Thawtar

Thawtar Do what you want.

20/10/2023
22/08/2023

မသေသေးဘူးဆိုရင်ပေါ့..
နောက်လာမယ့်ဆယ်နှစ်မှာ..သင်ဘာဖြစ်ချင်ပါသလဲလို့ ကျွန်မကမေးကြည့်ချင်ပါတယ် ..

အခုထက်ပိုပြီးသနား ကြင်နာတတ် တဲ့သူဖြစ်ချင်တာလား.. ပိုပြီးချမ်းသာချင်တာလား.. ပိုပြီးကျန်းမာရေးကောင်းချင်တာလား.. အိမ်ထောင်ပြု
ချင်တာလား.. အားကစားသမား တစ်ယောက်ဖြစ်ချင်တာလား.. ဘာသာရေးကိုပိုလိုက်စားတဲ့သူဖြစ်ချင်တာလား..

စိတ်ပိုင်းဆိုင်ရာသိပ္ပံ ပညာရှင်တွေရဲ့သုတေသနပြုချက်အရ မိမိကိုယ်ကို..ဘာဖြစ်ချင်သလဲဆိုတာကိုရိုးသားစွာမေးခွန်းတွေ မေးကြည့်တတ်တဲ့သူတွေဟာ ..သူတို့..တစ်ချိန်မှာဖြစ်ချင်တဲ့ ဆန္ဒနဲ့အတွေးပုံရိပ်
တွေကို လက်တွေ့ဖြစ်လာအောင်
ပုံဖော်နိုင်စွမ်းရှိကြပါတယ် လို့ဆိုပါတယ်

Create a clear vision of our Future Selves

လူတိုင်းအတွက်တော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်.. ဒါပေမဲ့တချို့လူတွေအတွက်ကတော့ Strong Visualization of a future self ..တစ်ချိန်မှာ
ကိုယ်ဖြစ်ချင်တဲ့ပုံစံ တိတိကျကျ.. သေသေချာချာ သိနေခဲ့ခြင်းဟာ တကယ်ကိုအလုပ်ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်

ကျွန်မရဲ့ဆရာတစ်ယောက်ဆိုရင် သူငယ်ငယ်ကလေးကတည်းက အရမ်းလုပ်ချင်တဲ့..လုပ်ငန်းတစ်ခုရှိပါတယ် ..အဲဒီလုပ်ငန်းအတွက်သူ့မှာနာမည်ကအစ..စဉ်းစားထားပြီးသား..။

ငယ်ငယ်ကတည်းက
လက်မှတ်ထိုးရင်တောင်မှ သူ့နာမည်ထိုးပြီးရင်..အောက်က..ကွင်းစ..ကွင်းပိတ်နဲ့ ..သူပေးထားတဲ့ အလုပ်ရဲ့ နာမည်ကို ရေးထိုးလေ့
ရှိပါတယ်တဲ့.. တကယ်ပဲ..သူဟာ.. သူအိပ်မက်မက်ထားခဲ့ဖူးတဲ့. လုပ်ငန်းကြီးတစ်ခုကို.. သူရွေးချယ်ထားခဲ့တဲ့ နာမည်နဲ့ လုပ်ကိုင်ခွင့်ရခဲ့တယ်..တကယ်အောင်မြင်ခဲ့ပါတယ်..ကျွန်မ ပြောလိုက်ရင် အကုန်လုံး သိသွားကြမဲ့ လုပ်ငန်းတစ်ခုပါပဲ..

ညီမငယ် တစ်ယောက်နဲ့ စကားပြောဖြစ်ကြတော့.. သူကကျွန်မကို.. အမြဲတမ်းလေးစားရတဲ့သူ..အားကျရတဲ့သူ လို့ဆိုပါတယ်.. ကျွန်မလို..
အလုပ်တွေလုပ်ချင်တယ်တဲ့ ..ကျွန်မလိုအတွေးတွေ..တွေးချင်တယ်တဲ့ သူကကျွန်မလိုဖြစ်ချင်တယ်..

သူ့အသက်အခုဘယ်လောက်လဲဆိုတော့ သူက ၃၁နှစ် ။ ကျွန်မထက်ဆယ်နှစ်တိတိငယ်တယ် ..သူ ၃၁ နှစ်မှာအိမ်ထောင်ကျပြီးပြီ.. ကလေးတစ်ယောက်မွေးပြီးပြီ..ကိုယ်ပိုင် လုပ်ငန်းတစ်ခုကိုတည်ထောင်ထားနိုင်ပြီ.. အဲဒီလုပ်ငန်းရဲ့အသီးအပွင့်တွေကိုရနေပြီ..

ကျွန်မသူ့ကိုပြောလိုက်ပါတယ်.. ကျွန်မအသက် ၃၁ နှစ်တုန်းက သူ့လို အခြေအနေမျိုးမဖြစ်ခဲ့ရဘူး ..

၃၁နှစ်ဆိုတဲ့ အသက်အရွယ်ချင်းကိုယှဉ်ကြည့်မယ်ဆိုရင် သူဟာကျွန်မထက်အများကြီးသာလွန်တယ်.. လုပ်နိုင်တယ်.. အောင်မြင်တယ် ..

နောက် ဆယ်နှစ် မှာဘယ်လို အခြေအနေမျိုး ရောက်နေမလဲလို့ ကိုယ့်ရဲ့Future Self ကိုမြင်ကြည့်စမ်းပါလို့ ကျွန်မသူ့ပြောလိုက်ပါတယ် ...

နောက်ဆယ်နှစ်အတွင်းမှာ..သေလည်းမသွားဘူး ကျန်းမာရေးလည်း ဆက်လက်ပြီး
ကောင်းနေမယ်.. ကံတရားကလည်းမျက်နှာသာပေးနေခဲ့မယ်ဆိုရင် ..
သူဟာ အခုကျွန်မရောက်ရှိနေတဲ့အနေအထားထက် အဆပေါင်းများစွာ သာလွန်နိုင်ပါလိမ့်မယ်လို့ပြောခဲ့ပါတယ်

လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်မဟာ ကိုယ့်ကိုကိုယ်ဘာဖြစ်ချင်နေခဲ့ပါသလဲလို့ ..ကျွန်မကိုယ်ကျွန်မပြန်မေးကြည့်မိတယ်...

