GK’s Book Scout

GK’s Book Scout Your personal book scout in Myanmar. Finding your favorite books and delivering them safely worldwide

"အာဏာဟာ လူကို ဖောက်ပြန်ပျက်စီးစေတယ်၊ အကြွင်းမဲ့အာဏာကတော့ အကြွင်းမဲ့ ဖောက်ပြန်ပျက်စီးစေတယ်" ဆိုတဲ့စကားကို ဒီစာအုပ်က အကောင...
19/03/2026

"အာဏာဟာ လူကို ဖောက်ပြန်ပျက်စီးစေတယ်၊ အကြွင်းမဲ့အာဏာကတော့ အကြွင်းမဲ့ ဖောက်ပြန်ပျက်စီးစေတယ်" ဆိုတဲ့စကားကို ဒီစာအုပ်က အကောင်းဆုံး သက်သေပြပေးသွားသလိုပဲ။

- ယင်းမာပင်ကွင်းက လယ်ပိုင်ရှင် ဦးသာခေါင်ကို တိရစ္ဆာန်တွေက တော်လှန်ပြီး တိရစ္ဆာန်တွေ လွတ်လပ်ခွင့်ရအောင် လုပ်ခဲ့ကြတယ်ဆိုပေမဲ့၊ အဆုံးသတ်မှာတော့ ဝက်တွေဟာ သူတို့ကိုယ်တိုင် လူသားတွေလို ပြုမှုနေထိုင်စားသောက်ဝတ်စားပြီး အာဏာရဲ့အရသာကို အကြိုက်တွေ့လာကြပါတယ်။ တော်လှန်ရေးက အုပ်ချုပ်သူနာမ ပြောင်းလဲသွားရုံသပ်သပ်ပဲဆိုတာ တခြားတိရစ္ဆာန်တွေအတွက် မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

- စာမတတ်ပေမတတ်တဲ့ တခြားတိရစ္ဆာန်တွေဟာ သူတို့အတွက် ပုံမှန်စားသောက်နေထိုင်ရရင်ပဲ တင့်တိမ်ရောင့်ရဲ ကျေနပ်လာကြတယ်။ ဒီလို အသိပညာကင်းမဲ့တဲ့သူတွေကို အာဏာရှင်တွေက အသုံးချတယ်၊ ဝါဒဖြန့်ချီ Brainwash လုပ်ကြတယ်။ ဆိုလိုတာက အသိပညာမရှိတဲ့ တော်လှန်ရေးဟာ အာဏာရှင်သစ်တွေကို မွေးထုတ်ပေးလေ့ရှိတယ်။

- ဒီလို ဖိနှိပ်ချုပ်ချယ်မှုတွေကြားမှာ ကြီးပြင်းလာရတဲ့ မျိုးဆက်သစ်တွေဟာလည်း ဒါကိုပဲ "ပုံမှန်" လို့ မြင်လာကြပါတယ်။ ဒါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ လူမှုဗေဒဖြစ်စဉ်တစ်ခုပါ။

ဇာတ်သိမ်းမှာ ဝက်တွေနဲ့ လူတွေ ရန်ဖြစ်နေတာကို အပြင်က တိရစ္ဆာန်တွေ ငေးကြည့်ရင်း "ဘယ်သူက ဝက်လဲ၊ ဘယ်သူက လူလဲ" ဆိုတာ ခွဲခြားမရတော့တဲ့ အခိုက်အတန့်က ဒီစာအုပ်ရဲ့ အထိမိဆုံးအပိုင်းပါ။

ဖိနှိပ်သူကို တော်လှန်ရင်း ကိုယ်တိုင် ဖိနှိပ်သူ ပြန်မဖြစ်လာဖို့ ဘယ်လောက်အထိ သတိထားရမလဲဆိုတာ သတိပေးတဲ့စာအုပ်မျိုးလို မြင်မိပါတယ်။

#ခြေလေးချောင်းတော်လှန်ရေး
#သခင်ဘသောင်း
’sBookScout

အနုပညာသမားတစ်ယောက်နဲ့ သူဌေးသမီး အချစ်ဇာတ်လမ်းစာအုပ်လေးပေါ့။ မတူညီတဲ့ ဘဝနှစ်ခုကို အချစ်နဲ့ရင်ဆိုင် ကျော်ဖြတ်ခဲ့ကြတယ်။ အဆု...
11/02/2026

အနုပညာသမားတစ်ယောက်နဲ့ သူဌေးသမီး အချစ်ဇာတ်လမ်းစာအုပ်လေးပေါ့။ မတူညီတဲ့ ဘဝနှစ်ခုကို အချစ်နဲ့ရင်ဆိုင် ကျော်ဖြတ်ခဲ့ကြတယ်။ အဆုံးသတ်တော့ ချစ်ခြင်းမေတ္တာသည်သာ အနိုင်ရစမြဲပေါ့။

