15/09/2026
တရုတ်သုံးပြည်ထောင် အတွဲ(၂)
အခန်း(၂၃)၊ အပိုင်း(၄)
ဝန်ကြီးချုပ်ကို လုပ်ကြံရန် ကတိပြုသည့် ကျိဖင်
တရုတ်သုံးပြည်ထောင် အတွဲ(၂)
အခန်း(၂၃)၊ အပိုင်း(၄)
ဝန်ကြီးချုပ်ကို လုပ်ကြံရန် ကတိပြုသည့် ကျိဖင်
ထို့နောက် ချောင်ချောင်းသည် နောက်ရက်၌ စားသောက်ပွဲတစ်ခုအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် အမိန့်ထုတ်၏။ စားသောက်ပွဲသို့ လွှတ်တော်အမတ်အားလုံး လာကြရန်လည်း ဖိတ်ကြားစေသည်။ တုန်ချန်းတစ်ယောက်သာ နေမကောင်းဖြစ်နေသည်ဟု အကြောင်းပြပြီး ရောက်မလာ။ တုန်ချန်းနှင့် ပူးပေါင်းကြံစည်ခဲ့သူ အခြားအမတ်များကား သူတို့ကို သံသယ ဝင်မည်စိုးသဖြင့် ပွဲသို့ တက်ရောက်ကြရလေသည်။
သီးသန့်အခန်းများအတွင်း၌ စားပွဲများကို ခင်းထားကာ အမတ်များအား တည်ခင်းဧည့်ခံ၏။ ဟင်းပွဲအနည်းငယ်မျှ စားသုံးပြီးကြပြီးနောက် ချောင်ချောင်းက ဤသို့ ပြောလိုက်သည်။
“ဒီနေ့မှာ ကျွန်တော်တို့ကို ဖျော်ဖြေတင်ဆက်မယ့်အစီအစဉ် သိပ်မရှိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့အားလုံး အမူးပြေသွားအောင် ကျွန်တော် လူတစ်ယောက် ထုတ်ပြမယ်”
ချောင်ချောင်း၏ စကားကြောင့် အမတ်အားလုံး စိတ်ဝင်စားသွားကြသည်။
“သူ့ကို ခေါ်သွင်းခဲ့စမ်းဟေ့”
ချောင်ချောင်း၏ အမိန့် ရသည်နှင့် အာဏာပါးကွက်သားများက ကံဆိုးသူ ကျိဖင်ကို အခန်းတွင်းသို့ ခေါ်သွင်းလာခဲ့ကြသည်။ ထို့နောက် အားလုံးမြင်စေရန်အတွက် သစ်သားထုပ်တန်း တစ်ခု၌ ကြိုးဖြင့် တွဲလောင်းဆွဲထားလိုက်ကြ၏။
“ခင်ဗျားတို့အမတ်တွေတော့ သိကြမှာမဟုတ်ဘူး။ ဒီလူဟာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေ တဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ဆက်စပ်နေတယ်။ အဲဒီဂိုဏ်းဟာ ကျုပ်ကိုတောင် ထိခိုက်အောင်လုပ်ဖို့ ကြိုးစားနေကြတာ။ ဒါပေမယ့် ကောင်းကင်ဘုံက သူတို့အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒီလူရဲ့ သက်သေခံမှုကို ခင်ဗျားတို့အားလုံး ကြားသင့်တယ်လို့ ကျုပ် ယူဆတယ်”