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကာလတုန်းက ကျွန်မဟာအတော်ကံမကောင်းတဲ့သူဖြစ်ခဲ့တယ်.. ကျွန်မတော်တော်ရုန်းကန်ခဲ့ရတယ်.. နောက် ဆယ်နှစ်မှာဘာဖြစ်ချင်တယ်ဆိုတဲ့ Future Self ဆိုတာမျိုးကို..ကျွန်မ..မတွေးခဲ့ဖူးပေမဲ့
ကျွန်မဖြစ်ချင်ခဲ့တာကတော့ မိသားစုအတွက် အရိပ်ပေးတဲ့သစ်ပင်ကြီးတစ်ပင်လို အမြဲဖြစ်ချင်ခဲ့တာကတော့အမှန်ပါပဲ. ဘာဖြစ်လို့လဲဆိုရင်ကျွန်မကြိုးစားသမျှဟာ မိသားစုအတွက်ပဲဖြစ်နေခဲ့တာကိုး..
ခုဖြစ်လာနေခဲ့ပြီလို့ပြောလို့ရပါတယ် ...

နောက်ဆယ်နှစ်ကျရင်ရောကျွန်မဘာဖြစ်ချင်သေးသလဲ..
အခုစဉ်းစားမိတော့ နောက်..ဆယ်နှစ်မှာ.. သေမသွားခဲ့သေးဘူးဆိုရင်
ကျွန်မဟာ..အခုထက်ပိုပြီး..အေးချမ်းတဲ့သူတစ်ယောက်ပဲဖြစ်နေချင်ပါတယ်.

အခုချိန်မှာကျွန်မဖြစ်နေတာက ရုန်းထွက်ချင်တာပဲ. .ဘယ်ကရုန်းထွက်ချင်တာလဲ. .ဆိုရင် သံသရာကရုန်းထွက်ချင်တာပါပဲ

တစ်ယောက်နဲ့တစ်ယောက် ..ဘဝမှာဖြစ်ချင်တဲ့ ဆန္ဒတွေကတော့..တူညီကြမှာမဟုတ်ပါဘူး ..ဒါပေမယ့်ကိုယ် တကယ် ဖြစ်ချင်တဲ့ ပုံရိပ်တစ်ခုကိုဖော်ဆောင်ထားနိုင်ခဲ့တယ်ဆိုရင်.. အဲဒီနေရာကိုရောက်အောင်သွားဖို့ နည်းလမ်းတွေ.. အခွင့်အရေးတွေကလည်း..သူ့အလိုလို ပေါ်ပေါက်လာကြမှာအမှန်ပဲဖြစ်ပါတယ်

ကိုယ်အခုဖြစ်နေတဲ့ အခြေအနေနဲ့ ကိုယ်ရောက်လိုတဲ့အခြေနေဟာ ဆက်သွယ်မှုတစ်ခုရှိနေဖို့တော့လိုအပ်ပါတယ် ..ဒါဆိုရင်အကောင်အထည်ဖော်ရတာပိုပြီးလွယ်ကူနီးစပ်နိုင်မလားလို့ကျွန်မတွေးမိတာပါ...

Invest in your future self.
ကိုယ်ဖြစ်လိုတဲ့ အခြေအနေကို စတင်ပြီး ရင်းနှီးမြုပ်နှံမှုလုပ်ပါ..
Measure your progress.
ဘယ်အခြေအနေကို ရောက်နေပြီလဲ..အမြဲ တိုင်းတာ စစ်ဆေးနေပါ..
Have the courage to admit what you really want.
ကိုယ် ဖြစ်ချင်တဲ့ ဘဝမျိုးကို ရဲရဲကြီးသာ ဝန်ခံ တွေးတောလိုက်ပါ..

ကိုယ့်ရဲ့စိတ်ကူးပုံရိပ်တွေကိုလျှော့မတွက်မိဖို့လိုပါတယ် ..အသက်ငယ်ရွယ်သူတွေအနေနဲ့က.. အခုထက်..ကြီးမားတဲ့ ..အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ပိုပြီးအခွင့်အလမ်းရှိတယ်.. အချိန်ရှိတယ်.. စွမ်းအင် energy တွေရှိတယ်..
အသက်ငယ်လေ..ပိုကောင်းလေ..ပိုလုပ်နိုင်လေပဲ.. လုပ်ပိုင်ခွင့်တွေအများကြီးရှိသွားတယ်..

Who is your future self?
Who are you chasing?
Where will you be in next 10 years?

မွန်ဟော်စီ
၂၀၂၀





#မနက်စာအာဟာရ


Photo
Free Humanity

22/08/2023

"အပြုသဘောဆောင်တဲ့ စိတ်ဟာ အလုပ်တွေကို ပြီးမြောက်စေတယ်"

🔳 Positivity fuels productivity.

ဘဝတစ်ခုကို နေထိုင်ဖြတ်သန်းတဲ့အခါ မျှော်လင့်မထားတဲ့ အထစ်အငေါ့တွေ၊ ပြဿနာတွေ၊ အဖြစ်အပျက်တွေနဲ့ ကြုံရတတ်ပါတယ်။ အနီးစပ်ဆုံး လက်ရှိ ကိုယ့်အနေအထားကိုပဲ ကြည့်။ တစ်ကမ္ဘာလုံး ထင်မထားလောက်အောင် မွှေသွားတဲ့ ကိုဗစ်ကိုပဲ ကြည့်။

ပြောမယ်ဆို ဒါကိုက ဘဝပဲ။ အရာရာ အဆင်ချောနေရင်၊ မျှော်လင့်ထားသမျှ ဖြစ်နေရင် စိတ်ကူးယဉ် ဆန်သွားလိမ့်မယ်။

🔳 ကျောင်းပြီးတာနဲ့ အလုပ်ဝင်မယ်၊ မိဘကို မမှီခိုတော့ဘူး၊ ကိုယ့်ဟာကိုယ် ရပ်တည်မယ် တွေးထားတယ်။ မမျှော်လင့်ဘဲ အဖေဆုံးသွားတော့ ကိုယ်လည်း ကျောင်းပြီးအောင် ဆက်တက်ဖို့ မဖြစ်နိုင်တော့ဘူး။

ကိုဗစ်အပြီး အလုပ်တွေ ပြန်စတော့မယ်၊ တိုးချဲ့မယ် တွေးထားတယ်။ နိုင်ငံရေးပြဿနာ ကြုံတော့ ကြံစည်ထားသမျှ အကုန်ပျက်စီးသွားတယ်။

နေ့စဉ်ဘဝမှာရော ဘာထူးလဲ။ အပြင်သွားတယ်။ ကားပျက်တယ်။ မိုးမရွာလောက်ဘူး ထင်ပြီး ထီးထားခဲ့မိတဲ့နေ့ကျမှ မိုးထရွာတယ်။ ဒါတွေ ကြုံနေကြရတာပဲ။

