက် နေပစ်လိုက်တာပဲ
သူတို့ဘာသာစကားနဲ့
ထိကရုန်းပင်လေးကို "ရှက်တတ်မ"တဲ့။

ဒီလို တိုက်ဆိုင်လာတဲ့ညတွေဆို
လူတခြား အိမ်မက်တခြားပဲ။

တခါတခါတော့
ခေါင်းစဉ်ပေါ့ပျက်ပျက်နဲ့ စစ်မက်လမ်းကြားတွေ
အရင်နည်းကိုသုံးပြီး
မုန်းချင်တိုင်းမုန်းနေကြတဲ့ညီအကိုတွေ
ဆေးဆရာနဲ့ လူသတ်သမား
နှစ်ကိုယ်ခွဲထားကြသူတွေ။

တခါတေလ
မုတ်သုံကွယ်ရာ လျှိုတွေ မြောင်တွေ
ကွန်ကရစ်နာ ကျနေတဲ့မြို့ပြတွေ။

တခါတခါ
စိတ်လိုက်မာန်ပါ ငိုခွင့်မရှိတဲ့ ထပ်ခိုးလေးတွေ။

ဒီလိုအရစ်ကျစနစ်နဲ့
ကျွန်တော် ကဗျာဆရာဖြစ်လာခဲ့ပုံရပါတယ်။

မြေကမ္ဘာရေ..
ခင်ဖုန်းသက်ဝေရေ..
ဟောဒီလို ရတုဆိုးတွေ လင်္ကာပျက်တွေနဲ့
သေးနုပ်သူရဲ့ ဆက်သမှုမှာ ပျော်နိုင်ကြပါစေ။

ပုံမှန်ပါပဲ

ခင်ဖုန်းသက်ဝေ
ဗျစ်တောက်ဗျစ်တောက်ပြောဖူးသလို
ဆေးခန်းပြဖြစ်တိုင်း
အချိန်မှန်မှန်စားခိုင်းတာတို့
စီးကရက်တွေ အပူအစပ်တွေ လျှော့ခိုင်းတာတို့။

ဘယ်အချိန်ကတည်းက
ဒီလိုစအောင့်တာလဲဆိုတော့
"လျှို့ဝှက်သော နှင်း"ရုပ်ရှင်
ရုံတင်တဲ့ နေ့ကပေါ့လို့
ကျွန်တော်ပြန်ဖြေလိုက်တယ်။

သူတို့နားမလည်ကြဘူး ခင်ဖုန်းသက်ဝေ။
ခုနှစ် သက္ကရာဇ်တွေ
ဒါတွေကိုပဲ ထပ်ထပ်မေးနေတယ်။

ပြီးတော့
စုံလုံးကန်းနေသူက ရှုမျှော်ခင်းကို ကြည့်သလို
ကျွန်တော့်ကို သူတို့ကြည့်ကြတယ်။

အားလုံးကို ရွပ်ရွပ်ချွံချွံ
အရှုံးပေးလိုက်ပါတယ်။

မနေ့ကကို ဒီနေ့လို့ စိတ်မှာထင်လာရင်
အားလုံး လွမ်းတတ်သွားကြပါလိမ့်မယ်။

ခွင့်လွှတ်နေကျ ကမ်းပါးတွေကို
တိုက်စားဖြိုချခဲ့တဲ့မြစ်
ကျွန်တော်အပြစ်ရှိတာ ကျွန်တော်သိပါတယ်။

ကျွန်တော်မှားခဲ့ပါတယ်
ဒါက
ဧပရယ်ထောင့်က သစ်တပင်ဖြစ်ပါတယ်
တောင်းပန်ပါတယ်။

ဒါက ကျွန်တော်ပွင့်စေချင်တဲ့
စနေရောင် ပန်းတပွင့်ဖြစ်ပါတယ်။

ခင်ဖုန်းသက်ဝေလှောင်ရယ်နေမှာလည်း
ကျွန်တော်သိပါတယ်
ကြည့်နေတဲ့သူတွေ နှမြောသွားတဲ့အထိ
ရယ်တတ် ပြုံးတတ်တာ ကျွန်တော်သိပါတယ်။

