14/10/2021
String Tension ကြိုးတင်းအားအကြောင်း ပြောရမယ်ဆိုရင် ဒီအချက် သုံးချက်ကို အရင်ဆုံး သိရှိနားလည်ထားဖို့ လိုပါတယ်။
✅ 1.Scale Length,
✅ 2.String Gauge,
✅ 3.Tuning
✅ Scale Length
Scale Length ဆိုတာကတော့ ဂစ်တာရဲ့ Bridge မှာရှိတဲ့ Saddle ကြိုးတင်ခုံကနေ Fretboard အဆုံးမှာရှိတဲ့ Nut ကြိုးတင်ခုံအထိ အလျားအရှည်ကို ပြောတာပါ။
ဂစ်တာများဟာ တစ်လက်နဲ့ တစ်လက် Scale Length ချင်း မတူညီကြပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက်နဲ့ ထုတ်လုပ်တဲ့ မော်ဒယ်အလိုက် ကွဲပြားခြားနားကြပါတယ်။
မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် 40”, 41” တို့လို Standard Size ဂစ်တာများမှာ Neck လက်တံလည်း ပိုရှည်သလို Scale Length လည်း ပိုရှည်ပြီးတော့ Travel Size Mini ဂစ်တာလေးတွေမှာတော့ လက်တံတိုတဲ့အတွက် Scale Length ပိုပြီးတော့ တိုပါတယ်။
Standard Size ဂစ်တာ အများစုမှာ အသုံးပြုလေ့ရှိတဲ့ Scale Length ကတော့ 25.5” ရှိပါတယ်။ Taylor က ထုတ်တဲ့ Travel Size ဂစ်တာတစ်လက်ဖြစ်တဲ့ GS Mini မှာဆိုရင် 23.5” Scale Length ကို သုံးထားတာ တွေ့ရပါတယ်။ အချို့မှာ 23.5”, 24.75”, 26”.. စသည်ဖြင့် အမျိုးမျိုး ကွဲပြားပါတယ်။
✅ String Gauge
String Gauge ကတော့ တော်တော်များများ သိပြီးဖြစ်လိမ့်မယ် ထင်ပါတယ်။ ကြိုးတစ်ကြိုးရဲ့ အချင်း (Diameter) ကို လက်မနဲ့ 0.011”, 0.012”, 0.046, 0.053 စသည်ဖြင့် ဖော်ပြလေ့ရှိပါတယ်။
String Set ကြိုးတစ်စုံ ဝယ်ပြီဆိုရင် သူ့မှာ 9-42, 10-46, 10-47, 11-52, 12-53 စသည်ဖြင့် ဖော်ပြပေးထားတာ ရှိပါတယ်။ 9-42 လို့ ရေးထားတာ တွေ့ပြီဆိုရင် 1st String နံပါတ်တစ်ကြိုးရဲ့ String Gauge က 0.009” ရှိမှာဖြစ်ပြီး 6th String နံပါတ်ခြောက်ကြိုးရဲ့ Diameter က 0.042” ရှိတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ကျန်တဲ့ String Gauge တွေလည်း အလားတူပဲ ဖြစ်ပါတယ်။
✅ Tuning
Tuning ကတော့ ကြိုးညှိတာကို ပြောတာပါ။ တစ်ကြိုးကို ပုံမှန်အားဖြင့် Standard Tuning “E” သံ ညှိကြတယ်။ ဒီလို မဟုတ်ဘဲ Custom Tuning လုပ်မယ်ဆိုပြီးတော့ “D” သံ ညှိမယ်ဆိုရင် သေချာပါတယ် Tuning Pegs ကီးလေးများကို လှည့်ပြီး ကြိုးကို လျှော့ပေးရမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ Standard Tuning “E” သံထက်ပိုတဲ့ “F” သံကို ညှိယူချင်တယ် ဆိုရင်တော့ ကြိုးကို တင်းပေးရမှာပါ။
Scale Length, String Gauge နဲ့ Tuning တို့ သုံးခု ဆက်စပ်ပုံကို ဆက်ပြီးရှင်းပါမယ်။
Scale Length = 25.5”,
String Gauge 0.011”,
Tuning E/D/F
Scale Length 25.5” ရှိတဲ့ ဂစ်တာမှာ String Gauge 0.011” ရှိတဲ့ တစ်ကြိုးတစ်ကြိုးကို တပ်ဆင်ပြီး Tuning “E” သံ ရောက်စေဖို့ရာ String Tension 21.6 lbs (၂၁.၆ ပေါင်) လိုအပ်ပါတယ်။
