Gallery of Books

Gallery of Books ဒီနေ့ကစပြီး စာဖတ်ကြရအောင်.. ။

မင်းထားခဲ့တဲ့ တရားဓမ္မပါပဲ တခြားတယောက်နဲ့ အိုမင်းရလေတယ် ။- စိုင်းဝင်းမြင့်.................................................
30/09/2025

မင်းထားခဲ့တဲ့ တရားဓမ္မပါပဲ
တခြားတယောက်နဲ့ အိုမင်းရလေတယ် ။

- စိုင်းဝင်းမြင့်...............................................................................................

အဆုံးမရှိအောင် ကျယ်ဝန်းတဲ့အမှားထဲ
တိမ်တွေကလှလိုက်တာ
ကိုယ့်မှာ တရားနဲ့ဖြေရတယ် ။

- မောင်သိန်းဇော်...............................................................................................

သူက... ပန်းပွင့်လေးကို နမ်းတယ်
ငါ.... လူစင်စစ်က ပန်းပွင့်ဖြစ်စေသားလို့
ကျွန်တော် ဆုတောင်းမိပါတယ် ။

- တာရာမင်းဝေ...............................................................................................

ဒီတစ်ခါ ဝေးဖြစ်ကြရင်
ငါတစ်သက်လုံး ပုန်းပေးပါ့မယ်
မိခါးချို ။

- မှူးဝေ...............................................................................................

သေကွဲ ၊ ရှင်ကွဲ ဤနှစ်ကွဲ၌
သေကွဲနှင့်သာ ဆုံချင်တယ် ။

- မောင်လှမျိုး(ချင်းချောင်းခြံ)

🌻

ငါတို့...  ဘယ်ရထားမှာ လွဲခဲ့လဲတစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ခင်ခင်ပျိုရေ... ငါစောင့်ခဲ့တယ် ။-အောင်ချိမ့်.........
27/09/2025

ငါတို့... ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ
ခင်ခင်ပျိုရေ... ငါစောင့်ခဲ့တယ် ။

-အောင်ချိမ့်...............................................................................................

ဘဝမှာ လေး ၊ ငါး ၊ ခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ် ဒီနှစ်ခုပဲ ။

-မောင်ချောနွယ်...............................................................................................

အားလုံးကို စွန့်လွှတ်ရရင်တောင်မှ
သတိရခြင်းကို ငါပိုင်တယ်
ယုံကွယ် ။

-ဒတ်ထ...............................................................................................

မင်းကိုယ်မင်း သတ်သေရဲရင် မင်းမှန်လာပြီ
သတ်မသေဘဲ ရင်ဆိုင်ရဲရင် ပွဲပြီးပါပြီ ။

- သုခမိန်လှိုင်...............................................................................................

ရန်ကုန်ဟာ ကျဥ်းပါတယ်
ဒါပေမဲ့... ပြန်မဆုံနိုင်တော့ဘူး ။

- ဝင်းမြင့်

🌻

မိုးတွေရွာပြီဆို အလွမ်းတွေနဲ့ကမ္ဘာပြိုကံကြမ္မာတကွေ့ ပြန်တွေ့တဲ့အခါနေပေးပါ့မယ် သူစိမ်းထက် စိမ်းသူလို..။ #မြလွှမ်းမိုးဆွေ🌻...
26/09/2025

မိုးတွေရွာပြီဆို အလွမ်းတွေနဲ့ကမ္ဘာပြို
ကံကြမ္မာတကွေ့ ပြန်တွေ့တဲ့အခါ
နေပေးပါ့မယ် သူစိမ်းထက် စိမ်းသူလို..။

#မြလွှမ်းမိုးဆွေ

🌻Gallery of Books

22/09/2025

စွန့်ခွာသွားကြသူတွေမှာ
အကြောင်းပြချက်ပေါင်းများစွာ
ရှိပါလိမ့်မယ်။
ချန်နေခဲ့ရသူတွေဆီမှာတော့
နားလည်ပေးရခြင်း တစ်ခုပဲရှိခဲ့တယ်။

- ခွန်းညိုသွေး

🌻Gallery of Books

22/09/2025

တကယ်တမ်းပြောရရင် ကျနော်က ကျေးလက် ရုပ်ရှင်ဇာတ်ကားတွေထဲကလိုဟိုက်ဝေးလမ်းမကြီးနဲ့ မနီးမဝေးနေရာတစ်ခုမှာတစ်ထပ်အိမ် ကြီးကြီးတစ်လုံး ဆောက်ထားတဲ့ခြံကျယ်ကျယ်ဝန်းဝန်းကြီးမျိုးနဲ့ပဲ နေချင် တာ။အဲဒီမှာ ကျနော်နှစ်သက်တဲ့ သီးပင်စားပင်တွေကိုစိုက်မယ်။ ကျနော် မွေးချင်တဲ့ သတ္တဝါတွေကိုမွေးမယ်ပေါ့။ ကျနော့်ရဲ့ ပိုင်နက်ထဲမှာကျနော်နဲ့ တစ်သားတည်းကျမယ့် ခွေးကြီးနှစ်ကောင်လောက်ကိုလည်း မွေးထားဦး မယ်။လိုအပ်တာ ဝယ်ဖို့လောက်ကလွဲပြီး အချိန်ပြည့်ပြန်ပြန်ပြင်နေရမယ့် ဗန်ကားအစုတ်ကြီး တစ်စီးကလည်း ကျနော့်ရဲ့ ဆီမှာ ရှိနေမယ်။

ကျနော်နဲ့ မနီးမဝေးမှာ ၂၄ နာရီပတ်လုံးလိုအပ်တဲ့ ပစ္စည်းကလေးတွေနဲ့ အရက်ကအစစားစရာကအဆုံး ပေါက်စိပေါက်စလေးတွေပါ အားလုံး ကို အလွယ်တကူ ဝယ်ယူနေလို့ရနေမယ့် ဓာတ်ဆီထည့်တဲ့ ဆိုင်ကလေး တစ်ခုလည်းရှိနေမယ်။ ကျနော်ဟာ ညဘက်တွေဆိုရင် ရေဒီယိုအဟောင်း ကြီးတစ်လုံးဆီက ကြားနိုင်သမျှအသံတွေကို ချိန်ညှိနေခဲ့ရင်းလွှဲလို့ရတဲ့ ပက်လက်ကုလားထိုင်ကြီးတစ်လုံးရဲ့အပေါ်မှာ နားထောင်နေခဲ့ရင်းက အရက်တွေသောက်နေခဲ့မိမယ်။ တချို့ ညနေခင်းတွေဆို ကော်ဖီအကြမ်း တစ်ခွက်လောက်နဲ့ နေဝင်တဲ့အချိန်ကိုကြည့်ရင်း အိမ်ရှေ့တံခါးအဝနေရာ လေးဆီမှာ စစ်ကျန်ခေတ်က အဘိုးကြီးတစ်ယောက်လို မျက်မှောင်ကျုံ့ရင်း စာအုပ်တစ်အုပ်အုပ်ကို လေးငါးမျက်နှာလောက် ဖတ်ချင် ဖတ်နေမိခဲ့ မယ်။

