19/11/2024
စာအုပ်ဝယ်သူတွေအတွက်လိုအပ်မယ်ထင်လို့...
စာအုပ်တွေကို ဘယ်လို ထိန်းသိမ်းကြမလဲ
=====================
(ကိုလှိုင်းသစ်)
အမေရိကန်နိုင်ငံမှ Rare book specialist REBECCA ROMNEY ၏ 13 Tips From a Rare Books Expert to Keep Your Books Looking Great ဆောင်းပါးအား မှီးငြမ်းရေးသားပါသည်။
စာဖတ်ဝါသနာပါတဲ့သူ၊ စာပေကို မြတ်နိုးတန်ဘိုးထားတတ်သူတွေဟာ သူတို့ဝယ်ယူစုဆောင်းထားတဲ့ စာအုပ်တွေကို တရိုတသေ သိမ်းဆည်းလေ့ရှိကြပါတယ်။ စာရေးဆရာကြီး Ernest Hemingway ကတော့ There is no friend as loyal as a book. စာအုပ်ကဲ့သို့သော သစ္စာရှိတဲ့မိတ်ဆွေ မရှိပါဆိုပြီးတော့ ရေးဖူးပါတယ်။ ကျွန်တော်တို့ရဲ့ သစ္စာရှိတဲ့ စာအုပ်တွေကို ဘယ်လိုထားသို ထိန်းသိမ်းကြမလဲ . ။ အချိန်ကြာလာတဲ့အမျှ စုဆောင်းထားတဲ့စာအုပ်တွေ များလာသလို စာအုပ်တွေကို ရေရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုထားကြမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
အမေရိကန်နိုင်ငံက Rare Book Specialist ဖြစ်သူ Rebecca Romney ကတော့ စာအုပ်တွေကို ရေရှည် ခံအောင် အောက်ပါအချက် ၁၃ ချက်ကို အကြံပြုထားပါတယ်။
၁။ စာအုပ်ဖတ်တဲ့အခါ Bookmark (စာမှတ်ကဒ်)တွေကိုသုံးပါ။ ဒါပေမယ့် ကြာရှည်မထားပါနဲ့။
စာရွက်ကို မခေါက်ပါနဲ့၊ စာမှတ်ကတ်ကိုသုံးပါ။ လေ့လာဆန်းစစ်ချက်တွေအရ စာအုပ်ဖတ်သူတွေ ထဲမှာ စာရွက်ခေါက်မှတ် သူက ၆၀% လောက်ရှိတုန်းပါ။ Collector တွေက မကြိုက်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း စာဖတ်ရင် စာမှတ်ကဒ်တွေကိုပဲ သုံးပါတယ်၊ စာမှတ်ကဒ်ဆိုတာ တကူးတက ရှာစရာ မလိုပါဘူး၊ ကျွန်တော်တို့ အင်္ကျီ၊ လုံချည်ဝယ်ရင်ပါလာတဲ့ ကတ်လေးတွေကို စုထားပြီး သုံးရင်တောင်ရပါ တယ်။ အခုနောက်ပိုင်း စာအုပ်တိုက်တွေဆို စာအုပ်ကြော်ငြာ၊ စာအုပ်တိုက် ကြော်ငြာတွေနဲ့ Bookmark လေးတွေလုပ်ပြီး စာအုပ်ဝယ်သူတွေကို လက်ဆောင်ပေးတတ်ကြပါတယ်။ စာမှတ်ကတ်တွေကို စာအုပ် မှာ ကြာရှည်ထားတာတော့ မကောင်းပါ။
