26/04/2022
“ ကုဗပန်းချီဝါဒ (Cubism)”
Pablo Picasso, Bird Cage.
ကမ္ဘာအနှံ့သို့ ရောက်ရှိပျံ့နှံ့ခဲ့ပြီး၊ ထင်ရှားအရေးပါသည့် အာရုံမြင် ပန်းချီဝါဒကို တုဖက်ယှဉ်ပြိုင်ခဲ့သည့် ပထမဆုံးပန်းချီအနုပညာလှုပ်ရှားမှုမှာ ကုဗပန်းချီဝါဒ ဖြစ်သည်။ တောရိုင်းသားရဲဝါဒ ကဲ့သို့ပင် ယင်းပန်းချီလှုပ်ရှားမှုကို ပြင်သစ်ပန်းချီ ဝေဖန်ရေးဆရာ ဘော့ဆဲလက်စ်(Vauxcelles)က ၁၉၀၈ခုနှစ်တွင် ဘရတ် (Braque) ၏ ခေတ်ပြိုင် ပန်းချီကားများကို ထူးခြားဆန်းပြားသော ကုဗတုံးများ (Bizarreeries cubiques) အဖြစ် ရည်ညွှန်း ကိုးကား၍ ကုဗပန်းချီဝါဒ (Cubism)ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ကုဗပန်းချီဝါဒကို ၂၀ရာစုပန်းချီအနုပညာ၏ မူရင်းပထမဖြစ်သော တီထွင်ဖန်တီးမှု အရှိဆုံး နှင့် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး ပန်းချီလှုပ်ရှားမှုအဖြစ် အသိအမှတ် ပြုခဲ့ကြသည်။
သို့ရာတွင် စေဇန်း (Cezanne) ၏ပန်းချီကားများကို ကုဗပန်းချီဝါဒ၏ အရင်းခံအဖြစ် တင်းတင်းကျပ်ကျပ် အသိအမှတ်ပြုခဲ့ကြသည်။ ထိုပန်းချီကားများသည် ၁၉၀၇ခုနှစ်က ပါရီတွင် လူငယ်ပန်းချီ ဆရာများကျင်းပခဲ့သည့် စေဇန်း၏ဘဝ တစ်လျှောက် အနုပညာဖွံ့ဖြိုးမှုကို ဖော်ပြသည့်ပန်းချီပြပွဲတွင် မြင်တွေ့ခဲ့ကြဖူးပြီး ဖြစ်သည်။ ကုဗ ပန်းချီဝါဒီတို့၏ မအောင်မြင်သည့်အကြောင်းအရာနှင့် ယင်းနှင့်ဆက်စပ်၍ အထင်အမြင်သေးခံရသော အတွင်း စိတ်ကို ဖော်ထုတ်သည့် အရောင်တို့သည် အနောက် တိုင်း ပန်းချီအတွင်း အခြေခံကျသည့် မဟာဗျူဟာမြောက် တီထွင်ဆန်းသစ်မှုတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး၊ ပြန်လည်ဆန်းသစ်ရေးခေတ် ရီနေးဆင့်ကာလအတွင်းမှ one-point perspective ၏ ဖွံ့ဖြိုးတိုးတက်မှုအဖြစ် အင်အားကောင်းသော အနုပညာဖြစ်စဉ် တစ်ခုကဲ့သို့ နှိုင်းယှဉ်ပြထားသည်။ အမှန်တကယ်လည်း ကုဗပန်းချီဝါဒီများ၏ တီထွင်ဖန်တီးမှုများအပေါ် သူတို့ကို ကာကွယ်ချေပ ပြောဆိုသူများက အားကောင်းစွာ ချဲ့ကား ပြောဆိုခဲ့ကြသည်။
ထိုသို့သောသူအများအပြားက ကုဗပန်းချီကို ၂၀ရာစု အစောပိုင်းမှ ပန်းချီအနုပညာအတွင်း ပြီးပြည့်စုံ သောပြန်လည်မွေးဖွားမှုတစ်ခုအဖြစ် မြင်တွေ့လိုကြပြီး၊ အမြင်နှင့် ကိုယ်စားပြုမှုနှစ်ခုအတွင်းရှိ ဆက်သွယ် ချက်ကို ပြန်လည်အဓိပ္ပာယ် သတ်မှတ်ရန် ကြိုးပမ်းမှုတစ်ခုကို ဒဏ္ဍာရီလာစွမ်းအားများဖြင့် အနုပညာကို အပ်နှင်း လိုကြခြင်း ဖြစ်သည်။
ကုဗပန်းချီဝါဒကို လက်တွေ့ကျင့်သုံးရေးဆွဲခဲ့ကြသည့် ထင်ရှားသော ပန်းချီအနု ပညာရှင်များမှာ စပိန် နိုင်ငံသား ပတ်ဘလိုပီကာဆို (Pablo Picasso/1881-1973)နှင့် ပြင်သစ်လူမျိုး ဂျော့ဘရတ်( Georges Braque /1882-1963)တို့ဖြစ်ပြီး၊ သူတို့သည် ၁၉၀၇-၁၄နှစ်များအတွင်း လုံးထွေးနေခဲ့ပြီး၊ အပျော်တမ်းပန်းချီ ချစ်သူများ အနေဖြင့်မူ သူတို့ ပန်းချီများကို အလွယ်တကူ မရေးနိုင်ကြချေ။ ၁၉၈၉ တွင် မော်ဒန်အတ် ပြတိုက်၌ သူတို့လက် ရာ များကို နောက်ဆုံးပြသသည့် နောက်ဆုံးပန်းချီပြပွဲတွင် ပီကာဆို၏ လက်ရာကို အလွန်အမင်းချီးကျူးကြ သည်ကို လီယွန်စတိန်းဘတ် (Leo Steinberg ) ၏တရားဝင်ထုတ်ပြန်ချက်များတွင် လေ့လာနိုင်သည်။ သို့ရာတွင် အတွေးအမြင်သစ်ဖော် ဆောင်သူ ပန်းချီအနုပညာရှင်အများစုကဲ့သို့ပင် ပီကာဆိုနှင့် ဘရတ်တို့သည်လည်း ကျလောက်အောင် အပြောကောင်းသော ပန်းချီသီအိုရီသမားများ မဟုတ်ကြပေ။
(ဆက်လက်ဖော်ပြပါမည်)
လောပူ ဘာသာပြန်ဆိုသည်။
Ref: Modern Art (1851-1929) , Richard R. Brettell.