04/10/2021
စာအုပ်တစ်အုပ်ကို အကျိုးရှိရှိနဲ့ မှတ်မိနေအောင် ဖတ်နည်း
ဒီနေ့ ToeTeter တွေကို ပြောပြချင်တာကတော့ Limitless ရဲ့ FASTER Method ဖြစ်ပါတယ်။
ကျွန်တော်တို့ စာအုပ်တစ်အုပ်၊ ဗဟုသုတအသစ် တစ်ခုခုကို ဖတ်ပြီး လေ့လာပြီးပေမယ့် နောက်တစ်နေ့ရောက်တဲ့ အခါမှာ မေ့သွားတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့တွေပဲ ကြုံတွေ့နေရတာတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ လူသားတွေဟာ သူတို့လေ့လာထားတဲ့ အထဲက ၅၀ ရာခိုင်နှုန်းခန့်ကို တစ်နာရီအတွင်းမှာပဲ မေ့သွားတတ်ပြီး၊ ပျမ်းမျှအားဖြင့် ၇၀ ရာခိုင်နှုန်းလောက်ကိုတော့ ၂၄ နာရီအတွင်းမှာပဲ မေ့သွားလေ့ရှိကြပါတယ်။
ဒါကြောင့် ပထမဆုံးအနေနဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရာမှာ အချိန်မဖြုန်းမိစေဘဲ မမေ့အောင်ဖတ်နည်းကို ပြောပြပေးသွားမှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လေ့လာမှုနဲ့ ဦးနှောက်ရဲ့ စုပ်ယူမှုအားကောင်းအောင် စာလေ့လာမှုအပိုင်း၊ အမြန်ဖတ်နည်းအပိုင်းနဲ့ မှတ်ဉာဏ်တိုးတက်မှုအပိုင်းတို့ အတွက် အဆင့်မြင့် နည်းစနစ်တွေကိုလဲ ဝေမျှပေးသွားမှာပါ။
စာအုပ်တစ်အုပ်ကို အချိန်အပိုင်းအခြားနဲ့ စနစ်တကျဖတ်နည်း
သုတေသနလေ့လာချက်တွေအရ ကျွန်တော်တို့ရဲ့ အလုပ်တစ်ခုအပေါ် အာရုံစိုက်နိုင်စွမ်းဟာ ၁၀ မိနစ်ကနေ မိနစ် ၄၀ အတွင်းမှာပဲ ရှိပါတယ်။ မိနစ် ၄၀ ထက်ပိုပြီး အလုပ်တစ်ခုကို လုပ်မိရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ စိတ်ဟာ အာရုံလွင့်ပြယ်လာပါတော့တယ်။ အဲ့ဒီ့အတွက်ကြောင့် စာဖတ်တဲ့နေရာမှာ Francesco Cirillo ရဲ့ Pomodoro technique (ပိုမိုဒိုရိုနည်းစနစ်)ကို သုံးဖို့အကြံပေးချင်ပါတယ်။ Pomodoro နည်းစနစ်ကတော့ အလုပ်တစ်ခုလုပ်ဖို့အတွက် အကောင်းဆုံးကြာချိန်ကတော့ ၂၅ မိနစ်ဖြစ်ပြီး ၅ မိနစ် နားသင့်တယ်လို့ပြောပါတယ်။ ၂၅ မိနစ်အချိန်ပိုင်းတစ်ခုကို Pomodoro တစ်ခုစာ လို့သတ်မှတ်ပါတယ်။ စာအုပ်တစ်အုပ်ကိုဖတ်တဲ့အခါမှာ Pomodoro တစ်ခုစာ ၂၅ မိနစ်ဖတ်ပြီး ဦးနှောက်ကို ၅ မိနစ် အနားပေးသင့်ပါတယ်။
တစ်ခုခုကို လေ့လာတဲ့အခါမှာ Pomodoro technique ဟာ မှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ အကြောင်းပြချက်တွေကြောင့် တိတိကျကျပြောရရင် Effect of Primacy နဲ့ Effect of Recency ကြောင့် တကယ်လဲ အလုပ်ဖြစ်ပါတယ်။ Effect of Primacy ဆိုတာကတော့ ကျွန်တော်တို့ဟာ Learning session တစ်ခု၊ အတန်းတစ်ခု၊ Presentation တစ်ခု ရဲ့ အစပိုင်းမှာ လေ့လာထားသမျှကို ပိုပြီး မှတ်မိလေ့ ရှိကြပါတယ်။ Effect of Recency ဆိုတာကတော့ နောက်ဆုံး လတ်တလော လေ့လာထားတဲ့ အရာတွေကိုလဲ မှတ်မိတာကိုပြောတာပါ။