အလွယ်တကူ ထုတ်သုံးမိတိုင်း
အလွမ်းဟာ အန္တရာယ် များလှတယ်။

နွေလေရူးတွေ
ဇဝေဇဝါနဲ့ တိုက်နေကြပြန်ပါပြီ။

အလွန်အကျွံ စွန့်စားရတဲ့အရပ်မှာ
သူလို ငါလို
ကျွန်တော်အရင်လိုပါပဲ ခင်ဖုန်းသက်ဝေ။

ဒီတညလည်း အရင်ညကဆုတောင်းလို
တခါလောက်ပဲ
ထပ်တွေ့ချင်မိပါတယ်။

နှုတ်ဆက်ဖို့ပါ။

▪️
သန်းတင့်

#သန်းတင့်
#ခင်ဖုန်းသက်ဝေဂယ်လာရီ
#ဆိပ်ကမ်းရေဒီယို
#အငိုအရယ်နည်းသောရက်များ

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ                                         //   လှသန်း                                       ...
02/04/2026

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ
// လှသန်း

ကျန်းမာရေး မကောင်းလို့
ဝင်ငွေ မကောင်းလို့
မိုးလေဝသ မကောင်းလို့
ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ

ခုံကလည်း လှုပ်လှုပ်
မြင်းကလည်း လှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား

ကျွန်တော့်ရဲ့ မိုက်မဲမှုများ
လောကကြီးက အလိုက်သိပါ့မလား၊

ရေပြင်ရဲ့ မာယာကို မုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကို သနားတယ်
ထောင်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး၊

ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ်
ကဗျာနဲ့ ဘဝကို ချည်နှောင်ထားခဲ့တယ်

သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေ.သေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်။

အသက်တစ်ချောင်း ဆုံးရှုံးမယ်ဆိုရင်
နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းက လူကို
တွန်းအားတွေ မပေးကြပါနဲ့
ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ။ ။

▪
လှသန်း

#လှသန်း
#ကဗျာ

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရေးတဲ့ ဝတ္ထုအများစုဟာ ဘာဖြစ်လို့ အလွမ်းဝတ္ထုတွေ ဖြစ်နေတာလဲ ဆရာ?အလွမ်းဝတ္ထု ဘာကြောင့် ဖြစ်ရသလဲ...
10/05/2025

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရေးတဲ့ ဝတ္ထုအများစုဟာ ဘာဖြစ်လို့ အလွမ်းဝတ္ထုတွေ ဖြစ်နေတာလဲ ဆရာ?

အလွမ်းဝတ္ထု ဘာကြောင့် ဖြစ်ရသလဲဆိုတော့ ဘဝနဲ့ပတ်သက်နေပါတယ်။ ကျွန်တော့်ဘဝက ရုန်းကုန်ခဲ့ရတာတွေ များတယ်။ နာကြည်းစရာတွေ အများကြီး တွေ့ခဲ့ရတယ်။ နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ကောလိပ်ကျောင်းအုပ်ကြီး ဘာညာ ဒါတွေ တွေ့တော့ ကျွန်တော့်ဘဝဟာ ရွှေဇွန်းကိုက်ပြီး ရာဇပလ္လင်ပေါ် ဖွားခဲ့သလား ထင်ကြလိမ့်မယ်။

ကျွန်တော့်ဘဝမှာ ရုန်းကန်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော့်ဖခင် တစ်နေရာရောက်နေတဲ့အချိန်၊အမေက အိပ်ယာပေါ်မှာ လိမ့်နေတာပဲ။ လက်ထဲမှာ ငွေလေး ၅ ကျပ်ပဲ ရှိတယ်။ သားသမီးငါးယောက် စားဖို့သောက်ဖို့ လက်ထဲမှာ ငွေငါးကျပ် ပဲ ရှိတယ်။ ဆွေလည်းမရှိဘူး၊ မျိုးလည်းမရှိဘူး။ အမေ့ရင်ထဲ ဘယ်လောက်မီးလောင်နေမလဲ။