“E” သံ မဟုတ်ဘဲ Drop Tuning လုပ်ပြီး “D” သံညှိဖို့အတွက်ဆိုရင်တော့ ကြိုးတင်းအား Tension 17.1 lbs ပဲ လိုအပ်တော့မှာ ဖြစ်ပါတယ်။
“F” သံထိ ရောက်တောင် Tuning လုပ်မယ်ဆိုရင်တော့ 24.2 lbs ထိ တင်းအားဖြစ်သွားမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် Scale Length နဲ့ String Gauge တူညီပေမယ့် Tuning မတူညီတဲ့အခါ String Tension ကြိုးတင်အား ပြောင်းလဲသွားပုံကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်။
String Gauge 0.011”,
Tuning E,
Scale Length = 25.5”/23.5”
ဒီတစ်ခါတော့ Scale Length မတူညီတဲ့ ဂစ်တာနှစ်လက်မှာ စမ်းမှာဖြစ်ပါတယ်။ Scale Length 25.5” ရှိတဲ့ ဂစ်တာမှာ String Gauge 0.011” ရှိတဲ့ တစ်ကြိုးတစ်ကြိုးကို တပ်ဆင်ပြီး Tuning “E” သံ ရောက်စေဖို့ရာ String Tension 21.6 lbs (၂၁.၆ ပေါင်) လိုအပ်ပါတယ်။
သို့ပေမယ့် Scale Length 23.5” ရှိတဲ့ ဂစ်တာမှာဆိုရင်တော့ 18.3 lbs ပဲ လိုအပ်ပါတော့တယ်။ String Gauge အတူတူ Tuning အတူတူ ဖြစ်ပေမယ့် Scale Length တိုတဲ့အခါ Tension နည်းစေပြီးတော့ Scale Length ရှည်တဲ့အခါ Tension များစေပါတယ်။
Scale Length = 25.5”,
Tuning E,
String Gauge 0.011”/ 0.012”
Scale Length နဲ့ Tuning တူပြီး String Gauge မတူတဲ့အခါ Scale Length 25.5” မှာ String Gauge 0.011” နဲ့ Tuning E ချိန်ညှိမယ်ဆိုရင် Tension 21.6 lbs ရှိမှာဖြစ်ပြီး String Gauge 0.012” ကို ပြောင်းလဲတပ်ဆင်ပြီး Tuning E ညှိလိုက်မယ်ဆိုရင်တော့ 25.7 lbs ထိ Tension ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။
အနှစ်ချုပ် ပြောရမယ်ဆိုရင်တော့ Scale Length ရှည်ရင် Tension များမယ် တိုရင်နည်းမယ်။
Tuning မြင့်ရင် Tension များမယ်၊ Tuning နိမ့်ရင် Tension နည်းမယ်။
String Gauge ကြီးရင် Tension များမယ်၊ Gauge သေးရင် Tension နည်းမယ်။
ဒီတော့ ကိုယ့်ရဲ့ ဂစ်တာက Scale Length တိုရင် String Gauge ကြိုးအသေး ထည့်လို့ အဆင်မပြေပါဘူး။ ကြိုးတွေ အလွန်ပျော့ဖတ်ပြီးတော့ ကြိုးငြိသံ Buzz တွေထမယ် အသံမသာယာဘူး။ ဒ
ါကြောင့် Scale Length တိုရင် လိုအပ်တဲ့ ကြိုးတင်းအား Tension ရရှိပြီး အသံသာယာစေဖို့အတွက် String Gauge အကြီးကို မဖြစ်မနေ ထည့်သုံးရမှာဖြစ်ပါတယ်။
ဥပမာ Electric Guitar မှာဆိုရင် 25.5" Scale Length ရှိတဲ့ Stratocaster တို့လို ဂစ်တာများမှာ 9-42 String Gauge နဲ့ အဆင်ပြေပေမယ့် Les Paul တို့လို 24.75" သာ Scale Length ရှိတဲ့ ဂစ်တာများမှာတော့ 9-42 အစား 10-46 String Gauge ကို တပ်ဆင် အသုံးပြုခြင်းက ကြိုးတင်းအား Tension ပိုမိုရရှိစေပြီး အသံထွက် ပိုမိုကောင်းမွန်စေပါတယ်။
