21/11/2022
ကျွန်တော် ကိုမင်းနိုင်ပါ ခင်ဗျ။
ငွေကြေး အကျပ်အတည်းအတွက် ဆောင်ရွက်ဖွယ် စနစ်လေးတစ်ခု ရေးပေးလိုက်ပါတယ်။
အလွန် လွယ်ကူရိုးရှင်းပါတယ်။
သဘောပေါက်အောင်တော့ ဖတ်ကြည့်စေချင်ပါတယ် ခင်ဗျာ။
ဒီအရာကို ဆောင်ရွက်ရာမှာ -
- အကောင်းဆုံး အချိန်က မနက် နေထွက်ချိန် ဖြစ်ပါတယ်။
အကြောင်းကြောင်းကြောင့် နေထွက်ချိန် မမှီခဲ့ရင် နေ့လည် ဆယ့်တစ်ခွဲထိ ဆောင်ရွက်နိုင်ပါတယ်။
- အကောင်းဆုံး နေရာက စေတီတစ်ဆူဆူရဲ့ ရင်ပြင်တော် နေရာဖြစ်ပါတယ်။
အမိုးအကာ မရှိ ဟင်းလင်းပြင်နေရာက ပိုကောင်းပါတယ်။
မနက် နေထွက်ချိန်မှာ စေတီရှိရာကို သွားဖို့ အဆင်မပြေရင်တော့ မိမိ နေအိမ် ဘုရားခန်းမှာပဲ ဆောင်ရွက်နိုင်ပါတယ်။
- အကောင်းဆုံး မျက်နှာမူရာ အရပ်ကတော့ အရှေ့အရပ် ဖြစ်ပါတယ်။
ဒီအချက်ကိုတော့ အပေါ်က အချက်တွေလို ပြုပြင်ယူလို့ မရပါဘူး။
အမြဲတမ်းပဲ အရှေ့အရပ်ကို မျက်နှာမူရပါမယ်။
ကိုင်း ... ပြန်ပြောကြရအောင်။
မနက် နေထွက်ချိန်မှာ စေတီတစ်ဆူရဲ့ အမိုးအကာ မရှိတဲ့ ရင်ပြင်တော်ကို သွား၊
အရှေ့အရပ်ကို မျက်နှာမူ .... အဲလို မျက်နှာမူပြီးရင် ဟောဒီဂါထာတော်ကို သက်စေ့ ရွတ်ဖတ်ပူဇော်ရပါမယ် ခင်ဗျာ။
စက္ခုမာစရ မာစိဏ္ဏော
ဓမ္မညု ဓမ္မသာမိကော
ဗလူပေတော ဗလဓရော
ဝရဒေါ ဒေတုမေ ဝရံ။
- ဖြစ်နိုင်ရင် ဘုရားကန်တော့ သီလယူပြီးမှ ရွတ်စေချင်ပါတယ်။
- ဖြစ်နိုင်ရင် မတ်တပ်ရပ်ပြီး ရွတ်စေချင်ပါတယ်။
ကျန်းမာရေးအရ မတ်တပ်ရပ်ပြီး ရွတ်ဖို့ အဆင်မပြေမှ ထိုင်ပြီး ရွတ်ပါ။
- အကြောင်းကြောင်းကြောင့် သက်စေ့ မရွတ်နိုင်ရင် ၂၇ ခေါက်တော့ အနည်းဆုံး ရွတ်ပါ။
ဒီအစီအရင်ကို နေ့စဉ် ဆောင်ရွက်ပါ။
ဘာဆုမှ " လုံးဝ လုံးဝ " မတောင်းရပါ။
ရလာမယ့် အကျိုးကျေးဇူးတွေကတော့ -
- စီးပွားတက်တယ်။
- အကြွေးကျေလွယ်စေတယ်။
- စီးပွားတက်အောင် ကူညီမယ့် မိတ်ဆွေကောင်းတွေ ရလာစေတယ်။
- မိမိ မှားရင် သင့်လျော်သလို ပဲ့ပြင်ပေးမယ့် ဆရာကောင်း / မိတ်ဆွေကောင်းတွေ တိုးပွားလာမယ်။
- ဘုန်းတန်ခိုး ကျက်သရေ တိုးတက်မယ်။
- အလွန် စိတ်အေးချမ်းကြည်လင်စေပါတယ်။
- ရောဂါဆိုး / ကပ်ဆိုး ဘေးမှ ကင်းစေပါတယ်။
- ပညာဉာဏ်အရာမှာ အလွန် ပွင့်လင်းထက်မြက်လာပါမယ်။
အထူးခြားဆုံးကတော့ မိမိ တစ်ယောက် ဆောင်ရွက်ရုံနဲ့ပဲ မိမိနဲ့ အတူနေသူများမှာပါ အဲဒီအကျိုးကျေးဇူးများကို ထိုက်သင့်သလို ခံစားလာကြရတာကို တွေ့ကြရပါလိမ့်မယ် ခင်ဗျာ။
အတိအကျ လိုက်လုပ်နိုင်ခဲ့ရင် ရက်သုံးပတ်အတွင်း အပေါ်မှာ ပြောခဲ့တဲ့ အကျိုးကျေးဇူးတွေကို ထင်ထင်ရှားရှား ရလာပါလိမ့်မယ်။
အတိအကျ မလုပ်နိုင်ရင်တောင် ရက်သတ္တပတ် ခြောက်ပတ်အတွင်း ထင်ရှားသိသာလွန်းပါတယ်။
ခြောက်လဆက်တိုက် " အတတ်နိုင်ဆုံး " မပျက်မကွက် လုပ်ပြီးရင်တော့
"ကိုယ်တိုင်တောင် ပြန်ပြီး အံ့ဩဝမ်းသာယူရတဲ့ ဘဝမျိုးကို "
ရောက်နေတာ တွေ့ရပါလိမ့်မယ်။
အားလုံး အစစ အဆင်ပြေကြပါစေ ခင်ဗျာ။
ဒီစာကို မိမိတို့ အဆင်ပြေသလို ဖြန့်ဝေပေးကြပါ ခင်ဗျာ။ ကုသိုလ်ရပါတယ် ခင်ဗျ။
လေးစားစွာဖြင့်
မင်းနိုင်။