01/09/2026
တခါတလေ ကိုယ်ရင်းနှီးတဲ့သူတွေနဲ့တွေ့ပြီး စကားတွေပြော၊ ရယ်မော၊ အတူတူအချိန်ကုန်ဆုံးပြီးတဲ့နောက်မှာတောင် အိမ်ပြန်ရောက်တာနဲ့ နောက်ဘယ်သူနဲ့မှ စကားမပြောချင်တော့တဲ့ခံစားမှုမျိုး ကြုံဖူးကြမှာပါ။
▪️ဖုန်းလာရင် မကိုင်ချင်ဘူး။
▪️Message ဝင်လာရင် ပြန်မဖြေချင်ဘူး။
▪️“ဒီနေ့တော့ တစ်ယောက်တည်းနေချင်တယ်” ဆိုတဲ့စိတ်လေးပဲရှိနေတတ်တယ်။
အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင်
“ငါ လူတွေနဲ့မနီးချင်တော့ဘူးလား?”
“ငါ အေးစက်လာတာလား?”
“သူတို့ကို စိတ်မဝင်စားတော့တာလား?” လို့ပြန်မေးမိတတ်တယ်။
တကယ်တော့ အမြဲတမ်း အဲ့ဒီလိုမဟုတ်ပါဘူး။
တခါတလေ လူတွေကိုမရင်းနှီး၊ မနှစ်သက်တော့တာမဟုတ်ဘဲ ကိုယ့်ရဲ့ Social Battery လေးက ခဏကုန်သွားတာလည်း ဖြစ်နိုင်တယ်။
Social Battery ဆိုတာက ခေတ်ပေါ်စကားအသုံးအနှုန်းသက်သက်သာဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ တကယ့်အတိုင်းအထွာ တစ်ခုမဟုတ်ပေမယ့် လူမှုဆက်ဆံရေးတွေမှာ အာရုံစိုက်ပေးနိုင်ဖို့၊ နားထောင်ပေးနိုင်ဖို့၊ တုံ့ပြန်ပေးနိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ်လည်း social situation ထဲမှာ ထိန်းညှိထားနိုင်ဖို့ အသုံးပြုရတဲ့ စိတ်ပိုင်းဆိုင်ရာအင်အားကို နားလည်လွယ်အောင် ခေါ်ဝေါ်ထားတဲ့ စကားလုံးလေးတစ်ခုပါ။
တခြားလူတစ်ယောက်နဲ့ စကားပြောတဲ့အခါ “စကားပြောနေရုံ” တစ်ခုတည်းမဟုတ်ပါဘူး။
သူပြောတာကိုနားထောင်ရတယ်။
သူ့မျက်နှာအမူအရာကိုဖတ်ရတယ်။
ဘယ်အချိန်မှာပြန်ပြောရမလဲ စဉ်းစားရတယ်။
ကိုယ်ပြောလိုက်တာက တစ်ဖက်လူအပေါ်ဘယ်လိုသက်ရောက်မလဲ စဉ်းစားရတယ်။
ကိုယ့်ရဲ့စိတ်ခံစားချက်ကိုလည်း တစ်ချိန်တည်းမှာ ထိန်းညှိထားရတတ်တယ်။
အထူးသဖြင့် လူများတဲ့နေရာ၊ အသံများတဲ့နေရာ၊ မရင်းနှီးတဲ့လူတွေနဲ့တွေ့ရတဲ့နေရာတွေမှာ ဒီလို cognitive load လေးတွေ ပိုများလာနိုင်ပါတယ်။ ဒါကြောင့် social exhaustion ဟာ ကိုယ်ခန္ဓာပင်ပန်းတာနဲ့ အတူတူမဟုတ်ဘဲ “စိတ်ထဲကနေ ခဏလောက် လူတွေနဲ့အဆက်ဖြတ်ချင်သွားတာ” မျိုးဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ အရေးကြီးတာလေးတစ်ခုရှိပါတယ်။
📍Social Battery ကုန်သွားခြင်းနဲ့ လူတွေကို ကိုယ့်အနားမှာ မရှိစေချင်တော့ခြင်းဟာ တူညီတဲ့အရာတွေမဟုတ်ပါဘူး။