ထို့နောက် ချောင်ချောင်းက အကျဉ်းသားဖြစ်သူအား ရိုက်နှက်ရန် ပါးကွက်သားများကို အမိန့် ပေးလိုက်၏။ ပါးကွက်သားများလည်း ကျိဖင် သတိလစ်သွားသည်အထိ ရိုက်နှက်ကြသည်။ ကျိဖင် မေ့မြောသွားသောအခါ မျက်နှာကို ရေနှင့် ပက်ပြီး ပြန်နှိုးကြ၏။ ကျိဖင်က သတိပြန်ရလာသောအခါ ချောင်ချောင်းကို စေ့စေ့ကြည့်လျက် အံကို တင်းတင်းကြိတ်သည်။ ပြီးလျှင် -
“ချောင်ချောင်း… သူပုန်ကောင်။ မင်း ဘာကို စောင့်နေတာလဲ။ ဘာကြောင့် ငါ့ကို မသတ်သေးတာလဲ”ဟု အော်လိုက်၏။
“မသင့်တင့်တာ ကြံတဲ့သူတွေဟာ အစက ခြောက်ယောက်ရှိတယ်။ မင်းက ခုနစ်ယောက်မြောက်ပဲ။ အဲဒါ ဟုတ်သလား”ဟု ချောင်ချောင်းက ပြန်မေးသည်။
အကျဉ်းသားက ပြန်မဖြေသောအခါ ပါးကွက်သားတို့က ထပ်မံရိုက်နှက်နှိပ်စက်ကြပြန်၏။ ဝမ်းကျီဖူး(Wang Zifu)နှင့် အခြားအမတ်သုံးယောက်တို့ တစ်ယောက်နှင့် တစ်ယောက် လှမ်းကြည့်မိ ကြသည်။ သူတို့ကား အပ်ပုံပေါ် တက်ထိုင်ထားရသည့် အနေအထား ဖြစ်နေပေပြီ။
ချောင်ချောင်းက အကျဉ်းသားကို ဆက်လက်နှိပ်စက်စေ၏။ ရိုက်နှက်ခံရလွန်းသဖြင့် အကျဉ်းသားမေ့မြောသွားလျှင် ရေအေးနှင့် ပက်ကာ ပြန်နှိုးကြပြန်သည်။ နောက်ဆုံး ကျိဖင်ခမျာ မခံနိုင်တော့ဘဲ အသနားခံရရှာလေ၏။ ချောင်ချောင်းလည်း ဤနည်းဖြင့် ပူးပေါင်းကြံစည်သူများကို ဖော်ထုတ်၍ မရနိုင်မှန်း သုံးသပ်လိုက်ကာ ကျိဖင်ကို ပြန်လည်ခေါ်ထုတ်သွားစေသည်။
စားသောက်ပွဲ ပြီးဆုံးသွားသောအခါ အမတ်တို့လည်း အသီးသီး ပြန်လည်ထွက်ခွာကြ၏။ ထိုလူများအနက်မှ အမတ်လေးဦးသာ ကျန်ခဲ့သည်။ ထိုလေးဦးမှာ ဝမ်းကျီဖူးတို့ ပူးပေါင်းကြံစည်သူ လေးဦးဖြစ်ပြီး ချောင်ချောင်းက ညလယ်စာ ဆက်လက်သုံးဆောင်ကြရန် ဖိတ်ခေါ်လိုက်၍ ဖြစ်၏။ အမတ်လေးယောက်မှာ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသော်လည်း ဖိတ်ကြားချက်ကို မငြင်းဆန်ဝံ့ကြချေ။
ထိုသူတို့အား ညလယ်စာ တည်ခင်းကျွေးမွေးရင်း ချောင်ချောင်းက ဤသို့ ပြောလိုက်၏။
“ကျုပ် ပြောစရာတချို့ ကျန်နေသေးလို့ ခင်ဗျားတို့ကို ခဏလောက် ဆက်နေဖို့ တောင်းဆို ရခြင်းဖြစ်တယ်။ ခင်ဗျားတို့လေးယောက် တုန်ချန်း(Dong Cheng)နဲ့ ပေါင်းပြီး ဘာတွေလုပ်ဖို့ စီစဉ် နေကြလဲတော့ ကျုပ် မသိသေးဘူးပေါ့လေ”
