12/09/2025
ကဗျာဆရာ လှသန်းက ရေးခဲ့ဖူးတယ်
“သမိုင်းရဲ့ ကန်ချက်မှာ တိုင်ထိပြီး
ပြန်ထွက်လာတာ တစ်ခါမှ မရှိပါဘူး”တဲ့
ကိုယ် သဘောကျမိခဲ့တဲ့ စာသားလေး။
မုန်တိုင်းထန်နေတဲ့ တောအုပ်ထဲမှာ
ဘယ်ငှက်မှ မြင့်မြင့် မပျံနိုင်ကြပါဘူး။
အတောင်ကျိုးနေတဲ့ ငှက်ငယ်လေးတွေ
အတောင်ချိုး ထားရတဲ့ ငှက်ငယ်လေးတွေ
မိုးခိုနေတဲ့ငှက်တွေ
မိုးစိုနေကြတဲ့ငှက်တွေ
ငှက်အမည် ခံထားပြီး
အတောင်ရှိပါရက် မပျံသန်းနိုင်ကြလို့
ငှက်မမြည်တဲ့ ငှက်တွေ
ရုပ်ဆိုးတဲ့ ကိုယ့်အနောက်ပိုင်းကို
ဘယ်သူမှ မမြင်ဘူးထင်ပြီး
လှပတဲ့ ရောင်စုံ အတောင်ပံကို ဖြန့်ကားပြနေကြတဲ့
မြေပေါ်ပြေး ငှက်တွေ။
ဘယ်လို အမျိုးအစား ငှက်တွေပဲ ဖြစ်ဖြစ်
မုန်တိုင်းထန် နေစဥ်တော့ ဘယ်ငှက်မှ
မလွတ်မြောက်နိုင်ပါဘူး။
ဒီလိုပါပဲ
ရှင်သန် လွတ်မြောက် အမြင့်ပျံသန်း လိုစိတ်
ရှိကြတာချင်းလည်း အတူတူပါပဲ။
မုန်တိုင်းကာလထဲမှာ
ဘယ်ငှက်ကတော့ ပိုပြီး ဒဏ်ခံနေတယ်
(အနစ်နာခံ နေရတယ်)လို့ မရှိသလို၊
ဘယ်ငှက်ကတော့ ထပျံလို့ အမြင့်ရောက်သွားပြီ
ဆိုတာလည်း ရှိမနေပါဘူး။
ဒီတော့
ငှက်အချင်းချင်း
အတောင် တစ်ချက် ပို မခတ်ချင်ပါနဲ့လို့
ပြောရမလိုပဲ။
ဆရာလှသန်း စာသားလေးနဲ့ ပြန်ချုပ်ရရင်
“အနာဂတ်မှာ ဖိနပ်အသစ်တွေ ရှိတယ်
ငါတို့ မစီးရလည်း နောက်လူတွေ စီးပါစေပေါ့
မဆုံးသေးတဲ့ ခရီးလေ. . . . .
ငါ့ကိုယ်ငါပေးထားတဲ့
ကတိနဲ့ သိက္ခာရှိရှိ နေထိုင်မယ်”တဲ့။
မုန်တိုင်း ကင်းစင်တဲ့ တစ်နေ့
ဒီ တောအုပ်ကြီးထဲက ငှက်ငယ်လေးတွေ
အတောင် မညောင်းသေးခင်
ဟိုဒီ ပျံဝဲ သွားနိုင်ကြပါစေ။
🖋️ ခင်သန္တာ