#ကြွေရင်အတူတူကြွေမယ်
#မိုးမိုး(အင်းလျား)

တကယ်အရေးပါတာက ကျေးဇူးတင်တက်ခြင်းပါ။ ကိုယ့်မှာ ရှိတဲ့အရာအတွက် အစဉ်တစိုက် ကျေးဇူးတင်တတ်တဲ့ လူတွေက သူတို့ရဲ့ကိုယ်ပိုင်ပျော်...
11/02/2026

တကယ်အရေးပါတာက ကျေးဇူးတင်တက်ခြင်းပါ။
ကိုယ့်မှာ ရှိတဲ့အရာအတွက် အစဉ်တစိုက် ကျေးဇူးတင်တတ်တဲ့ လူတွေက သူတို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကို ဖန်တီးနိုင်မယ့် လူတွေပါပဲ။ သူတို့မှာ အမြဲတမ်း ကျေးဇူးတင်နိုင်တဲ့ နှလုံးသားမျိုး ရှိကြပါတယ်။


#ပျော်ရွှင်သောငွေကြေး

Chinua Achebe ရဲ့ Things Fall Apart ဆိုတာ ကမ္ဘာ့စာပေလောကရဲ့ အရေးပါဆုံး စာအုပ်တွေထဲက တစ်အုပ်ပါ။ ဒီစာအုပ်ကို ဆရာ ဒီနိုဗို ...
10/02/2026

Chinua Achebe ရဲ့ Things Fall Apart ဆိုတာ ကမ္ဘာ့စာပေလောကရဲ့ အရေးပါဆုံး စာအုပ်တွေထဲက တစ်အုပ်ပါ။ ဒီစာအုပ်ကို ဆရာ ဒီနိုဗို က “တကွဲတပြား” လို့ မြန်မာဘာသာပြန်ဆိုထားပါတယ်။

ဒီစာအုပ်မတိုင်ခင်က အာဖရိကတိုက်ကို လူရိုင်းတွေနေတဲ့နေရာလို့ ကမ္ဘာက မြင်ခဲ့ကြပေမဲ့ Achebe ကတော့ အာဖရိကမှာလည်း သူတို့ဘာသာစကား၊ ယဉ်ကျေးမှု၊ တရားဥပဒေစနစ်နဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိနေခဲ့တယ်ဆိုတာကို ဒီလက်ရာနဲ့အတူ သက်သေပြခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း -
နိုင်ဂျီးရီးယားနိုင်ငံက အိုခမ်းကို (Okonkwo) ဆိုတဲ့ နပန်းသမားဟာ မာန်မာနကြီးပြီး သန်မာတဲ့သူပါ။ သူ့အဖေလို ပျော့ညံ့သူ၊ အကြွေးထူသူ မဖြစ်ရဘူးလို့ ဆုံးဖြတ်ထားပြီး ယောကျ်ားပီသမှုကို အစွန်းရောက်အောင် ဆုပ်ကိုင်ထားတဲ့သူပေါ့။ အပြင်ပန်းမှာ ကြမ်းတမ်းပေမဲ့ အတွင်းစိတ်ထဲမှာတော့ သူ့အဖေလို လူဖြစ်မှာကို အမြဲကြောက်ရွံ့နေခဲ့သူပါ။
အဲ့ဒီကြောက်စိတ်ကြောင့်ပဲ သူချစ်တဲ့ သမီးဖြစ်သူ အီဇင်းမားနဲ့ မွေးစားသားလို ချစ်ရတဲ့ အီကမ်းမဲဖူနာတို့အပေါ်မှာ မေတ္တာကို မြိုသိပ်ထားခဲ့တယ်။ နောက်ဆုံးမှာတော့... ပျော့ညံ့တယ်လို့ အထင်မခံနိုင်တာကြောင့် သူ့ကို "အဖေ" လို့ အားကိုးတကြီး ခေါ်နေတဲ့ အီကမ်းမဲဖူနာကို သူကိုယ်တိုင် ဓားနဲ့ခုတ်သတ်ပစ်ခဲ့တယ်။ ဒါဟာ သူ့ဘဝအတွက် ဘယ်တော့မှ မပျောက်ပျက်တော့မယ့် နာကျင်မှု ဒဏ်ရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။

