03/07/2024
သံဃာသင်းကွဲအောင်မလုပ်ကောင်း
==========================
သံဃာကိုသင်းကွဲအောင်ပြုလုပ်ခြင်းဆိုတဲ့
သံဃဘေဒကကံဆိုတာ အလွန်ကြောက်စရာပါ
ပါရာဇိကလေးပါးထဲမပါပေမယ့်
ပဥ္စနန္တရိယကံကြီးငါးပါးထဲမှာ
သံဃာကိုသင်းခွဲခြင်း သံဃဘေဒကကံဆိုတာ
အင်မတန်သတိထားစရာပါပဲ
တချို့က ပါရာဇိကလေးပါးပဲသိကြပြီး
သံဃာသင်းကွဲခြင်း သံဃဘေဒကကံကြီး
ထိုက်မှာကိုသတိမမူမိကြပါဘူး။
သံဃာကွဲပြားအောင်လုပ်တယ်ဆိုတာ အပြစ်ကြီးလှပါတယ်…
မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည်- ''အာနန္ဒာ ထို အဓိကရုဏ်းသည် ငြိမ်းပြီလော''ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ထို အဓိကရုဏ်းသည် အဘယ်မှာ ငြိမ်းပါအံ့နည်း၊ အသျှင်အနုရုဒ္ဓါ၏ အတူနေတပည့် ဗာဟိယမည်သော ရဟန်းသည် သံဃာကွဲပြားရန်နည်းမျိုးစုံ အားထုတ်လျက် ရပ်တည်နေပါ၏၊ ထိုသို့ ဖြစ်ရာ၌ အသျှင်အနုရုဒ္ဓါသည် စကားတစ်ခွန်းမျှ ပြောစကောင်း၏ဟူ၍ မအောက်မေ့ပါဟု (လျှောက်၏)။
အာနန္ဒာ အနုရုဒ္ဓါသည် သံဃာ့အလယ်ဝယ် အဓိကရုဏ်းတို့၌ အဘယ်အခါက မေးစိစစ်ဖူးသနည်း၊ အာနန္ဒာ ဖြစ်ပေါ်သမျှ အဓိကရုဏ်းအားလုံးတို့ကို သင်တို့သော်လည်း ငြိမ်းစေရမည် မဟုတ်ပါလော၊ သာရိပုတြာ မောဂ္ဂလာန်တို့သော်လည်း ငြိမ်းစေကြရမည် မဟုတ်ပါလော။
အာနန္ဒာ အကျိုးထူးလေးမျိုးတို့ကို မြင်သော ရဟန်းယုတ်သည် သံဃာကွဲပြားခြင်းကို နှစ်သက် လိုလား၏။
အဘယ်လေးမျိုးတို့နည်းဟူမူ-
(၁) အာနန္ဒာ ဤသာသနာတော်၌ ရဟန်းယုတ်သည် သီလမရှိ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ် ယုံမှားဖွယ် အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် မရှိဘဲလျက် မြတ်သော အကျင့်ရှိ၏ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ (ကိလေသာ) မိုးစွတ်၏၊ ယောက်သွားပုပ်ကဲ့သို့ ဖြစ်၏။
ထိုရဟန်းအား- ''ဤရဟန်းသည် 'သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ် ယုံမှားဖွယ်အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် မရှိဘဲလျက် မြတ်သော အကျင့်ရှိ၏ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ (ကိလေသာ) မိုးစွတ်၏၊ ယောက်သွားပုပ်ကဲ့သို့ ဖြစ်၏'ဟု ငါ့ကို့ရဟန်းတို့ အကယ်၍ သိကုန်မူ ညီညွတ်လျှင် ငါ့ကို ဖျက်ဆီးကြလိမ့်မည်၊ မညီညွတ်လျှင်မူကား ငါ့ကို ဖျက်ဆီးနိုင်ကြလိမ့်မည် မဟုတ်''ဟု အကြံဖြစ်၏။