၂။ စာအုပ်တွေကို သတင်းစာစက္ကူဖြတ်ပိုင်းတွေ၊ သတင်းစာစက္ကူတွေနဲ့ တွဲမထားပါနဲ့ စာအုပ်တွေကို သတင်းစာစက္ကူဖြတ်ပိုင်းတွေ၊ သတင်းစာစက္ကူတွေနဲ့ တွဲမထားပါနဲ့ ထုပ်မထား ပါနဲ့၊ သတင်းစာစက္ကူက အက်ဆစ်ဓာတ်ပါဝင်မှုများပြီး အချိန်ကြာလာတာနဲ့အမျှ အနီးအပါးက စက္ကူ တွေကို အရောင်ပြောင်းစေနိုင်လို့ပါပဲ။ ကျွန်တော်တို့ဆီမှာတော့ တချို့ကတော့ မိုင်းကိုင်စက္ကူလို့ခေါ်တဲ့ စက္ကူတစ်မျိုးနဲ့ စာအုပ်တွေကို အသေအချာ ထုပ်ပြီးသိမ်းကြတယ်။ အဲဒီစက္ကူနဲ့ ထုပ်ထားရင် စာအုပ်အဖုံး တွေ အရောင်ကာလာမကျဘူးလို့ပြောကြတယ်။ တကယ်လည်း နှစ်ကာလကြာပေမယ့် စာအုပ်အဖုံး အ ရောင်၊ အနားတွေ အားလုံးကာလာမကျပါဘူး။ အသစ်အတိုင်း ဖြစ်နေပါတယ်။ ဒါပေမယ့်အားနည်းချက် တစ်ခုကမိုင်းကိုင်စက္ကူဟာ ရှားပါးပြီးဝယ်ရခက်လာတာရယ်၊ စာအုပ်ကို အဲဒီစက္ကူနဲ့ပတ်ပြီး ထုတ်သိမ်း ထားရတဲ့အတွက် အလွယ်တကူ ပြန်ကြည့်လို့မရတာရယ်က အဆင်မပြေတဲ့အချက်တွေပါ။ Collector ဆိုတာ ကိုယ်စုထားတဲ့စာအုပ်ကို တစိမ့်စိမ့်ကြည့်နေချင်ကြတာမျိုးကိုး။
၃။ တိပ်အသုံးမပြုပါနဲ့ စာရွက်တွေပြဲနေတာကို တိပ်တွေကပ်တာမျိုး မလုပ်သင့်ပါဘူး၊ အချိန်ကြာလာ တာနဲ့အမျှ အဲဒီ နေရာကစာရွက်သားတွေဟာ လိမ္မော်ရောင်အဖြစ် အရောင်ပြောင်း သွားစေလို့ပါပဲ။ အဲဒါကတော့ အမှန် ပါပဲ။ တိပ်ကပ်ရင် အချိန်ကြာလာတာနဲ့အမျှ တိပ်ကပ်တဲ့နေရာက စာရွက်သားအရောင် ပြောင်းသွားစေ ပါတယ်။ စာရွက်ကို မပြဲအောင်ဖတ်ရင်တော့ အကောင်းဆုံးပေါ့။
၄။ စာအုပ်တွေကို ဖတ်နေတဲ့အချိန်မှာ ဂျပ်ဖုံးပါရင် ဖြုတ်ထားပေးပါ (သို့သော် လွှင့်ပစ်ဖို့ မဟုတ်ပါ)Jacket အဖုံးတွေဟာ စာအုပ်တွေကို ဖုန်မှုန့်တွေကနေ ရှေ့ဆုံးက အကာအကွယ်ပေးပါတယ်။ ပြီးတော့ စာအုပ်ရဲ့ မျက်နှာဖုံးအလှ စာမျက်နှာလည်းဖြစ်ပါတယ်။ ဖတ်နေတဲ့အချိန်မှာ Jacket အဖုံးပါရင် ဖြုတ်ထားပေးပါ။ ဒါပေမယ့် အဲဒီဂျပ်ဖုံးကို သိမ်းထားပါ။ ပြီးတော့မှ ပြန်တွဲပြီးသိမ်းပါ။ စာအုပ်ကို တောက် ပြောင်ပြီး အသစ်အတိုင်းဖြစ်အောင် ထိန်းသိမ်း