07/13/2026
🌹ချစ်တတ်ဖို့ သင်ယူပါ…။🌹
ဘဝမှာ ကိုယ်ဟာ ဘယ်လိုလူစားမျိုးဖြစ်ချင်တာလဲ…ဖြစ်လာအောင်လေ့လာသင်ယူလို့ရပါတယ်…။ ဘယ်သူကမှ မွေးကတည်းက အလိုလိုတတ်မြောက်ကျွမ်းကျင်လာတာမဟုတ်ပါဘူး..။ ကိုယ်ဖြစ်ချင်တဲ့ပုံစံမျိုးရအောင် ကိုယ့်ဘဝကို ပုံဖော်နိုင်ပါတယ်…။ ကိုယ့်ပတ်ဝန်းကျင်ကနေ..သင်ယူနိုင်သလို..စာအုပ်တွေဆီကနေ သင်ယူနိုင်ပါတယ်..။ ဥပမာ..ကိုယ်က အရမ်းတော်တဲ့ ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်…တစ်ရက်ချင်းတစ်ရက်ချင်း ကြိုးစားသင်ယူနေမှ တစ်ဖြည်းဖြည်းချင်း တော်လာတာမျိုးဖြစ်ပါတယ်..။ နေ့တိုင်း ကြိုးစားနေဖို့လိုပါတယ်..။
ကြင်နာတတ်တဲ့သူ..ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ဖို့..နေ့ချင်းညချင်းကြီး ထမဖြစ်နိုင်ပါဘူး..။ နေ့ရက်တိုင်းမှာ..ကြင်နာတတ်တဲ့ အပြုအမူလေးတွေ..အလေ့အကျင့်လေးတွေ..အကျင့်စရိုက်လေးတွေ သင်ယူလေ့ကျင့်ပေးရမှာဖြစ်ပါတယ်..။ ကိုယ်တွေ့ကြုံဖူးတဲ့သူတွေဆီက..သူတစ်ပါးအပေါ် ကြင်နာတတ်တဲ့..ဂရုစိုက်တတ်တဲ့..အပြုအမူကောင်းလေးတွေ လေ့လာသင်ယူအတုယူတတ်ဖို့လိုပါတယ်..။
တစ်ချို့ဆို..သိပ်ချစ်တတ်ပါတယ်..။ ဂရုတစိုက် ကြင်နာတတ်တဲ့အပြုအမူလေးတွေ သိပ်လုပ်တတ်ပါတယ်..။ ကြောင်ကလေးတွေ..ခွေးလေးတွေအပေါ်…တယုတယ ချစ်ပြတတ်တာ..နူးနူးညံ့ညံ့..သိမ်သိမ်မွေ့မွေ့လေးနဲ့ စကားပြောတတ်တာ..တစ်ဖက်သားရဲ့ ခံစားမှုကို လေးစားတန်ဖိုးထားပေးတတ်တာ..စတဲ့ အမူအကျင့်လေးတွေ တွေ့တဲ့အခါ..ကိုယ့်ဆီမှာပါ ဒီအကျင့်လေး ကူးစက်လာအောင်..သင်ယူလေ့ကျင့်ပေးလို့ ရနိုင်ပါတယ်…။
ကံကောင်းတဲ့သူတစ်ချို့ကတော့..သူရှင်သန်ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာကိုက..မိသားစုချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ခင်လေးစားတန်ဖိုးထားတတ်တဲ့..အပြုအမူလေးတွေ..အလေ့အထလေးတွေနဲ့ ..နေ့စဉ်ဖြတ်သန်းကြီးပြင်းလာရတော့..သူကိုယ်တိုင်ကလည်း..ဂရုစိုက်တတ်..ကြင်နာတတ်..ချစ်တတ်တဲ့သူတစ်ယောက် အလိုလိုဖြစ်နေတတ်ပါတယ်…။ ချစ်တတ်ဖို့ကို အထူးတလည်ကြီး သင်ယူနေစရာ မလိုတော့ဘူးပေါ့…။ စိတ်ပညာအရ..မိသားစုဆီက နွေးထွေးလုံခြုံတဲ့ ချစ်ခြင်းမေတ္တာတွေ အပြည့်အဝ ရထားတဲ့သူဟာ…ချစ်ခင်နွေးထွေးတဲ့သူတစ်ယောက်ဖြစ်လာတတ်ပါတယ်…။ အဲ့ဒီလိုလူမျိုးနဲ့ ဆုံတွေ့ရရင်တော့..ကိုယ်ဟာ..ကံကောင်းသူပေါ့…။
တကယ်တော့ ချစ်တတ်ဖို့ကို သင်ယူလို့ရနိုင်ပါတယ်…။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ…ပါးစပ်ကနေ တဖွဖွ ပြောပြနေရတဲ့အရာမျိုးမဟုတ်ပါဘူး..။ အပြုအမူလေးတွေနဲ့ သက်သေပြဖို့လိုပါတယ်..။ သူ့ကိုကိုယ်ချစ်နေကြောင်း..သူသိဖို့လည်း လိုပါတယ်..။ သိအောင်လည်း..အပြုအမူလေးတွေ..စကားလုံးလေးတွေနဲ့ ပြသပေးရမှာပါ..။ တကယ်ချစ်တယ်ဆိုရင်..