တစစီ ပြိုကွဲပျက်စီးခြင်း -
ရွာရဲ့ အသုဘတစ်ခုမှာ အမှတ်မထင် လူသတ်မိလို့ နယ်နှင်ဒဏ် ၇ နှစ် ခံခဲ့ရပြီးနောက် သူ့ရွာကို သူပြန်လာချိန်မှာတော့ အရာရာ ပြောင်းလဲနေပါပြီ။ ကိုလိုနီလူဖြူတွေနဲ့ ဘာသာရေးအသစ်တွေ ဝင်ရောက်စိုးမိုးနေပါပြီ။

စာရေးသူဟာ သူတို့လူမျိုးရဲ့ Dark Side တွေ ကိုပါ ပွင့်ပွင့်လင်းလင်း ချပြထားပါတယ်။ အမြွှာမွေးရင် တောထဲစွန့်ပစ်တာမျိုး၊ စပါးကြီးမြွေကို နတ်ဘုရားလို့ မျက်ကန်းယုံကြည်ကြတာမျိုးတွေပေါ့။ ဒါပေမဲ့ ခရစ်ယာန်ဘာသာထဲ ဝင်သွားသူတစ်ဦးက အဲ့ဒီမြွေကို သတ်လိုက်တဲ့အခါ ဘာဘေးဒုက္ခမှ ဖြစ်မလာတော့မှ ရာစုနှစ်ချီ ယုံကြည်လာတဲ့ နတ်ဘုရားတွေအပေါ် သံသယ ဝင်လာကြတယ်။ ဒါဟာ အဖွဲ့အစည်းတစ်ခုလုံး ပြိုကွဲခြင်းရဲ့ အစပဲ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ အိုခမ်းကိုဟာ သူတန်ဖိုးထားတဲ့ ကမ္ဘာကြီး တစစီ ပြိုကွဲသွားတာကို မကြည့်နိုင်တော့ဘဲ၊ သူ့ရဲ့ ဂုဏ်သိက္ခာကို အဆုံးစီရင်ခြင်းနဲ့ပဲ နိဂုံးချုပ်သွားခဲ့ပါတယ်။

စာအုပ်တစ်အုပ်ထဲက စာသားတစ်ခုကို ကိုးကားရရင် “အပြောင်းအလဲမှာ လိုက်မပါနိုင်တဲ့သူတွေဟာ ဒိုင်နိုဆောတွေလို မျိုးတုံးပျောက်ကွယ်သွားမယ်ဆိုသလိုမျိုး” အိုခမ်းကိုလည်း အဲ့ဒီလိုဖြစ်သွားတယ် ဆိုရမှာပဲ။

တွေးစရာတွေကတော့ … အများကြီးကျန်ခဲ့…။

စာကောင်းပေကောင်းတွေကြိုက်တယ်ဆို ဖတ်ကြည့်လိုက်ပါ!!





#ဒီနိုဗို
#တကွဲတပြား

ကဗျာစာအုပ် မဖတ်ဖြစ်တော့တာ ၆ နှစ်တောင်ကျော်ခဲ့ပါပြီ။ ကဗျာတွေကို ခံစားဖို့ စိတ်ခံစားချက် အလုံအလောက်မရှိခဲ့တာလည်း ပါတာပေါ့။...
03/02/2026

ကဗျာစာအုပ် မဖတ်ဖြစ်တော့တာ ၆ နှစ်တောင်ကျော်ခဲ့ပါပြီ။ ကဗျာတွေကို ခံစားဖို့ စိတ်ခံစားချက် အလုံအလောက်မရှိခဲ့တာလည်း ပါတာပေါ့။ ကဗျာတွေကို ဖတ်ရတဲ့အခိုက်မှာ ခံစားရတဲ့ ဖိလင်ကို တော်တော်ခိုက်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ မမျှော်လင့်ဘဲ ဝယ်လိုက်တဲ့ အလင်္ကာရဲ့ ချစ်ခြင်းရဲ့မျက်နှာမူရာအရပ်က မောင် ဆိုတဲ့ ကဗျာစာအုပ်က ကောင်းတော့ ကဗျာစာအုပ်တွေပြန်ဖတ်ဖို့ လမ်းစ ပြန်တွေ့သွားသလိုပါပဲ။ ဒီစာအုပ်ကတော့ မောင့်ကို လွမ်းဆွတ်ခြင်း အသည်းကွဲကဗျာတွေကြည့်ပါပဲ။

ကဗျာစာအုပ်ထဲက တချို့ကို ပြန်လည်မျှဝေပါ့မယ်… ကြိုက်တာကတော့ တစ်အုပ်လုံးကြိုက် :3

(၁)
ဘယ်တော့မှ မနီးနိုင်တဲ့
ပြိုင်မျဉ်းရဲ့ ဘေးမှာ
မောင့်မျက်နှာကို
ငေးငေးပြီး ဖြတ်ပြေးနေရတာလဲ
ဝဋ် ဒုက္ခတစ်မျိုးပါပဲ။

