17/08/2026
“ကလေးကို ခဏခဏမချီနဲ့… လက်ကြိုက်သွားမယ်”
ကလေးမွေးပြီးခါစ မေမေတော်တော်များများ ကြားဖူးကြမယ့် စကားတစ်ခွန်းပါ။ ကလေးငိုလို့ ချီလိုက်ရင်လည်း "ကလေးငိုတိုင်းချီနေရင် လက်ကြိုက်သွားမယ်နော်” ဆိုပြီးပြောကြတယ်။ အမြဲချီထားရင် နောက်ဆို ချလို့ရတော့မှာမဟုတ်ဘူးဆိုတဲ့ အယူအဆလည်းရှိကြပါတယ်။ ကျွန်မလည်း သားဦးမိခင်ဘဝတုန်းက ဒါမျိုးတွေးခဲ့ဖူးတယ်။
ဒါပေမယ့် မိခင်ဘဝကို ဖြတ်သန်းရတာနှစ်ကြာလာတဲ့အခါ၊ ပြီးတော့ စိတ်ပညာလေ့လာတဲ့အခါမှာတော့ ပိုသိလာရတာတွေလည်းရှိပါတယ်။ ကျွန်မ ကလေးစိတ်ပညာဒီပလိုမာနဲ့ အသုံးချစိတ်ပညာဒီပလိုမာတက်တုန်းက ဂျာမန်-အမေရိကန် child psychoanalyst ဖြစ်တဲ့ Erik Erikson ရဲ့ Theory on Psychosocial Development ကိုလေ့လာရတယ်။ အဲဒီခေါင်းစဉ်နဲ့လည်း ကျွန်မက Assignment ရေးခဲ့ရတာပါ။
Erik Erikson ရဲ့ Stage 1 က မွေးစကနေ ၁၈လအထိပါ။ အဲဒီအဆင့်မှာ Trust vs Mistrust Stage က ဖွံ့ဖြိုးနေပါတယ်။
ကလေးလေးတွေဟာ
“မေမေချီတာခံချင်တယ်”
“နို့ဆာတယ်”
“ပင်ပန်းနေတယ်”
"အီအီးပါထားတယ်" စတာတွေကို စကားနဲ့ ပြောလို့မရသေးပါဘူး။ သူတို့ရဲ့ communication က ငိုခြင်း၊ မျက်နှာအမူအရာ၊ ကိုယ်လက်လှုပ်ရှားမှု တွေပါ။
အဲ့ဒီ signal တွေကို မိဘ (အုပ်ထိန်းသူ)ကတုံ့ပြန်ပေးတဲ့အခါ "ငါလိုအပ်တဲ့အချိန်မှာတစ်ယောက်ယောက်ရှိတယ်"ဆိုတဲ့ ခံစားချက်ကိုရပါတယ်။ အဲဒီကနေတစ်ဆင့် အခြေခံယုံကြည်မှု Trust ကို တဖြည်းဖြည်းတည်ဆောက်လာပါတယ်။
ကလေးငိုတဲ့အခါ ကျွန်မတို့က ချီပေးတာ၊ ဖက်ထားပေးတာ၊ အသံအေးအေးလေးနဲ့ ပြောပေးတာ၊ ဗိုက်ဆာရင် နို့တိုက်တာ၊ မသက်မသာဖြစ်ရင် ချီပြီးချော့သိပ်နေတာတွေက Responsive caregiving ရဲ့ အစိတ်အပိုင်းတွေပါ။ ကလေးငိုတိုင်း အချိန်ပြည့် အမြဲချီထားရမယ်လို့လည်း မဆိုလိုပါဘူး။ အချိန်အများစုမှာ Neglect မလုပ်ဘဲ ဖြေရှင်းမှုပေးခြင်းကိုဆိုလိုတာဖြစ်ပါတယ်။
Erikson ရဲ့သီအိုရီဟာ အငြင်းပွားမှုတွေလည်းရှိတယ်ဆိုပေမယ့် စိတ်ပညာလေ့လာသူတွေအတွက် လုံးဝပစ်ပယ်ထားလို့မရတဲ့ အဖိုးတန် သီအိုရီတစ်ခုလည်းဖြစ်နေပါသေးတယ်။
အလွန်ငယ်လွန်းသေးတဲ့ ကလေးတစ်ယောက်က သူ့ရဲ့အခြေခံလိုအပ်ချက်တွေကို အမြဲလိုလို မတုံ့ပြန်ပေးဘူးဆိုရင် သူ့ပတ်ဝန်းကျင်ဟာ ခန့်မှန်းရခက်ပြီး မယုံကြည်ရဘူးဆိုတဲ့ ခံစားချက်ကိုရသွားစေနိုင်ပါတယ်။
ဒါပေမယ့် ကလေးငိုတိုင်း ချက်ချင်းမချီနိုင်လို့ Mistrust ဖြစ်သွားမယ် ဆိုတာမျိုးတော့မဟုတ်ပါဘူး။ မိဘက အချိန်တိုင်းတော့ ၁၀၀% response ပေးဖို့ မလွယ်သလို လိုလည်းမလိုပါဘူး။ အဓိကက အချိန်ကြာလာတာနဲ့အမျှ ဆက်တိုက်တော့ ဂရုစိုက်မှုရရှိနေဖို့လိုတာပါ။
Erikson ရဲ့သီအိုရီအရ ဒီ Stage ကို ကျန်းမာစွာဖြတ်သန်းလာနိုင်ရင် ရရှိလာတဲ့ အဓိက Virtue ကို HOPE လို့ခေါ်ပါတယ်။ အခက်အခဲတွေရှိလာရင်တောင် ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ အခြေခံမျှော်လင့်ချက် ပါ။
ကျွန်မတို့ရဲ့ မိခင်ရင်ခွင်ဆိုတာ ကလေးကို လက်ကြိုက်အောင်လုပ်ပေးတဲ့နေရာထက် ကမ္ဘာကြီးကို ပထမဆုံး ယုံကြည်တတ်အောင် သင်ပေးတဲ့နေရာဖြစ်နိုင်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။