ကျွန်တော်တို့ဟာ စာအုပ်တစ်အုပ်ကို နှစ်နာရီဆက်တိုက် မရပ်မနားဘဲ ဖတ်မယ်ဆိုရင် ဖတ်ထားသမျှရဲ့ ပထမ မိနစ်၂၀ စာကိုပဲ မှတ်မိပါလိမ့်မယ်။ မိနစ် ၃၀ လောက်ကစလို့ ဖတ်သမျှကို မေ့သွားနိုင်ပြီး ဖတ်ထားတာရဲ့ နောက်ဆုံးပိုင်းလောက်ကိုသာ မှတ်မိပါလိမ့်မယ်။ ဦးနှောက်က စုပ်ယူဖို့အတွက် အနားမပေးဘဲ ဒါမှမဟုတ် ဖတ်ထားသမျှကို ပြန်တွေးကြည့်ဖို့ အချိန်မပေးဘဲ ဆက်တိုက်ဖတ်မယ်ဆိုရင် ပထမဆုံးနဲ့ နောက်ဆုံးရဲ့ ကြားထဲက အရာအားလုံးက အရာမထင်ပဲဖြစ်နေမှာပါ။ ဒါကြောင့် စာအုပ်ဖတ်တဲ့အခါမှာ Pomodoro တစ်ခုစာ (၂၅ မိနစ်) စီသာ အာရုံစိုက်ပြီး ဖတ်သင့်ပါတယ်။ ၂၅ မိနစ်ပြည့်တဲ့အခါမှာ စာအုပ်ကို ရောက်တဲ့နေရာမှာ ခဏရပ်ပြီး ၂၅ မိနစ်အတွင်း ဖတ်ထားသမျှ လေ့လာထားသမျှကို ချရေးသင့်ပါတယ်။
FASTER Method ကိုသုံးပါ
FASTER Method ဆိုတာကတော့ စာအုပ်တစ်အုပ်ကို ဖတ်တဲ့နေရာမှာ မြန်မြန်လေ့လာနိုင်စေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ Forget, Act, State, Teach, Enter, Review ရဲ့ အတိုကောက်လဲဖြစ်ပါတယ်။
Forget - မေ့ပစ်ပါ
စာအုပ်ဖတ်တဲ့နေရာမှာ အာရုံလွင့်ပြယ်စေမယ့် အရာ ၃ ခုကို မေ့ပစ်ပါ။
ပထမဆုံးကတော့ အသစ်တစ်ခုကို လေ့လာတဲ့အခါ ကျွန်တော်တို့ဟာ ဘာသာရပ်အကြောင်းကို ကိုယ်တကယ်သိထားတာထက် ပိုပြီး နားလည်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး ယခင်ကလေ့လာဖူးတဲ့ သိထားသမျှတွေကို မေ့ပစ်ပါ။ စိတ်က ရှင်းနေမှသာ ပညာအသစ်၊ ဗဟုသုတအသစ်တွေကို မှတ်သားနိုင်မှာပါ။
နောက်တစ်ချက်တော့ အရေးမကြီးတဲ့ အရာတွေကို မေ့ထားပါ။ စာအုပ်တစ်အုပ်ကို ဖတ်နေတုံးမှာ စိတ်ကိုလွင့်ပြယ်စေမယ့် တခြားအရေးမကြီးတဲ့ အကြောင်းအရာတွေကို မတွေးပါနဲ့။ အဲ့အတွေးတွေကို မှတ်စုစာအုပ်ထဲမှာ ခဏလောက်ချရေးထားပြီး စာဖတ်ပြီးကာမှသာ ဆက်လုပ်ပါ။
နောက်ဆုံးအနေနဲ့ မေ့ထားရမှာကတော့ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကိုပါပဲ။ ကိုယ့်ကိုယ်ကို ဉာဏ်မကောင်းပါဘူး၊ အကြာကြီး လေ့လာရတယ်၊ စတဲ့ အချက်တွေကိုမေ့ထားလိုက်ပါ။ ကျွန်တော်တို့ရဲ့ တတ်နိုင်စွမ်းတွေက ပုံသေမရှိပါဘူး။ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကိုသာ တွန်းလှန်နိုက်ရင် ကျွန်တော်တို့ ဘယ်အရာကိုမဆို လေ့လာနိုင်ပါတယ်။
Act - တက်တက်ကြွကြွလုပ်ဆောင်ပါ
ကျွန်တော်တို့ဟာ ငယ်ငယ်ထဲက အတန်းထဲမှာ စာသင်သမျှကို ငြိမ်ငြိမ်လေးသာ ထိုင်နားထောင်ခဲ့ကြရတဲ့ Passive learning နဲ့သာ လေ့လာခဲ့ကြရပါတယ်။ စာဖတ်တဲ့နေရာမှာ active ဖြစ်နိုင်သမျှ ဖြစ်အောင် လုပ်ပါ။ Notes တွေချမှတ်ပါ။ အရေးကြီးတဲ့အချက်တွေကို Highlight လုပ်ပါ။ စာကြောင်းတိုင်းကို အရေးကြီးတဲ့အချက်အနေနဲ့ Highlight လုပ်စရာမလိုပါဘူး။ အကုန်လုံးကို အရေးကြီးတယ်လို့ သတ်မှတ်နေရင် အကုန်လုံး အတူတူဖြစ်ပြီး ဘယ်အရာကမှ ပိုပြီး အရေးပါတဲ့အရာဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ပိုပြီး တက်တက်ကြွကြွ စာဖတ်ချင် စာလေ့လာချင်ပါသလား။ ဖတ်ထားသမျှကို ချရေးလိုက်ပါ။ စာဖတ်တဲ့နေရာမှာ တက်ကြွလေလေ စာလေ့လာရတာ ပိုကောင်းလေ၊ ပိုမြန်လေ၊ လေ့လာသမျှကို ပိုမှတ်မိလေပါပဲ။
