09/09/2026
Apple ဟာ ၎င်းတို့ရဲ့ ပထမဆုံးသော Fodable စမတ်ဖုန်းဖြစ်တဲ့ iPhone Duo ကို နောက်ဆုံးမှာတော့ တရားဝင် ထုတ်ဖော်ပြသလိုက်ပါပြီ။ ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေနဲ့ ပေါက်ကြားမှုတွေဟာ အားလုံးနီးပါး တစ်ထပ်တည်း မှန်ကန်ခဲ့ပါတယ် (နာမည်ကလွဲလို့ပေါ့လေ)။ iPhone Duo ရဲ့ မျက်နှာပြင်တွေဟာ Aspect Ratio အချိုးအစား တူညီကြပြီး၊ အတွင်းဘက် ခေါက်သိမ်းနိုင်တဲ့ မျက်နှာပြင်မှာ မျက်နှာပြင်အောက် ကင်မရာစနစ် (Under-display Selfie Camera) ပါဝင်လာပါတယ်။
တိုက်တေနီယမ် ပတ္တာ (Titanium Hinge) မှာ သံလိုက်စနစ် ချိတ်ဆက်ပါဝင်တာကြောင့် ခေါက်ပိတ်လိုက်တဲ့အခါ တင်းတင်းရင်းရင်းနဲ့ အသံထွက်အောင် ကျေနပ်ဖွယ် ပိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ ခေါက်ဖုန်းတွေမှာ မျှော်လင့်ထားကြတဲ့အတိုင်း Touch ID ကို ဘေးဘက် Power ခလုတ်မှာ ပေါင်းစပ်ထည့်သွင်းပေးထားသော်လည်း iPhone Duo ကို Apple Watch နဲ့လည်း Unlock ပြုလုပ်နိုင်ပါတယ်။ ၎င်းမှာ ၇.၆ လက်မ ပင်မ ခေါက်မျက်နှာပြင်နဲ့ ၅.၄ လက်မ အပြင်ဘက် Cover Display တို့ ပါဝင်လာပါတယ်။ မျက်နှာပြင်နှစ်ခုစလုံးဟာ ProMotion စနစ်ကို ထောက်ပံ့ပေးထားပြီး 3,000-nit Peak Brightness အလင်းအား ရှိပါတယ်။
ကျောဘက်မှာ Ceramic Shield၊ အရှေ့ဘက် မျက်နှာပြင်မှာ Ceramic Shield 2 တို့ ပါဝင်ပြီး စက်ပစ္စည်းတစ်ခုလုံးမှာ ဖုန်နှင့် ရေစိုခံနိုင်သည့် IP68 Rating ပါဝင်လာပါတယ်။ အခေါက်ရာ (Crease) ထင်ရှားမှုကို လျှော့ချပေးပြီး ကြည့်လိုက်ရင် ညီညာပြန့်ပြူးနေတဲ့ Matte မျက်နှာပြင်ကို ဖန်တီးပေးတဲ့ "Custom Nano-Texture Finish" ပါဝင်လာပါတယ်။ ခေါက်မျက်နှာပြင်ပေါ်မှာ ခြစ်ရာဒဏ်ခံ အကာအကွယ် Coating လည်း ပါဝင်ပြီး တိုက်တေနီယမ်ပြား (Titanium Plate) အပေါ်မှာပြုလုပ်ပေးထာ ဖြစ်ပါတယ်။
ဒီဖုန်းကို အတူတကွ မိတ်ဆက်ခဲ့တဲ့ iPhone 18 Pro နဲ့ iPhone 18 Pro Max တို့နည်းတူ A20 Pro ချစ်ပ်ဆက်ကိုပဲ အသုံးပြုထားပါတယ်။ ဒီ SoC ကို 2nm Process ဖြင့် တည်ဆောက်ထားပြီး 6-core CPU၊ 7-core GPU နဲ့ Dual 16-core NPU တို့ ပါဝင်လာပါတယ်။ A19 Pro နဲ့ နှိုင်းယှဉ်ရင် A20 Pro ဟာ CPU 20% ပိုမိုမြန်ဆန်ကာ GPU 40% အထိ ပိုမိုမြန်ဆန်လာသလို၊ Neural Engine တွက်ချက်နိုင်စွမ်း ၂ ဆနဲ့ Unified Memory Bandwidth 50% ပိုမို များပြားလာပါတယ်။