ခွေးဟောင်သံကြားရင် နှစ်လုံးပြူးသေနတ်ကြီး ထဆွဲပြီး တစ်ဘဝလုံး ဘယ်အရာကိုမှမကြောက်ခဲ့ဖူးတဲ့ လူထူးလူဆန်းကြီး တစ်ယောက်လိုမျိုး ဘောက်ဆတ်ဆတ်နဲ့ အသံကြားတဲ့နေရာကို ထပြီးတော့ သွားကြည့်မယ်။ပြီးတော့လည်း ပွစိပွစိပြောပြီးတော့ ကျနော်ထိုင်နေခဲ့တဲ့ နေရာဆီကို ပြန်လာနေမိမယ်။ကျနော်ထင်တယ် ဘဝမှာ အဲဒီလောက် စိတ်ကျေနပ်နေရမယ့် ကိုယ့်လက်ကိုယ့်ခြေ နေမှုထိုင်မှုမျိုး သိပ်လိုအပ်နေခဲ့ပြီဆိုတာကို။ ပြီးတော့ အဲဒါကိုပဲကျနော်ဆိုတဲ့လူက ဘဝရဲ့ လိုအပ်သမျှလို့ ဆက်ပြီးတော့ ထင်မှတ်နေခဲ့မိဦးမှာ ။

#ချစ်မင်းဝေ

🌻 Gallery of Books

အချစ်ကလေးရေ.. အတူသယ်ဆောင်သွားဖို့ ပေးလိုက်နိုင်တာဆိုလို့ ချစ်ခြင်းမေတ္တာကလွဲရင် ဘာမှမရှိတာမို့လို့ အားနာရပါတယ်။ ဘယ်အရာကိ...
21/09/2025

အချစ်ကလေးရေ.. အတူသယ်ဆောင်သွားဖို့ ပေးလိုက်နိုင်တာဆိုလို့ ချစ်ခြင်းမေတ္တာကလွဲရင် ဘာမှမရှိတာမို့လို့ အားနာရပါတယ်။ ဘယ်အရာကိုမှ မယုံကြည်တဲ့မိန်းမဖြစ်နေရတာလည်း မကောင်းဘူး၊ ပြန်တွေ့ကြမယ်နော် ဆိုတဲ့စကားကို အပြည့်အဝစိတ်နှစ်ပြီး ယုံလိုက်ရင် အခုထက်တော့ပိုပြီး စိတ်သက်သာရာရနိုင်မလားပဲ။ အသက်ရှင်နေရုံကလေး ရှင်သန်နေကြရဖို့ တနိုင်ငံစီ၊ တနေရာစီ ရှင်သန်နေကြရတဲ့ ခေတ်ဆိုးထဲမှာ ကိုယ်တို့လူဖြစ်ခဲ့ကြတာကတော့ သိပ်ဆိုးတဲ့အခြေအနေပဲပေါ့။

အဲဒီဆံပင်ခွေကလေးတွေကို ဖြီးသင်ပေးခဲ့ရတာ၊ အဲဒီပုခုံးစွန်းကလေးကို ဖွဖွကလေးနမ်းခဲ့ရတာ၊ အဲဒီအသက်ရှူသံကလေးနဲ့ အတူအိပ်မောကျခဲ့ရတာတွေဟာ အိပ်မက်လှလှကလေးလိုပဲ မြန်မြန်ဆန်ဆန် ပျောက်ဆုံးသွားတယ်။ အတူရှိခဲ့ကြတဲ့အချိန်တွေဟာ အတူတူငေးကြည့်ခဲ့ဖူးကြတဲ့ ပန်းခင်းပြာပြာထဲက တိမ်မြူတွေလို တခဏကလေးနဲ့ လွင့်ပြယ်သွားတယ်။ ကိုယ်ငိုတယ်ဆိုလို့ ဝမ်းမနည်းပါနဲ့.. အများကြီးငိုတယ်ဆိုတာဟာလည်း အများကြီးချစ်လို့ပဲမဟုတ်ဘူးလား အချစ်ရယ်။

အဲ့ဒီဘက်ကသာ လက်မလွှတ်ဘူးဆိုရင် ဘယ်ကိုရောက်နေနေ ကိုဇာတိရဲ့ ကဗျာကလေးလို အဝေးကလက်ကလေးကို စိတ်နဲ့ပဲ ဆုပ်ကိုင်ထားပါ့မယ်။ ဘဝမှာ တခုခုသာဖြစ်ခွင့်ရမယ်ဆိုရင် ကိုယ်က မင်းရှိနေမယ့်နေရာမျိုးမှာပဲရွေးပြီး ရှင်သန်ပစ်လိုက်မယ့် Forget me not ပန်းပင်ကလေးဖြစ်ချင်တယ်... မင်းအနေနဲ့ ကိုယ့်ကို မေ့မသွားစေချင်ရုံလေးပါပဲ။ အဲဒီထက်ပိုပြီး လောဘသာကြီးခွင့်ရမယ်ဆိုရင်လည်း Rose` ရဲ့ Number one girl သီချင်းထဲကအတိုင်း ကိုယ်ကမင်းရဲ့တစ်ဦးတည်းသောမိန်းကလေးပဲ ဖြစ်ချင်ပါတယ်။

Your one and only
So what's it gon' take for you to want me?
I'd give it all up if you told me that I'd be
The number one girl in your eyes

#ပြာ

"ပင်လယ်ရေ ဘယ်မခန်း"ခုတလော သီဟ အမေ့ကို အတော် စိတ်ကုန်နေပါပြီ။ အလုပ်ပင်ပန်းတာကတစ်မျိုး၊ အ်ိမ်ပြန်ရောက်လာရင် သူက ပူညံပူညံလု...
21/09/2025