State - စာလေ့လာဖို့ အခြေအနေကောင်းတစ်ခုကို ဖန်တီးပါ
ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေကို ထိန်းချုပ်နိုင်ရင် ပျင်းရိဖို့ကောင်းတဲ့ လေ့လာခြင်းတွေကို စိတ်လှုပ်ရှားစရာ၊ စူးစမ်းလေ့လာဖွယ်ရာ၊ ပျော်စရာ အခြေအနေတွေအဖြစ်ကို ပြောင်းလဲနိုင်မှာပါ။ ဒီလိုထိန်းချုပ်နိုင်ဖို့အတွက် စာလေ့လာမယ့် ပတ်ဝန်းကျင်၊ ခန္ဓာကိုယ်အနေအထား၊ စိတ်အခြေအနေတို့ကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါ။ သိလာရမယ့် အသိပညာအသစ်တွေအတွက် စိတ်လှုပ်ရှားမှု၊ စွမ်းအင်ပြည့်ဝမှုတွေ ရှိနေပါစေ။ လက်တွေ့လုပ်ကြည့်သင့်တာကတော့ မလေ့လာခင်မှာ ကိုယ့်ရဲ့ စိတ်အခြေအနေကို ဘယ်လောက် တက်ကြွနေသလဲ၊ ဘယ်လောက် အားအင်တွေပြည့်နေလဲ၊ ဘယ်လောက် စိတ်လှုပ်ရှားနေလဲ ဆိုတာ ၁ ကနေ ၁၀ အတွင်း Rating ပေးပါ။ ကိုယ့်ရဲ့ Rating တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို အဖြေရှာပါ။
Teach - ပြန်သင်ပေးပါ
တခြားတစ်ယောက်ကို ပြန်သင်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့လေ့လာထားသမျှကို Presentation လုပ်ရမယ့် အခါမျိုးမှာ တခြားသူကို ပြန်ရှင်းပြပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာကြပါတယ်။ အာရုံလဲ ပိုစိုက်မိကြပါတယ်။ ပြန်သင်ပေးတယ်ဆိုတာ တကယ်တော့ နှစ်ခါပြန် လေ့လာတာနဲ့ တူတူပါပဲ။ ကိုယ့်ဘာသာကိုယ် တစ်ခါလေ့လာဖြစ်ပြီး တခြားသူကို ပြန်သင်တဲ့အခါမှာ တစ်ခါလေ့လာဖြစ်ပါတယ်။ လေ့လာတဲ့နေရာမှာလဲ အဖော်တစ်ယောက်နဲ့ ဒါမှမဟုတ် အသင်းအဖွဲ့လိုက် အတူတူလေ့လာနိုင်ပါတယ်။
Enter - Calendar မှာ ထည့်သွင်းပါ
ကျွန်တော်တို့ရဲ့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး Tool တစ်ခုကတော့ Calendar ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ လုပ်ဆောင်စရာမှန်သမျှကို အချိန်စာရင်းမှာ ထည့်သွင်းလေ့ရှိကြပါတယ်။ စာအုပ်ဖတ်ဖို့အတွက် အချိန်စာရင်းကို Calendar မှာထည့်သွင်းပါ။ ဖတ်ထားသမျှရဲ့ အကျဉ်းချုပ် Headline ကိုလဲ Calendar မှာ ရက်အလိုက် ရေးမှတ်ထားပါ။
Review - ပြန်နွှေးပါ
မေ့တတ်တာတွေကို လျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ပြန်နွှေးတာပါပဲ။ တစ်နေ့စာအတွက် စာမဖတ်ခင်မှာ အရင်နေ့က ဖတ်ထားတဲ့ စာကို မိနစ်အနည်းငယ်လောက် မှတ်မိထားသမျှကို ပြန်ပြောကြည့်တာ ချရေးတာမျိုး လုပ်သင့်ပါတယ်။
အသိဉာဏ်ရှိရှိ ရွေးချယ်ပါ