ထားနိုင်ဘို့ဆိုရင် အဲဒီဂျပ်ဖုံးက အရေးကြီးပါတယ်။ ခေတ်ကာလကြာမြင့်သွားတဲ့အချိန်မှာ Jacket အဖုံးပါရင် စာအုပ်က ပိုတန်ဖိုးရှိပါတယ်။ ဂျပ်ဖုံး ဆိုတာ စာအုပ်အပေါ်မှာ နောက်တစ်ထပ်ပါတဲ့ စာအုပ်အဖုံးကို ဆိုလိုတာပါ။ မြန်မာစာအုပ်လောက မှာတော့ ဂျပ်ဖုံးလို့ခေါ်ကြပါတယ်။
၅။ စာအုပ်အတွင်းမှာ ဘာစာမှ မရေးပါနဲ့။
စာအုပ်အတွင်းမှာ ဘာစာမှ မရေးပါနဲ့။ ဖြစ်နိုင်ရင် နာမည်၊ လက်မှတ်တောင် မထိုးပါနဲ့။ ဒီဘက် ခေတ် Rare book collector လောကမှာ အဲ့လိုလက်မှတ်တွေ၊ စာတွေပါရင် အသေးစား ချို့ယွင်းချက်လို့ သတ်မှတ်ကြလို့ပါပဲ။ အရမ်းရေးသားချင်ရင် ခဲတံကို အသုံးပြုပါ။ ဖြစ်နိုင်ရင်တော့ စာအုပ် သို့မဟုတ် computer notebook တစ်ခုခုနဲ့ မှတ်ဘို့ သူက အကြံပြုပါတယ်။
၆။ စာအုပ်ကို အကျယ်ကြီးဖွင့်မဖတ်ပါနဲ့။
စာအုပ်ကို အကျယ်ကြီးဖွင့်မဖတ်ပါနဲ့၊ စာအုပ်ရဲ့ကျောရိုး ကျိုးသွားစေနိုင်ပါတယ်။
၇။ စာအုပ်တွေကို အနှောင့်၊ ကျောရိုးကနေ ဆွဲမယူပါနဲ့။စာအုပ်တွေကို စင်ကနေယူမယ်ဆိုရင် အနှောင့်ကျောရိုးထိပ်ကနေ ဆွဲမယူပါနဲ့၊ ပျက်စီးဘို့များ ပါတယ်။ ဘေးနှစ်ဖက်ကို ချဲပြီး ဆွဲယူပေးပါ။ စာအုပ်စင်မှာ စာအုပ်တွေ ကျပ်နေရင် ကိုယ်လိုချင်တဲ့စာအုပ် ရဘို့ တခြားစာအုပ်တွေပါ ဆွဲထုတ်ဘို့လိုအပ်ရင် ထုတ်ပါ။
၈။ စာအုပ်ပေါ်က ဖုန်တွေကို စုတ်တံနဲ့ မကြာမကြာ သန့်ရှင်းရေးလုပ်ပေးပါ။ အဲဒါဟာ စာအုပ်တွေကို ရေရှည်သန့်ရှင်းစေနိုင်မယ့် နည်းလမ်းတစ်ခုပါ။
၉။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာတွေမှာ စာအုပ်တွေကို မထားပါနဲ့။ နေရောင်ခြည်/ ခရမ်းလွန်ရောင်ခြည်ထိတွေ့ခြင်းဟာ စာအုပ်များကို အရောင်ပြောင်းစေပါတယ်။ ၁၉၂၉ ခုနှစ်မှာ ထုတ် ဝေတဲ့ အမေရိကန်စာရေး ဆရာ William Faulkner ရဲ့ The Sound and the Fury ၀တ်ထုစာအုပျ ပထမအကြိမ်ထုတ်ဟာ စာအုပ်ဂျပ်ကတ်အဖုံးမှာပါတဲ့ အနီရောင်အဝိုင်းလေး အရောင်ပြောင်းလဲမှု ကြောင့် ရှားပါးစာအုပ်စျေးကွက်မှာ $10,000 အထိ စျေးနှုန်းကွာဟမှုဖြစ်ခဲ့ပါတယ်။
