19/07/2026
နန်းလုံးကြိုင်
အင်္ဂလိပ်အမည် - Cassia Flower
မျိုးရင်း- Mimosaceae (ဆူးဖြူမျိုးရင်း)
ရုက္ခဗေဒအမည် - Acacia farnesiana Wild
အဓိကဆေးဖက်ဝင်ပုံ
သွားနာ၊ သွားဖုံးရောင်ရောဂါ၊ ပြည်တည်ရောဂါများ သွေးယိုစီးသောရောဂါများ၊ ဝမ်းအရည်သွား ရောဂါများ၊ ညောင်းကျရောဂါ၊ လိင်အင်္ဂါသေးသော ရောဂါများအတွက် အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အခေါက်၊ အရွက်၊ အမြစ်
အပင်ပုံသဏ္ဌာန်
အပင် ။ ။ အပင်ငယ်မျိုးဖြစ်သည်။
အမြင့် ၁၀ ပေ၊ ၁၂ ပေခန့်ထိမြင့်သည်။ အကိုင်းအခက်များပြီး ဆူးရှိသည်။ ပင်စည်ပေါ်တွင် အညိုနုရောင် အစက်ကလေးများပါရှိသည်။ အခေါက်မှ အစေးထွက်သည်။ အခေါက်စိမ်းညိုရောင်ရှိသည်။
အရွက် ။ ။ ငှက်မွေးရွက်ပေါင်းဖြစ်သည်။ ရွက်ဆိုင်ထွက်သည်။ ရွက်မြွှာများသည်။ သေးငယ်သည်။ ရှည်မျောမျောပုံသဏ္ဌာန်ဖြစ်ပြီး မျက်နှာချင်းဆိုင်ထွက်သည်။
အပွင့်။ ။ အဝါရှိ၍ သေးငယ်ပြီး ပန်းခိုင်ထိပ်တွင် ဘောလုံးသဏ္ဌာန် စုပြုံထွက်သည်။
အနံ့မွှေးသည်။ တပေါင်းလနှင့် ဝါခေါင်လတွင် ပွင့်သည်။
အသီး။ ။ အသီးတောင့်ဖြစ်၍ နှစ်ဖက်ချွန်ပြီး ပြောင်ချောသည်။ အညိုရင့်ရောင်ရှိသည်။ အခန်းလေး၊ ငါးခန်းပါသည်။ တစ်ခန်းလျှင် အစေ့တစ်စေ့စီပါရှိသည်။ အစေ့အနည်းငယ်ပြား၍ အညိုရောင်ရှိသည်။ နယုန်၊ ဝါဆိုတွင် သီးသည်။
ဆေးကျမ်းများအဆို
ဆေးကျမ်းများအဆိုအရ နန်းလုံးကြိုင်ပင်၏ အခေါက်အရသာသည် ခါး၍ ပူ၏။ စပ်၏။ ထိုအပင် သည် အဆိပ်ကို ပယ်တတ်၏။ သွေးဖောက်ပြန်ခြင်း၊ ယားယံခြင်း၊ အနာပေါက်ရောဂါတို့၌ အကျိုးပြု၏။
အစေးသည် ချို၏။ ခွန်အားကိုဖြစ်စေ၏။ ကာမကို အားပေး၏။ အခေါက်ကို ဆန်ဆေးရည်နှင့် သွေးသောက်လျှင် အားကိုဖြစ်စေ၏။ အခေါက်ကို သနပ်ခါးနှင့်ရော၍ လိင်အင်္ဂါကို လိမ်းကျံပေးခြင်းဖြင့် ကာမအမှုအောင်မြင်စေ၏ဟု နန်းတွင်းဆေးကျမ်း ပေစာများတွင် တွေ့ရှိရသည်။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ ညောင်းကျရောဂါ၊ ဆီးပူရောဂါများဖြစ်လျှင် နန်းလုံးကြိုင် အရွက်နုကိုကြိတ်၍ ဆီးသီးကင်း ခန့်လုံးပြီး နံနက်၊ ညတစ်လုံးစီ သောက်ပေးပါ။
၂။ ဝမ်းအရည်သွားလျှင်၊ ဝမ်းပျက်လျှင် နန်းလုံးကြိုင် အခေါက်ပြုတ်ရည်ကို မတ်ခွက်တစ်လုံးစာ တဖြည်းဖြည်းချင်း သောက်ပေးပါက ဝမ်းရပ်စေသည်။
၃။ သွားနှင့် သွားဖုံးရောဂါများ သွားနာကျင်ခြင်း၊သွားဖုံးရောင်ခြင်း၊ ပြည်တည်ခြင်း၊ သွေးယိုစီးခြင်းများဖြစ်လျှင် အခေါက်ကို အဖန်ရည်ကျကျဖြစ်အောင် ရေထက်ဝက်ခန့်ပြုတ်ပြီး ငုံပေးပါ။ အာလုတ်ကျင်းပေးပါ။
၄။ အမျိုးသားလိင်အင်္ဂါ သေးငယ်သူ၊ ကြီးထွားမှု အားနည်းသူ၊ ဆန္ဒမပြည့်ဝသူများသည် နန်းလုံးကြိုင်အမြစ်ကို သွေး၍ လိင်အင်္ဂါတွင် လိမ်းပေးနိုင်သည်။ ကြီးထွားမှုဖြစ်စေသည်ဟု နန်းတွင်းဆေးကျမ်းများတွင် အဆိုရှိသည်။
၅။ ခန္ဓာကိုယ်တွင် အစက်အပြောက်များထွက်ခြင်း၊ အဖုအပိမ့်အကွက် အင်ပျဉ်များ ထွက်ခြင်းဖြစ်လျှင် နန်းလုံးကြိုင်အရွက်များကို ခူး၍ ပြုတ်ပြီး ရေချိုးပေးခြင်း၊ ရွက်သတ္တုရည်ဖြင့် ပွတ်၍ လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
၆။ ဆူးစူးလျှင်၊ ဆူးပြန်မထွက်လျှင် နန်းလုံးကြိုင်ပင်မှ အစေးကိုယူ၍ ဆူးစူးသော အပေါက်တွင်းသို့ ထည့်ပေးလျှင် ဆူးပြန်ထွက်စေနိုင်သည်။
၇။ ညအိပ်မပျော်သူများသည် နန်းလုံးကြိုင်ပင်မှ အပွင့်ကလေးများကို ပိတ်စတွင်ထုပ်၍ အနံ့ရှူပေးခြင်းဖြင့် အိပ်ပျော်စေနိုင်သည်။
၈။ နှစ်ခြိုက်စွာ အိပ်မပျော်သူများသည် နန်းလုံးကြိုင်အပွင့်ကို ကံ့ကော်ဝတ်ဆံနှင့် ရော၍ သွေးဆေးတွင် ထည့်၍ဖော်စပ်ပြီး တိုက်ကျွေးပါကအိပ်ပျော်စေနိုင်သည်။
၉။ နန်းလုံးကြိုင်အစေ့ကို အမှုန့်ကြိတ်၍ ပျားရည်နှင့်စိမ်ပြီး စားသုံးပေးပါက ကျား၊ မခွန်အားဖြစ်စေနိုင်သည်။ ။
Credit...MWD newspaper 9.1.23 ကူးယူ ဖေါ်ပြပါသည်။
#နန်းလုံးကြိုင် #အောင်