(၁၃)
ပိုင်ဆိုင်သမျှ အားလုံးပေး
မောင်နဲ့လဲကြေးဆိုရင်တောင်
မောင့်ကိုပျော်ပျော်ကြီး ရွေးပါတယ်။

(၃၅)
တခါတလေ
ကိုယ်ပိုင်ဖြစ်မလာမဲ့ အရာတွေကို
တမေ့တမော…ငေး
ဆရာမင်းသုဝဏ်ရေးသလို
ဘကြီးအောင်ညာတယ်ထဲကလို
သေရေးရှင်းရေးသာ အဖက်တင်တယ်
အရာရာ … ဒိုင်စား
မောင်ကရော သနားခဲ့ရဲ့လား …။

(၄၃)
၃၁ ဘုံမှာ
မောင်ပေးတဲ့
ဒုက္ခသစ္စာဟာ အလှဆုံးပဲ …။

(၉၄)
ပုံမှန်သောက်နေကျ
လက်ဖက်ရည်ထဲမှာ
ပျော်ရွှင်ခြင်းတွေကိုထည့်
မောင်နဲ့တည့်ပါစေလို့
ဆုတောင်းရတာပါပဲ …။

အချစ်ကြောင့် ဖြစ်တည်တဲ့ နာကျင်မှုကို လှလှပပ ခံစားချင်သူတွေ၊ လွမ်းဆွတ်ခြင်း အနုပညာကို မြတ်နိုးသူတွေအတွက် ဒီစာအုပ်ကို ကျွန်တော် Recommend လုပ်ပါတယ်။

ကျန်းမာကြပါစေ ❤️
စာလည်းဖတ်ဖြစ်ကြပါစေ 📚



#အလင်္ကာ
#ချစ်ခြင်းရဲ့မျက်နှာမူရာအရပ်ကမောင်

ဒီစာအုပ်က သာမန်စာအုပ်မျိုးတော့ မဟုတ်ဘူး။သေခြင်းတရားနဲ့ လက်တစ်လုံးအကွာမှ ရှင်သန်ခဲ့ရတဲ့ နာဇီခေတ်က အော့ဇဝစ် ဂျူးအကျဥ်းစခန်...
29/01/2026

ဒီစာအုပ်က သာမန်စာအုပ်မျိုးတော့ မဟုတ်ဘူး။
သေခြင်းတရားနဲ့ လက်တစ်လုံးအကွာမှ ရှင်သန်ခဲ့ရတဲ့ နာဇီခေတ်က အော့ဇဝစ် ဂျူးအကျဥ်းစခန်းမှာ တွေ့ကြုံခဲ့ရတာတွေကို တင်ပြထားတာပါ။ အစာရေစာပြတ်လပ်ပြီး နေ့တိုင်းလူသေတွေကို မြင်နေကြားနေရတဲ့ကြားကနေ ဘာကြောင့်တချို့က ဆက်ရှင်သန်ဖို့ ခွန်အားရှိနေသလဲဆိုတာကို ရှာဖွေပြထားတာပါ။

ဘဝမှာ အရာအားလုံးကို အလုခံရရင်တောင်... တစ်ခုတည်းသော အလုမခံနိုင်တဲ့အရာကတော့ ကြုံလာတဲ့ ဒုက္ခအပေါ် ကိုယ်ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုယ့်ရဲ့ ရွေးချယ်ခွင့်ပဲတဲ့။
အခက်ခဲဆုံးအချိန်မှာ ရှင်သန်ခြင်း [Viktor Frankl "Man's Search for Meaning”] ဘာသာပြန်စာအုပ်ကို ဖတ်ပြီးတဲ့အခါ ကိုယ်တွေ နေ့စဉ်ညည်းညူနေတဲ့ ပြဿနာလေးတွေဟာ စာဖွဲ့စရာတောင် မလိုတော့ဘူးဆိုတာမျိုးထိ ခံစားရတယ်။