စာအုပ်အဖုံးတွေဟာ နှစ်ကာလကြာမြင့်လာတာနဲ့အမျှ အရောင်ပြောင်းလဲသွားတာ၊ အရောင် ဖျော့သွားတာတွေဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အထက်မှာရေးခဲ့သလိုပဲ မိုင်းကိုင်စက္ကူနဲ့ ထုတ် သိမ်းရင် အရောင်ပြောင်းလဲမှုမရှိဘူးဆိုပေမယ့် အရမ်းတော့အဆင်မပြေလှပါဘူး။
၁၀။ စာအုပ်တွေထားတဲ့အခန်းကို သင့်တင့်လျောက်ပတ်တဲ့ အပူချိန်နဲ့ထားပါ။ စာအုပ်တွေဟာ သဘာ၀အားဖြင့် အအေးကို ပိုနှစ်သက်သော်လည်း အပူအအေး ညီညွတ်မှုရှိရင် အကောင်းဆုံးပါ။ အခန်းအပူချိန် အပြောင်းအလဲများရင် စာအုပ်တွေကို ပျက်စီးစေနိုင်ပါတယ်။
၁၁။ စာအုပ်တွေကို အသက်ရှူခွင့်ပေးပါ။ စင်ပေါ်မှာ စာအုပ်တွေကို အများကြီး ထပ်မထားပါနဲ့။ အဲဒီလိုထားခြင်းဟာ စာအုပ်အနှောင့်တွေ ကို ပျက်စီးစေပါတယ်။ စာအုပ်ကိုထောင်ထားရင်လည်း 90 degree ဖြစ်အောင် မတ်မတ်ထောင်ထားပါ။ မရရင် ဘေးမှာ တစ်ခုခုခံထားပေးပါ။ စာအုပ်စင်မှာ စာအုပ်ကိုစီထားရင် အနည်းဆုံး စာအုပ်နှစ်အုပ်စာ ချန်ထားပါ။ ကျပ်သိပ်နေအောင် မထားပါနဲ့။
၁၂။ စာအုပ်အကြီးကြီးတွေကို လှဲထားပါ။စာအုပ်အသေးတွေကို ဒေါင်လိုက်စီထားတာ ကောင်းပေမယ့် စာအုပ်အကြီးတွေအတွက် မ ကောင်းပါဘူး။ ကြာရင် စာအုပ်အနှောင့်တွေ နာကုန်ပါတယ်။ စာအုပ်ကြီးတွေအတွက် လှဲထားတာ ပို ကောင်းပါတယ်။ ဒါပေမယ့် အများကြီးလှဲထပ်ထားတာလည်း မကောင်းပါဘူး။ အောက်ဆုံးစာအုပ်က အပေါ်က ဖိအားများကြောင့် နာစေပါတယ်။
၁၃။ မှိုကိုသတိထားပါ။Nevada University ၊ Las Vagas က စုဆောင်းထိန်းသိမ်းရေးအရာရှိ Michael Frazier က စာအုပ် တွေမှာ မှိုစွဲခြင်းဟာ အရမ်းအန္တရာယ်ရှိတဲ့ကိစ္စတစ်ခုပါလို့ မှတ်ချက်ပြုထားပါတယ်။ စာအုပ်မှာ မှိုစွဲရင် အဲဒီစာအုပ်ကို သီးသန့်ခွဲထုတ်ပါ။ ဖြစ်နိုင်ရင် စာအုပ်ကို လွှင့်ပစ်ပါ၊ မဖြစ်နိုင်ရင် မှိုတွေကို စုတ်တံနဲ့ ရှင်းပစ်ပါ။ ပြီးတော့မှ စာအုပ်ကိုသေသေချာချာ ထုပ်ပိုးပြီး ရေခဲသေတ္တာထဲကို သုံး လေးရက်ခန့်ထားပါ။ ပြီးရင် မှိုစွဲတဲ့စာအုပ်စင်/နေရာတွေကို သန့်ရှင်းရေးလုပ်ပါ။
စာအုပ်တွေကို ဘယ်လိုထားကြမလဲ?
