Amara's Online Bookshelf

Amara's Online Bookshelf A Book Is a Dream You Hold in Your Hands.
စာအုပ်ဆိုတာ မင်းလက်ထဲမှာ ကိုင်ထားတဲ့ အိပ်မက်တစ်ခုပါ။

ဆန် #ခင်ခင်ထူး “ ခိုးကြပြန်ပြီလားဟေ့။ ၀ရမ်းပြေးနဲ့ သူခိုးမ စပ်ကျတဲ့ ဟာတွေရဲ့။ ဘယ့်နှယ်တော် အိုကြီးအိုမ မုဆိုးမ ဆန် တောင်...
19/05/2024

ဆန်
#ခင်ခင်ထူး

“ ခိုးကြပြန်ပြီလားဟေ့။ ၀ရမ်းပြေးနဲ့ သူခိုးမ စပ်ကျတဲ့ ဟာတွေရဲ့။ ဘယ့်နှယ်တော် အိုကြီးအိုမ မုဆိုးမ ဆန် တောင် မနေရတော့ လူ့ပြည်မကောင်းတော့ပါဘူး။ မြစ်နားကမ်းနား မျောလာသမျှ ထင်းမှတ်လို့ ဆယ်ပါ သယ် ... မပွေးချည်းပါလား ကရို့ရဲ့”

အမေပေါက်စက လူကသာ ပဲချောင်းလောက်ရှိသာပါ အသံက မြစ်မကို ကျော်ပြီး တစ်ဖက်ကမ်း စစ်ကိုင်းတောင်ကို ရိုက်ပြီး ပြန်လာတာမျိုး။ အနီးအနားက တဲတွေထဲ အရက်သောက်နေသူတွေရော၊ နေ၀င် မိုးချုပ် ဖတ်သီဖတ်သီ ရင်တလျားလျား ပြေးလွှားနေကြတဲ့ မိန်းမတွေရော၊ မယ်ဒလင်တီးနေသူနဲ့ တစ်ယောက် တစ်ပေါက် ဆိုနေသူတွေရော၊ လင်မယားချင်း လုံးသတ်နေကြသူတွေရော အားလုံးလိုလိုက ကြီးတော်ပေါက်စ ခုနစ်စင် ခုနစ်မောင်း အော်လိုက်သံကြောင့် တစ်ချက်တုံ့သွားကြလေရဲ့။ ခဏကလေးပါ။ ချက်ချင်းလိုလို လုပ်လက်စတွေ ပြန်လုပ်နေကြတာပါပဲ။ တဲရှေ့ စီးနေတဲ့ ဧရာ၀တီမြစ်ကြီးတောင် လန့်သွား ထင်ပါ့။

အသက်ကရပြီဆိုတော့ ကြီးတော်ပေါက်စခမျာလည်း အဲသလောက် အော်နိုင်တာပါ။ စိတ်ရှိလို့သာအော်ရ။ မောလိုက်တာ ရင်ဘတ်ဖိထားရတယ်။ သည်နားက တဲတွေမှာ သူ့တဲကိုယ့်တဲ ပစ္စည်းပျောက်တာ မဆန်း တော့ပါဘူး။ မုဆိုးမလည်း ပျောက်တာပဲ။ မုဆိုးထီးလည်း ပျောက်တာပဲ။ တစ်တဲနှင့်တစ်တဲ သံဘာဂျာ တံခါး တပ်ထားတာ မဟုတ်တော့ ကူးချင်သူက ကူးရုံပဲ။

မြွေရေခွံအိတ်တစ်လုံး အနားသုံးဖက်ဖွင့်ပြီး အပေါက်၀ ချိတ်ထားရင် တံခါးဖြစ်တဲ့ဟာ။ ဘယ့်နှယ်လုပ် လုံနိုင်မှာတုန်း။ ဘယ်သူဘယ်ဝါတော့ ၀င်တာ တွေ့ပါတယ် လို့လည်း မြင်လိုက်သူက ကာယကံရှင်ကို မပြောဝံကြဘူး။ အကောင်းဆုံးက ဘာမှ မသိသလို၊ မမြင်သလို၊ မကြားသလို ငြိမ်နေတာပဲဆိုတာ သင်ခန်းစာရကြလှပြီကိုး။ ပြောကြကြေးဆိုရင် တဲနီးချင်း ကတောင် မလှုပ်ဘူး။ ပျောက်တဲ့လူက ဘာပျောက်တယ်ဆိုပြီး အော်ရုံပဲ။ မောရင် ရပ်သွား လိမ့်မယ် ဆိုတာ သိပြီးသား။ အခုလည်း ကြီးတော်ပေါက်စခမျာ တစ်ချက်ကောင်းကောင်း အော်လိုက်ပြီး ငြိမ်ရ တော့တာပါ။