“ဘာမှ မစီစဉ်ကြပါဘူးဝန်ကြီးချုပ်”ဟု ဝမ်းကျီဖူးက ပြန်ဖြေ၏။
“ဒါဖြင့် အဖြူရောင်ပိုးထည်လိပ်ပေါ်မှာ ရေးထားတာ ဘာတွေတုန်းကွ”
မည်သူမျှ ပြန်မဖြေကြချေ။
ထိုအခါ ချောင်ချောင်းက တုန်ချန်းအိမ်တော်မှ ထွက်ပြေးလာသော အစေခံအမျိုးသားကို အခန်းတွင်းသို့ ခေါ်လာရန် အမိန့်ပေးလိုက်သည်။ ခွင်ခွင်းသွမ် ရောက်လာသည်နှင့် ဝမ်းကျီဖူးက မေး၏။
“ကဲ… မင်း ဘယ်နေရာမှာ ဘာတွေ တွေ့ခဲ့လို့လဲ။ ပြောစမ်းပါဦး”
“အမတ်ကြီးတို့ ငါးယောက် စကားပြောဖို့ ချောင်ကျတဲ့ နေရာတွေကို သေချာလိုက်ရှာပြီး အဖြူရောင်ပိုးထည်လိပ်ပေါ်မှာ လျှို့ဝှက်စွာ လက်မှတ်ထိုးခဲ့ကြတယ်မဟုတ်ဘူးလား။ ဒါကို မငြင်းချင်ကြစမ်းပါနဲ့”
ထိုအခါ ဝမ်းကျီဖူးက ဤသို့ တုံ့ပြန်၏။
“ဒီအယုတ်တမာသတ္တဝါလေးဟာ ဦးရီးတော်တုန်ချန်းအိမ်က အိမ်စေကောင်မလေး တစ်ယောက်နဲ့ ဖောက်လွဲဖောက်ပြန်လုပ်ခဲ့လို့ အပြစ်ပေးခံခဲ့ရတဲ့ အကောင်ပါ။ ဒါကြောင့် သူ့အရှင်သခင်ကို ချောက်ချဖို့ ကြိုးစားတာပဲ ဖြစ်ပါလိမ့်မယ်။ ဝန်ကြီးချုပ်မင်း သူ့စကားကို နားယောင်လို့ မဖြစ်ပါဘူး”
ထိုအခါ ချောင်ချောင်းက ဤသို့ ပြော၏။
“ကျိဖင်ဟာ ကျုပ်လည်ချောင်းထဲကို အဆိပ်တွေ သွန်းချဖို့ ကြိုးစားခဲ့တယ်။ သူ့ကို ဒီလိုလုပ်ဖို့ ပြောတာ တုန်ချန်းမဟုတ်ရင် ဘယ်သူဖြစ်မှာတဲ့လဲ”
ထိုအခါ အမတ်လေးယောက်လုံးက မည်သူခိုင်းစေသည်ဖြစ်မှန်း သူတို့လည်း မသိကြောင်း ငြင်းဆန်ကြလေသည်။
“ဒီလိုဆိုရင်လည်း ကောင်းပြီလေ။ ဒါဟာ အခုကိစ္စရဲ့ အစပိုင်းပဲ ရှိသေးတယ်။ ဒါကြောင့် သည်းခံခွင့်လွှတ်ပေးဖို့ ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် ဒီကိစ္စ ကြီးထွားလာရင်တော့ အရေးမယူဘဲ နေဖို့ ခက်ခဲလာလိမ့်မယ်နော်”
အမတ်လေးယောက်ကား မည်သည့်ကိစ္စကိုမျှ မသိကြောင်း အကြောက်အကန် ငြင်းဆန်ကြ ဆဲ ဖြစ်၏။ သို့ဖြင့် ချောင်ချောင်းလည်း ရဲမက်များကို လှမ်းခေါ်ကာ အမတ်လေးယောက်အား အကျဉ်းချထားစေလိုက်သည်။
နောက်တစ်ရက်တွင် ချောင်ချောင်းသည် နောက်ပါအများအပြားကို ခေါ်ဆောင်ကာ ကျန်းမာရေးကိစ္စမေးမြန်းရန် အကြောင်းပြကာ တိုင်းပြည့်ဦးရီးတော်အိမ်တော်သို့ သွားလေသည်။