မနက်ကျတော့ ကြံရာမရဖြစ်ပြီး အဲဒီငွေလေးငါးကျပ်ကို ရင်းပြီး ထမင်းသုပ်ရောင်းတယ်။ ကျွန်တော့်အစ်မကလည်း အပျိုပေါက်အရွယ်ဆိုတော့ ခိုင်းလို့မဖြစ်ဘူး။ ကျွန်တော်နဲ့အမေနဲ့ပဲ ထမင်းသုပ်ရောင်းခဲ့ရတယ်။ မုန့်ဟင်းခါးရောင်းခဲ့ရတယ်။ နေ့မှာတင်မဟုတ်ဘူး။ တစ်ကျပ် တစ်ပြားလေး မြတ်ဖို့အတွက် တောရွာ ရုပ်သေးတွေ ဘာတွေ ကတဲ့နေရာထိလိုက်ပြီး ညမှောင်မှောင်မှာ သားအမိနှစ်ယောက် စျေးရောင်းခဲ့ရတယ်။ ဒါမျိုးတွေ ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတယ်။

ပြီးတော့ ကျွန်တော့်ဘဝက အကြောင်းကြောင်းကြောင့် မိဝေးဖဝေး ခဏခဏ နေခဲ့ရတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သွားနေခဲ့ရတယ်။ ကျွန်တော့်ဘဝက မချောမွေ့ခဲ့ပါဘူး။ တော်တော်လေး ကြီးလာလို့ တက္ကသိုလ်တက်ရတော့လည်း ချို့ချို့ငဲ့ငဲ့ တက်ရတယ်။ မြင်းပွဲအလုပ်လုပ်ရတယ်။ ကျားကျောင်းမှာ ကျောင်းဆရာလုပ်ရတယ်။ တစ်ခါတလေ အလုပ်မရှိလို့ ကျောင်းငွေမသွင်းနိုင်ဘူး။ မိဘကလည်း အဲဒီအချိန်မှာ တော်တော်ယိုင်နေပြီ။ အမေက ချဉ်ပေါင်ရွက်စားပြီး ငါ့သား ကျောင်းထားပေးမယ်လို့ ပြောပါတယ်။ အမေ့ကျေးဇူးအလွန်ကြီးပါတယ်။ ကျွန်တော် မပြောရက်တော့ဘူး။ လိမ်ရတယ်။ အမေ ကျွန်တော် အလုပ်ရနေပြီ။ ပိုက်ဆံရှိပါတယ်။ မပို့ပါနဲ့တော့လို့ ပြောပြီး ဒီမှာ ကျွန်တော် ငတ်နေတယ်။ ၁၉၅၁ ခုနှစ်ကိုတော့ ကျွန်တော်မမေ့နိုင်ဘူး။ အဲဒီနှစ် ဇွန်၊ ဇူလိုင် နှစ်လ ရက်ခြောက်ဆယ်မှာ သူများတွေက တစ်နေ့ ထမင်း နှစ်နပ်စားရင် အနပ်ပေါင်း ၁၂၀ စားရမယ်။ ကျွန်တော် ၁၀ နပ်ပဲ စားခဲ့ရတယ်။ တစ်ဖက်က စာမေးပွဲဖြေနေတယ်။

ပေးပါကမ်းပါဆိုလည်း ပေးမယ့်သူမရှိဘူး။ ကူညီမယ့်သူမရှိဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရတာ။ ဇွဲတော့ ကျွန်တော် မလျှော့ခဲ့ဘူး။ နောက်ပြီးတော့ ကျွန်တော် လူမှန်းသိတတ်စ လေးနှစ်သားလောက်ကစပြီး အဖေက ရာထူးတွေဘာတွေကျပြီး အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ ပြီးတော့ အငြင်းပယ်ခံခဲ့ရတယ်။ ကလေးဘဝမှာက ကလေးချင်းတောင် မတူခဲ့ရဘူး။ တန်းတူမရခဲ့ဘူး။ အဲဒီတော့ ဘဝကို ပြန်ကြည့်လိုက်ရင် စိတ်ဆင်းရဲစရာတွေရှိတယ်။ ကိုယ်ကိုယ်တိုင်က စိတ်ဆင်းရဲစရာတွေ တွေ့ခဲ့ဖူးတော့ အခု ကျွန်တော် အုပ်ချုပ်ရေးကိုင်ရတဲ့ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ အဲဒါဟာ ကျွန်တော့်ရဲ့ အားနည်းချက်ဖြစ်လာတယ်။ ဒါကြောင့် တစ်ခါတလေ ကျွန်တော်စာရေးဆရာပဲလုပ်ချင်တယ်။ အုပ်ချုပ်ရေးမကိုင်ချင်ဘူး။ ရာထူးမကြီးချင်ဘူး။ ဖြစ်လာရင် သနားတာကအရင်၊ အရေးယူဖို့က နောက်ကျကျနေတယ်။ ကျောင်းသားအပေါ်မှာလည်း ဒီလိုပဲ။ အုပ်ချုပ်ရေးသမားတစ်ယောက်အနေနဲ့ကြည့်ရင် ဒါ အလွန်အားနည်းတဲ့အချက် ဖြစ်နေတယ်။ လူတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။