Acoustic Guitar မှာဆိုရင်တော့ Scale Length 25.5” ဆိုရင် အနောက်နိုင်ငံ ဂစ်တာကုမ္ပဏီများ Standard အနေနဲ့ Recommend ပေးထားတဲ့ String Gauge ကတော့ 12−53 ပဲဖြစ်ပါတယ်။
သို့ပေမယ့် ကြိုးတင်းအားများလို့ လက်နာတယ် မတီးနိုင်ဘူးဆိုရင်တော့ 11−52 သုံးလို့လည်း အဆင်ပြေတာ တွေ့ရပါတယ်။ တချို့ကျတော့လည်း 10−47 လောက် တပ်သုံးကြပါတယ်။
ဒါကိုတော့ သိပ်အားမပေးချင်ပါ။ ကြိုးတွေ အလွန်ပျော့ပြီး Tuning လည်း မငြိမ် အသံထွက်လည်း အားနည်း ကြိုးတွေလည်းငြိပြီး Buzz တွေ များလာတတ်လို့ ဖြစ်ပါတယ်။
ကြိုးတင်းအား ကောင်းကောင်းရလေ အသံထွက်ကောင်းလေဖြစ်ပါတယ်။ သို့ပေမယ့် ကိုယ့်ဂစ်တာရဲ့ ခိုင်ခံ့မှု အခြေအနေကိုလည်း ထည့်တွက်ရပါဦးမယ်။
အချို့ဂစ်တာများဟာ 25.5” Scale Length ရှိကြပေမယ့် 12-53 မပြောနဲ့ 11−52 String Gauge ရဲ့ Tension ဒဏ်ကိုတောင် ရေရှည်ထမ်းမထားနိုင်ဘဲ ကြာလာရင် အဖုံးတွေမို့လာမယ်၊ Neck လက်တံတွေ ခွက်လာမယ် ဒီလိုလည်း ရှိပါသေးတယ်။
တစ်ခါတစ်လေ ကြိုးအားလုံးကို Half tone / Full tone စသည်ဖြင့် Drop Tuning လုပ်ပြီးမှ တီးလို့အဆင်ပြေတဲ့ သီချင်းမျိုးတွေလည်း ရှိတတ်ပါတယ်။
Tuning မြင့်ချင်ရင် Capo ညှပ်ပေးလို့ ရပေမယ့် Drop လုပ်ချင်ရင်တော့ ကြိုးကို မဖြစ်မနေ လျှော့ချရတော့မှာဖြစ်ပါတယ်။
ဒီအခါ ကြိုးတွေ ပျော့ဖတ်ပြီး အသံထွက် မကောင်းတော့တာ ကြိုးတွေငြိခါပြီး Buzz သံတွေ ထွက်လာတာမျိုးတွေ ဖြစ်လာပါမယ်။ အဲဒါဆိုရင်တော့ ကိုယ့်ဂစ်တာ 25.5” Scale Length မှာ ယခင်က String Gauge 11−52 တို့ 12−53 တို့ သုံးခဲ့ပေမယ့် Drop Tuning လုပ်မှာဖြစ်တာမို့ Tension ပိုမိုရရှိဖို့ရာအတွက် ဒီထက်ကြီးတဲ့ String Gauge တွေကို ပြောင်းလဲ တပ်ဆင်ပေးရမှာဖြစ်ပါတယ်။
Scale Length = 25.5” မှာ String Gauge 11−52 ကို Standard Tuning နဲ့ ညှိမယ်ဆိုရင် −
E String = 0.011” (21.6 lbs)
B String = 0.015” (22.5 lbs)
G String = 0.022” (24.8 lbs)
D String = 0.032” (30.2 lbs)
A String = 0.042” (28.2 lbs)
E String = 0.052” (23.2 lbs)
အားလုံး ပေါင်းကြည့်မယ်ဆို အဲဒီဂစ်တာဟာ String Tension 150.5 lbs ဝန်းကျင်လောက်ထိ ထမ်းထားရတာ သေချာပါတယ်။
ပေါင် ၁၅၀ ဆိုတာ ဘော်ဒီတောင့်တောင့် အမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ် တစ်ကိုယ်စာလောက်ကို လေးတာပါ။ ဒါကြောင့် ဂစ်တာတစ်လက် ဝယ်ယူတော့မယ်ဆိုရင် တောင့်တင်းခိုင်မာမှုရှိ/မရှိ အရင်ဆုံး လေ့လာကြည့်ရှုဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။
ခုလောက်ဆိုရင် String Tension ကြိုတင်းအားနဲ့ပတ်သက်ရင် Scale Length, String Gauge နဲ့ Tuning တို့ သုံးခုအပြန်အလှန် ပက်သက်ဆက်နွယ်နေပုံကို နားလည် သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
လေးစားစွာဖြင့် ......
Admin Team
Than Sin Nandaw Musical Store and
Nway Oak Aww Nge Guitar