24/08/2022
ချမ်းသာကြွယ်၀မှုကို ဖန်တီးနိုင်စေမည့် အတွေးများ (စာဖတ်ချိန် ၁၀ မိနစ်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
By Naing Win Aung (CEO Coach & NLP Master Trainer)
လုပ်ငန်းအောင်မြင်ဖို့ဆိုရင် သင့်အတွေးတွေကို ဂရုစိုက်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ အတွေးတွေ မပြောင်းမချင်း အကြံဉာဏ်တွေမပြောင်းနိုင်ဘူး၊ အကြံဉာဏ်တွေမပြောင်းတော့ လုပ်ရပ်တွေ မပြောင်းဘူး၊ လုပ်ရပ်တွေ မပြောင်းရင် ရလဒ်တွေလည်း ပြောင်းမှာ မဟုတ်ဘူး။ အတွေးတွေဆိုတာဟာ လုပ်ငန်းဦးဆောင်သူတစ်ယောက်ရဲ့ ချမ်းသာကြွယ်၀မှုကို နောက်ကွယ်ကနေ ဖန်တီးပေးနိုင်တဲ့ အစွမ်းထက်တဲ့ပိုင်ဆိုင်မှုပါပဲ။ အဲဒါကို အထိရောက်ဆုံးအသုံးချခြင်းအားဖြင့် သင်လိုချင်တဲ့ ချမ်းသာကြွယ်၀မှုတွေကို ပိုင်ဆိုင်နိုင်စွမ်းရှိလာနိုင်ပါတယ်။
…………
ဖြစ်ချင်စိတ်တွေ၊ မျှော်လင့်ချက်တွေ၊ မဟာဗျူဟာတွေဟာ လူတစ်ယောက်ရဲ့ စီးပွားဥစ္စာတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်တယ်။ ဘယ်လိုအရာကိုဖြစ်စေ လိုချင်တဲ့သူတစ်ယောက်ဟာ အဲဒီအရာနဲ့ပတ်သက်ပြီး လိုချင်စိတ် ဟုန်းဟုန်းတောက်နေဖို့လိုတယ်၊ သူအဲဒါကို ရနိုင်တယ်လို့လည်း မျှော်လင့်ထားရမယ်၊ ပြီးရင်တော့ လိုချင်တာကို ရယူနိုင်ဖို့အတွက် လတ်တလောအခြေအနေနဲ့ အထိရောက်ဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေကို သတ်မှတ်ထားဖို့လိုတယ်။ တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးတိုင်း ပြန်လည်သုံးသပ်တတ်တဲ့အလေ့အကျင့်ကိုလည်း ပျိုးထောင်ဖို့ အကြံပြုချင်ပါတယ်။
…………
ကိုယ့်ကိုယ်ကိုယ် ငါအောင်မြင်လိမ့်မယ်လို့ ထပ်တလဲလဲပြောခြင်းအားဖြင့် သင့်ရဲ့ အောင်မြင်အောင် လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုကို ပျိုးထောင်ဖို့လိုတယ်။ ကျွန်တော်တို့တစ်နေ့တစ်နေ့ စကားအများဆုံးပြောတဲ့သူဟာ ကျွန်တော်တို့ကိုယ်တိုင်နဲ့ပဲဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် အပျက်သဘောဆောင်တဲ့စကားတွေ၊ အားလျော့စေမယ့်စကားတွေ ပြောတာဟာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်သလို ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေကို ပြောတာဟာလည်း ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်။
…………
မြင့်မားတဲ့ပညာနဲ့ ကြွယ်၀မှုတွေ ရှိလာဖို့အတွက် မြင့်မားတဲ့ကျောင်းပညာရေးရှိကိုရှိရမယ်လို့ တိုက်ရိုက်ယူဆဖို့ မလိုပါဘူး။ ကျောင်းပညာရေးဟာ ကျွန်တော်တို့ကို သိသိသာသာ အကျိုးပြုတာမှန်တယ်၊ တက္ကသိုလ်တက်တာဖြစ်စေ၊ Master ဘွဲ့ယူတာဖြစ်စေ အကုန်လုံးဟာ လုပ်ငန်းဦးဆောင်သူတွေကို တစ်နည်းတစ်ဖုံအထောက်အကူဖြစ်စေနိုင်တယ်။ ဒါပေမယ့် ကျောင်းပညာရေးကို အကြောင်းကြောင်းကြောင့် ရှေ့မဆက်နိုင်ချိန်မှာ ဘ၀ပညာတွေကို စဉ်ဆက်မပြတ်လေ့လာသင်ယူရင်း၊ အမှန်တကယ်အသုံးချရင်း တိုးတက်လာသူတွေလည်း မနည်းတာကို သင်ကိုယ်တိုင်လေ့လာတွေ့ရှိနိုင်ပါတယ်။