"ပင်လယ်ရေ ဘယ်မခန်း"

ခုတလော သီဟ အမေ့ကို အတော် စိတ်ကုန်နေပါပြီ။ အလုပ်ပင်ပန်းတာကတစ်မျိုး၊ အ်ိမ်ပြန်ရောက်လာရင် သူက ပူညံပူညံလုပ်တာတွေကတစ်မျိုးနဲ့ ပေါင်းပြီး အမျိုးမျိုးအဖုံဖုံ စိတ်ညစ်ရတယ်ပေါ့လေ။

အမေ့ကို ဘယ်နားသွားထားရမလဲ။ တကယ်တော့ သူကိုယ်တိုင်လည်း မောပန်းနေပြီ။ အမေတစ်ခု သားတစ်ခုဘဝမှာ သီဟ အမေ့ကို ပစ်ထားလို့ကလည်း မဖြစ်ပြန်။ လူကြီးသူမတွေပြောသလိုဆိုရင် သေကာလ ပျောက်ကာလ မဟုတ်လား။

သီဟက ဆရာဝန်ဘွဲ့ရထားတယ်။ ရထားတယ် ဆိုရုံပါပဲ။ တခြား ဘွဲ့လွန်တွေ ဘာတွေလည်း ဆက်မတက်ဖြစ်တော့ ဆေးရုံတစ်ခုမှာ အမ်အို (medical officer) အလုပ်လုပ်ရင်းနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေရသူ။

သူငယ်ချင်းတွေက နိုင်ငံခြားထွက်ပါလား တဲ့။
၈၀ နားကပ်နေပြီ ဖြစ်တဲ့ အမေ့ကို သူ ဘယ်လို ထားခဲ့လို့ ရနိုင်မလဲ။ အမေ့ကိုပါ တစ်ခါတည်းခေါ်သွားဖို့ကလည်း ရုတ်တရက်က မဖြစ်နိုင်ပေမဲ့ သူ အရင် ကြိုသွားလို့တော့ ရတယ်။ သူ ဟိုမှာ စာမေးပွဲတွေဖြေ၊ အလုပ်လျှောက်။ ပြီးတော့မှအခြေတကျဖြစ်ရင် အမေ့ကို ပြန်ခေါ်လို့ရတယ်။ ဒါပေမဲ့ သူ နိုင်ငံခြားသွားမယ်ပြောတိုင်း အမေ သူ့ကိုပြောတာက တစ်ခုတည်းရယ်။ "ပိုက်ဆံ မရှိလို့လား။ အမေ့ ဆွဲကြိုး ရောင်းပေးရမလား။" အဲဒါပါပဲ။ အမေရဲ့အတွေးကတော့ မရှိမတူ ရှိအတူ နေမယ်။ နိုင်ငံခြားကို သူ့ကိုလည်း မသွားစေချင်။ သူကိုယ်တိုင်ကလည်း မလိုက်နိုင်။

သီဟဘက်က ကြည့်ပြန်တော့လည်း တဖြည်းဖြည်း အသက်ကကြီးလာပြီး MO နေရာကနေ နောက်ထပ်နေရာတွေကို ခြေလှမ်းလှမ်းဖို့က ခက်နေတယ်။ တိုက်ဆိုင်တာပဲ ပြောရမလား သူ အလုပ်တွေ ပြောင်းမယ် လျှောက်မယ် လုပ်တိုင်းမှာ အမေ နေမကောင်းဖြစ်တာနဲ့ တိုးတာပါပဲ။ အဲဒီလိုနဲ့ အမေ့ကို ဆေးပြန်ကုရင်းအလုပ်အသစ်တွေလည်း မလျှောက်ဖြစ်တော့ဘူး။ သူ့သူငယ်ချင်းတွေကတော့ အထူးကုဆရာဝန်တွေ ဖြစ်လာကြပြီ။ တစ်ခါတလေ သူတို့ ဆေးရုံကို အထူးကုအနေနဲ့ လာround ရင် သီဟက MO အနေနဲ့ သူတို့ရဲ့နောက်က လိုက်ရတာ အောင့်သက်သက်နဲ့။ ရှက်လည်း ရှက်မိတယ်။

အဲဒီလို အဲဒီလို ဒီနေ့ခေတ်ကာလရဲ့ stress တွေများစွာကြောင့်ပဲ ဆိုပါတော့။ သီဟ အလုပ်ကနေ အိမ်ပြန်လာတဲ့အခါ အမေ့ကို ကောင်းကောင်း စကားမပြောနိုင်တော့ဘူး။ ပြန်ရတဲ့ အကွာအဝေးကလည်း ဆေးရုံနဲ့အိမ်က တအား ဝေးလွန်းတယ်။ အမေက ဆုံးသွားတဲ့ အစ်ကိုဖြစ်သူ သဘောကျတယ် ဆိုပြီး ဒီနေရာကို ရွှေ့လာခဲ့တာလေ။ အဲဒီအတွက် သီဟ ဆေးရုံသွားဖို့ကျတော့ ဝေးသွားရတယ်။ ကားကို ၃ ဆင့်လောက် တိုးစီးရတယ်။

အဲဒီတော့ အိမ်ပြန်ရောက်ရင် ပင်ပန်းနေပြီ။ ဆေးရုံမှာ လူနာတွေ လူနာရှင်တွေနဲ့ စကားပြော ဆက်ဆံထားရ၊ ဆေးရုံအုပ် အထူးကု သူနာပြုတို့နဲ့ လိုက်လျောညီထွေပြောဆိုထားရတာတွေနဲ့ မောပန်းနေပြီ။ တချို့ အပြုံး အရယ်တွေက သဘာဝအတိုင်း မဟုတ်ရင် ပင်ပန်းရတယ်။

" ဟာ အမေ။ ဘာလို့ စာအုပ်စင်ကို ရွှေ့လိုက်တာလဲ"

အိမ်ရောက်တော့ သူ့ စာအုပ်စင်ကို သူ့ကုတင်ဘေးနားကနေ ဒီဘက်က အခန်းနံရံဘက်ကို ကပ်ထားတာတွေ့လိုက်ရတယ်။ စာအုပ်တွေကို ပြန်ချပြီးမှ ပြန်စီထားပုံရတော့ စာအုပ်တွေက သူ အရင်စီထားသလို အစီအစဉ်တကျ မရှိတော့။

"လေဝင်လေထွက် ပိုကောင်းသွားအောင်လေ။ အလင်းရောင်လည်း ပိုရ"