iPhone Duo မှာ အမေရိကန်ပြည်ထောင်စုအတွက် mmWave 5G ကို ထောက်ပံ့ပေးမယ့် Apple ရဲ့ C2 Modem ပါဝင်လာပါတယ်။ ၎င်းရဲ့ Apple N1 ချစ်ပ်ဟာ Bluetooth 6 နဲ့ Wi-Fi 7 တို့ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဒီဖုန်းဟာ ကမ္ဘာတစ်ဝန်းလုံးအတွက် eSIM သီးသန့် (eSIM-only) ဖြစ်ပြီး၊ အတွင်းဘက် မျက်နှာပြင်ကို အသုံးပြုချိန်မှာ ဗီဒီယို ကြည့်ရှုမှု ၃၁ နာရီအထိနဲ့ အပြင်ဘက် မျက်နှာပြင်ဖြင့် ၄၄ နာရီအထိ အသုံးခံမယ်လို့ Apple က အာမခံထားပါတယ်။ မျက်နှာပြင်နှစ်ခုစလုံးကို ပြိုင်တူ အသုံးပြုမယ်ဆိုရင် ၂၄ နာရီအထိ အသုံးပြုနိုင်မယ်လို့ Apple က ကြော်ငြာခဲ့ပါတယ်။ ကြိုးဖြင့် အားသွင်းပါက မိနစ် ၂၀ အတွင်း ၅၀% ရောက်ရှိနိုင်ပြီး MagSafe သို့မဟုတ် Qi2 အားသွင်းစနစ်ဖြင့် ကြိုးမဲ့ အားသွင်းပါက မိနစ် ၃၀ အတွင်း ၅၀% အထိ အားပြန်သွင်းနိုင်ပါတယ်။
iPhone Duo မှာ "Optical-Quality" 2x Telephoto Mode ပါဝင်သည့် 48MP Fusion Main Camera ၊ Macro ဓာတ်ပုံရိုက်ကူးမှု ထောက်ပံ့ပေးသည့် 48MP Ultrawide Camera တို့ ပါရှိပြီး အပြင်ဘက် Cover Display မှာတော့ iPhone 18 Pro နဲ့ iPhone 18 Pro Max တို့သုံးထားတဲ့ Sensor အတိုင်း ဖြစ်ပုံရတဲ့ 12MP Center Stage အရှေ့ကင်မရာ ပါဝင်ပါတယ်။ အတွင်းဘက် ခေါက်မျက်နှာပြင်မှာတော့ မျက်နှာပြင်အောက် ကင်မရာ (Under-display Selfie Camera) ပါဝင်သော်လည်း ၎င်းရဲ့ ဟာ့ဒ်ဝဲ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
iPhone Duo ကို Star White နဲ့ Night Sky အရောင်တို့ဖြင့် ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ 256GB Storage အတွက် $1,999 မှ စတင်ပြီး 512GB အတွက် $2,199၊ 1TB အတွက် $2,599 နဲ့ 2TB မော်ဒယ်အတွက် $3,199 အထိ အသီးသီး ရှိမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၆ ရက်တွင် Pre-order စတင်မှာဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်တွင် တရားဝင် စတင် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Apple အနေဖြင့် iPhone Duo အတွက် Apple Pencil ထောက်ပံ့မှုကိုလည်း ယခုနှစ်နှောင်းပိုင်းတွင် စတင် ပေးသွားမှာ ဖြစ်ပါတယ်ဗျာ။