ဧရာ၀တီမြစ်ကြီးလည်း ဒါမျိုးရိုးလှပေါ့ဆိုတဲ့ ပုံစံနဲ့ ဆက်စီးနေတာပါပဲ။ အဲဒီညနေက ကြီးတော်ပေါက်စ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားတဲ့ ဆန်ထုပ် နို့ဆီဘူးလေးလုံးမဲ့မဲ့လောက် ဆန်ထုပ်က ထရံဟောင်းမှာ ချိတ် ထားတာ မဟုတ်ဘူး။ ခါတိုင်းလို ခေါင်းအုံးအောက် ထိုးထည့်ထားလို့ ပျောက်တယ်ဆိုလည်း ထားပါတော့။ အခု ဟာက သံသေတ္တာဟောင်းထဲ ဆန်ထုပ်ကလေးထည့်ပြီး သော့ပါခတ်ပစ်ခဲ့ရာက ပျောက်တာ။ ဓာတ်သိမို့ ခိုးတယ်ဆိုရအောင်ကလည်း သည်နားက တဲတွေအားလုံး ဓာတ်သိတွေချည်းပဲ။

ထူးထူး ဆန်းဆန်း ကောင်းကောင်းကန်းကန်းရယ်လို့ ဘယ်သူ့မှာမှ မရှိတာလည်း အချင်းချင်းဆိုတော့ သိကြပြီးသား။ ဘယ်သူမဆို သံသေတ္တာလေးတစ်လုံးရှိရင် ထည့်ဖို့ပဲ။ မရှိရင် တစ်တဲတဲအပ်ခဲ့ဖို့ပဲ။ သည်ကြားထဲက ပျောက်တာတွေ ရှိတတ်ပေသိ အခါခပ်သိမ်း လူမရှိတာနဲ့ ပျောက်တာ ချည်းပဲလို့ လည်း ပြောမဖြစ်ဘူး။ မပျောက်ချင် မပျောက်ဘူး။ ပျောက်ချင်မှလည်း ပျောက်မယ်။ ကိုယ့်ပစ္စည်းကိုယ် အရေးကြီးတယ် ထင်ရင် လုံခြုံအောင်သိမ်း။ ဒါပဲ ရှိတယ်။

“ ကျုပ်တို့လည်း အခုမှပဲ သဲကားကဆင်းကာ ကြီးတော်ရေ။ ရေတစ်ပေါက် မချိုးရသေးဘူး။ ခုဟာက ဘာပျောက် သတုန်း ”

“ ဆန်ပါအေ။ နို့ဆီဗူး လေးဘူးလောက် ရှိမှာပေါ့။ ငါမခံချင်သာက သော့ပါချိုးဖဲ့ပြီး ယူသွားသာကို မခံ ချင်တာ။ သူခိုးလက်စကြီး ထင်ပါရဲ့ ဗျစ်ထူမရယ် ”

ကိုယ့်ကိစ္စ သူ့ကိစ္စ မပါကြဘူးဆိုပေသိ မဗျစ်ထူကတော့ တဲနီးချင်းကိုး၊ မထင်သော်ရှိ ထင်သော်ရှိ ဘေးဆီး ရန်ကာ တစ်ချက်တော့ မေးမှ ကောင်းမယ်ထင်လို့ မေးတာပါ။ မေးပြီးတာနဲ့မြစ်ရေထဲ ခြေကျင်း၀တ်ကဒူး၊ ဒူး ကနေ ရင်ခေါင်းရောက်အောင် ဆင်းသွားလေရဲ့။ ကြီးတော်ပေါက်စကတော့ ချွဲတပျစ်ပျစ်ထွေးရာက ဗျစ်တောက် ဗျစ်တောက်လောက်တော့ ပြောနေသေးတာပါ။ ထရံချိတ်ထားတဲ့ မြင်းဖြူရုပ်ကို လက်အုပ်ချီ ထားသေးတာ။

“ အဖေမြင်းဖြူရှင်တို့များ တဲထဲလူ၀င်တာ မသိရဘူးရယ်လို့၊ ခွာနဲ့ ခုတ်လိုက်ပါတော့လား။ သွားနဲ့ ကိုက် လိုက်စမ်း ပါတော့ ”

သည်နားတစ်ကြော တဲစုတွေထဲမှာ ကြီးတော်ပေါက်စ အသက်အကြီးဆုံး၊ ခြောက်ဆယ်ကျော်လှပေါ့ဟာ။ မန္တလေးကို ရောက်ပါပြီဆိုတုန်းကတော့ ကြီးတော်ပေါက်စအိမ်သား၊ “ဘိုးပြောင်း” ပါသေးတယ်။ တောင်သာနထိုးဘက်ကရွာမှာ အိမ်ထောင်ရက်သားကျလို့ သူတကာ့အခင်း၊ သူတကာ့ယာ လင်ကိုယ်မယား နှစ်ယောက် အများတကာလို နေပူလောင်အောင် လုပ်စားခဲ့ရတာပဲ နှစ်လေးဆယ် မကမယ်။