မျက်စိအောက်ကနေ အပျောက်မခံတာမျိုး…နေရာတကာ ချုပ်ချယ်လွှမ်းမိုးတာမျိုးတွေနဲ့ သူ့ကိုတင်းကျပ်နေအောင် နှောင်ဖွဲ့မထားဘဲ…သူ့ကို ယုံကြည်မှုနဲ့ လွတ်မြောက်ခွင့်ပေးထားတာဖြစ်ပါတယ်…။ သူ့အတွက် အချိန်ပေးတာ..သူ့စကားကို သေသေချာချာ စိတ်ဝင်တစား နားထောင်ပေးတာ…တုံ့ပြန်ဖို့ နားထောင်တာမဟုတ်ဘဲ..နားလည်ဖို့ နားထောင်ပေးတာ..သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပေးတာ..စတဲ့ အခြေခံလေးတွေဟာ..ချစ်ခြင်းရဲ့ သဘောတရားလေးတွေပါပဲ…။ တကယ်ချစ်တယ်ဆိုရင်…သူ့ကိုလွတ်မြောက်ခွင့်ပေးဖို့ သင်ယူပါ..။
စရိုက်ချင်းမတူညီတာကို ဇွတ်ညှိယူဖို့ မကြိုးစားဘဲ..မတူညီခြင်းတွေကို လက်ခံနားလည်ပေးနိုင်တာဟာ..လေးစားမှုရှိတဲ့ချစ်ခြင်းပဲဖြစ်ပါတယ်..။ ကိုယ့်အကြိုက်ကို သူမလိုက်နိုင်လို့..သူ့ကို ရန်ရှာအပြစ်မြင်စရာ မလိုပါဘူး..။ ကွဲပြားခြားနားမှုကို အသိအမှတ်ပြု လက်ခံပေးလိုက်ရုံပါပဲ..။ သူက အပြင်ထွက် လည်ပတ်တာကိုကြိုက်သူ..ကိုယ်က ကိုယ့်အိမ်ကအခန်းလေးထဲမှာ စာအုပ်တစ်အုပ်နဲ့…သီချင်းလေးတွေနဲ့ ငြိမ့်နေချင်သူဆိုရင်…စရိုက်ချင်းမတူညီတာကို ..အပြစ်မမြင်ဘဲ..နားလည် လက်ခံပေးနိုင်ရပါမယ်..။ တစ်ခါတစ်လေ..သူနဲ့အပြင်ထွက်လည်ပတ်ပေးဖို့ကိုလည်း လိုက်လျောညီထွေ ရှိပေးရပါမယ်…။ သူအပြင်ထွက်တဲ့အခါလည်း..ကိုယ်က အေးအေးဆေးဆေး သဘောတူခွင့်ပြုပေးဖို့ လိုပါတယ်..။ ဒါဟာ မတူညီတာတွေကို နားလည်လက်ခံတတ်ဖို့ သင်ယူခြင်းဖြစ်ပါတယ်..။
ဆက်ဆံရေးတိုင်းမှာ..ငြင်းခုန်မှုမရှိတဲ့…အမြဲအဆင်ပြေနေတဲ့ ဆက်ဆံရေးဆိုတာ မရှိပါဘူး..။ အမြင်မတူတာတွေကို ငြင်းခုန်ဖို့ လိုပါတယ်…။ မျှတစွာ ငြင်းခုန်တတ်ဖို့လိုပါတယ်..။ ကိုယ်အနိုင်ရဖို့အဓိကဆိုတဲ့စိတ်နဲ့…ဇွတ်အတင်းအော်ဟစ်တာ..ဒေါသတကြီးပေါက်ကွဲတာ..သူ့ကိုချိုးနှိမ်အပြစ်ပုံချတာမျိုးတွေတော့ ရှောင်ဖို့လိုပါတယ်..။ အနိုင်ရရေးက အဓိကမဟုတ်ပါဘူး..။ သူနဲ့ကိုယ်ဟာ..စာမျက်နှာတစ်ခုတည်းမှာပဲ ရှိနေပြီး ပြဿနာရဲ့အဖြေကို ရှာနိုင်ဖို့က အဓိကဖြစ်ပါတယ်…။ မျှတစွာငြင်းခုန်တတ်ဖို့ သင်ယူပါ..။
ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်ဦးစားပေးလွန်းတာဟာ..တစ်ကိုယ်ကောင်းဆန်တဲ့စရိုက်ဖြစ်ပါတယ်…။ သူ့ကို ဦးစားပေးတာ…သူ့ရဲ့ခံစားမှုတွေ..သူ့ဘက်က အမြင်တွေ..သူ့ရဲ့ဆန္ဒတွေကိုလည်း အမြဲထည့်တွက်ပေးခြင်းဟာ မျှတတဲ့ချစ်ခြင်းဖြစ်ပါတယ်…။ သူ့အကြိုက်ကလေးတွေကို ဦးစားပေးပြီး တွေးပေးတာ..သူအဆင်ပြေဖို့..သူစိတ်ချမ်းသာဖို့…ကူညီပေးတာ..သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို…အားပေးထောက်ခံပေးတာ…သူ့ရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးတာ..သူလိုအပ်တဲ့အခါတိုင်း..သူ့နံဘေးမှာ ရှိနေပေးတာတွေဟာလည်း..ဖြည့်ဆည်းပေးတတ်တဲ့ ချစ်ခြင်းမျိုးဖြစ်ပါတယ်..။ ဖြည့်ဆည်းတတ်ဖို့ သင်ယူပါ..။
#လွန်းထားထား
#ချစ်တတ်ဖို့သင်ယူပါ