စာအုပ်စုဆောင်းသူ Collector တွေအတွက်က အရေးကြီးဆုံး ကိစ္စတစ်ခုပါ။ ဘီဒိုနဲ့ထားမလား၊ စင်နဲ့ထားမလား၊ စင်ဆိုရင်ကော ဘယ်လိုစင်မျိုးနဲ့ ထားမလဲ၊ ကျွန်းစင်လား၊ ကြိတ်သားလား၊ စဉ်းစားရပါ တယ်။ ပြီးရင် ကိုယ့်စာအုပ်တွေကို ရေရှည်ခံအောင် ထိန်းသိမ်းစောင့်ရှောက်ရပါသေးတယ်။ အဓိက ကတော့ ဘာနဲ့ပဲထားထား လေဝင်လေထွက် ကောင်းရမယ်။ အနည်းဆုံး တစ်လတစ်ခါလောက်တော့ စာအုပ်တွေကို စစ်ဆေးပေးရပါမယ်။ စာအုပ်စင်၊ စာအုပ်တွေကို ရေမထိရဘူး၊ ရေထိရင် ထိတဲ့စာအုပ်ကို သပ်သပ်ခွဲထုတ်ထားပါ။ စာအုပ်စင်ရဲ့နောက်ကျောမှာ အကာအကွယ်မပါဘဲ နံရံကပ်ထားလို့မရပါဘူး၊ စာအုပ်တွေ အစိုပြန်ပြီး အခန့်မသင့်ရင် ခြပါတက်နိုင်ပါတယ်။
စာအုပ်စင်ရဲ့နောက်ကျောမှာ အကာ အကွယ်မပါရင် ပလတ်စတစ်လောက်တော့ကာပါ။ နံရံနဲ့ ၆ လက်မလောက်ကွာပါစေ။ ဘီဒိုနဲ့ထားမယ်ဆို ရင်လည်း ခြေထောက်လေးချောင်းနဲ့ဘီဒိုဆိုရင် အောက်မှာ ခြေထောက်လေးချောင်းကို ခွက်ခံပြီး ဒီဇယ်၊ ရေနံချေးထည့်ပါ။
စာအုပ်တွေကို အဓိက အန္တရာယ်ဖြစ်စေတာက ခြနဲ့ ပိုးကိုက်တာပါ။ ပြီးတော့မှ ပိုးဟပ်တို့၊ ကြွက် တို့ပါ။ ခြတွေဟာ လေကောင်းလေသန့် မရရှိမှု၊ ပြုပြင်ထိန်းသိမ်းမှုမရှိမှုတို့အပါအဝင် အကြောင်းအမျိုး မျိုးကြောင့် ပေါက်ပွားလာကြပါတယ်။ ပုံမှန်အနေအထားမှာ စာအုပ်တွေကို စာအုပ်စင်မှာထောင်ထား မယ်၊ လုံး၀ပြန်မကြည့်ဖြစ်ဘူးဆိုရင် ကိုယ့်စာအုပ်တွေ ခြကိုက်နေတာ လုံး၀မသိနိုင်ပါဘူး၊ ကိုယ်က စာအုပ်တစ်အုပ်အုပ်လိုချင်လို့ ထုတ်လိုက်တဲ့အချိန်ကြမှ ခြကိုက်နေပြီဆိုတာ သိကြရတာများပါတယ်။ အဲဒီအချိန်မှာ စာအုပ်တွေတော်တော်များများ ခြကိုက်ခံနေရပြီးပါပြီ။ ခြရဲ့သဘာ၀က စာအုပ်အနှောင့်တွေ ကို နောက်မှ ကိုက်ပါတယ်၊ စာအုပ်ကို ထောင်ထားရင် အောက်ကနေအတွင်းစာမျက်နှာတွေကို လှိုက်ပြီး ကိုက်တာပါ။ အပြင်ကကြည့်ရင် ခြကိုက်နေမှန်း မသိပါဘူး။ စာအုပ်ကို ဆွဲထုတ်လိုက်တော့မှသိတာပါ။ ခြက အရင်တုန်းက စာရွက်အသားတွေကို ပိုကြိုက်ပါတယ်။ စာအုပ်ကို ကျွန်းဘီဒို၊ ကျွန်းစင် ကြီးနဲ့ထား လို့ ခြမကိုက်ဘူးမထင်ပါနဲ့၊ ကိုက်ပါတယ်။ ကျွန်းကို ခြမတက်ဘူးဆိုတာ ကျွန်းဘီဒို၊ ကျွန်းစင်ကို မကိုက် တာပါ၊ အထဲကစာအုပ်တွေကို ကိုက်ပါတယ်။