…………
သင်အနာဂတ်မှာ ရယူချင်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး သင့်ရဲ့ စိတ်ထဲမှာ ရှင်းလင်းတဲ့ ပုံရိပ်တွေကို ပုံဖော်စဉ်းစားကြည့်ပါ။ စိတ်ကူးပုံဖော်စဉ်းစားခြင်းဟာ ပညာရေးထက် ပိုပြီးအရေးကြီးတယ်လို့ အိုင်းစတိုင်းက ပြောပါတယ်။ သင်သာ သင်အမှန်တကယ်ဖြစ်ချင်တာတွေကို စိတ်ထဲမှာ မကြာခဏ မြင်ယောင်ကြည့်လို့ရလာပြီဆိုရင် အပြင်မှာ အဲဒီအတိုင်း ရယူနိုင်ဖို့ဆိုတာဟာလည်း ခက်ခဲတဲ့ကိစ္စမဟုတ်တော့ပါဘူး။ ဒါပေမယ့် ပုံဖော်ကြည့်ရုံသက်သက်မဟုတ်ပဲ ဖြည့်ဆည်းသင့်တာဖြည့်ဆည်းဖို့၊ လုပ်စရာရှိတာ လုပ်ဖို့တော့ မဖြစ်မနေ လိုအပ်တာကို မမေ့စေချင်ပါဘူး။
…………
သင့်ရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ လုပ်ငန်းအောင်မြင်မှုတွေကို အစွမ်းကုန်မြှင့်တင်နိုင်ဖို့ဆိုရင် သင့်မှာ အသင်းအဖွဲ့ကောင်းကောင်းရှိဖို့လိုတယ်။ သင့်ရဲ့ အတွင်းစည်း၊ အပြင်စည်းမှာ သင့်ရည်မှန်းချက်တွေကို ရယူရမှာ ကူညီပေးနိုင်တဲ့ ကြီးကျယ်ခမ်းနားတဲ့သူတွေနဲ့ ဝန်းရံထားဖို့ အရေးကြီးတယ်။ အတွင်းစည်းဆိုတာဟာ သင့်ရဲ့ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေကို ဆိုလိုတာဖြစ်ပြီး အပြင်စည်းဆိုတာကတော့ Mastermind Member တွေ၊ Coach/ Consultant တွေ၊ မဟာမိတ် Alliance တွေ၊ Supplier/ Vendor တွေ၊ တစ်ဆင့်ပြန်လည်ရောင်းချပေးသူတွေကို ဆိုလိုပါတယ်။
…………
ဘယ်လိုကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုမဆိုမှာ ရေတိုမအောင်မြင်မှုတွေ၊ ယာယီကျရှုံးမှုတွေ၊ အနှောက်အယှက်၊ အဟန့်အတားတွေ ကြုံတွေ့ရနိုင်ပါတယ်။ အဲဒါတွေက သင့်ကို ပြင်းထန်တဲ့အားစိုက်လုပ်ကိုင်မှုတွေကို လုပ်ဆောင်ခြင်းကနေ ရပ်တန့်သွားအောင် တားဆီးဖို့ကို ခွင့်မပြုပါနဲ့။ အဲဒီလိုအခြေအနေတစ်ရပ်ကို ကျော်ပြီးတဲ့အချိန်မှာကို သင်လိုချင်တဲ့အောင်မြင်မှုက သင့်ကို စောင့်ကြိုနေနိုင်ပါတယ်။ အခက်အခဲတစ်ခုကို ရင်ဆိုင်ရချိန်မှာ အားပိုစိုက်ဖို့လိုနေတာလား၊ နည်းလမ်းပြောင်းပြီး ကြိုးစားဖို့ လိုနေတာလားဆိုတာကို ပြန်သုံးသပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
…………