စာရေးသူ ကိုယ်တိုင်ဟာ နာဇီအကျဉ်းစခန်းတွေထဲမှာ မိသားစုဝင်တွေ အသတ်ခံရ၊ အစားအသောက် ငတ်မွတ်ပြီး သေမင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အဲ့ဒီလို ငရဲခန်းတွေထဲမှာ သူရှာတွေ့ခဲ့တဲ့ အမှန်တရားကတော့ လူတစ်ယောက်ဟာ ရှင်သန်ရမယ့် အကြောင်းပြချက် (Meaning) ရှိနေသရွေ့ ဘယ်လိုဒုက္ခမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်တယ် ဆိုတာပါပဲ။
ဒီစာအုပ်ဖတ်ပြီးရင် ဘာရမလဲဆိုတော့ …
- ဒုက္ခဆိုတာ ရှောင်လွှဲလို့မရပေမယ့် အဲ့ဒီဒုက္ခကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ကိုယ်တွေ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိကြောင်း။
- ပျော်ရွှင်မှုဆိုတာ လိုက်ရှာရမယ့်အရာမဟုတ်ဘဲ အလုပ်တစ်ခုခု၊ လူတစ်ယောက်ယောက် ဒါမှမဟုတ် ဒုက္ခတစ်ခုခုအပေါ် ထားရှိတဲ့ အဓိပ္ပာယ်ထဲကနေ ထွက်ပေါ်လာရမယ့် ရလဒ်ဖြစ်ကြောင်း။

ဘဝမှာ လမ်းပျောက်နေသလို ခံစားရရင်ဖြစ်ဖြစ်၊ ကိုယ့်ဒုက္ခက လောကမှာ အကြီးဆုံးလို့ ထင်နေရင်ဖြစ်ဖြစ် ဒီစာအုပ်ကို ဖတ်ကြည့်ပါ။ ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ အခု သင်ကြုံနေရတဲ့ အခက်အခဲတွေက တော်ရုံတန်ရုံ ကိစ္စလေးတွေအဖြစ် အမြင်ပြောင်းလဲသွားပါလိမ့်မယ်။

ဒီအကျဥ်းစခန်းနဲ့ပတ်သတ်ပြီး စာရေးသူ ဖော်ပြထားတာ အပိုင်း ၂ ပိုင်းရှိပါတယ်။ ဒါကတော့ ပထမပိုင်း အကျဥ်းစခန်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဖော်ပြထားတာပါ။

ဒုတိယပိုင်းကတော့ ဒီလို ငရဲခန်းထဲမှာ ဘယ်လိုကြံ့ကြံ့ခံ ရှင်သန်ခဲ့တာလဲဆိုတဲ့ Logotherapy (လိုဂိုသရပီ) ကုထုံးအကြောင်းကိုဖော်ပြထားတာပါ။

လိုဂိုသရပီအကြောင်း ဒုတိယအပိုင်းကိုတော့ နောက်နေ့မှ ဆက်ပါ့မယ်။

ကျန်းမာကျပါစေ… စာလည်းဖတ်ပါ…။



#အခက်ခဲဆုံးအချိန်မှာရှင်သန်ပါ

ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ... ကိုယ်တွေလို မန္တလေးနယ်ဘက်မှာ မွေးခဲ့သူတွေအတွက် ငယ်ဘဝရဲဲ့အငွေ့ အသက်တွေ၊ ဓလေ့စရိုက်တွေကို ပြန...
13/01/2026

ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ... ကိုယ်တွေလို မန္တလေးနယ်ဘက်မှာ မွေးခဲ့သူတွေအတွက် ငယ်ဘဝရဲဲ့အငွေ့ အသက်တွေ၊ ဓလေ့စရိုက်တွေကို ပြန်လည် မြင်ယောင်မိပါတယ်။

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဆရာညီပုလေးရဲ့ ဝတ္ထုတို ၅ ပုဒ် စာအုပ်လေးပါ။ အဓိကတော့ မန္တလေးမြို့ကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပေါ့။ စာအုပ်ထဲမှာ -
၁။ ရတနာပုံရွှေမန္တလေးဝတ္ထု
၂။ မိုက်သလား ရိုက်သလား မမေးနဲ့
၃။ ဆာဟာရသမုဒ္ဒရာ
၄။ ကြောက်ချေးအိုး
၅။ အပြောင်မြှောက်ဆုံးလက်ရာ
ဆိုတဲ့ ဝတ္ထုတို ၅ ပုဒ် ပါဝင်ပါတယ်။

၅ ပုဒ်လုံးဟာ ညွှန်းစရာမလိုလောက်အောင်ကို ခေတ်ကာလတစ်ခုရဲ့ ပုံရိပ်ကို အထင်းသား ဖော်ပြနိုင်တဲ့ တကယ့်ရသကောင်း စာပေတွေပါ။

မန္တလေးရဲ့ မနက်ခင်းအာရုံတက် ကြေးစည်းခေါက်သံနဲ့အတူ ကြွချီလာမယ့် သဃံာတော်တွေ၊ ဆွမ်းလောင်းလှူဒါန်းကြမယ့် အလှူရှင်တွေနဲ့ ဖိုးသူတော်တို့ရဲ့ ဇာတ်လမ်းတွေ။