ခင်ဗျားတို့က ကျွန်တော့်ကို အလွမ်းသန်တယ်လို့ပြောတယ်။ ကျွန်တော်ကတော့ လောကကို ကရုဏာပါပါနဲ့ ကြည့်တာပဲ။ အထူးသဖြင့် ကရုဏာသက်ဖွယ်ရှိတဲ့လူတွေအကြောင်းသာ ရေးလေ့ရှိတယ်။ ရေးမိတော့အလွမ်းတွေဖြစ်ကုန်တာပေါ့။ ဒါပေမယ့် ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ မှတ်ချက်တစ်ခု ကျွန်တော်သတိထားမိတာရှိတယ်။ ကိုခင်မောင်တင့်က ကရုဏာတော့သန်ပါတယ်။ မုဒိတာလေးလည်း ပါတတ်တယ်တဲ့။ ကိုခင်မောင်တင့်ရဲ့ဝတ္ထုတွေ ဖတ်လိုက်ရင် မုဒိတာကို မြင်ရတယ်တဲ့။ ဒေါ်ခင်မျိုးချစ်က အဲဒီလိုပြောဖူးတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောတာလဲဆိုတော့ ကျွန်တော့်ဝတ္ထုထဲမှာ ဘယ်လောက် ဒုက္ခရောက်ရောက်၊ ဘယ်လောက်ထိဆင်းရဲဆင်းရဲ၊ ကြိုးစားလို့အောင်မြင်သွားတာတွေ၊ မြင့်မြတ်လို့အောင်မြင်သွားတာတွေ၊ အဲဒါတွေကို ကျွန်တော် မြတ်မြတ်နိုးနိုး ထည့်ရေးတတ်တယ်။ ဆရာမကြီးက ဒါ့ကြောင့် ပြောတာပါ။

ပေဖူးလွှာမဂ္ဂဇင်း
အမှတ် ၄၉ ၊ဇွန်လ-ဇူလိုင်လ၊ ၁၉၈၅ ခုနှစ်။

၂၀၂၅၊မေလ(၁၀)ရက်နေ့ဟာ ဆရာကြီးကွယ်လွန်ခြင်း
(၂၃)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

#တက္ကသိုလ်ဘုန်းနိုင်
#အမှတ်တရတက္ကသိုလ်ဘုန်းနိုင်

^^    မောင့်အတွက်     မောင့်မမရဲ့ လက်ဆောင်                                      ^^ဒီညီမလေးအတွက် စာအုပ်လေးတွေလက်ဆောင် လာပ...
24/01/2025

^^
မောင့်အတွက်
မောင့်မမရဲ့ လက်ဆောင်
^^

ဒီညီမလေးအတွက် စာအုပ်လေးတွေ
လက်ဆောင် လာပေးထားပါတယ် 👀


အချစ်ကြောင့် လောင်ကျွမ်းကြသူများ ဒီခေါင်းစဥ်လေးက တကယ်တော့ ဆရာချစ်ဦးညို ရေးဖူးတဲ့ စာအုပ်တစ်အုပ်ရဲ့ နာမည်ပါ။ဆရာ့စာအုပ်လေး...
30/10/2024