ကိုယ်ဟာ ဒီလို တခါတလေ တစ်ယောက်တည်းနေချင်နေတာကြောင့် Introvert ပဲလို့လည်း မဆိုလိုပါဘူး။ Extrovert ဖြစ်တဲ့သူတွေလည်း Social Battery ကုန်နိုင်ပါတယ်။ Personality တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ social energy ကို အပြည့်အဝဆုံးဖြတ်လို့မရပါဘူး။ Introversion နဲ့ extraversion ဟာ continuum တစ်ခုလိုရှိပြီး လူတစ်ယောက်ချင်းစီရဲ့ social experience နဲ့ preference တွေက ကွာခြားနိုင်ပါတယ်။
တခါတလေမှာတစ်ယောက်တည်းနေရတာက ကိုယ့်စိတ်ကိုပြန်တည်ငြိမ်စေပြီး အားပြန်ဖြည့်ပေးနေတယ်ဆိုရင် အဲ့ဒါဟာ Positive Solitude ဖြစ်နိုင်ပါတယ်။
တစ်ဖက်မှာတော့ လူတွေကိုတကယ်ရှိစေချင်ပေမယ့် ချိတ်ဆက်နိုင်မယ့်သူမရှိတာ၊ နားလည်ပေးမယ့်သူမရှိတာကြောင့် ဝမ်းနည်းနာကျင်နေရင် အဲ့ဒါက Loneliness ဖြစ်နေနိုင်ပါတယ်။ နှစ်ခုလုံးမှာ “တစ်ယောက်တည်းနေခြင်း” ဆိုတဲ့အပြုအမူတူနိုင်ပေမယ့် အတွင်းမှာ ရည်ရွယ်ချက်နဲ့ ကြုံတွေ့ရပုံခြင်းက မတူနိုင်ပါဘူး။
ဒါကြောင့် တစ်ခါတလေ ကိုယ်တစ်ယောက်တည်းနေချင်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် “ငါဘာဖြစ်နေတာလဲ” လို့ အလွန်အကျွံအပြစ်တင်မယ့်အစား…
“ငါ အခုလူတွေကို မလိုချင်တာလား၊ ဒါမှမဟုတ် ခဏလောက်အားပြန်ဖြည့်ဖို့လိုနေတာလား”
လို့ မေးကြည့်နိုင်ပါတယ်။
ဒီမေးခွန်းလေးက အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့ တခါတလေ Relationship တွေကို ထိခိုက်စေတာက ကိုယ်တစ်ယောက်တည်းနေချင်တာမဟုတ်ဘဲ ကိုယ့်လိုအပ်ချက်ကို ကိုယ်တိုင်နားမလည်ဘဲ အပြစ်ရှိသလိုခံစားနေရတာ ဖြစ်တတ်လို့ပါ။
တကယ်တော့ ကိုယ့်အခြေအနေကို ကိုယ်သိပြီး သင့်တော်တဲ့ Boundary လေးထားနိုင်ခြင်းက နောက်တစ်ကြိမ် ပြန်ဆက်သွယ်တဲ့အခါ ကိုယ်တကယ်ရှိနေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
ဒါကြောင့် ဒီနေ့ ကိုယ့် Social Battery လေးနည်းနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့နော်။
လူတွေကိုရင်းနှီးနေတုန်းပဲ ဖြစ်နိုင်ပါတယ်။
Relationship တွေကိုတန်ဖိုးထားနေတုန်းပဲ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးကို ဆက်ပြီးပေးနိုင်ဖို့အတွက် ကိုယ့်အတွင်းစိတ်မှာလည်း ပြန်လည်အားဖြည့်ဖို့ နေရာလေးတစ်ခု လိုအပ်နေတတ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် recharge လုပ်ဖို့အချိန်ယူခြင်းဟာ လူတွေကနေထွက်ပြေးခြင်းမဟုတ်ပါဘူး။
တခါတလေ ကိုယ်ရင်းနှီးတဲ့လူတွေအတွက် ပိုပြီးအပြည့်အဝပြန်လာနိုင်ဖို့ ကိုယ့်စိတ်ကိုခဏပြန်ခေါ်ထားခြင်းပဲ ဖြစ်ပါတယ်။
မေတ္တာဖြင့်
Andrea
✅လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️Copy ကူး၍ နာမည်ပြောင်းခြင်းခွင့်မပြုပါ။