" အနည်းဆုံးတော့ သားကို မေးပါဦးလား။ သား အဆင်ပြေမလား ကြိုက်မလား။ ဒါ သား စာအုပ်စင်လေ"

သူ စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ပြောလိုက်မိတော့ အမေက စိတ်ဆိုးသွားပြန်တယ်။

" အမလေး စေတနာက ဝေဒနာဖြစ်တယ်။ ဒီဟာလေး ရွှေ့ပေးတာကို လုပ်ပေးထားတာ ဝမ်းမသာဘူး။ ဒါလေးက ဘာဖြစ်သွားမှာလဲ။ "

" အမေတို့ရဲ့ ဒါလေးတွေက များနေပြီလေ။ မြည်းတစ်ကောင် ခါးကျိုးတာဟာ နောက်ဆုံးတင်လိုက်တဲ့ ကောက်ရိုးမျှင်ကြောင့် မဟုတ်ဘူး။ အမေသိလား။
ဒီအိမ်ဝယ်တုန်းကလည်း သားက မဝယ်ပါနဲ့ ပြောခဲ့တဲ့ကြားက အမေ ဝယ်တာလေ။ တကယ်ဆို မိသားစုဆိုတာ တစ်ခုခုမလုပ်ခင်ဆို တိုင်ပင်ရမှာ မဟုတ်လား။ "

" တော်တော့ တော်တော့။ ငါစိတ်ဆင်းရဲတယ် မပြောနဲ့တော့။ အဲ့တုန်းကလည်း ကောင်းမယ်ထင်လို့ စီစဉ်တာပဲ။"

အဲဒီကနေ ရှေ့ဆက်ပြောပြန်ရင်လည်း သားက ခံပြောတယ် ဆိုတာရယ်၊ အသက်ကြီးလာလို့ ဝမ်းနည်းတာရယ် အဲဒါတွေနဲ့ရောပြီး သူပဲ စိတ်ထိခိုက်ပြန်ရော။

နောက်တစ်ခုကတော့ ပြောရရင် အကုန်သိချင်တာ။ နေရာတကာ ဝင်ပြီး ပါချင်တာ။ လိုက်လုပ်ချင်တာ။ သီဟ ဖုန်းပြောပြီဆိုလည်း နားထောင်နေတတ်တာ။ ဖုန်းချပြီးတာနဲ့ မေးပြီ။ ဘယ်ကလဲ။ ဘယ်သူလဲ။ ဘယ်သွားစရာ ရှိတာလဲ။
အမေရေ ဒါက လူတစ်ယောက်ရဲ့ privacy လေ။ ဒါ ကိုယ်ပိုင်အခွင့်အရေး ဆိုတာလေ။ အဲဒါကို အမေသိအောင် ဘယ်လို ပြောရပါမလဲ။ နောက်တစ်ခု ပြောရခက်တာက သူ့ဘက်က ကြည့်ပြန်တော့ ဒါလေး အမေက မေးတာ ဘာဖြစ်လဲပေါ့လေ။ ဒါ asian culture ပဲ ပြောရမလား။ အာရှနိုင်ငံတဝိုက် မိသားစုတွေမှာ ဖြစ်နေကျ အစဉ်အလာ ဖြစ်နေပြီ မထူးတော့ဘူးလေ။

ဟိုတလောကလည်း သူ ပန်းခြောက်နဲ့ စည်းထားတဲ့ပန်းစည်းလေးတစ်စည်း ဝယ်လာတယ်။ လာမယ့် တနင်္ဂနွေမှာ သူ့သူငယ်ချင်း စာရေးဆရာမလေးရဲ့ စာအုပ်မိတ်ဆက်ပွဲမှာ ပေးမလို့။ အဲဒီရှေ့ရက်က သူ ဆေးရုံမှာ ဂျူတီတွေဆက်တိုက်မို့ ကြိုဝယ်ထားတာ။

စနေနေ့ Dayဂျူတီကနေ အိမ်ပြန်လာတဲ့အခါ သူ့အခန်းထဲ ဝင်လိုက်တော့ အလုပ်ကမောပန်းပြီး အိပ်ငိုက်ချင်နေတဲ့သူ့မျက်လုံးတွေ ပြူးကျယ်သွားရတယ်။
အိမ်ခန်းဗီရိုပေါ်မှာ ကြွေဖန်အိုး တစ်လုံးတင်ထားတယ်။ အဲဒီကြွေပန်းအိုးမှာ သူဝယ်ထားတဲ့ ပန်းစည်းထဲက ပန်းတွေ။

" ပန်းက ပန်းစည်းအတိုင်းကြီးထားတာ မလှလို့လေ။ ပန်းအိုးလေး ဖြစ်အောင် ထိုးထားပေးလိုက်တာ။ "

သူ့မှာ ပြောစရာ စကားမရှိတော့ဘဲ ဆွံ့အမိတော့တာ။ အမေရဲ့ စေတနာတွေက ပင်လယ်လိုပါပဲ။ ဒါပေမဲ့ တချို့လှိုင်းတွေဟာ များလွန်းလှတယ်။ သူ ဖြစ်စေချင်တာကတော့ သူ့ကို ဖုန်းလေး ဆက်မေး စေချင်တာ။ အဲဒါတွေကိုလည်း သူ့ကို ဆွေးနွေးလို့ မရ။ သားသမီးက ပြန်ပြောတယ်။ စိတ်ညစ်တယ်။ သေချင်တယ် ရှင်ချင်တယ်။ ငါတို့တုန်းက မိဘကို ပြန်ပြောလို့တောင် ရတာမဟုတ်ဘူး။ စသည် စသည်တွေ။

အမေဟာ ခုနပြောသလို ပင်လယ်ပါပဲ။ တချို့သော လှိုင်းသံတဝုန်းဝုန်းဟာ သူ့အတွက်တော့ အဆင်ပြေလှတယ် မရှိဘူး။
သူလည်း ကြာလာတော့ ရှင်းပြချင်စရာ စကားလုံးတွေ ပျောက်ဆုံးနေတော့တယ်။

" ပြန်မလာသေးဘူးလား
၇ နာရီ ရှိနေပြီ။"

သောကြာနေ့ညမို့ သူငယ်ချင်းတွေနဲ့ TGIF လုပ်ရင် ခဏခဏ ရောက်လာတဲ့ call တွေ။ ကြာလာတော့ စိတ်ညစ်ပြီး အိမ်ကို စောပြန်ရတယ်။