တုန်ချန်းက ဧည့်သည်ဖြစ်သူကို နှုတ်ဆက်ရန် ထွက်လာသောအခါ ချောင်ချောင်းက ချက်ချင်း မေး၏။
“မနေ့ညက ခင်ဗျား ဘာဖြစ်လို့ မလာသလဲ”
“ကျန်းမာရေးမကောင်းလို့ပါဝန်ကြီးချုပ်။ အပြင်ထွက်သွားလာဖို့ကို အတော်ဂရုထားပြီး ဆောင်ရွက်နေရပါတယ်”
“တချို့က ပြောတယ်။ ခင်ဗျား နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးမှုမျိုး ခံစားနေရတယ်ဆို။ ဟုတ်သလား”
တုန်ချန်း အလန့်တကြားဖြစ်သွား၏။ ချောင်ချောင်းက ဆက်ပြောသည်။
“ကျိဖင်ကိစ္စ ခင်ဗျား ကြားပြီးပလား”
“မသိသေးပါဘူး။ ဘာများပါလိမ့်”
ချောင်ချောင်းက အေးစက်စွာ ပြုံးလိုက်သည်။
“ခင်ဗျား မသိသေးဘူးဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
ချောင်ချောင်းက နောက်ပါရဲမက်များဘက် လှည့်ကာ အကျဉ်းသားအား ခေါ်လာခဲ့ကြရန် အမိန့်ပေးလိုက်၏။ ပြီးလျှင် တုန်ချန်းဘက်လှည့်ကာ နိုင်ငံတော်အဆင့် ဖျားနာမှုအကြောင်း ဆက်ပြောနေပြန်သည်။
တုန်ချန်းကား ကျဉ်းထဲကြပ်ထဲ ရောက်နေပြီး ဘာဆက်လုပ်ရမည်မှန်း မသိတော့ချေ။ မကြာခင်မှာပင် ပါးကွက်သားတို့က သမားတော်ကျိဖင်ကို ခန်းမဆောင်လှေကားရင်းသို့ ဆွဲခေါ်လာ ကြ၏။ အကျဉ်းသားသည် ချောင်ချောင်းကို မြင်သည်နှင့် ‘သူပုန်ကောင်၊ သစ္စာဖောက်’စသဖြင့် ဆဲဆိုလေတော့သည်။
ချောင်ချောင်းက ကျိဖင်ဘက် လက်ညှိုးထိုးပြလိုက်ပြီး -
“ဒီလူနဲ့ ဝမ်းကျီဖူးတို့ အမတ်သုံးယောက်ပါ ပါဝင်ပတ်သက်နေကြတာဖြစ်တဲ့အတွက် အဲဒီ အမတ်တွေကို ဖမ်းချုပ်ထားပြီးပြီ။ အခုထိ ကျုပ် မဖမ်းရသေးတာ တစ်ယောက် ကျန်နေသေးတယ်” ဟု ပြောလိုက်သည်။
ထို့နောက် ချောင်ချောင်းက ကျိဖင်ဘက် လှည့်ကာ မေးလိုက်ပြန်၏။
“ငါ့ကို အဆိပ်ခတ်ဖို့ မင်းကို ဘယ်သူက ခိုင်းသလဲ။ အမြန်ပြောစမ်း”
“သစ္စာဖောက်ကို သုတ်သင်ဖို့ ကောင်းကင်ဘုံက ခိုင်းတာကွ”
ချောင်ချောင်း ဒေါသထွက်သွားကာ ကျိဖင်ကို ရိုက်နှက်စေပြန်၏။ ကျိဖင်၏ ခန္ဓာကိုယ် တစ်ခုလုံးလည်း အရိုက်မခံရသေးသည့်နေရာ မကျန်တော့ချေ။ တုန်ချန်းမှာ ကျိဖင်ကို ကြည့်နေရင်း က နှလုံးသားအား ဓားမြောင်တစ်ချောင်းဖြင့် ထိုးစိုက်ချေမွနေသကဲ့သို့ ခံစားနေရသည်။
