05/03/2025
ချန်ပီယံလိဂ်ပြိုင်ပွဲကြီးဟာ တဖြည်းဖြည်းနဲ့ ရေချိန်တက်၊ တန်ပိုမြင့်လာပါပြီ။
ရှုံးထွက်အဆင့်ဆိုတဲ့အတိုင်း မှားရင်ခံ၊ ရဲသူစား သူရသတ္တိတွေလိုအပ်လာပြီ။ အက်စတွန်ဗီလာက ကလပ်ဘရုဂေးကို ကျဉ်းကျဉ်းကြပ်ကြပ် ကစားခဲ့ရတယ်။ ဒါပေမဲ့ မလျှော့သော ဇွဲလုံ့လ၊ ကယ်တင်ရှင် အဆန်စီယို၊ ဘုရားလက်ဆောင်ပေးတဲ့ OG တစ်လုံးနဲ့ ပင်နယ်တီအခွင့်အရေးတစ်ကြိမ်။ အလိုက်သင့်လေး မျှောပါလိုက်ရင်းက (၁-၃) ဆိုတဲ့ရလဒ်နဲ့ အိမ်ပြန်နိုင်ခဲ့ပြီ။ အပိုရခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်၃မှတ်ဆိုတာ သုံးတတ်ရင်ဆေးပါပဲ။ ဒုတိယအကျော့ ရင်ဆိုင်ရဦးမဲ့ ဘရုဂေးဆိုတာ ဘာအသင်းမို့တုန်း။ ပြီးတော့အိမ်ကွင်းမှာ။ အိမ်ရှင်ပရိသတ်တွေရှေ့မှာ။ အူနိုင်းအမ်မရီအတွက် နောက်တစ်ဆင့်ဆိုတာ ပန်းခင်းသောလမ်း။
ဒီညဟာ ပရီးမီးယားလိဂ်ကလပ်တွေအတွက် အပြန်လှတဲ့ည။ နယ်သာလန်ကလပ်ဟာ သနားစရာသိပ်ကောင်းတယ်။ မညှာတမ်းဆိုရရင် ပရီးမီးယားလိဂ်မှာ ခဲလေခဲ့သမျှ အာဆင်နယ်ရဲ့ ပေါက်ကွဲမှုကို PSV က ကျောကော့အောင် ခံစားခဲ့ရတာပါပဲ။ သွင်းဂိုး ၇ ဂိုးကို မတူညီတဲ့ကစားသမား ၆ ယောက်က သွင်းယူပေးခဲ့ပြီး မတူညီတဲ့ ကစားသမား ၃ဦးက ဖန်တီးပေးခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေ မရှိတော့လို့၊ မကျန်တော့လို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲမှာ အာဆင်နယ်က တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။
အခုသွင်းပြန်တော့လည်း ၇ဂိုးတိတိ။ မှတ်တမ်းတွေပြန်ကြည့်လိုက်ပြန်တော့ အာဆင်နယ်အတွက် အားရစရာ သိပ်ကောင်းနေတယ်။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ အဝေးကွင်းက လာကစားရတဲ့အသင်းက ၇ဂိုးသွင်းတာဟာ ချန်ပီယံလိဂ်
သမိုင်းကြောင်းတစ်လျှောက်မှာ အာဆင်နယ်က ပထမဦးဆုံးပဲ။ အာဆင်နယ်ဟာ ဒီလိုမှတ်တမ်းမျိုးကို ရေးထိုးခဲ့တာပါ။ နောက်ပြီးတော့ ၂၀၀၅/၀၆ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်မှာ ၅ပွဲဆက်အနိုင်ရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်။
◉ ၁-၅ စပို့တင်း
◉ ၃-၀ မိုနာကို
◉ ၃-၀ ဇာဂရက်ဘ်
◉ ၁-၂ ဂီရိုနာ
◉ ၁-၇ ပီအက်စ်ဗွီ
အာဆင်နယ်ဟာ ဒီလိုမှတ်တမ်းတွေ ရေးထိုးခဲ့တာပါ။
မက်ဒရစ်ဒါဘီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ နိုင်ပွဲကလည်း ချိုမြိန်နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ၄ မိနစ်မှာပဲ ရိုဒရီဂိုက အဖွင့်ဂိုးသွင်းတယ်။ တီကိုရဲ့ကယ်တင်ရှင် ဂျူလီယံ အဲဗားရက်စ်က ချေပဂိုးသွင်းတယ်။ အနိုင်ဂိုးရှင်က ဘရာဟင်ဒီယက်စ်။ ဒီနိုင်ပွဲက ရီးရဲလ်အတွက် ဥရောပပြိုင်ပွဲတွေမှာ နိုင်ပွဲ၃၀၀ ပြည့်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒေါ့မွန်ကတော့ ထုံးစံအတိုင်း ပတ်ချာလည်နေဆဲပါပဲ။ ဒုတိယအကျော့ အဝေးကွင်းမှာ ခြေကုန်ထုတ်ကန်ရဦးမယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်ခုကတော့ နောက်တစ်ဆင့်ကို စိတ်ပူစရာ မလိုတော့ပါဘူး။ ရီးရဲလ်က အပြီးတိုင် စိတ်ချလို့မရသေးဘူး။ ဒေါ့မွန်က နှစ်ဆကြိုးစားရမယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးဟာ တဖြည်းဖြည်းနဲ့ ရေချိန်တက်ပြီး တန်ပိုမြင့်လာပါပြီ။