"ခေတ်ကာလက မကောင်းဘူး။ ငါက စိတ်ပူနေတာ နင်မသိတာလား"

"ကျွန်တော်လည်း အမြဲတမ်းမသွားဘူးလေ အမေ။ "

"တစ်ခုခုဖြစ်သွားမှာ စိုးလို့ ပြောတာ။ မိဘက တချိန်လုံး စိတ်ပူနေရတာ။ မိဘမေတ္တာကို နားမလည်ဘူး။ "

"စိတ်ပူတာက မေတ္တာ မဟုတ်ဘူး အမေ။ အဲဒါ ဒေါသ အပျော့စား။ ဖြစ်မလာသေးတဲ့အရာကို အမေက ပူလောင်နေတာ။ အဲဒါ အမေ ဆရာတော်တွေကိုပါ မေးလျှောက်ကြည့်။ "

"တော်ပြီ တော်ပြီ ငါ မပြောတော့ဘူး။ "

"အမေက အမေမှားသွားရင် ဝန်မခံဘူး။ ဒီအသက်အရွယ်သားတစ်ယောက် အမေနဲ့ နေပေးတယ်။ ဂရုစိုက်ပေးတယ်။ အဲဒါလည်း အမေ မကျေနပ်ဘူး။ အမေက အမေ့ရဲ့ ရရှိမှုကို တန်ဖိုးမထားတာ။ "

"ဘာ ဂရုစိုက်တာလဲ။ အိမ်ပြန်လာရင် အခန်းထဲပဲ ဝင်အိပ်နေတာ မဟုတ်လား။"

" ကျွန်တော် ပြန်ထွက်လာပြီး အမေ့နား အချိန်ယူ ထိုင်ပေးတာကြတော့ အမေ မေ့ထားလား။ ညဘက် အမေ တီဗီကြည့်နေရင် အမေ့အနား ကျွန်တော်ထိုင်ပေးနေတာပဲ။"

"တော်ပြီ တော်တော့ မပြောနဲ့တော့။ မကြားချင်တော့ဘူး။ "

အဲဒီလိုနဲ့ အဖြေရှာ မရနိုင်တဲ့ သူတို့ သားအမိရဲ့ ပြဿနာတွေဟာ ဒီလိုပဲ မေ့ထားလိုက်ရတာ များပါတယ်။

နောက်တစ်ခုကတော့ သူ့ကိုယ်သူ ဂရုမစိုက်တာ။ အမေ အသက်ကြီးလာပြီလေ။ ဆီးချို ရှိတယ်။ ကိုဗစ်တွေက မငြိမ်သေးဘူး။ အသွားအလာ သတိထားပါ ပြောတယ်။ မရဘူး။ ကိုဗစ်တတိယလှိုင်းတုန်းကလည်း ကူးစက်ခံထားရပြီး အောက်ဆီဂျင်တွေကျလို့ မသေရုံတမည် ခံစားထားရတာလေ။ သူလည်း အမေ့က်ို ဆေးတွေထိုး အောက်ဆီဂျင်တွေပေး တတ်သမျှ မှတ်သမျှ ကုသရင်းနဲ့ ဖြတ်သန်းခဲ့ရတာ။

"ခုတလော ကိုဗစ်ရောဂါတွေ ပြန်ဖြစ်နေတယ် အမေ။ လူစုလူဝေးတွေ မသွားနဲ့ဦး။ ဘုန်းကြီးကျောင်းသွားတာ လျှော့ဦး။ "

" မနက်စောစော ဝမ်းနှုတ်ဆေးတွေ ထမသောက်နဲ့လေ အမေ။ အစာလည်း မရှိဘူး။ အဲဒီ မြန်မာဝမ်းနှုတ်ဆေးတွေက ခါးတယ်။
ပြီးရင် အမေ မခံနိုင်ဘဲ အန်ပြန်ရော"

" အမေရယ် ကိုယ်က ဆီးချိုရှိတယ်။ ခုခံအားက သူများထက်နည်းတယ်။ စကားပြောပြီဆိုရင် ခပ်လှမ်းလှမ်းကပြော။ "

ကိုယ်သတိပေးလည်း မရဘူး။ အမေဟာ အိမ်နားက ဘုန်းကြီးကျောင်းကို သွားမြဲ။ ဥပုသ်စောင့်မြဲ။ လူအုပ်နဲ့ ဝတ်ရွတ်ဖတ်မြဲ။ သိပ်မကြာပါဘူး။
Covid ထပ်ပြီး ဖြစ်ပါလေရော။ ဖျားတယ်။ သူ အလုပ်က ခွင့်ယူပြီး ၂ပတ်လောက် အိမ်မှာ နေပေးလိုက်ရတယ်။ သူ့ဆီကနေလည်း ဆေးရုံကို ရောဂါပိုးသယ်သလို ဖြစ်မှာ စိုးရတယ်လေ။ ပိုးကတော့ ခုနောက်ပိုင်း ပျော့တယ် ဆိုပေမဲ့ သူ စိတ်ပူတာနဲ့ အမေ့ကို Antiviral (ကိုဗစ်ပိုးသတ်ဆေး) တိုက်လိုက်သေးတယ်။
ဒီလိုနဲ့ပဲ အမေ နေပြန်ကောင်းလာပါတယ်။

တစ်ရက်တော့ ရွာကဦးလေး ရန်ကုန်ကို ဆေးခန်းလာပြတော့ အာရှတော်ဝင်ဆေးရုံကို သီဟ အမေနဲ့ အတူ လိုက်သွားလိုက်တယ်။ အမေနဲ့ အစ်ကို ဝမ်းကွဲ၊ အစ်မဝမ်းကွဲတွေက နေကျန်ခဲ့ပြီး သီဟက ဦးလေးကို အထူးကုဆရာဝန်ကြီးနဲ့ ဝင်ပြပေးတယ်။
အဲဒီနောက် ရွာက ပြန်လာကြိုတဲ့ ကားကို စောင့်နေကြတုန်း အစ်ကိုဝမ်းကွဲက သီဟကို လက်ဖက်ရည်ဆိုင် ထိုင်ရအောင် ဆိုပြီး သူ့ကို ဆွဲခေါ်လာတယ်။

"အမေနဲ့ ဘာတွေပြောနေကြလဲ ကိုလေး"

"ထုံးစံအတိုင်းပေါ့ကွာ"