🔳 အဲဒီအခါ ဘယ်လိုတုံ့ပြန်ကြသလဲ။

တချို့က အပြစ်တင်တယ်။ အခြေအနေကို လက်သင့်မခံဘူး။ ဒီသောက်မိုးကလည်း ငါအပြင်သွားမှ ရွာရသလား။ မင်းကလည်း ကားကို ဘယ်လိုမောင်းနေမှန်း မသိဘူး။ သေချာမှ မစစ်ဆေးတာ။ ပျက်ပြီပေါ့။ သောက်ဘဝကြီးကလည်း ဆိုးလိုက်တာ၊ ဘာလုပ်လုပ်ကို အကျိုးမပေးဘူး။ ဒီလိုတွေ ပြောတတ်ကြတယ်။

တချို့ကျတော့ နောင်တရတယ်။ ငါ ဒီလမ်းက မလာခဲ့မိရင် ကောင်းသား။ အစောကတည်းကသာ ကြိုသိရင် ငါ ဒါကို မလုပ်ပါဘူး။ ငါက အသုံးကိုမကျတဲ့သူပါ။ ဒါမျိုးတွေ တွေးပြီး လက်လျှော့နေမိတတ်ကြတယ်။

🔳 Positivity အပြုသဘောဆောင်တယ် ဆိုတာကတော့ အခြေအနေကို လက်ခံလိုက်တယ်။ အိုခေ ဒါတော့ ဒီလိုဖြစ်သွားပြီ။ အပြစ်တင်နေလို့လည်း အလကားပဲလေ။ ဆဲဆိုနေလို့ ပျက်နေတဲ့ကား ပြန်ကောင်းမသွားဘူး။ သည်းနေတဲ့မိုး ပြန်စဲမသွားဘူး။ ရှုပ်နေတဲ့ ပြဿနာ ပြေလည်မသွားဘူး။ Blame လုပ်တိုင်းသာ ပြေလည်သွားလို့ကတော့ ဘဝကြီးက အင်မတန် သာယာနေမှာပဲ။

ပြီးတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို တွေးတယ်။ ကားပြင်ဆရာ ခေါ်လို့ မီမလား။ ဒါမှမဟုတ် တက္ကစီနဲ့ သွားရမလား။ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ ကားကို ခေါ်ရမလား။ ဒီလို Option တွေ ရွေးပြီး စဉ်းစားမယ်။ ဆုံးဖြတ်မယ်။

ဒီတော့ ကိုယ်နဲ့ ဆက်ဆံရသူတွေရဲ့ ခံစားချက်ကလည်း ကောင်းသွားတယ်။ အပြစ်တင်ခံရမှာ ကြောက်မနေရတော့ဘူး။ လန့်မနေရတော့ဘူး။ တစ်ဖက်မှာ ကိုယ်တိုင်လည်း လုပ်စရာရှိတာ ဆက်လုပ်နိုင်သွားတယ်။

ဒါကြောင့်လည်း ဘဝမှာ Positivity ဟာ သိပ်အရေးကြီးတာ။

🔳 တစ်ခုတော့ ရှိတာပေါ့။ လှည်းဘီးနွံနစ်နေတာကို အတူဝိုင်းမတွန်းဘဲ ကိုယ့်အထုပ်ကလေး ကိုယ်ယူပြီး တခြားလှည်းပြောင်းစီးသွားတာမျိုးကိုတော့ Positivity မခေါ်ဘူး။ အတ္တကြီးတယ်ပဲ ပြောရမယ်။

အခုပြောတဲ့ အကောင်းမြင်စိတ် ဆိုတာကျ လှည်းဘီးနစ်တယ် ကြားရင် စိတ်ပျက်အားလျော့မနေဘဲ ဒါကို ဘယ်လိုဖြေရှင်းမလဲ၊ ငါတို့ ဘယ်လိုဆက်သွားကြမလဲ စသဖြင့် တွေးတာမျိုးကို ဆိုလိုတာပါ။

🔳 ဘဝဆိုတာ ထင်မှတ်မထားတဲ့ အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒါတွေကို ဘယ်လိုစိတ်နေစိတ်ထားမျိုးနဲ့ ရင်ဆိုင်ကျော်ဖြတ်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ Productivity, Performance, Progress ဒါတွေ ကွာခြားသွားခဲ့တာ ဖြစ်ပါတယ်။

Learn with PT
12 Aug 2023

11/08/2023

ခရီးထွက်တွေထွက်လိုက်တယ် ဆိုရင်လူတိုင်းဟာ စိတ်တွေရှင်းသွားတတ်ကြပါတယ် ကမ်းခြေကိုပဲသွားသွား..တောင်ပေါ်ကိုပဲတက်တက် မြင်ရတဲ့ရှုခင်းတွေ..ပြောင်းလဲသွားတယ် တည်းခိုရတဲ့နေရာထိုင်ခင်းတွေကလည်းပြောင်းလဲသွားတယ် အိမ်နဲ့ဘာမှမတူ တော့ဘူး ..

လပေါင်းများစွာ အိမ်ကနေအလုပ်ကိုသွားတယ် အလုပ်ကနေအိမ်ကိုပြန်လာတယ် ဒီနေရာနှစ်ခုကိုပဲနေ့စဉ်နဲ့အမျှ အပြန် အလှန် သွားနေရတာဆိုတော့ ရက်ကန်းစင်ပေါ်က လွန်းကလေးနဲ့တောင်တူနေပါတော့တယ်

နေ့တဓူဝ လုပ်ငန်းဆောင်တာတွေကြားမှာ..လူက Burnout ဖြစ်လာတတ်ပါတယ်.. ခြေကုန်လက်ပန်းကျလာပါတယ် ဒီလမ်းတွေကပဲ နေ့တိုင်းသွားနေရတယ် ဒီနေရာတွေကိုပဲသွားရတယ် ဒီလူတွေ .ဒီမျက်နှာတွေကိုပဲမြင်နေရတယ်
ဒီ ပစ္စည်းတွေကိုပဲတွေ့နေရတယ် ကြာလာတဲ့အခါမှာအာရုံတွေဟာ ညောင်းညာပြီးရိုးအီလာပါတယ်

နေ့စဉ် ဘဝတွေ ထဲက ခဏလောက် ထွက်ပြေးချင်လာပါတယ်
ခရီးသွားတယ် ဆိုတာ စိတ်လွတ်မြောက်မှုတစ်ခုဆိုတာကိုတော့ အထွေအထူးပြောစရာမလိုပါဘူး

ကျွန်မကတော့ hotel တွေမှာ တည်းခိုရတဲ့အခါ
ပိုပြီး အိပ်ပျော်သလိုခံစားရပါတယ်..
အိမ်မှာဆိုရင် လုပ်စရာ အလုပ် တစ်ခုမဟုတ်.. တစ်ခုကရှိနေတတ်တာကိုး..