“မင်း မွေးတုန်းက လက်ချောင်းဆယ်ချောင်း ပါတယ်မဟုတ်လား။ အခု တစ်ချောင်း ဘယ်ရောက်သွားသလဲ… ဟမ်”
“သစ္စာဖောက်ကို သုတ်သင်ဖို့ သွေးသစ္စာပြုတဲ့အနေနဲ့ ငါ ကိုက်ဖြတ်ပစ်လိုက်ပြီကွ”
ချောင်ချောင်းက ရဲမက်များကို ဓားတစ်ချောင်းယူလာရန်အမိန့်ပေးလိုက်ပြီး ကျိဖင်၏ ကျန်လက်ချောင်းကိုးချောင်းကိုပါ ဖြတ်ပစ်စေ၏။
“ကဲ… အခု ကျန်တဲ့ လက်ချောင်းတွေပါ မရှိတော့ဘူး။ ဒါဟာ သွေးသစ္စာပြုခြင်းအတွက် သင်ခန်းစာပေးတာပဲ”
“ငါ့မှာ သစ္စာဖောက်ကို ကိုက်ဝါးပစ်ဖို့ ပါးစပ်ကျန်သေးတယ်၊ ဆဲဆိုဖို့ လျှာ ကျန်သေးတယ် ကွ”
ချောင်ချောင်းက ရဲမက်များကို လျှာပါ ဖြတ်ပစ်ရန် အမိန့်ပေးလိုက်၏။
ထိုအခါမှ ကျိဖင်က တောင်းပန်တော့သည်။
“မလုပ်ပါနဲ့တော့။ ဘယ်အပြစ်ပေးမှုမျိုးကိုမှ ကျွန်တော် မခံနိုင်တော့ပါဘူး။ ကျွန်တော် ပြောပါတော့မယ်။ ချည်နှောင်ထားတာတွေလည်း ဖြည်ပေးပါတော့ခင်ဗျာ”
“ဒီလိုဆိုရင် ဖြည်ပေးလိုက်ကြစမ်း။ မလုပ်ပေးစရာ အကြောင်း မရှိပါဘူးလေ”
ရဲမက်များက ကြိုးဖြည်ပေးလိုက်ကြသည်။ အချုပ်အနှောင်မှ လွတ်သည်နှင့် ကျိဖင်သည် ဘုရင်မင်းမြတ်ရှိရာ နန်းတော်ဘက်သို့ လှည့်ပြီး ဒူးတုတ်အရိုအသေပြုလေ၏။ ပါးစပ်ကလည်း ဤသို့ ပြော၏။
“ကျွန်တော်မျိုး မကောင်းဆိုးဝါးကောင်ကို မဖယ်ရှားနိုင်ခဲ့တာ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ ဖြစ်မယ်ထင်ပါရဲ့ဘုရား”
ထို့နောက် နောက်ပြန်လှည့်လိုက်ကာ သူ့ခေါင်းကို လှေကားတိုင်နှင့် အားပြင်းပြင်း ဆောင့်ကာ သေပွဲဝင်လိုက်လေတော့သည်။
ချောင်ချောင်း ဒေါသထွက်သွားပြီး ကျိဖင်၏ ခန္ဓာကိုယ်ကို လေးပိုင်း ပိုင်းစေကာ အများမြင် အောင် ပြသထားစေသည်။ ထိုအချိန်ကာလသည်ကား ကျန့်အန်းပဉ္စမနှစ်၊ ငါးလပိုင်း ဖြစ်သတည်း။
ကျိဖင်မှာ နှိပ်စက်နိုင်ခြင်း၏ အခြားတစ်ဘက်သို့ ရောက်သွားပြီဖြစ်ရကား ချောင်ချောင်းက ခွင်ခွင်းသွမ်ကို ရှေ့သို့ ခေါ်ထုတ်စေ၏။
“ဒီလူ့ကိုရော ခင်ဗျားသိသလားဦးရီးတော်”
“သိတာပေါ့။ ထွက်ပြေးသွားတဲ့ ကျွန်က ဒီရောက်နေတာကိုး။ ဒီကောင့်ကို သေဒဏ်ပေးရမှာ”
