29/08/2026
အုပ်ချုပ်ဖို့က အဆင်သင့်ဖဲ
သော်လှန်ရေးလေးတော့ နိုင်သြောင်တိုက်ပေးဂျ
တော်လှန်ရေး နိုင်လျှင် အဆင်သင့် အုပ်ချုပ်နိုင်မည့် အစိုးရတစ်ရပ် ဖြစ်ရန် ရည်မှန်း လုပ်ဆောင်နေ
28 Aug 2026 By ကိုထားဝယ် / MPA
တော်လှန်ရေး ကာလအတွင်း တိုက်ပွဲများ ဆင်နွှဲနေရရုံ သာမကဘဲ တော်လှန်ရေး အောင်ပွဲခံသည့် အချိန်၌ အဆင်သင့် အုပ်ချုပ်နိုင်မည့် အစိုးရ အဖွဲ့အစည်း စနစ်တစ်ရပ် ပေါ်ထွန်းလာစေရေး ရည်မှန်းချက်ထား ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း ချင်းပြည်ကောင်စီ (Chinland Council - CC) ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ရှရွန်ပါက ပြောကြားလိုက်သည်။
ယနေ့ (ဩဂုတ်လ ၂၈ ရက်) တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၌ ကျင်းပသည့် "ချင်းပြည် တည်ဆောက်ခြင်း — ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးပြီး (၂) နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေး ဖော်ဆောင်မှု အစီရင်ခံစာ" မိတ်ဆက်ရှင်းလင်းပွဲတွင် ၂ နှစ်ခွဲနီးပါးကြာ CC ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ပြောကြားစဉ် ဝန်ကြီး ဒေါက်တာ ရှရွန်ပါက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေး ကာလအတွင်း ဒေသတွင်း ကျန်းမာရေး၊ ခံနိုင်ရည်ရှိရေးနှင့် အစိုးရ စနစ် တည်ဆောက်ရေးတို့နှင့် ပတ်သက်၍ ဝန်ကြီး ဒေါက်တာ ရှရွန်ပါက “ကျမတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ တော်လှန်ရေး ကာလမှာ ရပ်နေလို့ မရပါဘူး။ တိုက်လည်း တိုက်နေရမယ့်အပြင် ကျမတို့ရဲ့ Well-being ပေါ့နော်၊ ကျမတို့ ကျန်းမာစွာ နေနိုင်ဖို့တွေ၊ ခံနိုင်ရည် ရှိဖို့တွေကို ဆက်ပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မူဝါဒနှင့် ပတ်သက်၍လည်း ၎င်းက ဆက်လက်ရှင်းလင်းရာတွင် စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ခိုက်ရင်း အနာဂတ် အုပ်ချုပ်ရေး စနစ်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြောင်း ဆိုသည်။
“Democratic Federal Union ကို ရည်မှန်းတာကြောင့် ကျမတို့က တတ်နိုင်သလောက် စကစကို တိုက်မယ်။ ပြီးတော့ Democratic Federal Union ဖြစ်တဲ့အထိ တတ်နိုင်သလောက် တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်ပါတယ်။ ပြီးတော့ နိုင်ငံရေးအရ မဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးတွေ၊ တရားစီရင်ရေးတွေနဲ့ ပတ်သက်ပြီးတော့ စနစ်တစ်ခုကို တည်ဆောက်ဖို့ ရည်မှန်းတာ ဖြစ်ပါတယ်။ အဲဒါမှသာလျှင် ကျမတို့ တော်လှန်ရေးကို နိုင်သွားတဲ့ အချိန်မှာလည်း Ready ဖြစ်မယ်။ အစိုးရတစ်ရပ် အနေနဲ့ သွားနိုင်မှာ ဖြစ်ပါတယ်။ အစိုးရစနစ် တည်ဆောက်ဖို့ အဓိက ရည်မှန်းတယ်။ ပြည်သူကို ကာကွယ်ရမယ်” ဟု ဒေါက်တာ ရှရွန်ပါက ပြောသည်။
ချင်းပြည်ကောင်စီ (CC) ၏ ဖွဲ့စည်းပုံအရ ကောင်စီ၏ အောက်တွင် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရ၊ ချင်းပြည်တရားလွှတ်တော်ချုပ်နှင့် ၁၉ ဖွဲ့ ပါဝင်သည့် ပြည်နယ်အစိုးရ အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်း စီမံထားကြောင်း သိရသည်။
ထို့အပြင် ချင်းပြည်အစိုးရအဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဆိုသည့် ဝန်ကြီးဌာန ခုနစ်ခုဖြင့် ယန္တရားများ လည်ပတ်လျက် ရှိသည်။
အဆိုပါ လည်ပတ်မှုများနှင့် စစ်ရေး အရှိန်အဟုန်အတွက် ဘဏ္ဍာငွေ ရရှိမှုနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပရှိ ချင်းပြည်သူ လူထု၏ လှူဒါန်းထောက်ပံ့ငွေများကို စစ်ရေးကဏ္ဍတွင် အဓိကထား အသုံးပြုနေသည့်အပြင် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှု ကဏ္ဍများတွင်ပါ ခွဲဝေ အသုံးပြုလျက် ရှိကြောင်း အဆိုပါ ရှင်းလင်းပွဲ အချက်အလက်များအရ သိရသည်။
ဓာတ်ပုံ - Chinland Council
#ချင်း