နောက်တစ်ခု သတိထားမိတာက..
အိမ်နဲ့ ဟိုတယ်နဲ့
မတူတဲ့ အဓိက အချက်ဟာ..ရှင်းလင်းမှုပဲ ဖြစ်ပါတယ်..
အိမ်မှာက ရှင်းလင်းနေတယ်ဆိုသည့်တိုင် ပစ္စည်းတွေက လိုတာရော..မလိုတာရော အကုန်ရှိနေတတ်ကြပါတယ်

ကိုယ်အမြဲနေထိုင်တဲ့အိမ်ခန်း..အိပ်ခန်းနဲ့ ခဏတစ်ဖြုတ်သွားလာ..တည်းခို
တဲ့ တည်းခိုခန်းကတော့ အခြေအနေချင်းမတူဘူးပေါ့ ဒါပေမယ့်ပြောချင်တာက ရှင်းလင်းသပ်ရပ်မှုဟာ လူတွေရဲ့စိတ်ကိုပါ ရှင်းလင်းစေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်

ကိုယ့်အိမ်ကိုယ့်ရာကိုယ့်အခန်းထဲမှရှုပ်ပွနေတယ်ဆိုပေမယ့် သားတွေသမီးတွေ..ကစားထားတဲ့ ပစ္စည်းလေးတွေ အမျိုးသားလုပ်သူဖတ်လက်စစာအုပ်တွေနဲ့ မိသားစုဆိုတဲ့အရိပ်အငွေ့ရနေတာကတော့အမှန်ပါပဲ ဒီအငွေ့အသက်တွေကိုတန်ဖိုးထားရမှာဖြစ်ပေမယ့် ရှိသမျှ ပစ္စည်း အစုတ်
အဟောင်းတွေအားလုံးကို ဘယ်တော့မှမလွှင့်ပစ်ဘဲ..သိမ်းထားဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူး ဖြစ်လည်းမဖြစ်သင့်ပါဘူး

တခါတလေ ကျွန်မတို့ အိမ်တွေမှာက
အိပ်ရာခေါင်းရင်းမှာစာအုပ်တွေပုံနေတတ်တယ်
သောက်ပြီးသားရေသန့်ဘူးတွေ မပစ်ဘဲ ထား..ထားမိတယ်
ရေချိုးခန်းထဲမှာ သုံးတာရော..မသုံးတာရော ..
ရက်ကုန်နေတာ..လက်ဆောင်ရတာ..
အကုန်လျှောက်ဝယ်..သိမ်းထား။
လွှင့်လည်းမပစ်..သူများလည်းမပေးဒီတိုင်းဘဲ တပုံပုံဖြစ်နေတဲ့ Shampoတွေ.. ဆပ်ပြာတွေ စကင်းကဲတွေ..ရှိနေတတ်တယ်.. မှန်တင်ခုံမှာလည်းထိုနည်းလည်းကောင်းပဲ ဆေးခြောက်နေတဲ့လက်သည်းနီတွေ
ပြုတ်ထွက်နေတဲ့ ဆွဲကြိုးအပြတ်စလေးတွေ တန်းလန်း..တန်းလန်းနဲ့ချိတ်ထားတဲ့ ဘီးကုပ်တွေ ခေါင်းစည်းတွေ ..။
စာကြည့်စားပွဲပေါ်မှာ..
အံဆွဲထဲမှာ..
အဝတ်ဗီရိုထဲမှာ..စုပြုံ ကျပ်ပိတ်သိပ်နေတယ်
တချို့အိမ်တွေမှာဆို..ကြွက်သိုက်တွေလို ဗြုတ်စဗျင်းတောင်းဖြစ်နေတတ်ကြတယ်..

သုတေသနပြုချက်အရ
Cluttered Home can also lead to mental clutter..တဲ့..
ရှုပ်ပွနေတဲ့..အိမ်ကြီးတစ်လုံးဟာ..
ရှုပ်ထွေးနေတဲ့
စိတ်အစဉ်တန်းကြီးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်..တဲ့..

ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို
ကိုမမြင်ရတဲ့အခါမှာ
စိတ်ရှုပ်တာတွေလည်းအလိုလိုပျောက်သွားတတ်ပါတယ် ဒါကြောင့်စိတ်ကိုရှင်းချင်တယ်ဆိုရင် ကိုယ်နေထိုင်ရာ..အိပ်စက်ရာ..အလုပ်လုပ်ရာ
ပတ်ဝန်းကျင်ကိုပါ
ရှင်းလင်းသွားအောင် အရင်ဆုံးပြုပြင်ပေးဖို့လိုအပ်ပါတယ်
Declutter your physical environment.

လူအမြဲနေထိုင်တဲ့အိပ်ခန်းတစ်ခုဟာ
ဟိုတယ်ခန်းတစ်ခုလို သပ်ရပ်နေဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး..ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်က ပစ္စည်း
တွေကို တတ်နိုင်သလောက် သပ်ရပ်ရပ်ထားဖို့အတွက်ကိုတော့ ကြိုးစားဖို့လိုပါတယ်

ကျွန်မဆိုရင်စိတ်တွေရှုပ်လာတာနဲ့ အိမ်ကိုထပြီးရှင်းပစ်လိုက်တယ်

အဓိကအားဖြင့်တော့ ကိုယ်အမြဲနေတဲ့..အသုံးပြုနေတဲ့ နေရာတွေပေါ့ စာရေးတဲ့နေရာ..အိပ်ခန်း.. အဝတ်ဗီဒို စာကြည့်ခန်း စသည်ဖြင့်ပေါ့..
စိတ်ညစ်နေလို့ အမှိုက်ပုံထဲမှာ ထိုင်နေရင် ပိုစိတ်ညစ်လာဖို့ပဲရှိတယ်..