တုန်ချန်းက ထိုသို့ အော်ဟစ်ပြောဆိုလိုက်၏။
“ခင်ဗျားရဲ့ ကောက်ကျစ်မှုတွေအကြောင်း သူ ကျုပ်ကို ဖွင့်ဟပြီးသွားပြီ။ သူဟာ ကျုပ်ရဲ့ မျက်မြင်သက်သေဖြစ်တယ်။ သူ့ကို ဘယ်သူ သတ်ဝံ့သလဲ”
“ခင်ဗျားဟာ တိုင်းပြည်ရဲ့ အဆင့်တစ်အမတ်ကြီး ဖြစ်ပါလျက် ဒီလို ထွက်ပြေးလာတဲ့ ကျွန်တစ်ယောက်က လုပ်ကြံပြောဆိုတဲ့ ဇာတ်လမ်းကို ဘယ်လို နားယောင်နေတာလဲ”
“သူတင် မဟုတ်ဘူး။ ဝမ်းကျီဖူးနဲ့ အခြားလူတွေကိုလည်း ကျုပ် ဖမ်းဆီးထားပြီးပြီ။ သူတို့ရဲ့ သက်သေခံမှုကိုရော ခင်ဗျား ဘယ်လိုငြင်းမလဲ”
ထို့နောက် ချောင်ချောင်းသည် နောက်ပါရဲမက်များကို လှမ်းခေါ်ကာ တုန်ချန်း၏ အိပ်ခန်း အတွင်း ပိုက်စိပ်တိုက်ရှာဖွေကြရန် အမိန့်ပေးလိုက်သည်။ သို့ဖြင့် ရဲမက်များလည်း ခါးပတ်အတွင်းမှ ဘုရင့်လျှို့ဝှက်အမိန့်တော်နှင့် ပူးပေါင်းကြံစည်သူများ လက်မှတ်ရေးထိုးထားကြသည့် ပိုးထည်လိပ် ကို ရှာဖွေတွေ့ရှိသွားကြလေသည်။
ချောင်ချောင်းက ဒေါသတကြီး အော်လိုက်၏။
“မင်းဟာ ကြွက်လိုကောင်ပဲ။ ဒီလိုတောင် ကြံစည်ဝံ့တယ်ပေါ့။ ဟုတ်လား”
ထို့နောက် ချောင်ချောင်းသည် တုန်ချန်း၏ အိမ်တော်သူ၊ အိမ်တော်သားအားလုံးအား ခြွင်းချက်မရှိ ဖမ်းဆီးကြရန် အမိန့်ပေးလိုက်သည်။ ပြီးလျှင် သိမ်းဆည်းရမိသည့် စာရွက်စာတမ်းများ ကို ယူဆောင်ကာ မိမိအိမ်တော်သို့ ပြန်ကာ အကြံပေးအမတ်အားလုံးကို ဆင့်ခေါ်၏။ ဘုရင်ဖြစ်သူ အား နန်းချပြီး ဆက်ခံသူတစ်ဦး ရွေးချယ်ရေး ဆွေးနွေးရန်အတွက်ပင်တည်း။
ဧကရာဇ်မင်းမြတ်၏ ကံကြမ္မာမှာ မရေရာတော့ချေ။
အခန်း(၂၄) ဆက်ရန်
ခိုင်မင်းဆက်
(Luo Guanzhong မူရင်းရေးသားပြီး C.H. Brewitt Taylor အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတဲ့ Romance of Three Kingdoms ကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်)
(ရှေ့က တင်ပြီးဖြစ်တဲ့အပိုင်းတွေကို Facebook မှာလို ဟိုရှာ ဒီရှာ ရှာစရာမလိုဘဲ ဖတ်လိုပါက ကျွန်တော့် Telegram Channel ဖြစ်တဲ့ https://t.me/ROTKinBurmese ကို subscribe လုပ်ထားကြပါခင်ဗျာ။)