အာနန္ဒာ ဤပဌမအကျိုးထူးကို မြင်သော ရဟန်းယုတ်သည် သံဃာကွဲပြားခြင်းကို နှစ်သက်လိုလား၏။
(၂) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းယုတ်သည် မှားသော အယူရှိ၏၊ အပိုင်းအခြားကို ယူတတ် သော မိစ္ဆာဒိဋ္ဌိနှင့် ပြည့်စုံ၏။
ထိုရဟန်းအား- ''ဤရဟန်းသည် 'မှားသော အယူရှိ၏၊ အပိုင်းအခြားကို ယူတတ်သော မိစ္ဆာဒိဋ္ဌိနှင့် ပြည့်စုံ၏'ဟု ငါ့ကို ရဟန်းတို့ အကယ်၍ သိကုန်မူ ညီညွတ်လျှင် ငါ့ကို ဖျက်ဆီးကြလိမ့်မည်၊ မညီညွတ်လျှင်မူကား ငါ့ကို ဖျက်ဆီးနိုင်ကြလိမ့်မည် မဟုတ်''ဟု အကြံဖြစ်၏။
အာနန္ဒာ ဤဒုတိယအကျိုးထူးကို မြင်သော ရဟန်းယုတ်သည် သံဃာကွဲပြားခြင်းကို နှစ်သက်လိုလား၏။
(၃) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းယုတ်သည် မှားသော အသက်မွေးမှု ရှိ၏။ မှားသော အသက်မွေးမှုဖြင့် အသက်မွေး၏၊
ထိုရဟန်းအား- ''ဤရဟန်းသည် 'မှားသော အသက်မွေးမှု ရှိ၏၊ မှားသော အသက်မွေးမှုဖြင့် အသက်မွေး၏'ဟု ငါ့ကို ရဟန်းတို့ အကယ်၍ သိကုန်မူ ညီညွတ်လျှင် ငါ့ကို ဖျက်ဆီးကြလိမ့်မည်၊ မညီညွတ်လျှင်မူကား ငါ့ကို ဖျက်ဆီးနိုင်ကြလိမ့်မည် မဟုတ်''ဟု အကြံဖြစ်၏။
အာနန္ဒာ ဤတတိယ အကျိုးထူးကို မြင်၍ ရဟန်းယုတ်သည် သံဃာကွဲပြားခြင်းကို နှစ်သက်လိုလား၏။
(၄) အာနန္ဒာ နောက်တစ်မျိုးကား
ရဟန်းယုတ်သည် လာဘ်ကို အလိုရှိ၏၊ အရိုအသေပြုမှုကို အလိုရှိ၏၊ မထီမဲ့မြင် မပြုမှုကို အလိုရှိ၏။
ထိုရဟန်းအား- ''ဤရဟန်းသည် 'လာဘ်ကို အလိုရှိ၏၊ အရို အသေ ပြုမှုကို အလိုရှိ၏၊ မထီမဲ့မြင် မပြုမှုကို အလိုရှိ၏'ဟု ငါ့ကို ရဟန်းတို့ အကယ်၍ သိကုန်မူ ညီညွတ်လျှင် ငါ့ကို အရိုအသေပြုကြလိမ့်မည် မဟုတ်၊ အလေးပြုကြလိမ့်မည် မဟုတ်၊ မြတ်နိုးကြလိမ့်မည် မဟုတ်၊ ပူဇော်ကြလိမ့်မည် မဟုတ်၊ မညီညွတ်လျှင်ကား ငါ့ကို အရိုအသေပြုကြလိမ့်မည်၊ အလေးပြုကြလိမ့်မည်၊ မြတ်နိုးကြလိမ့်မည်၊ ပူဇော်ကြလိမ့်မည်''ဟု အကြံဖြစ်၏။
အာနန္ဒာ ဤစတုတ္ထအကျိုး ထူးကို မြင်၍ ရဟန်းယုတ်သည် သံဃာကွဲပြားခြင်းကို နှစ်သက်လိုလား၏။ အာနန္ဒာ ဤအကျိုးထူး လေးမျိုးတို့ကို မြင်သော ရဟန်းယုတ်သည် သံဃာကွဲပြားခြင်းကို နှစ်သက်လိုလား၏။
လူဖြစ်စေ
ရဟန်းဖြစ်စေ
သံဃာသင်းကွဲစေမည့်
အပြုအမှုကအစမလုပ်ဆောင်မိပါစေနှင့်
အင်္ဂုတ္တရနိကာယ်၊စတုက္ကနိပါတ်
ပဉ္စမပဏ္ဏာသက၊ သံဃဘေဒကသုတ်
ချစ်လူတက္ကသိုလ်