အိမ်ကျယ်ကျယ်မှာ မှာနေပြီး..အခန်းအပိုတွေအများကြီးရှိတဲ့သူ အတွက်ကတော့မလိုချင်တော့တဲ့
မသုံးတော့တဲ့. မကြည့်ချင်တော့တဲ့ ပစ္စည်းတွေကို အခန်းတစ်ခုထဲပိတ်ထည့်ထားလိုက်ဖို့လွယ်ပါတယ် နေရာကျယ်ကျယ်မရှိဘူးဆိုတဲ့သူတွေကတော့ နောက်ထပ်မလိုတော့တဲ့
ပစ္စည်းတွေကိုနောက်ထပ်ဝယ်ပြီး သိမ်းနေမိတာမျိုး မလုပ်ဖို့ကြိုးစားနိုင်ပါတယ်

တစ်မျိုး..စဉ်းစားကြည့်မယ်ဆိုရင် အစုလိုက် အပြုံလိုက်ဖြစ်နေတဲ့ထဲက ယပ်တောင်တစ်ချောင်း ဂျာနယ်အဟောင်းတစ်စောင်
Stapler စာရွက်ချုပ်စက်ကလေးတစ်ခု
ကတောင် ကျွန်မတို့အလကားရခဲ့တာမဟုတ်ဘဲ ပိုက်ဆံနဲ့ပေးဝယ်ခဲ့တာတွေဖြစ်ပါတယ်
အရာအားလုံးဟာ ပိုက်ဆံတွေချည်းပါပဲ စျေးကြီးကြီးပေးခဲ့ရတာရှိတယ် စျေးပေါတဲ့ ပစ္စည်း တွေလည်းပါတယ်..

ဘယ်လိုပဲဖြစ်ဖြစ် သွားကြားထိုးတံလေးတစ်ချောင်းကိုတောင် ပိုက်ဆံပေးပြီးဝယ်ခဲ့ရတာပါလားဆိုတဲ့စိတ်မျိုးဝင်လာရင် သုံးခဲ့မိတဲ့ဒီပိုက်ဆံတွေ အတွက် နှမျောတသ ဖြစ်မိမှာပဲဖြစ်ပါတယ်

ပစ္စည်း တွေကကျွန်မတို့အနားမှာစုပုံနေတတ်ကြတယ်
ဒါတွေအားလုံးဟာ
အလကားရခဲ့တယ်ဆိုရင်တောင်မှ ဒါတွေ
ဖြစ်ပေါ်လာတဲ့ ထိုလုပ်မှုကုန်ကျစရိတ် အဆင့်ဆင့်တွေ ရှိခဲ့တာပဲဖြစ်ပါတယ်

ဒါကြောင့် မလိုအပ်သေးတဲ့
ပစ္စည်း တွေကိုဝယ်ယူအသုံးပြုခြင်းမလုပ်တာဟာ လူသားအရင်းအမြစ်နဲ့ စွမ်းအင်တွေကို ခြွေတာရာရောက်သလို ကျွန်မတို့နေထိုင်တဲ့ Living Space တွေကိုလည်း ပိုပြီးအသုံးချရာ ရောက်ပါတယ်

ကျွန်မရဲ့မိတ်ဆွေမိသားစုတစ်စုဟာ တိုက်ခန်းကျဉ်းလေးထဲမှာနေကြပါတယ် ဒါပေမဲ့..သူတို့အခန်းလေးထဲရောက်လို့ရှိရင် ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် လှလှပပပ..စည်းကမ်းတကျလေး..

သူတို့အခန်းလေးထဲ ရောက်သွားတဲ့အခါ အိမ်ရှင်အမျိုးသမီးကို
မချီးကျူးဘဲ မနေနိုင်ဘူး..
ကိုယ့်ရဲ့နေထိုင်ရာ အဝိုင်းအဝန်း Living Space ကို တန်ဖိုးထားတတ်တဲ့ အိမ်ရှင်မဟာ အိမ်နဲ့မိသားစုအပေါ် စိတ်အာရုံအပြည့်အဝရှိတယ်ဆိုတာ သူ့အိမ်ခန်းကလေးကို ကြည့်ရုံနဲ့ သိသာနေလို့ပဲ ဖြစ်ပါတယ်..

စိတ်ရှင်းချင်တယ်ဆိုရင် ကိုယ်နေ့စဉ်နေထိုင်ရာပတ်ဝန်းကျင်ကို အခါအားလျော်စွာရှင်းလင်းပေးနေဖို့ လိုအပ်ပါတယ်
Do your best to keep things tidy.

ဘာသာတရားတိုင်းဟာလည်း သပ်ရပ်သန့်ရှင်းမှုကို လိုလားပါတယ်..
ဒါဟာ မင်္ဂလာ တရားတော်နဲ့အညီ နေထိုင်ခြင်းလည်း ဖြစ်ပါတယ်..

စိတ်ကို အပြောင်းအလဲလေးတွေဖြစ်ချင်တယ်ဆိုရင်တော့
နေ့စဉ် မြင်နေကျ
မြင်ကွင်းတွေကိုပါ ပြောင်းလဲ နေရာချပေးနိုင်ပါတယ်..
Redecorate and/or rearrange your space.
အထားအသိုလေး နည်းနည်းလောက်ပြောင်းလဲလိုက်တာဟာလည်း..
စိတ်ကိုအသစ် Refresh ဖြစ်လာစေပါတယ်တဲ့..

မွန်ဟော်စီ
၂၀၂၀









Photo
Pinterest

11/08/2023

တောင်ယာဟင်းရည်
လူကြိုက်များတဲ့ အရသာကောင်းလွန်းတဲ့ဟင်းရည်ပါ
ချက်နည်းလည်းရေးပေးထားပါတယ်
တောင်ယာအချို နဲ့ တောင်ယာချဉ်စပ်
၂ မျိုးချက်ပါတယ်
သူ့ရဲ့အဓိကအရည်ကိုတော့
ယိုးဒယားငပိ ,ဆား ,ရေ တို့နဲ့ချက်ပါတယ်
မြေအိုးလေးနဲ့တစ်ခွက်စာချင်း ချက်ချင်းချက်ပေးတာမို့ပူပူလေးနဲ့သောက်လို့ကောင်းတာပါ
စချက်မယ်ဆို
မြေအိုးထဲချက်ထားတဲ့အရည်ထည့်ပြီးပွက်ပွက်ဆူစေပါတယ်
ပြီးမှ
စပါးလင် ကြက်သွန်ဖြူ ပုစွန် ရွှေဖရုံသီးတို့ထည့်တယ်
ဆက်ထည့်တဲ့အရွက်တွေကတော့ရာသီပေါ်အပွင့်တွေ
အညွန့်တွေ ပါ
မှိုလည်းထည့်ချက်ပါတယ်
သောက်ခါနီးမှ
ငရုတ်ကောင်းအလှော်မှုန့်နဲ့ပင်စိမ်းရွက်ထည့်တယ်
ချဉ်စပ်အတွက်ဆို
ငန်ပြာရည် ရှောက်ရည်ထည့်တယ်
ငရုတ်သီးစိမ်း ခရမ်းချဉ်သီးတွေပါထပ်ထည့်ပါတယ်
crd

11/08/2023

စိတ်ဆိုတာစွမ်းအင်တစ်ခုပါပဲ..