ပိုးကိုက်တာကတော့ တစ်မျိုးပါ။ ခြနဲ့ပိုးနဲ့ မတူပါဘူး။ ပိုးက စာအုပ်မှာကပ်ထားတဲ့ကော်ကနေ အချိန်ကာလကြာတဲ့အခါ ပိုးအဖြစ် ပြောင်းသွားတာပါ။ ပိုးကိုက်ထားတဲ့စာအုပ်မှာဆိုရင် ပိုးကိုက်ရာ အပေါက်လေးတွေမြင်နေရပါတယ်။ ပိုးကိုက်နေတုန်းပဲဆိုရင် စာမျက်နှာပေါ်မှာစမ်းကြည့်လိုက်ရင် အမှုန်လေးတွေ တွေ့ရပါလိမ့်မယ်။ အဲဒါဆို ပိုးကိုက်နေပါပြီ။ စာအုပ်ကို ခြမကိုက်အောင် ဂရုစိုက်နိုင် ပေမယ့် ပိုးမကိုက်အောင်တော့ ထိန်းရခက်ပါတယ်။ ပိုးဟပ်ကတော့ စာအုပ်အနားတွေကို အဓိကထား ကိုက်တာပါ။ ကြွက်က တွေ့သမျှ အကုန်ကိုက်တာပါပဲ။
ခြ၊ ပိုးကိုက်ခြင်း၊ ပိုးဟပ်တို့ရန်ကကာကွယ်ဘို့ စာအုပ်စင်ကို အနည်းဆုံးတစ်လတစ်ခါ စစ်ဆေး ပေးပါ။ စာအုပ်ကို စင်မှာ အကျပ်ကြီးမထည့်ပါနဲ့၊ ၂ အုပ်စာလောက် နေရာချန်ထားပါ။ စာအုပ်စင်မှာ ပရုပ်လုံးနိုင်နိုင်ထည့်ပါ။ ခြ၊ ပိုး၊ ပိုးဟပ်ရန်ကို ထိုက်သင့်သလောက် ကာကွယ်နိုင်ပါတယ်။ ခြမတက်တဲ့ ဆေးမှုန့်ရှိပါတယ်။ အဲဒီအမှုန့်ကို စာအုပ်စင်တွေမှာ ဖြူးရင်လည်း ရပါတယ်။ ဝယ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီအမှုန့်ဖြူးထားရင် စာအုပ်အနားတွေ ပေကုန်လို့ Collector တွေကတော့ မကြိုက်ကြပါ။
စာအုပ်စင်/ဘီဒိုမှာ ခြတက်ခဲ့ရင် အဲဒီစာအုပ်စင်တစ်စင်လုံးမှာရှိတဲ့ စာအုပ်တွေကို ဖယ်ထုတ်ပါ။ ခြကိုက်သွားတဲ့စာအုပ်တွေကို မီးရှို့ပစ်ပါ၊ သို့မဟုတ် လွှင့်ပစ်ပါ၊ လုံး၀ သံယောဇဉ်မတွယ်ပါနဲ့တော့။ ခြ ကိုက်တဲ့နေရာအပါအဝင် စင်/ဘီဒိုတစ်ခုလုံးကို ပိုးသတ်ဆေးနိုင်နိုင်ဖြန်းပါ။ ကျန်တဲ့စာအုပ်တွေကို သေ သေချာချာ စစ်ပါ။ စင်/ဘီဒိုပေါ် ပြန်မတင်ပါနဲ့ဦး၊ အနည်းဆုံးတစ်ပတ်လောက် ထားပြီးမှ ပြန်ထည့်ပါ။