မန္တလေး ဘုန်းတော်တိုးရပ်ကွက်မှာနေတဲ့ မိုက်ပေ့ဆိုတဲ့ လူမိုက်နဲ့ ဆရာတစ်ယောက်ဇာတ်ကြောင်းရယ် အစရှိသဖြစ်ပေါ့လေ။

ကိုယ့်အတွက် ရင်ထဲကိုအထိခဲ့ဆုံးကတော့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်း အပြောင်မြှောက်ဆုံးလက်ရာဝတ္ထုလေးပေါ့။ ပန်းချီဆရာတစ်ယောက်နဲ့ ဆပ်ကပ်ကတဲ့ ဝိုင်းတင်တို့ရဲ့ ဇာတ်လမ်းလေးပေါ့။

ဘဝကို အရှိကို အရှိအတိုင်း၊ အလှကို အလှအတိုင်း ဖော်ပြတတ်တဲ့ ဆရာညီပုလေးရဲ့ လက်ရာတွေမို့ ရင်ဘတ်နဲ့ ခံစားဖတ်ရှုသင့်တဲ့ စာအုပ်မျိုးပါ။

"စာအုပ်တစ်အုပ်လုံးတာ ဖတ်ပြီးသွားတယ်... ငါဘာဖတ်မိလိုက်တာလဲ? ဆိုတဲ့ စာအုပ်မျိုးပေါ့ ဟားဟား"ဒီစာအုပ်က စာစဖတ်သူတွေအတွက် ရူးခ...
11/01/2026

"စာအုပ်တစ်အုပ်လုံးတာ ဖတ်ပြီးသွားတယ်... ငါဘာဖတ်မိလိုက်တာလဲ? ဆိုတဲ့ စာအုပ်မျိုးပေါ့ ဟားဟား"

ဒီစာအုပ်က စာစဖတ်သူတွေအတွက် ရူးချင်စရာလို့ ထင်ရပေမဲ့၊ ဘဝနဲ့ လောကကြီးကို အပေါ်ယံထက် ပိုကြည့်ချင်သူတွေအတွက်တော့ တွေးတောစရာ အထပ်လိုက်ကြီးပေါ့ဗျာ။

ဇာတ်ကောင်က တစ်ချိန်လုံး ပြေးနေရတယ်။ သူ့ကို တကယ် လိုက်သတ်နေတဲ့သူတွေ ရှိလား၊ မရှိလားတောင် မသေချာဘူး။ သူဟာ ဘာသာစကားမျိုးစုံတတ်တယ်၊ အသိပညာတွေ အများကြီးရှိတယ်လို့ ဆိုပေမဲ့ လက်တွေ့ဘဝရဲ့အဆုံးစွန်သော ကြောက်ရွံ့မှုရှေ့မှာတော့ အဲ့ဒီအသိတွေက ဘာမှ အသုံးမဝင်တော့ဘူးလို့ ဆိုတယ်။

စာအုပ်မှာ လူ့သဘာဝကို လှောင်ပြောင်သရော်ထားတာလေးကတော့ တကယ်ထိတယ်။ "လေယာဉ်ပျက်ကျခါနီးအချိန်ဆို ဘာသာမဲ့တွေ လျှော့ကျသွားတတ်တယ် ဟားဟား" တဲ့။

ဒီစာအုပ်က အဖြေပေးတဲ့စာအုပ် မဟုတ်ဘူး။ ခံစားချက်ပေးတဲ့ စာအုပ်ပါ။ စာမျက်နှာတိုင်းမှာ ပါတဲ့ ထူးဆန်းတဲ့ ပန်းချီကားတွေနဲ့ Scan ဖတ်ပြီး နားထောင်လို့ရတဲ့ ဂီတသံတွေကစာဖတ်သူကို ဇာတ်ကောင်နဲ့အတူ "အမောတကော" ဖြစ်လာစေပါတယ်။ ဆိုလိုတာ ဒီစာအုပ်က စာပေ၊ ပန်းချီ၊ ဂီတ သုံးခုလုံးပါဝင်ပါတယ်။ တစ်ခန်းချင်းစီမှာ ဂီတကို နားဆင်လို့ရမယ့် QR Code ပါမယ်၊ ပြီးရင် ဘာကြီးမှန်းမသိတဲ့၊ပန်းချီပုံပါမယ် :3

ဒီစာအုပ်က ဘဝကို သုံးသပ်ချင်သူတွေ၊ နက်နဲတဲ့ အတွေးအခေါ်တွေကို မြည်းစမ်းချင်သူတွေ၊ အဖြေထက် မေးခွန်းတွေကို ပိုချစ်တဲ့သူတွေအတွက်ပါ။


