23/10/2020
#ခေတ်ရေစီးနှင့်_ပြောင်းလဲခြင်း
မြန်မာလူမျိုးတွေလည်းပဲ ယဉ်ကျေးမှုအရ အများကြီးဆုတ်ယုတ်လာတယ်လို့ ပြောရမယ်။ ဒါ လူတွေက ခေတ်မီတယ်လို့ ထင်လာကြတာပေါ့နော်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်ဆိုတာ သေသေချာချာ စဉ်းစားတတ်တဲ့ပုဂ္ဂိုလ် သိပါတယ်။
Tradition တွေ ပျက်စီးလာတယ်၊ ဆုတ်ယုတ်လာတယ်၊ စိတ်နေသဘောထားတွေ ဆုတ်ယုတ်လာတယ်ဆိုတာ လောကကြီးရဲ့ ဆုတ်ယုတ်တဲ့အချိန်ပိုင်းမှာ ဘယ်ဘာသာတွေပဲဖြစ်ဖြစ် ဆုတ်ယုတ်လာတာ။ ဘုန်းကြီးတို့ အနောက်တိုင်းသွားတော့ အနောက်တိုင်းက ဒကာ ဒကာမတွေနဲ့ စကားစမြည်ပြောတဲ့အခါမှာ အနောက်တိုင်းမှာဆိုရင် ကြည့်လေ လူငယ်လူရွယ်တွေဟာ ဆယ့်ရှစ်နှစ်ဆိုရင် ကိုယ့်သဘောပဲ၊ နေချင်ရာနေ၊ မိဘက ပြောပိုင်ခွင့်မရှိဘူး။ ကလေးလေးတောင် မိဘက ရိုက်နှက်ဆုံးမတာမျိုးရှိရင် 199 နှိပ်ပြီးတော့ ပုလိပ်ခေါ်ရင် ဒုက္ခရောက်မယ် အဲဒီမှာ။ အနောက်တိုင်းမှာ ယဉ်ကျေးမှုက ဒီလိုဖြစ်သွားပြီ။
မြန်မာပြည်က ကိုယ့်သားသမီး ကိုယ်ဆုံးမလို့ ရသေးတယ်။ ဟိုမှာတော့ ဆုံးမလို့ မရတော့ဘူး။ ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ Living together တွေနဲ့ သူတို့နေချင်ရာ နေတော့တာ။ မိဘက ဘာမှပြောပိုင်ခွင့် မရှိတော့ဘူး။ နောက်ပိုင်းကျတော့ တာဝန်လည်း မယူကြတော့ဘူး။ အဲဒါကို မေးကြည့်တယ်၊ "ဆယ့်ရှစ်နှစ် ကိုယ့်သားသမီးက အခုလိုခွါသွားတာကို သဘောကျလား"ဆိုတော့ ဘယ်သဘောကျမှာတုံး၊ သဘောမကျဘူး တဲ့၊ မတတ်သာလို့ သူတို့ ဒီလိုပဲ လွှတ်လိုက်ရတဲ့ သဘောပဲရှိတယ်၊ ကျေနပ်လို့ မဟုတမဘူး၊ ခေတ်ရေစီးကြောင်းကို မဆို့ပိတ်နိုင်လို့ဖြစ်သွားတာ။
တကယ်ပဲ ခေတ်ရေစီးကြောင်းကို ဆို့ပိတ်လို့မရဘူးလေ။ စဉ်းစားကြည့်ပေါ့။ ဗြိတိသျှ မအုပ်စိုးခင်တုန်းက မြန်မာလူမျိုးတွေကို ဘယ်လိုမြင်ဖူးကြလဲ၊ သျှောင်ကြီးတွေနဲ့ မဟုတ်လား? မြန်မာယောက်ျားတွေရဲ့ ခေါင်းမှာ ဘာကြီးတွေရှိလဲ၊ သျှောင်ကြီးတွေနဲ့ နော်။ ခု ရှိသေးလား သျှောင်ထုံး၊ ဇာတ်မင်းသားတောင် ဘိုကေဖြစ်နေပြီထ ဆံတုတပ်လိုက်တယ်လေ၊ ဇာတ်ကပြီဆိုမှ တတ်တာ။ အမျိုးသမီးတွေဆိုတာလည်း ဆံပင်လေးရှည်ပြီး ကော့နေမှ လှတယ် ဆိုတဲ့ ဆံပင်ရှည်တာကိုပဲ ဂုဏ်ယူတယ်။ အခုကျတော့ ဘယ်ရောက်သွားတုံ၊ ဂုတ်ဝဲတဲ့နော်။ ဂုတ်ကနေပြီးတော့ - ဂုတ်တောင် မဝဲတော့ပါဘူး။
အခု သိပ်ပြီးတော့ အဲဒီလိုပြောင်းလဲလာတာတွေကို ကြည့်ပေါ့။ အကောင်းပြောင်းတာလည်း ရှိကောင်း ရှိမယ်၊ Tradition တွေဆိုတာ ပြောင်းလဲနေတဲ့သဘောပေါ့၊ အဲဒီသဘောကို နားလည်ဖို့လိုတယ်ပေါ့။
ပါမောက္ခချုပ်ဆရာတော်
[လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်၊ ဒု-တွဲ၊ အခန်း-၃၆၊ စာ-၆၉၃၊ ၆၉၄။ ]