စွမ်းအင်ဆိုတဲ့ထဲမှာမှ
အင်မတန်ကြီးမားတဲ့စွမ်းအင်ဖြစ်ပါတယ်..လူတစ်ယောက်မှာစိတ်ကအရေးကြီးပါတယ်..အရာရာဟာ စိတ်ဓါတ်သိပ်ပြင်းပြနေတယ်ဆိုရင်..ဖြစ်လာ..ရလာ..တတ်ကြပါတယ် ..

စိတ်က ကိုယ့်ဘဝကို ပုံဖော်ထုဆစ်တယ်..အရာရာဟာ..ကိုယ့်စိတ်က ဆွဲငင်တဲ့ပုံစံအတိုင်း ဖြစ်လာတတ်ကြတယ်..အတွေးတွေကြောင့် ဘဝတွေ ပြောင်းနေတယ်လို့ ပိုင်းလော့ဆရာတော်ကြီး အမြဲဟောပါတယ်..

စိတ်ရဲ့စွမ်းအင်ကိုအားနည်းစေ
တတ်တဲ့အရာတွေရှိပါတယ်လို့ဖတ်ဖူးပါတယ်.. အကုန်လုံးတော့..မမှတ်မိပါ..

ဒါပေမဲ့.. ငိုက်နေတာ..ပျင်းနေတာ..မေ့နေတာ..
စားချင်နေတာ...လိုချင် လောဘတွေ များနေတာ...စတဲ့အရာတွေကလည်း...စိတ်ရဲ့ အင်အားကိုလျော့ကျစေ
သောအရာတွေ..ဆိုတာကိုတော့..မှတ်ထားမိပါတယ်..

အလုပ်
တစ်ခုကိုလုပ်ရမဲ့နေရာမှာ..ပျင်းနေပြီ..Focus ပျောက်ပြီး.. မေ့လျော့နေပြီ.. ဗိုက်ဆာလို့..အရင်စားလိုက်ဦးမယ် ..အိပ်လိုက်ဦးမယ်ဆိုတာတွေကို..ရှေ့တန်းတင်မိရင် မအောင်မြင် မပြီးမြောက်နိုင်ပါဘူး..

စိတ်စွမ်းအင်ကို..အဟန့်အတားဖြစ်စေတဲ့.. ပိတ်ဆို့စေတဲ့..အခြားအချက်တွေကတော့ အမျက်ဒေါသဖြစ်နေတာ.. ဝမ်းနည်း အားငယ်နေတာ.. စိုးရိမ်ပူပန်နေတာ..
မနာလိုစိတ်ဖြစ်နေတာ.. အပြိုင်အဆိုင်တွေများနေတာ.. သူများကိုနှိပ်စက်တတ်တာ.. ကလိမ်ကကျစ်တွေ လုပ်နေတာ..မာနတွေထောင်လွှားနေတာ ..ငါမှငါဆိုပြီး.. တင်းမာခက်ထန်နေတာ..မျိုးတွေလည်း..ပါဝင်ပါတယ်တဲ့..

ဒါတွေကဘာဖြစ်လို့..စိတ်အင်အားကိုနည်းစေရတာလဲလို့..တွေးမိကောင်းတွေးမိမှာဖြစ်ပါတယ်... ဘာဖြစ်လို့လဲဆိုရင်..ဒီအချက်တွေအကုန်လုံးဟာ ပြင်းအားရှိတဲ့..ခံစားမှုတွေ မို့လို့ပါပဲ .

မာန်မာနတို့ ..ဒေါသတို့..ဆိုတာက..အလျှံတညီးညီးတောက်လောင်နေတဲ့ မီးတောက်ကြီးတွေနဲ့တူပါတယ်...ဒါကိုဘာဖြစ်လို့ အင်အားနည်းတဲ့စွမ်းအင်လို့..ပြောရသလဲဆိုရင် ..သူကခဏတာပဲ..လောင်ကျွမ်း
ပေါက်ကွဲထွက်ပြီး ငြိမ်ကျပြီးဆုံးသွားတဲ့..အတွက်ကြောင့်ဖြစ်ပါတယ်..သူ့အင်အားက ဒီလောက်ပဲ ခံပါတယ်..တဲ့..

တကယ်တော့ လူတစ်ယောက်ဟာဒေါသကြီးတယ်ဆိုရင်...ဒီဒေါသဟာ သူ့ရဲ့..စိတ်မလုံခြုံမှု..စိတ်အားငယ်မှု..ဝမ်းနည်းမှုတွေကို..ပုံစံပြောင်းပြီး ဒေါသအနေနဲ့ဆွဲတင်ထားတာကြောင့်ဖြစ်ပါတယ်..

လူတစ်ယောက်ကအရမ်းရိုင်းစိုင်းခက်ထန်ကြမ်းတမ်းတယ်ဆိုတာဟာ သူ့ရဲ့အတွင်းစိတ်မှာ..အင်မတန်အားငယ်..ပျော့ညံ့
နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်..

မာန်မာနတွေအရမ်းထောင်လွှားနေတယ်... ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့တုပြိုင်ကြွားဝါနေတယ်ဆိုတာ သူ့ဆီမှာတကယ့်..တန်ဖိုးအနှစ်သာရမရှိလို့ဖြစ်ပါတယ်..

စိုးရိမ်ပူပန်တယ် ဆိုတာဟာ..လက်ရှိအချိန်မှာ တည့်နေအောင် မနေနိုင်လို့ပဲ ဖြစ်ပါတယ်..

မနာလိုတယ်ဆိုတာ..ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့ဖြစ်ပါတယ်..

ဒီအရာတွေရဲ့..ဆန့်ကျင်ဘက် တရားတွေသည်သာလျှင် တကယ် ကြီးမားတဲ့ စိတ်စွမ်းအား တွေ ဖြစ်ကြောင်း နားလည်ရမှာပါ..

ဒေါသရဲ့ဆန့်ကျင်ဘက် မေတ္တာဟာ ကြီးမားတဲ့စွမ်းအင်ဖြစ်ပါတယ်..
ခက်ထန်ကြမ်းတမ်းမှုရဲ့ဆန့်ကျင်ဘက်ဟာ..နူးညံ့သိမ်မွေ့တယ် ယဉ်ကျေးတယ် ..
မာန်မာနတွေရဲ့ဆန့်ကျင်ဘက်က..စိတ်လုံခြုံမှုရှိခြင်းဖြစ်ပါတယ်
ဂုဏ်တုဂုဏ်ပြိုင်..ကြွားဝါခြင်း
တွေရဲ့ဆန့်ကျင်ဘက်က ကိုယ်ပိုင်တန်ဖိုးနဲ့အနှစ်သာရ ရှိခြင်းပါပဲ..