အခြေအနေနဲ့ လုံး၀ကို မဆီလျော်တော့တာကလွဲရင် သင့်ရဲ့ ပန်းတိုင် (Goal) တွေနဲ့ သင့်ရဲ့ ခံယူချက်တာဝန် (Mission statement) တွေအပေါ်မှာ ကတိကဝတ်ပြုမှုကို ဆွဲမြဲစွာ ဆုတ်ကိုင်ထားပါ။ ခက်ခဲလာတဲ့အချိန်မှာ သင်ဘာကြောင့်စတင်ခဲ့တာလဲဆိုတာကို ပြန်လည်သတိရပါ။ သင့်မှာ ဝင်ငွေရှာတဲ့တာဝန်ပဲရှိတာမဟုတ်ပဲ လူတွေကို အကျိုးပြုလိုတဲ့ရည်ရွယ်ချက်တွေပါ ရှိတာကို သင်ပြန်အမှတ်ရနိုင်ပါတယ်။ သင်သာ သင့်ရဲ့ Mission ကို အမြဲဦးထိပ်ထားမယ်ဆိုရင် ဘယ်လိုအကျပ်အတည်းကိုမဆို ကျော်လွန်အောင် လုပ်နိုင်မယ့် အခြားရွေးချယ်စရာ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။
…………
စိတ်ဆန္ဒပြင်းပြမှုနဲ့ ကိုယ့်စည်းကမ်းကိုယ်ထိန်းသိမ်းမှုတွေရဲ့ ပေါင်းစည်းမှုစွမ်းအားကို ဘယ်အရာကမှ လွယ်လွယ်နဲ့မဖျက်ဆီးနိုင်တာကို အမှတ်ရပါ။ သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့အတွက် သင့်မှာ ဖြစ်ချင်စိတ် ပြင်းပြင်းပြပြရှိတယ်၊ အဲဒါကို ရယူနိုင်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့အရည်အသွေးအတိုင်း ဘယ်လိုပဲ ခံစားနေရပါစေ စည်းကမ်းရှိရှိနဲ့ ဘယ်သူမှ ပြောစရာမလိုပဲ လုပ်ကိုင်တယ်ဆိုရင် သင်လိုချင်တဲ့ချမ်းသာကြွယ်၀မှုတွေကို ဖန်တီးနိုင်မယ့် လမ်းကြောင်းပေါ်ကို သင်ရောက်သွားနိုင်ပါတယ်။
…………
သင့်မှာ သင်ကိုယ်တိုင်တောင် မသိသေးတဲ့၊ ဖွင့်ထုတ်လို့ရသေးတဲ့ အစွမ်းအစတွေ အများကြီးရှိနေသေးတယ်ဆိုတာကို ယုံကြည်ဖို့ပါ။ ပြီးတော့ သင်လိုချင်တဲ့ရလဒ်တွေကို ရယူနိုင်ဖို့အတွက် သင့်ရဲ့စိတ်နဲ့ ခန္ဓာကို သင်လေ့ကျင့်ပေးလို့၊ ပုံသွင်းပေးဖို့ ရတယ်ဆိုတာကို အမှတ်ရပါ။ သိသိနဲ့ ဖြစ်စေ၊ မသိလိုက် မသိဘာသာနဲ့ဖြစ်စေ လူတစ်ယောက်ဟာ သူ့ကိုယ်သူအမြဲတမ်းပုံစံသွင်းမိနေတတ်ပြီး အဲဒီလို ပုံစံသွင်းလိုက်တဲ့အတိုင်း ရလဒ်တွေထွက်လာတတ်တာကို မမေ့ပါနဲ့။ သင်နေ့တိုင်းဘာလုပ်သလဲဆိုတာကို ကြည့်ရင် သင်ဘာတွေကိုရမလဲ၊ ဘယ်ကိုရောက်မလဲဆိုတာကို သင်ကိုယ်တိုင်သုံးသပ်ကြည့်လို့ ရနိုင်ပါတယ်။
Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Business Leadership Facilitator
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အကယ်၍ အခုစာဖတ်နေတဲ့မိတ်ဆွေဟာ လုပ်ငန်းနဲ့ ဘဝတိုးတက်ပြောင်းလဲမှုကို အချိန်တိုအတွင်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်နေတယ်ဆိုရင် ….
Naing Win Aung - CEO Coach Page ဒါမှမဟုတ် Breakthrough Coaching, Training & Consulting Page များကို Message ပို့၍ ဖြစ်စေ 09765222102, 09765222104, 09765222107, 09776480300 တို့ကို ဆက်သွယ်၍ ဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါတယ်။
Naing Win Aung - CEO Coach & NLP Master Trainer Page မှ စာများကို စီးပွားရေး Page များတွင် ကူးယူဖော်ပြခွင့်မပြုသော်လည်း Page မဟုတ်သော Personal Account များတွင် နာမည်ဖော်ပြ၍ credit ပေးပြီး ပြန်တင်နိုင်ပါတယ်။
Reference: Napoleon Hill, Think & Grow Rich