" ဘာလဲ ကျွန်တော့်အကြောင်းတွေ တိုင်တာလား"

"အေး ဟုတ်တယ်လေ။ "

ညီအစ်ကို နှစ်ယောက်ပြောရင်းနဲ့ ရယ်လိုက်ကြတယ်။ အမေဟာ တစ်ခါတလေမှာ အမျိုးတွေဆီကိုလည်း ဖုန်းဆက်ပြီး သူ့အကြောင်းတွေ တိုင်တတ်သေးတယ် မဟုတ်လား။

"ကိုလေးက ဘာပြန်ပြောလိုက်လဲ"

"ငါတို့ကတော့ မင်းဘက်ကပဲ ပြန်ပြောပေးတာပေါ့ကွ။ ပြောလွန်းလို့ နင်တို့က နင့်ညီဘက်ကပဲ ပါတယ် လို့တောင် ပြောသေးတာ။ ညီလေး ပြောတာတွေ မှန်တယ်လေ။ လေးလေးအတွက် ပြောတာလေ လို့ပဲ ပြောပေးခဲ့တယ်။"

အဲဒီနောက်မှာတော့ ကိုလေး ပြောတဲ့စကားတွေက သီဟရင်ကို ပိုပြီး လေးလံလာစေခဲ့တယ်။

"တချို့အရာတွေက အမှန်တရားတွေ ဟုတ်တယ်ကွာ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ တချို့အရာလေးတွေ ရှိတယ်။ ဥပမာ မင်းက မသွားနဲ့ ပြောတယ် သူသွားတယ်။ မင်းက မစားနဲ့ ပြောတယ်။ သူ စားတယ်။ အဲဒီတော့ သေလောက်တဲ့ ကိစ္စ မဟုတ်ရင်တော့ကွာ။ သူ စားနိုင် သွားနိုင်တဲ့ အချိန်လေး စားတာ သွားတာ မဟုတ်လား။ သူ မသွားနိုင်တော့တဲ့အခါ မစားနိုင်တော့တဲ့အခါ မင်းက စားပါ သွားပါ ဆိုရင်တောင် မစားတော့ မသွားတော့လောက်ဘူး။ အဲဒီလိုလေ ညီလေးရာ။ "

"ဟုတ်"

"နောက်တစ်ခုကတော့ မင်း ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ်။ ခုနေ မင်း တစ်ခုခုသာ ဖြစ်ကြည့်။ မင်းကို ရှေ့ဆုံးက ရှင်းပေးမှာ သူပဲ။ အခုနေ မင်း ရောဂါတစ်ခုသာ ဖြစ်ကြည့်။ ရှိသမျှ အကုန်ထုခွဲပြီး ကုပေးမှာလည်း သူပဲ။ အဲဒါတော့ မယုံ မရှိနဲ့။ တလောကလုံးက လူတွေ မင်းဘက်မှာ မရှိနိုင်ရင်တောင် သူက မင်းဘက်မှာ ရှိပေးနေမှာ အဲဒါ ယုံလိုက်။"

ကိုလေးရဲ့ ပြောစကားမှာ သူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အချိန်ကာလတစ်ခုကို ဖျတ်ခနဲ သွားသတိရမိတယ်။ အဲဒီတုန်းက သူ့သူငယ်ချင်း ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူတွေက အကူအညီတောင်းတာနဲ့ ဘတ်ဂျက် သိပ်မသုံးနိုင်တဲ့ ရုပ်သံဇာတ်လမ်းမှာ သူ သရုပ်ဆောင် အဖြစ် ပါပေးဖို့ ဖြစ်လာတယ်။ နာမည်ကျော် မင်းသား မင်းသမီးတွေလည်း ပါပေမဲ့ ဇာတ်လမ်းမှာ သူက အဓိကဇာတ်ကောင်လို ဖြစ်နေတာ။ အဲဒီတော့ သူလည်း ရိုက်ချင်သွားတယ်။ ပထမ စစချင်း သူ အမေ့ကို တိုင်ပင်တော့ " နင်ကတော့ လုပ်ပြန်ပြီ။ ဘာတွေ လျှောက်လုပ်ပြန်တာလဲ" ဆိုပြီး ဆူပါလေရော။ သူကလည်း လုပ်မယ် ဆုံးဖြတ်ထားပြီပြီဆိုတော့ ဘယ်လိုနေနေ လုပ်မှာပဲ။ ဆေးရုံကိုတောင် ခွင့်တင်ထားလိုက်တယ်။ အဲဒီ မတိုင်ခင် သူ ကြော်ငြာ TVCတစ်ခုလည်း ရိုက်ဖူးတာ အဲဒီကြော်ငြာကို TV ရုပ်သံလိုင်းတွေကနေ လွှင့်တော့ လူအတော်များများ သိသွားကြတယ်လေ။ အမေဆို ရွာပြန်ရင် ရွာက လူတွေက သူ့ကို သီဟရဲ့ ကြော်ငြာအကြောင်း ဝိုင်းမေးကြလို့ အမေ့မှာ တပြုံးပြုံးနဲ့။

ပြဿနာကတော့ အမေ မဟုတ်ဘဲ သူကိုယ်တိုင်ပါ။ မနက်ဖြန်လို ဇာတ်ကား ကန်တော့ပွဲ ပေးတော့မယ့်အချိန်မှာ သူ ဆောက်တည်ရာမရ ဖြစ်လာတာပါပဲ။ ကြောက်လာတယ်။ ငါ ဖြစ်မှ ဖြစ်ပါ့မလား။ series ပြတဲ့အချိန် ငါ့ကို facebookပေါ်မှာ ဝိုင်းဆဲကြမလား။ ငါ နှုတ်ထွက်လိုက်ရင် ကောင်းမလား။ မရတော့ဘူးလေ။ ခုချိန်မှ နှုတ်ထွက်ရင်လည်း မမီတော့ဘူး။ မနက်ဖြန်ပဲ ကန်တော့ပွဲ ပေးတော့မှာ။ ငါ လုပ်နိုင်ပါ့မလား။ သူ တစ်ညလုံး အိပ်လို့မရ။ နိုးတဝက် အိပ်တဝက်နဲ့။ မနက်လင်းခါနီး မှေးခနဲ အိပ်ပျော်သွားတာ အမေ နှိုးတော့မှ သူ ကပျာကယာ ထရတယ်။ အနည်းငယ်တောင်နောက်ကျနေလို့ သူ အမြန်ရေချိုးပြင်ဆင် ရတယ်။ ရေချိုးပြီးတော့ အမေက ထမင်းကြော်နဲ့ ကော်ဖီကို ပြင်ထားပြီးပြီ။
သူ ထမင်းနဲ့ ကော်ဖီကို စားသောက်ပြီး ရှပ်အင်္ကျီအဖြူလည်ကတုံးနဲ့ ပိုးပုဆိုးနီညိုရောင်ကို ဝတ်ဆင်လိုက်တယ်။ ပြီးမှ မှန်ထဲကို သူ့ကိုယ်သူ ပြန်ကြည့်မိတယ်။ ငါ မင်းသားနေရာ ဘယ်နား တူလို့လဲ။ ငါ ဖြစ်နိုင်ပါ့မလား။ မတူဘူး ထင်တယ်။ မင်းသားတွေက ငါ့ထက် နုဖတ်ချောမောကြတာတွေလေ။