ပြင်သစ်အတွေးအခေါ်ပညာရှင် Jean-Paul Sartre ကပြောခဲ့ပါတယ်။ "Life is C between B and D." ဘဝဆိုတာ မွေးဖွားခြင်း Birth ရဲ့ "B" နဲ့ သေဆုံးခြင်း Death ရဲ့ "D" ကြားထဲက ကျွန်တော်တို့ ပြုလုပ်ရတဲ့ ရွေးချယ်မှု (Choice ရဲ့ "C" ) တွေပါ။ ကိုယ့်ရဲ့အတားအဆီး ကန့်သတ်ချက်တွေကို ကိုယ်တိုင်ကျော်လွှားဖို့ဆိုတာက ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ မကျော်လွှားဖို့ကလဲ ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ အခုပဲ မှန်ကန်တဲ့ ရွေးချယ်မှုကို သေချာစဉ်းစားပြီး အသိဉာဏ်ရှိရှိ ရွေးချယ်လိုက်ပါ။
ရွေးချယ်ပြီးရင်တော့ ကိုယ့်ရဲ့ စိတ်ကို သန္နိတ်ဋ္ဌာန် ချမှတ်ပြီး အတိအကျလုပ်ဆောင်ပါ။ လူအများစုဟာ လုပ်သင့်တဲ့အရာကို သိပေမယ့် တကယ်မလုပ်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ လုပ်သင့်ကြောင်းကိုပဲ တွေးကြပြီး ကိုယ့်ကိုယ်ကို ကတိမပေးကြလို့ပါပဲ။ စာအုပ်တစ်အုပ်ကိုဖတ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ ကတိဝန်ခံချက်ကို ချရေးပါ။ ကျွန်တော်တို့ တစ်စုံတစ်ခုကို ချရေးလိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ကတိပေးရာရောက်ပြီး တကယ်လဲ လုပ်ဖြစ်လာလေ့ရှိပါတယ်။ ဒါကြောင့် ဒီစာအုပ်ကို Pomodoro တစ်ခုချင်းစီ ခွဲကာ ဖတ်မည့်အကြောင်း FASTER method ကို သုံးမည့်အကြောင်း စသဖြင့် ကတိဝန်ခံချက်တစ်ခု ရေးထားပါ။
အမှန်တကယ် လိုအပ်နေတဲ့ အဖြေကတော့ မေးခွန်းတွေမေးဖို့ပဲဖြစ်ပါတယ်။
စာအုပ်တစ်အုပ်ကို ဖတ်ပြီးတဲ့ အခါမှာ မမှတ်မိနေပဲ မေ့သွားရတဲ့ အကြောင်းရင်းတစ်ခုကတော့ မှန်ကန်တဲ့ မေးခွန်းတွေကို မမေးနေလို့ပဲဖြစ်ပါတယ်။ ဦးနှောက်ဟာ တစ်စက္ကန့်တိုင်းမှာ သတင်းအချက်အလက်ပေါင်း ၁၁ သန်း Bit လောက်ကို လက်ခံရရှိပါတယ်။ ဒါပေမဲ့ တကယ်သိမ်းထားတဲ့ သတင်းအချက်အလက်ကတော့ တစ်စက္ကန့်မှာ ၅၀ Bit လောက်သာ ရှိပါတယ်။ ဒီလို သတင်းအချက်အလက်တွေကို စစ်ထုတ်ပေးတာကတော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Reticular Activating System (RAS) ပဲဖြစ်ပါတယ်။ RAS ဟာ အိပ်စက်ခြင်းနဲ့ အမူအကျင့်များ အပါအဝင် လုပ်ဆောင်ချက်ပေါင်းများစွာကို တာဝန်ယူထားတဲ့ အပြင် အဓိပ္ပါယ်မရှိတဲ့ ထပ်ခါထပ်ခါဖြစ်နေတဲ့ လှုံ့ဆော်မှုတွေကို လျစ်လျူရှုပြီး တခြားလှုံ့ဆော်မှုတွေကို အာရုံခံတဲ့ ဖြစ်စဉ်တစ်ခုကိုလဲ လုပ်ဆောင်ပါသေးတယ်။
RAS က တဆင့် ကျွန်တော်တို့အတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ဆီရောက်အောင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးခြင်းပဲ ဖြစ်ပါတယ်။ RAS ဟာ algorithm တစ်ခုလိုပါပဲ။ ကျွန်တော်တို့ စိတ်ဝင်စားပုံပေါ်တဲ့ အရာတွေကိုသာ ပြပေးပြီး၊ ထိတွေ့မှုသိပ်မရှိတဲ့ အရာတွေကို ဖုံးကွယ်ထားပါတယ်။ ဒါကြောင့် တခါတလေမှာ ကျွန်တော်တို့လိုချင်တဲ့ အဖြေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။ အဖြေကို ထင်ရှားစေမယ့် အဖြေနဲ့ ကိုက်ညီမယ့် မေးခွန်းတွေကို မေးဖို့ပဲ လိုအပ်တာပါ။