#ဟိုးမားကိုလိုက်ရှာခြင်း

“ကိုယ့်စိတ်ကို ကိုယ်ပိုင်ရင်... ကိုယ့်ဘဝကို ကိုယ်ပိုင်ပြီ”ဘဝမှာ ပြဿနာတွေနဲ့ ကြုံလာရတဲ့အခါ ထွက်ပြေးမလား? ရင်ဆိုင်မလား? ဒီ...
08/01/2026

“ကိုယ့်စိတ်ကို ကိုယ်ပိုင်ရင်... ကိုယ့်ဘဝကို ကိုယ်ပိုင်ပြီ”

ဘဝမှာ ပြဿနာတွေနဲ့ ကြုံလာရတဲ့အခါ ထွက်ပြေးမလား? ရင်ဆိုင်မလား? ဒီစာအုပ်က ကျွန်တော့်ကို ပေးလိုက်တဲ့ အဖြေကတော့ "ရင်ဆိုင်မှ ပြီးမယ်၊ မရင်ဆိုင်ဘဲ ရှောင်ပြေးနေရင်
သူရဲဘောကြောင်တာမျိုးဖြစ်တဲ့အတွက် ရှောင်ပြေးမနေသင့်ဘူးပေါ့။ ကိုယ်က စိတ်ချမ်းသာသလိုနေနေရင်တောင် မပြီးပြတ်သေးတဲ့ ပြဿနာဆိုတာရှိသေးကြောင်း ကိုယ်တိုင်သိနေတဲ့ ကိုယ့်စိတ်က ကိုယ့်အပေါ် အိမ်မက်ဆိုးလို အမြဲလွှမ်းမိုးနေမှာမို့”တဲ့။

ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ လူသာအတွေးအမြင် ရေးသားထားတဲ့ "စိတ်ခံစားချက်တွေကို ပိုင်နိုင်စွာ ထိန်းကျောင်းလိုက်ပါ" ဆိုတဲ့ စာအုပ်လေးပါ။

ဒီစာအုပ်မှာ ဘာတွေပါသလဲ?

- စိတ်ခံစားချက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပျော့ညံ့တဲ့သူ မဖြစ်အောင် ဘယ်လို ထိန်းကျောင်းမလဲ။

- စိတ်ခံစားမှု အားကောင်းချိန်မှာ အသိစိတ် နည်းသွားတတ်တဲ့ သဘာဝကို ဘယ်လို သတိကပ်မလဲ။

- ဘယ်လောက်ပဲ ဝမ်းသာ ဝမ်းနည်း၊ အချိန်တန်ရင် အားယုတ်သွားမှာမို့လို့... ခံစားပြီးရင် လွှတ်ချတတ်ဖို့။

ကိုယ့်အကြိုက်ဆုံးအချက်ဆိုရင်တော့ ….
"ဘယ်စိတ်ခံစားချက်မှ ကာယကံရှင်ရဲ့ လက်ခံမှု (Acceptance) မပါဘဲ မဖြစ်လာနိုင်ဘူး" ဆိုတဲ့ အချက်ပါ။ ကိုယ့်စိတ်ရဲ့ ဖြစ်ပျက်ပုံကို တစ်ခန်းချင်း ရှင်းပြထားတာမို့ တစ်ရွက်ချင်း လှန်ဖတ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရတာ တကယ့်ကို အရသာရှိပါတယ်။

ဆိုတော့ …ကိုယ့်စိတ်သဘာဝကို သေချာလေ့လာချင်သူတွေ၊ နေ့စဉ်ဘဝမှာ စိတ်ခံစားချက်နောက် မပါသွားဘဲ ကိုယ့်ဘဝကိုယ် ပိုင်စိုးချင်သူတွေအတွက် ဒီစာအုပ်က ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

အားလုံးဘေးကင်းကွာ စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိပါစေကြောင်း… နှင့်
ဒီနေ့ပဲ စာဖတ်လိုက်ပါ :3

စာအုပ်တွေ ဝယ်စုပြီး မဖတ်ဖြစ်တဲ့ "ရောဂါ" သင့်မှာ ရှိနေပြီလား? 📚😅စာဖတ်ချစ်သူတွေအနေနဲ့ ဒီစကားလုံးလေးကို ရင်းနှီးပါသလား?အင်္...
06/01/2026

စာအုပ်တွေ ဝယ်စုပြီး မဖတ်ဖြစ်တဲ့ "ရောဂါ" သင့်မှာ ရှိနေပြီလား? 📚😅

စာဖတ်ချစ်သူတွေအနေနဲ့ ဒီစကားလုံးလေးကို ရင်းနှီးပါသလား?