"ဘာမှ တအားကြီး တွေးမနေနဲ့။ သူ့အလိုလို ဖြစ်သွားလိမ့်မယ်။ အရင်တုန်းကလည်း ကြော်ငြာတွေ ကျန်းမာရေးစကားပြောတွေ ရိုက်ဖူးတာပဲလေ။ အဆင်ပြေသွားလိမ့်မယ်။ စိတ်အေးလက်အေးသာ သွား။
ငါ့သားက လုပ်နိုင်ပါတယ်။ "

အဲဒီအချိန်မှာ အံ့ဩမှင်တက်သွားခဲ့တာ တကယ်ပါ။ သူလိမ်ညာလို့မရတဲ့ ပင်လယ်ဟာ အမေပဲ ထင်ရဲ့။ ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို စိတ်ညစ်နေရင် သွားအော်ဟစ် ရင်ဖွင့်စရာ မလိုဘဲ အလိုလို သိနေတဲ့ ပင်လယ်ပေါ့လေ။ အမေ့ကို ငေးကြည့်မိတော့ ဇာတ်လမ်းရိုက်မယ် ဆိုလို့ အရင်နေ့တွေက ဆူပူထားတာ သူ မဟုတ်သလိုလိုပါပဲ။ အဲဒီလိုနဲ့ သူလည်း အဲဒီဇာတ်လမ်းတွဲကို အထစ်အငေါ့ မရှိ ရိုက်ကူးပြီးစီးခဲ့တယ်။ သူ ပြန်လှည့်လာချင်တဲ့ အခိုက်တွေမှာ နောက်ဆုတ်ချင်တဲ့အချိန်တွေမှာ ဒီပင်လယ်ဟာ သူ့ကို တားဆီးခဲ့တာပါပဲ။

ဒီနေ့ကတော့ သူ ဆေးရုံရဲ့ OPD (ပြင်ပလူနာဌာန)မှာ တာဝန်ကျတယ်။

" ဆရာရေ patient လာတယ်။
ကျောင်းသူမလေးတစ်ယောက် မူးလဲ လို့"

သူ ပြေးထွက်လာပြီး ကြည့်လိုက်တော့ ကျောင်းသူအရွယ် ကောင်မလေး။ အသက်က ၁၃/၁၄ လောက်ပဲ ရှိမယ်။ နှုတ်ခမ်းတွေ ဖြူဖျော့နေတယ်။ သူ ဆေးကုသခန်းထဲကို ခေါ်ပြီး လိုအပ်တဲ့ ကုသမှုတွေကို လုပ်ပေးနေလိုက်တယ်။ ပြီးတော့မှ အပြင်ကို ခဏထွက်ပြီး ထိုးဆေးတစ်လုံးယူနေတုန်း သူတို့ ရှိရာကို ကရင်သင်တိုင်းဝတ်ထားတဲ့ အမျိုးသမီးကြီး တစ်ဦး ပြေးဝင်လာတယ်။ သူ့ရဲ့ ပြေးလာသံက တိတ်ဆိတ်နေတဲ့ ဆေးရုံမှာ လိုအပ်တာထက် ပိုပြီး ကျယ်လောင်လွန်းနေတယ်။ သူ ကြည့်နေတုန်းမှာပဲ

"ဖုန်း"

ခပ်ပြည့်ပြည့် ဒေါင်ကောင်းကောင်းနဲ့ အဲဒီအမျိုးသမီးကြီးက သူတို့ ရှေ့မှာပဲ မှောက်လျက်လဲကျသွားတယ်။
သူနဲ့ သူနာပြုဆရာမလေး ပြေးသွားပြီး သူ့ကိုဆွဲထူလိုက်ရတယ်။
သူ့ခန္ဓာကိုယ် အလေးချိန်နဲ့ ပစ်လဲတာ အတော် နာသွားမှာပဲ တွေးနေတုန်း

"ကျွန်မ သမီးလေး ကျွန်မ သမီးလေး"

အဲဒီ အမျိုးသမီးကြီးက သူ နာကျင်နေတာကို ဂရုမစိုက်အားဘဲ တုန်တုန်ရီရီနဲ့ မေးလာတယ်။

"ရှိပါတယ်။ အစ်မကြီး သမီး ရှိတယ်။ အခန်းထဲမှာပါ။"

အဲဒီအမျိုးသမီးကို သူ အခန်းထဲ ခေါ်သွားလိုက်တယ်။ အခန်းထဲရောက်တော့ အဲဒီအမျိုးသမီးက သူ့ရဲ့လွယ်အိတ်လေးကို အလျင်အမြန်ဖွင့်ပြီး ယူလိုက်တာ သူ့လက်ထဲ ပါလာတာက ဘရင်းရ် ငှက်သိုက်ဗူးလေး။

"ဒါလေး ဒါလေး သမီးကို တိုက်လို့ရမလားဟင်"

သူ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဘဲ အဲဒီအမျိုးသမီးလက်ထဲက ငှက်သိုက်ဗူး အနီရောင်လေးကို ငေးကြည့်နေမိတယ်။ နောက်တော့ သူ သတိထားမိတာက ခုနက ချော်လဲတာ ဒူးပြဲသွားပြီး ဒူးကနေ စိမ့်ထွက်နေတဲ့ သွေးတွေ။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က လကုန်ရက်ဖြစ်တာကြောင့် သူ အိမ်ပြန်ရောက်တာနဲ့ အမေ့ကို အိမ်အသုံးစရိတ် ကန်တော့ ဖြစ်ပါတယ်။