အချစ်ကြောင့် လောင်ကျွမ်းကြသူများ

ဒီခေါင်းစဥ်လေးက တကယ်တော့ ဆရာချစ်ဦးညို ရေးဖူးတဲ့ စာအုပ်တစ်အုပ်ရဲ့ နာမည်ပါ။

ဆရာ့စာအုပ်လေးကို ပြန်ဖတ်မိရင်းမှ ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲက ကျွန်တော် ခံစားမိတဲ့ အချစ်ကြောင့် လောင်ကျွမ်းကြသူ တချို့ကို ပုံဖော်ကြည့်ခြင်းပါ။

ဟိုး. . .ရာမာယဏခေတ်ကနေ ယခု ၂၁ရာစုအထိ လူသားအားလုံးအပေါ်မှာ တူညီတဲ့ ခံစားမှုတစ်ခုကို သဘာဝတရားကြီးက ပေးကမ်းထားခဲ့ပါတယ်။

အဲ့ဒါဟာ အချစ်ပါပဲ။

ကျွန်တော်တို့ အချစ်ကြောင့် ရင်ဖိုခဲ့ရဖူးတယ်၊
အချစ်ကြောင့် ပျော်ရွှင်ခဲ့ရဖူးတယ်၊
အချစ်ကြောင့် စွန့်စားခဲ့ကြဖူးတယ်၊
အချစ်ကြောင့်ပဲ လောင်ကျွမ်းခဲ့ကြဖူးပြန်ပါတယ်။

အလားတူ သူတို့လည်း အချစ်ကြောင့် လောင်ကျွမ်းခဲ့ကြသူများသာ . . . ။

ဘွန်ဟောင်းက ကျွန်တော့်ကို သင်ပေးတယ်။ လောကကြီးမှာတဲ့ မင်းလူ့လောကကို ဖြတ်သန်းတဲ့အခါ ငါ့တပည့် မင်းကို ငါစိုးရိမ်တယ်။ မင်းဟိ...
28/10/2024

ဘွန်ဟောင်းက ကျွန်တော့်ကို သင်ပေးတယ်။ လောကကြီးမှာတဲ့ မင်းလူ့လောကကို ဖြတ်သန်းတဲ့အခါ ငါ့တပည့် မင်းကို ငါစိုးရိမ်တယ်။ မင်းဟိုဟာလေး ကျက်လိုက် ဒီဟာလေး မှတ်လိုက်နဲ့ ငါသနားတယ်တဲ့။

ဟာ... မလုပ်ရဘူးလား ဆိုတော့ မလုပ်နဲ့တဲ့။ သိချင်ရင် စွယ်စုံကျမ်း လှန်ကြည့်။ စွယ်စုံကျမ်းမရှိရင် ကိုယ့်ထက်တတ်တဲ့သူဆီ မေးလိုက် ခဏလေးနဲ့သိတယ်၊ လျှောက်ကျက်မနေနဲ့တဲ့ ဒါတွေ။ ရပြီးသားဟာတွေတောင် မင်းမေ့ပစ်လိုက်တဲ့။ ဘွန်ဟောင်း ချောက်တွန်းတာလား ဆိုတော့ မဟုတ်ဘူး တကယ်ပြောတာတဲ့။ မှတ်မိဖို့က ခက်ပါတယ် ကိုဘွန်းဟောင်းရယ်၊ ခင်ဗျား မေ့ပစ်တာက လွယ်ပါတယ်လို့ဆိုတော့ နိုး! မဟုတ်ဘူးတဲ့။ မင်းမတတ်တဲ့ အင်္ဂလိပ်စာ ဆယ်လုံးကို မင်းကိုငါကျက်ခိုင်းမယ်တဲ့၊ မင်းဘယ်လောက် ဉာဏ်ထိုင်းထိုင်း ဆယ်ရက်ဆို ရမယ်။ ဟာ ဒါဟုတ်တယ်။ မင်းကိုငါ ကကြီးဆိုတာကို မေ့ခိုင်းမယ်။ မေ့နိုင်ရင် ငါငွေတစ်သိန်းပေးမယ်တဲ့။ မမေ့နိုင်ဘူး၊ သူပြောတာမှန်တယ်၊ မေ့တာပိုခက်တယ်၊ မှတ်မိအောင်လုပ်တာ လွယ်တယ်။