ပိုးကိုက်တဲ့စာအုပ်ဆိုရင်လည်း သူ့ကို အရင်သပ်သပ်ခွဲထားပါ။ ပိုးကိုက်တဲ့စာမျက်နှာတွေမှာ ပိုးကိုက်ထား တဲ့ အမှုန်အမွှားတွေမကျန်အောင် စုတ်တံနဲ့ရှုင်းထုတ်ပါ။ ပြီးမှ ပိုးကိုက်တဲ့နေရာကို နားကျပ်တောင်ကို အရက်ပျံစွတ်ပြီး တို့ပါ။ သုံးလေးရက်လောက် လုပ်ပါ။ ပိုးကိုက်တာနည်းရင် ဆက်လက်ပျံ့ပွားခြင်းမရှိ တော့ပါ။ ပရုပ်လုံးနိုင်နိုင်ထည့်ရင် ပိုးနဲ့ ပိုးဟပ်ရန်ကို အဓိက ကာကွယ်နိုင်ပါတယ်။ အခုတော့ ပရုပ်လုံးက တစ်ထုပ်ကို လေးထောင်ကျော်ပါပြီ။ လေးညှင်းပွင့်၊ တမာ ရွက်ခြောက် ထည့်ရင်ရတယ်ဆိုပေမယ့် မစမ်း ဘူးပါ။ တချို့ကတော့ စာအုပ်တွေကို ခြရန်သက်သာအောင် တစ်အုပ်ချင်းစီ၊ လေးငါးအုပ်စီ ပလတ်စတစ် အိတ်နဲ့ထည့်ပြီး သိမ်းကြတယ်။ ကောင်းပေမယ့် စာအုပ်ကို အလွယ်တကူတော့ ထုတ်ကြည့်၊ ထုတ်ဖတ်လို့ မရနိုင်ဘူးပေါ့။
နောက်တစ်ခုက စာအုပ်တွေကို ဘယ်လိုထားကြမလဲ၊ စာရေးဆရာအလိုက်ပဲ စီထားမလား၊ ဒါ ဆိုရင် အဲဒီစာရေးဆရာ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေရဲ့အရွယ်အစားက စကားပြောလာပါပြီ၊ စာအုပ်တွေက တညီတည်းမှ မဟုတ်တာ။ ၀တ်ထုဆိုဒျ (၁၆ ချိုး)၊ ဒီမိုင်းဆိုဒ်၊ မဂ္ဂဇင်းဆိုဒ် မျိုးစုံရှိနေတော့ စာအုပ်စင်၊ ဘီဒိုမှာ ဘယ်လိုထားမလဲ စဉ်းစားစရာဖြစ်လာပါပြီ။ ကျွန်တော်ကတော့ စာအုပ်တွေကို စာအုပ်စင်မှာ အရွယ်အစားအလိုက် အရင်စီပါတယ်၊ ပြီးမှ စာရေးဆရာအလိုက် စီထားပါတယ်။
စာအုပ် အကြီးတွေကိုလည်း စာရေးဆရာအလိုက် ရသလောက်စီပြီးထားပါတယ်။ သာမန် Collector တစ် ယောက်အနေနဲ့ စာအုပ်တွေထားဘို့နေရာကလည်း အခက်အခဲဖြစ်လာရင် ကျွန်တော်တို့ စာအုပ်တွေကို ဘယ်လိုထားကြမလဲ။
စာအုပ်တွေ အများကြီးရှိတဲ့ Collector တွေအတွက် library လိုမျိုး စာအုပ်တွေကို အမျိုးအစားခွဲပေး၊ နံပါတ်စဉ်လုပ်ပေးတဲ့ဝန်ဆောင်မှုတွေပေးတဲ့ အဖွဲ့ငယ်လေးတွေလည်း မြန်မာ ပြည်မှာရှိနေပါပြီ။ ကျွန်တော်ကတော့ Library လိုမျိုးခွဲတာထက် စာရေးဆရာတစ်ယောက်ချင်းစီအလိုက် သူတို့စာအုပ်တွေကို စီထားရတာ ပိုနှစ်သက်ပါတယ်။
ဒါကတော့ ကျွန်တော်လေ့လာမိသလောက် စာအုပ်တွေကို ဘယ်လိုထိန်းသိမ်းသင့်သလဲ ဆို တာကို ပြန်လည်မျှဝေတာပါပဲ။ Collector တွေလည်း စာအုပ်တွေကို ရန်သူမျိုးငါးပါးဒဏ်၊ ခြ၊ ပိုးဟပ်၊ ကြွက် အစရှိတဲ့ဒဏ်တွေကနေကင်းဝေးပြီး စာအုပ်တွေ အများကြီး စုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါ တယ်။
ကိုလှိုင်းသစ်
11-11-2024
11:11