"တခြားသူငယ်ချင်းတွေကတော့ အထူးကုတွေ ဖြစ်ကုန်ကြတော့ ပိုက်ဆံပိုရတယ် အမေရယ်။
သားကတော့ အမေ့ကို အများကြီး မပေးနိုင်ဘူး။ "

ခါတိုင်းကဆို ဘယ်သူ့သားသမီးက လစာဘယ်လောက်ရတယ်။ ဘယ်သူကတော့ သူ့သားခေါ်လို့ စင်ကာပူကို အလည်သွားတယ် လို့ ပြောနေကျ အမေဟာ (အဲဒီလို ပြောလာရင်လည်း သူက စိတ်မဆိုးဖို့ ပြင်ဆင်ထားပေမဲ့) အဲဒီစကားတွေ ဘာမှ မပြောလာခဲ့။ ခဏတိတ်ဆိတ်နေတယ်။

" ဘာဖြစ်လဲ သားရယ်။ သားကို လူတွေက ပိုသိတာပဲလေ။ သားကြော်ငြာလေးကို လူတွေက ပိုပြောကြတယ် မဟုတ်လား"

အမေဟာ သူ့သား တစ်သက်မှာ တစ်ခါလောက်ပဲရိုက်ဖြစ်တဲ့ ကြော်ငြာလေးကို အကြောင်းပြပြီး ဘဝမှာ မအောင်မြင်ခဲ့တဲ့ သားဖြစ်သူကို နှစ်သိမ့်ဖို့ ကြိုးစားနေရှာတယ်။ ဘယ်လို ပြေပြစ်နူးညံ့တဲ့ ပင်လယ်ပါလဲ။
သီဟဟာ ဒီပင်လယ်ကို ခွင့်လွှတ်ဖို့ ကြိုးစားလိုက်သလို ဒီပင်လယ်ကတော့ သူ့ကို အမြဲတမ်း ခွင့်လွှတ်နေခဲ့ကြောင်း အကြွင်းမဲ့ ယုံကြည်ပါတယ်။

ဒီနေ့ ဆေးရုံမှာ ကရင်သင်တိုင်းဝတ်ထားတဲ့ အမျိုးသမီးကြီး သူရှေ့မှာ ချော်လဲတော့ တစ်စုံတစ်ခု ပြုတ်ကျခဲ့ပါတယ်။

အဲဒါက ဘာလဲဆိုတော့ လောကမှာရှိတဲ့ သန်မာနီထွေးလွန်းလှတဲ့ ပင်လယ်တိုင်းရဲ့ နှလုံးသားပါပဲ။

#ခွန်းညိုသွေး

The mask ဝတ္ထုတို စုစည်းမှု

ပိုးဖလံလေးတစ်ကောင်သူ့အတောင်ပံတွေကို ချွတ်ချလိုက်သလိုပေါ့။ဘေးလူတွေအမြင်မှာ ပေါ့ပါးနေပေမယ့်သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်...
21/09/2025

ပိုးဖလံလေးတစ်ကောင်
သူ့အတောင်ပံတွေကို ချွတ်ချလိုက်သလိုပေါ့။

ဘေးလူတွေအမြင်မှာ ပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။

ဒီလိုကြောင့်သာ
ကျွန်တော် မီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

#သန်းတင့်

🌻 Gallery of Books

“လူတစ်ယောက်ရဲ့ စိတ်နှလုံးကို မချစ်နိုင်ရင် အဲ့ဒီလူကို မချစ်နိုင်တာနဲ့ အတူတူပဲ သိလား”                                    ...
21/09/2025

“လူတစ်ယောက်ရဲ့ စိတ်နှလုံးကို မချစ်နိုင်ရင်
အဲ့ဒီလူကို မချစ်နိုင်တာနဲ့ အတူတူပဲ သိလား”

| မိုးရနံ့သော် |

#ဒီဆောင်းရယ်ပုံပြင်မှာဒီငှက်ကိုမျှော်နေချင်သူမို့_မှ
#ဖရော်ဆန်

ဘာမှ ထပ်မလိုချင်တော့သလိုဘာမှလည်း ထပ်မဖြစ်ချင်တော့ဘူး ရောက်လက်စ နေရာလေးအတိုင်းရထားတဲ့ ပိုင်ဆိုင်မှုလေးအတိုင်းအေးချမ်းစွာ ...
21/09/2025

ဘာမှ ထပ်မလိုချင်တော့သလို
ဘာမှလည်း ထပ်မဖြစ်ချင်တော့ဘူး

ရောက်လက်စ နေရာလေးအတိုင်း
ရထားတဲ့ ပိုင်ဆိုင်မှုလေးအတိုင်း

အေးချမ်းစွာ ရုန်းကန်ရင်း
ဖြတ်သန်းသွားချင်ပါတော့တယ်

တစ်ခါတရံမှာ ဘဝက
ဆုတောင်းတွေမှအခြား အားကိုးစရာမရှိ ။

#နွေသစ်ငြိမ်း

🌻 Gallery of Books

ရင့်ကျက်တယ်ဆိုတာကြိုက်တဲ့အရာကို ကြိုက်နေတုန်းပဲဒါပေမဲ့ မပိုင်ဆိုင်ရလည်း ဖြစ်တယ်။မုန်းတဲ့အရာကို မုန်းနေတုန်းပဲဒါပေမဲ့ သည်...
17/09/2025

ရင့်ကျက်တယ်ဆိုတာ
ကြိုက်တဲ့အရာကို ကြိုက်နေတုန်းပဲ
ဒါပေမဲ့ မပိုင်ဆိုင်ရလည်း ဖြစ်တယ်။

မုန်းတဲ့အရာကို မုန်းနေတုန်းပဲ
ဒါပေမဲ့ သည်းခံတတ်သွားတယ်။

ကြောက်တဲ့အရာကို ကြောက်နေတုန်းပဲ
ဒါပေမဲ့ ရင်ဆိုင်ရဲသွားတယ်။

အရင်က နားမလည်ဘူးတဲ့ထင်တဲ့ အရာတွေကို
ဒါ ဖြစ်နေကျ ဖြစ်တတ်တဲ့သဘောပါလို့ နားလည်သွားတယ်။

#နိုင်းနိုင်းစနေ

🌻 Gallery of Books

Address

Yangon

Telephone

+959761699678

Website

Alerts

Be the first to know and let us send you an email when Gallery of Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gallery of Books:

Shortcuts

Share

Category