အဲ့တော့ အောင်ထွန်း မင်းဘာလုပ်လုပ် လုပ်စရာ ရှိတာလုပ်ပြီးရင် မေ့စရာရှိတာ မေ့ပစ်နိုင်အောင် ကြိုးစားတဲ့။
သူပုံပြင်လေးတစ်ခု ကျွန်တော့်ကို ပြောပြတယ်၊ အဲဒါလေး ​ဖောက်သည်ပြန်ချမယ်။

ဂျပန်ပြည်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး၊ သူ့ကျောင်းမှာ ဥူးပဇင်းနှစ်ပါးရှိတယ်၊ မိုးအခါမှာ ဆားမရှိတော့ ဥူးပဇင်းနှစ်ပါးကို သွား ဆားသွားရှာချည်၊ အလှူခံချည်ဆိုတော့ ဥူးပဇင်းနှစ်ပါး ရွာတစ်ရွာကို သွားပြီး ဆားအလှူခံတယ်။ ဟိုကလည်းဆားလှူလိုက်တော့ ဆားထုပ်လေး ကိုင်ပြီး နှစ်ယောက်သား စကားပြောလာတယ်။ တစ်နေရာရောက်တော့ မိုးက ရွာထားတော့ မိန်းကလေးတစ်ယောက်က သူ့ဝတ်စုံက ကီမိုနိုဝတ်စုံ ခြေအိတ်လေးလည်း ဝတ်ထားတယ်။ ရွှံ့ဗွက်အိုင်တွေရှိတော့ ဖြတ်လို့မရဘူး။ အဲ့ဒီအခက်အခဲကို ဆားထုပ်ကိုင်ထားတဲ့ ဥူးပဇင်းလေးက မြင်တော့ ဟေ့ကိုယ်တော် ဆားထုပ်ခဏ ကိုင်ထားဦး ဆိုပြီးတော့ အဲ့ဒီမိန်းကလေးဆီ လျှောက်သွားပြီး မိန်းကလေးကို ပွေ့လိုက်တယ်။ ပွေ့ပြီးတော့ ရွှံ့ဗွက်လွတ်တဲ့နေရာ သွားထားတယ်။ အဲ့ဒီမှာ ဆားထုပ်ကိုင်ပြီး စောင့်နေတဲ့ ကိုယ်တော်က ဟာ ဘုန်းကြီးဖြစ်ပြီးတော့ ဒကာမပွေ့တယ်၊ အာပါတ်သင့်ပြီ၊ ဒီကိုယ်တော် အာပါတ်သင့်ပြီ။

ဟိုကိုယ်တော်က လာလည်းလာရော ဆားထုပ်ပြန်တောင်းပြီး စကားပြောတယ်။ မပြောဘူး ဒီဘက်ကကိုယ်တော်က၊ ငါပြန်ပြောရင် ငါပါ ရောပြီး အာပါတ်သင့်မယ်။ ဒီလိုနဲ့ ကျောင်းရောက်သွားရော၊ ဆားထုပ်လေးချပြီး ဆရာတော်ကို ဦးချတယ်။ မောင်ပဇင်းတို့ ဆားပါလား။

အဲ့တော့ ဒကာမ မပွေ့တဲ့ ကိုယ်တော်က အရှင်ဘုရား ဆားအရေးမကြီးဘူးတဲ့။ ဟာ ဆားသွားရှာခိုင်းတာ ဆားအရေးမကြီးဘဲ ဘာအရေးကြီးလဲဆိုတော့ ဒီကိုယ်တော် လမ်းမှာ ဒကာမပွေ့တယ်။ သိပ်ပြီးစည်းကမ်းကြီးတဲ့ ဘုန်းတော်ကြီး တခါတည်း မျက်နှာကြီးနီပြီး ဒေါသထွက်သွားတယ်။ မင်း ဒကာမ ပွေ့သလားတဲ့။ အဲဒီမှာ ဒကာမပွေ့တဲ့ ကိုယ်တော်က ဘာပြောသလဲဆိုတော့ တပည့်တော် ဒကာမကိုပွေ့ပါတယ်။ ဒါပေမယ့် အဲဒီဒကာမကို ကျောင်းယူမလာပါဘူး။ လမ်းမှာ ထားခဲ့ပါတယ်ဘုရားတဲ့။ ဘုန်းကြီးက သဘောပေါက်သွားတယ်။ ကျောင်းယူလာတာ မပွေ့တဲ့ကောင် သယ်လာတာ။

