14/08/2026
ရန်ကုန်မြို့မှာ လတ်တလော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသောကြောင့် အစားအသောက်နှင့် သောက်သုံးရေကို အထူးဂရုစိုက်ကြပါနော်။
❌ရှောင်ရန်
၁။ ရေခဲကို ခဏရှောင်ပါ
ရေခဲလုပ်ထားတဲ့ရေ ဘယ်ကလာသလဲ၊ သန့်ရှင်းမှုရှိ/မရှိ မသေချာပါက မသောက်တာ အကောင်းဆုံးပါ။
၂။ မကျက်တကျက်၊ အစိမ်းစားအစားအစာတွေ ရှောင်ပါ
အသား၊ ပင်လယ်စာ၊ ကြက်ဥ စတာတွေကို ကျက်အောင်ချက်ပြီးမှ စားပါ။
၃။ အစိမ်းစားအသုပ်တွေကို သတိထားပါ
ဆလတ်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ဆေးကြောထားတဲ့ရေ သန့်ရှင်းမှု မသေချာရင် ခဏရှောင်ထားပါ။
၄။ ကြိုချက်ထားပြီး အခန်းအပူချိန်မှာ ကြာကြာထားတဲ့အစားအစာ မစားပါနဲ့
ပူပူနွေးနွေး၊ အသစ်ချက်ထားတဲ့ အစားအစာကို ဦးစားပေးပါ။
၅။ ဆိုင်ကြီး/နာမည်ကြီးဆိုပြီး သန့်ရှင်းမယ်လို့ မယူဆပါနဲ့
အစားအစာကို ဘယ်လိုပြင်ဆင်ထားသလဲ၊ ရေ၊ ရေခဲ၊ မီးဖိုချောင်သန့်ရှင်းမှုတို့က ပိုအရေးကြီးပါတယ်။
✅ဆောင်ရန်
၁။ သောက်ရေကို ပိုဂရုစိုက်ပါ
ယုံကြည်စိတ်ချရသော တံဆိပ်ခတ်သန့်စင်ရေ သို့မဟုတ် ပြုတ်ကျိုထားသောရေ ကို သောက်ပါ။
၂။ လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးပါ
အစာမစားမီ၊ အစားအစာပြင်ဆင်မီ၊ အိမ်သာသုံးပြီးတိုင်း လက်ဆေးပါ။
၃။ အစားအစာကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးစားပါ
အထူးသဖြင့် အသား၊ ငါး၊ ပင်လယ်စာနဲ့ ကြက်ဥတို့ကို ကျက်အောင်ချက်ပါ။
၄။ အသီးအနှံစားမယ်ဆိုရင် ကိုယ်တိုင်အခွံခွာစားနိုင်တာကို ရွေးပါ
ဆေးကြောထားပြီးသား အသီးအနှံထက် ကိုယ်တိုင်အခွံခွာစားနိုင်တာက ပိုစိတ်ချရပါတယ်။
🚨ဝမ်းလျှောလာပြီဆိုရင်
အရေးကြီးဆုံးက ရေဓာတ်နဲ့ ဓာတ်ဆားဆုံးရှုံးမှုကို ပြန်ဖြည့်ပေးဖို့ပါ။ ORS (ဓာတ်ဆားရည်) ကို စောစောသောက်ပါ။
အောက်ပါလက္ခဏာတွေရှိရင် ဆေးရုံ/ဆေးခန်းကို အမြန်ဆုံးသွားပါ
▪️ဝမ်းအလွန်များများ သွားခြင်း
▪️အန်တာများပြီး ရေမသောက်နိုင်ခြင်း
▪️အလွန်ရေငတ်ခြင်း၊ ပါးစပ်ခြောက်ခြင်း
▪️ဆီးနည်းလာခြင်း
▪️မူးဝေ၊ အားနည်းလာခြင်း
▪️သတိလစ်ခြင်း/သတိအခြေအနေပြောင်းခြင်း
▪️ဝမ်းထဲသွေးပါခြင်း
▪️ကလေးငယ်၊ သက်ကြီးရွယ်အို သို့မဟုတ် နာတာရှည်ရောဂါရှိသူ ဖြစ်ခြင်း
❌ကိုယ့်သဘောနဲ့ antibiotic စသောက်တာ မလုပ်ပါနဲ့။ ဝမ်းလျှောတိုင်း antibiotic လိုအပ်တာ မဟုတ်ပါဘူး။
လတ်တလောမှာ အကြောင်းရင်းအတိအကျကို မသတ်မှတ်နိုင်သေးတဲ့အတွက် ရေ + အစားအသောက် + လက်သန့်ရှင်းရေး သုံးခုစလုံးကို အထူးဂရုစိုက်ကြပါ။
ဒီအချိန်မှာ “ဘယ်ဆိုင်ကစားခဲ့လို့ ဖြစ်တာလဲ” ဆိုတာထက် ကိုယ်စားမယ့်အစားအစာနဲ့ သောက်မယ့်ရေကို လုံခြုံအောင်ရွေးချယ်တာက ပိုအရေးကြီးပါတယ်။
13 Aug 2026