အင်္ဂလိပ်လို Bookish Terminology လို့ ခေါ်ပြီး၊ ဂျပန်လိုတော့ "Tsundoku" (積ん読) - စုဒန်ကု လို့ အသံထွက်ပါတယ်။

ဒီအဓိပ္ပာယ်က ဘာကိုဆိုလိုလဲဆိုတော့ စာအုပ်တွေကို မြင်ရင် မနေနိုင်လို့ ဝယ်တယ်၊ စာအုပ်စင်ပေါ်မှာတာ ပုံနေတယ် ဒါပေမဲ့ တစ်အုပ်မှ မဖတ်ဖြစ်သေးဘဲ ဆက်ဝယ်နေတဲ့သူတွေကို ဆိုလိုတာပါ။

ဝန်ခံရရင် ကိုယ်တိုင်လည်း တစ်ခါတလေ အဲ့ဒီလို "စုဒန်ကု" ဖြစ်နေတတ်ပါတယ်။ ဗဟုသုတတွေက စင်ပေါ်မှာ တိုးနေပေမယ့် ခေါင်းထဲ ရောက်မလာသေးဘူးပေါ့။

ဆိုတော့ သင်ရော အဲ့ဒီလို "စုဒန်ကု" ရောဂါသည်စာရင်းထဲ
ပါနေပြီလား???

လက်ရှိမှာ ဝယ်ထားပြီး မဖတ်ဖြစ်သေးတဲ့ စာအုပ် ဘယ်နှစ်အုပ်တောင် ရှိနေကြပြီးလဲ???

ပျင်းပျင်း မပျင်းပျင်း စာဖတ်ပါ... ချစ်လို့ပြောတာပါ :3

စာအုပ်တစ်အုပ်ကို အရမ်းဖတ်ချင်နေပေမယ့် ကိုယ်ရှိနေတဲ့နေရာက ဝယ်ရခက်နေတဲ့ ဒုက္ခကို ကိုယ်တိုင် ကြုံဖူးပါတယ်။ အထူးသဖြင့် နယ်မှ...
03/01/2026

စာအုပ်တစ်အုပ်ကို အရမ်းဖတ်ချင်နေပေမယ့် ကိုယ်ရှိနေတဲ့နေရာက ဝယ်ရခက်နေတဲ့ ဒုက္ခကို ကိုယ်တိုင် ကြုံဖူးပါတယ်။ အထူးသဖြင့် နယ်မှာနေတဲ့သူတွေနဲ့ ပြည်ပရောက်နေတဲ့သူတွေအတွက်ပေါ့။ ဒါကြောင့် စာဖတ်သူအချင်းချင်း ကူညီချင်တဲ့စိတ်နဲ့ ဒီ Service လေးကို စတင်လိုက်ပါတယ်။

- မြန်မာပြည်က ဘယ်စာအုပ်ဆိုင်မှာမဆို ရှိတဲ့ စာအုပ်ကို လိုက်ရှာဝယ်ပေးပါမယ်။

- စာအုပ်နာမည်နဲ့ စာရေးဆရာနာမည် ပြောရုံပါပဲ။

- ဝယ်ပြီးရင် စာအုပ်မထိခိုက်အောင် သေချာ ထုပ်ပိုး (Packing) ပေးပါမယ်။

- ပြည်တွင်း/ပြည်ပ ကြိုက်တဲ့နေရာကို Delivery နဲ့ ချိတ်ဆက်ပို့ဆောင်ပေးပါမယ်။

- စာအုပ်ဖိုးကို ဆိုင်က ဘောင်ချာအတိုင်းပဲ ရှင်းပေးရပါမယ်။

- ပို့ဆောင်ခ (Delivery Fee) ကိုတော့ မှာယူသူဘက်က ကျခံပေးရပါမယ်။

သီးသန့် ဝန်ဆောင်ခ သတ်မှတ်မထားပါဘူး။ စာအုပ်လည်း လက်ထဲရောက်၊ စိတ်ကျေနပ်မှုလည်း ရှိတယ်ဆိုရင် စေတနာရှိသလောက် Tips ပေးနိုင်ပါတယ်။ (Win-Win Solution လေးပေါ့ :3)

စာအုပ်ဖတ်ရတာကို မြတ်နိုးသူအချင်းချင်း ကူညီချင်တာမလို့ လိုချင်တဲ့စာအုပ်ရှိရင် Message မှာ ဆက်သွယ်လို့ရပါပြီ။

အားလုံးပဲ မင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ပါစေကြောင်း …

’sBookScout

Address

Yangon
11191

Website

Alerts

Be the first to know and let us send you an email when GK’s Book Scout posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category