ငါမင်းတို့ပြန်လာရင် မင်းတို့နှစ်ယောက်နဲ့ ဆားထုပ်ပဲ မျှော်လင့်တယ်တဲ့။ အခုတော့ မင်းပြောတော့ ဒကာမပါ ငါ့ခေါင်းထဲ ရောက်တယ်။ အဲ့တော့ တကယ်ပွေ့တဲ့ကောင် လွတ်စေ၊ မပွေ့တဲ့ မင်းရယ်၊ မြင်တောင်မမြင်လိုက်ရတဲ့ ငါရယ် သိမ်ထဲသွားပြီး အာပါတ်ဖြေမယ်တဲ့။

ကဲ . . . အဲ့ဒါ ဘာကိုပြောတာလဲ။ အပယ်ငရဲကိုကျတာ ပွေ့တဲ့လူ ကျတာမဟုတ်ဘူး။ မပွေ့ဘဲနဲ့ စိတ်နဲ့ပွေ့တဲ့ ဥပါဒါန်​က ကျတာ။ ဟိုလူက ပွေ့စရာရှိတာပွေ့၊ မေ့စရာရှိတာမေ့ပြီ။ မမေ့နိုင်တဲ့ ငတက ဆက်ပွေ့လာတာ။ အဲဒါ ဥပါဒါန်ပဲ၊ attachmentပဲ။ ငရဲပြည်ဆင်းမှာ ဒါကဆင်းမှာ၊ ပွေ့စရာရှိပွေ့ မေ့စရာရှိမေ့။ လုပ်စရာရှိလုပ် မေ့စရာရှိမေ့။ စာတွေလည်း ရေးစရာရှိရေး၊ မေ့စရာရှိမေ့ နောက်တစ်အုပ် ထပ်ရေး။

ဆားပုလင်းနှင်းမောင်ကြီး ခေါင်းထဲစွဲနေရင် စနေမောင်မောင် ဘယ်လိုရေးမလဲ။ စနေမောင်မောင်ခေါင်းထဲမှာ မပျောက်ရင် မာလိန်မှူးထူးစိန် ကျွန်တော် ဘယ်လိုရေးမလဲ။ အဲ့တော့ မေ့ပစ်တာဟာ စာရေးဆရာ တစ်ယောက်အတွက် အကောင်းဆုံးပါပဲ။ စာရေးတဲ့ နေရာမှာတင် မဟုတ်ဘူး။ လောကကြီးမှာ တချို့ကိစ္စတွေက မေ့မှကောင်းတာတွေ ရှိတယ်၊ မမေ့ရင် ဒုက္ခရောက်တယ်၊ ဒါကြောင့် မေ့တတ်အောင်ကြိုးစားပါ။

~မင်းသိင်္ခ

#မင်းသိင်္ခ

" မိခင်နှင့်တူသော မိန်းမများ "မိန်းမဆိုတာ မိခင်လည်းမည်တယ်၊ကျားလည်းမည်တယ်။မိခင်လို ကြင်နာတတ်သလောက်ကျားလိုလည်း ရက်စက်တတ်တယ...
24/10/2024

" မိခင်နှင့်တူသော မိန်းမများ "

မိန်းမဆိုတာ မိခင်လည်းမည်တယ်၊
ကျားလည်းမည်တယ်။

မိခင်လို ကြင်နာတတ်သလောက်
ကျားလိုလည်း ရက်စက်တတ်တယ်။

ဆရာ့စာတွေဖတ်ဖူးရင် ရင်ထဲမှာ အချိန်အတော်ကြာ
စွဲကျန်ရစ်တဲ့ မမတစ်ယောက်တော့ ရှိနေမှာသေချာပါတယ်။

ဘယ်မမကြောင့် အသည်းကွဲဖူးခဲ့ကြလဲ။

#တက္ကသိုလ်ဘုန်းနိုင်

Address

No. 15၊ 7 Street ၊ Sin Pauk Hla
Pakokku

Telephone

+959764948753

Website

Alerts

Be the first to know and let us send you an email when 𝐓𝐡𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐓𝐡𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬:

Shortcuts

Share

Category