တွေးခေါ်ခြင်းဆိုတာ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သတ်ပြီး မေးခွန်းတွေမေးကာ အဖြေရှာတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ သင်းအုပ်ဆရာ Mandell Creighton က ပညာရေးရဲ့ စစ်မှန်တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က လူတစ်ယောက်ကို မေးခွန်းတွေ ဆက်တိုက်မေးလာအောင် ပြုလုပ်ခြင်း လို့ပြောခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို ပြန်မေးတဲ့ မေးခွန်းတွေထဲကမှ ကိုယ့်ကိုလွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခု ဒါမှမဟုတ် နှစ်ခုတော့ ရှိတတ်ကြပါတယ်။ လူအများစုကတော့ ကိုယ့်ကို တခြားလူတွေ နှစ်သက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းကိုမေးတတ်ကြပါတယ်။ တခြားလူတွေကြိုက်နှစ်သက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းမျိုး မေးတဲ့သူတွေဟာ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်သတိမထားမိပေမယ့် တခြားသူတွေရဲ့ အကြိုက်ကိုလိုက်ပြီး ပြောင်းနေမိတဲ့ အတွက်ပါပဲ။
သင့်ကို လွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခုကရော ဘာဖြစ်မလဲ? Limitless စာအုပ်ရဲ့ စာရေးဆရာ Jim Kwik ကို လွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခုကတော့ How do I make this better? ဒီ့ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ စိတ်ကို ပြင်ဆင်ပါ
မေးခွန်းတွေက ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုတွေကို လမ်းညွှန်ပေးပါတယ်။ စာအုပ်ကို မဖတ်ခင်မှာ လုံလောက်တဲ့ မေးခွန်းတွေကို မမေးတဲ့ အတွက်ကြောင့် လူတွေဟာ သူတို့ရဲ့ အာရုံစူးစိုက်မှု၊ သဘောပေါက်နားလည်မှုနဲ့ မှတ်ဉာဏ်တွေမှာ အားနည်းတတ်ကြပါတယ်။ စာအုပ်ကိုမဖတ်ခင်မှာ မှန်ကန်တဲ့ မေးခွန်းမျိုးတွေကို ပြင်ဆင်ထားမယ်ဆိုရင်တော့ စာအုပ်ကိုဖတ်တဲ့ အခါမှာ အဖြေတွေကို တွေ့ရမှာပါ။
စာအုပ်မဖတ်ခင်မှာ ကိုယ့်ကိုယ်ကို မေးထားသင့်တဲ့ ဒီမေးခွန်း ၃ ခုကိုတော့ လက်တွေ့လုပ်ဆောင်သင့်ပါတယ်။ မေးခွန်းတွေကတော့ ရလာတဲ့ အသိပညာကို ဘယ်လို အသုံးပြုမလဲ။ ဘာကြောင့်လဲ။ ဘယ်အချိန်မှာ အသုံးပြုမလဲဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီမေးခွန်း ၃ ခုကို မြင်သာတဲ့နေရာ စားပွဲပေါ်၊ Phone မှာ ချရေးထားပါ။ ဒီမေးခွန်း ၃ ခုက စာအုပ်ထဲက လေ့လာထားသမျှကို ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲ၊ နှလုံးသားထဲ ထိ စွဲနေအောင် မှတ်မိနေစေပြီး အသိပညာတွေကို စွမ်းအားတွေအဖြစ် ပြောင်းပေးပါလိမ့်မယ်။
ToeTet.com
မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။