ကြင်နာတတ်သူဟာ..ရဲရင့်တဲ့အတွက်ဖြစ်ပါတယ်..မနာလိုတာရဲ့ ဆန့်ကျက်ဘက်ဟာ...သူများအဆင်ပြေ..ချမ်းသာ အောင်မြင်မှုအတွက် ကျေနပ် ဝမ်းသာတတ်တဲ့ မုဒိတာစိတ်ဖြစ်ပါတယ်..

စိတ်ရဲ့သဘောဟာ..အင်မတန် ဆန်းကြယ်တယ် ..သတိထား
ကြည့်မိမယ်ဆိုရင်..စိတ်ဝင်စားစရာတွေ.. အများကြီးတွေ့ရတယ်.. ကိုယ့်စိတ်ကို..ကိုယ်နားလည်လာတဲ့အခါမှာ..ကျေနပ်နှစ်သိမ့်ခြင်းတွေ ဖြစ်ရတယ် ..

တစ်ခါတလေ..ကိုယ်တောင်မှ..ထင်မှတ်မထားတဲ့ အတ္တတွေ..မာနတွေကို...ခပ်ပါးပါးလေး..ပြန်တွေ့လိုက်ရတဲ့အခါတွေလည်းရှိတယ်...ဒီအခါမှာ ကိုယ်တိုင်
တောင်..ပြန်လန့်သွားရတတ်တယ် ကိုယ့်ကိုယ်ကိုယ်..ပြန်ပြီးကြောက်ရွံ့သွားရတာ...ရှက်သွားတာ..ရွံသွားတာမျိုးတွေလည်းကြုံခဲ့ရဖူးပါတယ်

ဥပမာ..အားဖြင့်..
Facebook မှာ.. ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းတစ်ယောက်က ..ဒီမှာတော့ပွဲဖြစ်နေကြပြီ...ဘယ်သူနဲ့ဘယ်သူနဲ့..ဘာတွေရေးနေကြပြန်ပြီဆိုပြီး Link တွေပေးကြတာကို
တွေ့ရင်.. ကိုယ်နဲ့ဆိုင်ဆိုင်..မဆိုင်ဆိုင် သွားကြည့်မိတဲ့အခါရှိပါတယ်..
အကုသိုလ်ထဲ ဆင်းသွားတာမျိုးပေါ့..

အဲဒီအခါမှာ..ဘာဖြစ်လို့များ..သူများရဲ့ကိုယ်ရေးကိုယ်တာကိစ္စ...နောက်ပြီး သိလို့ကောင်း..တဲ့အကျိုးရှိတဲ့ ကိစ္စလည်းမဟုတ်ဘဲနဲ့များ..ဘာဖြစ်လို့ သွားပြီးကြည့်လိုက်မိရတာလဲ..ကြည့်ချင်ရတာလဲဆိုပြီး ကိုယ့်စိတ်ကိုယ်..ရှက်သွားမိတာမျိုးပါပဲ....
.ဘယ်သူကမှတော့..Perfect ဖြစ်နေတယ်ဆိုတာ မရှိပါဘူး..အဓိက..ကတော့..ကိုယ့်စိတ်ကို..ကိုယ်ဘာဖြစ်နေသလဲဆိုတာကို သတိရှိနေဖို့ပါပဲ..

အကုသိုလ်စေတသိတ်တွေမှာ..ကျင်လည် ကျက်စား..နစ်မွန်းနေတာတွေ များတဲ့အခါ..
စိတ်တွေဟာအရမ်းကိုခွန်အားနည်းနေလာတယ်..လူကလည်း ယိုင်နဲ့ပြိုဆင်းကျလာတာသဘာဝပါပဲ..

ကိုယ့်စိတ်ကို..ကိုယ်ပြန်ပြီး..ဆန်းစစ်တတ်ဖို့ဟာ..အရေးကြီးတယ်..
ဒီလို စိတ် အညစ်အကြေးတွေ ပိတ်ဆို့နေပြီ...
ဆိုရင်..ဆေးကြော..ရှင်းထုတ်ပေးရပါမယ် ..

အသက်ရှူလေ့ကျင့်ခန်းလုပ်တာ..စိတ်ကိုစောင့်ကြည့်တာ.. ကောင်းတဲ့အတွေးတွေနဲ့အစားထိုးပေးတာ..စိတ်အပြောင်းအလဲတွေ လုပ်ပေးတာ..တွေဟာ
စိတ်ကိုပြုပြင်ပေးခြင်းပါပဲ ကြည်လင် သန့်ရှင်းနေတဲ့စိတ်..စွမ်းအားပြည့်နေတဲ့ စိတ်ဟာ..ကုသိုလ်စိတ်ဖြစ်ပါတယ်..

တစ်နေ့တစ်နေ့အတွေးတွေ..အများကြီးတွေးကြပါတယ် ..အချိန်နဲ့အမျှ စိတ်တွေများကြီးဖြစ်နေကြပါတယ်

တချို့ရက်တွေမှာ..စိတ်မကြည်ဘူးဆိုတာက စိတ်ထဲမှာ..တစ်ခုခုကပိတ်ဆို့နေတဲ့တွက်ကြောင့်ဖြစ်ပါတယ် ..ဘာမှမဟုတ်တဲ့..Facebook ပေါ်က Comment လေး တစ်ခုကြောင့်တောင်..တစ်နေ့တာလုံးစိတ်ညစ်ပြီး မကြည်မသာဖြစ်ရတာမျိုးတွေရှိတယ် ..အကုသိုလ်တွေ ဖြစ်ကြရတယ်..

ဒါကြောင့်တစ်နေ့တာမှာ မကြာခဏစိတ်ကိုစောင့်ကြည့်ပေးပါ.. စိတ်ကိုအေးအောင်နေပါ..သတိရှိနေပါ..Mindful ဖြစ်နေပါစေ..

အကုသိုလ်မပေးတဲ့အရာတွေနဲ့..ဆက်သွယ်ပါ.. သစ်ပင်တွေဖြစ်ချင်ဖြစ်မယ်..ရုပ်ပုံကားချပ်တွေဖြစ်ချင်ဖြစ်မယ်.. ဝါသနာတစ်ခုခုမှာ..အာရုံစိုက်နေတာမျိုး..ဖြစ်ချင်ဖြစ်မယ် ..

စိတ်ရဲ့ စွမ်းအင်ကို ဖြည့်မပေးနိုင်ဘူး ဆိုရင်တောင်မှ..အားနည်းသွားစေတဲ့ အတွေးတွေကို သတိထား ဖယ်ထုတ်ပစ်ပါ..

မွန်ဟော်စီ
၂၀၂၁ သြဂတ်စ်





#မနက်စာအာဟာရ


Photo
Pixabay

19/07/2023

Nobody is ever too busy တဲ့။
အချိန်တိုင်း အမြဲ အလုပ်ရှုပ်နေတဲ့သူဆိုတာ
ဒီကမ္ဘာမှာ မရှိပါဘူး။

လူတွေဟာ သူတို့စိတ်ဝင်စားတဲ့အရာတွေ
သူတို့သဘောကျ နှစ်သက်တဲ့အရာတွေ
သူတို့တန်ဖိုးထား မြတ်နိုးတဲ့အရာတွေဆိုရင်
အချိန်ပေးလေ့ ရှိကြတာပါပဲ။

လူတွေအပေါ်ဆို ပိုလို့တောင် အချိန်ပေးပါတယ်။
ဘယ်လောက်ပဲ မအားလပ်နေပါစေ
သူတို့ စိတ်ဝင်စားတဲ့သူ
သူတို့ သဘောကျတဲ့သူ
သူတို့ တန်ဖိုးထားတဲ့သူတွေကို
မရ ရအောင် အချိန်ပေးကြပါတယ်။

တစ်နည်းအားဖြင့်ပြောရရင်
priority ပိုပိုဖြစ်သလောက်
အချိန်တွေကိုလည်း ပိုပိုပေးတတ်ကြပါတယ်။

ဥပမာ -
တန်ဖိုးမထားဖြစ်တဲ့သူဆိုရင်
ဘယ်လောက် message ပို့ပို့ ဖွင့်ကြည့်ဖြစ်မှာ မဟုတ်ဘဲ
တန်ဖိုးအထားရဆုံးသူဆိုရင်တော့
အခု message ပို့တာနဲ့ အခု reply လိုက်မှာ ဖြစ်ပါတယ်။

လောကကြီးမှာ တကယ်ကို အလုပ်များတဲ့သူတွေ၊
Personal time နည်းတဲ့သူတွေ ရှိပါတယ်။
ဒီလိုလူတွေတောင်မှ
သူတို့ရသလောက် personal time လေးမှာ
သူတို့ချစ်တဲ့သူတွေဆို အချိန်ပေးမှာပါပဲ။

ဒါဆို ဘာလို့များ တချို့သူတွေက
ကိုယ့်ကို မအားဘူးဆိုတဲ့ reason နဲ့
အချိန်မပေးကြတာလဲ။

အဖြေက ရှင်းရှင်းလေးပါ။
ကိုယ့်အပေါ် သူတို့ရဲ့ တန်ဖိုးထားခြင်း နည်းလို့
ကိုယ့်အပေါ် သူတို့ရဲ့ အချစ်တွေ နည်းလို့
ကိုယ်ဟာ သူတို့ရဲ့ priority မဖြစ်လို့ ဖြစ်ပါတယ်။

Message ၃၀ လောက်ပို့ထားလည်း ဖွင့်မကြည့်တာ
၃ ရက်နေလို့မှ တစ်ခါတောင် ဖုန်းမဆက်တာ
ချိန်းတွေ့တိုင်း မအားဘူးလို့ ငြင်းတာ
ဒါတွေဟာ တကယ် မအားလပ်လို့ မဟုတ်ဘဲ
ကိုယ့်အပေါ် မချစ်လို့ဆိုပြီး စွပ်စွဲမယ်ဆိုရင်
မှားစရာ မရှိပါဘူး။

လူတွေ ကိုယ့်ကို အချိန်ပေးအောင်
control လုပ်လို့ မရပါဘူး။
ကိုယ်က အတင်းတွယ်ကပ်နေတဲ့အခါ
သူတို့က ဒုက္ခတစ်ခုလိုတောင် မြင်လာဦးမှာပါ။

လူတိုင်းဟာ
ချစ်မြတ်နိုး တန်ဖိုးထားခံရဖို့နဲ့
အချိန်ပေးခံရဖို့ ထိုက်တန်ပါတယ်။

ကိုယ့်ကို တကယ်ချစ်ပြီး
ဘယ်လောက်မအား မအား အချိန်ပေးမယ့်သူတွေ
ဒီကမ္ဘာမှာ အများကြီးရှိဦးမှာမို့

လက်ရှိ ကိုယ့်ဘေးနားကလူက
ကိုယ့်ကို လုံးဝ အချိန်မပေးတာမျိုး ရှိလာတဲ့အခါ
ထိုသူကို ရှောင်ခွါဖို့ပဲ အကြံပြုပါရစေ။

ကျွန်တော့်ရဲ့ thank u Ex နဲ့ Dear Me … စာအုပ်တွေကို
Chat box မှာလည်း order လက်ခံပေးထားပါတယ်။
07.07.2023 မှာ စာအုပ်သစ်လေး ထွက်ရှိပါမယ်။

AD
July 04, 2023

your secret friend
your smart guy

19/07/2023

Seafood Sauce

မန်ကျည်းသီး လက်တစ်ဆုပ်စာရယ်၊
ထန်းလျက် တစ်ခဲ၊
ငံပြာရည် လက်ဖက်စားတစ်ဇွန်း၊ ငရုတ်သီးစိမ်း ၁၀ တောင့်၊ နံနံပင် လက်ဖက်စားဇွန်း ၂ဇွန်းစာပဲ လိုပါတယ်။ ပထမဆုံး မန်ကျည်းသီးကို ရေဆေးအရည်ညှစ်ပြီး သောက်ရေတစ်ခွက်စာနဲ့ ကျိုထားပါမယ်။ မန်ကျည်းရည်ပျစ်ပြီဆိုတာနဲ့ ထန်းလျက်ခဲထည့်ကျိုပါမယ်။ ပြီးတာနဲ့ အဖက်တွေစစ်ထုတ်ပြီး ငံပြာရည်၊ မြေပဲထောင်း ငရုတ်သီးစိမ်းပါးပါးလှီးပြီးမွှေပါမယ်။ နောက်ဆုံးမှ နံနံပင် ထည့်မွှေရင် အရသာရှိတဲ့ မန်ကျည်းချဉ်ရပါပြီ။

Crd

19/07/2023

Address

Main Road
Yamethin

Opening Hours

09:00 - 17:00

Alerts

Be the first to know and let us send you an email when Thawtar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share