ကြီးတော် ပေါက်စ မိဘများက ပဲရိတ်နှမ်းရိတ် မ၀၀မ်းစာနဲ့ ဘ၀ကုန်ခဲ့ကြသလို ဘိုးပြောင်း မိဘများ ကလည်း ထန်းတက်ရတာနဲ့ မြေပေါ်ဆင်းရတယ် မရှိသူတွေ။ ဘယ်မိဘကမှ မြေတစ်ကွက်၊ ယာတစ်ခင်း ရော့ဟဲ့ အင့်ဟဲ့ ပေးနိုင်ကြတာမဟုတ်တော့ သူတို့နှစ်ယောက် ညားတော့လည်း ဇာတာက နေပူသဲပူက မလွတ်ဘူး။ သူတကာသည်လိုပဲဥစ္စာ၊ နားပေါက်ဟောင်းလောင်းနှစ်ဖက်ကို ငရုတ်ခြောက် အညှာကောက်ကလေး တစ်ဖက်တစ်ချက်ထိုးပြီး နားပေါက်မပိတ်ရအောင် နေခဲ့ရတဲ့ဘ၀ပဲဟာ။

ဘိုးပြောင်းက ငယ်သေးတော့ ထန်းတက်တယ်။ ထန်းလျက်ဖိုမှာ ထန်းလျက်ချက်တယ်။ ကြီးတော်ပေါက်စ ကလည်း အလကား မနေပါဘူး။ အပျိုမပေါက်တပေါက် ဂျာရစ်ထုံးကလေးနဲ့ လောက် ကတည်းက ဆင်းရတဲ့သစ်ခင်း။ လင်ရယ်လို့ရတော့ လည်း မနားမရှိဘူး။

လင်မယား နှစ်ယောက်တည်းဆိုတော့ ရွာထဲဘယ်နား တဲထိုးထိုးရတဲ့ ခေတ်ကာလမှာ နေစရာလည်း မပူရဘူး။ စားဖို့လည်း မဥပါဒ်ရဘူး။ တစ်၀မ်းတစ်ခါးတော့ ငြိမ်တယ်။ ကြီးတော်ပေါက်စက သားသမီး မပေါ် ပေါက်တာ အကြာကြီး ညားခါစကလေး တပိုက်ပိုက်ဖြစ်မှာစိုးလို့ သားသမီး မလိုချင်သေးပေသိ နှစ်နှစ်က သုံးနှစ် ဖြစ်လာတော့ သားသမီးလိုချင်ကြပြီ။

“ ပါးစပ်တစ်ပေါက် တိုးချင်တိုးပါစီဟာ။ ဆင်များလို တစ်အစ် အစ်ကြရုံပေါ့ ”

လို့ ဘိုးပြောင်းကတောင် ပြောလာရတဲ့အထိဆိုတော့ ကြီးပေါက်စကလည်း ၀မ်းနဲ့လွယ်မွေးရမယ့် မိခင်လောင်းကိုး။ လိုချင်တာပါပဲ။ သည်လိုနဲ့ ရွာညောင်ပင်မှာ သားဆုပန်ကြတာ နှစ်နှစ်ကြာတယ်။ ရုက္ခစိုး မတာပဲလား။ ဘ၀က အကြာင်းပဲလား မသိပါဘူး။

အကြီးမ လုံးကျစ် ကိုယ်၀န်ရှိလာတော့ ၀မ်းသာလိုက်ကြရပုံများတော့။ နောက်နှစ်နှစ်လောက် ကြာတော့ လုံးဇောက် ဆိုတဲ့ သမီးတစ်ယောက် မွေးပြန်တယ်။ လုံးလုံး ကျစ်ကျစ်ကလေးမို့ “လုံးကျစ်” လို့ မှည့်တာပါ။ ငယ်ငယ်ကတည်းက မျက်နှာက လင်နို့မျက်နှာလေးနဲ့။ “လုံးဇောက်” (လုံးစောက်) ကတော့ မျက်နှာလုံးစောက်စောက်ဆိုတော့ လင်း၀က်နဲ့တူတယ်။ ဒါပေသိ လုံးဇောက် က လူ့ဘ၀ကံမပါရှာဘူး ထင်ပါရဲ့ လေးနှစ်သမီးလောက်မှာ ပျက်စီးရှာတယ်။ နောက်ထပ်လည်း သားသမီး မပေါ်ပေါက်တာ့ပါဘူး။ သည်တော့ အကြီးမလုံးကျစ်နဲ့ သားအဖသုံးယောက် တစ်ဘ၀ ရှိခဲ့ကြတာပါ။

ရွာမှာ မိုးကြီးဆက်တိုက်ခေါင်တော့ ရွာကတစ်ယောက်ထွက် တစ်ယောက်ထွက်နဲ့ မြို့တက်ကြရာမှာ ဘိုးပြောင်းတို့ သားအဖတွေကိုလည်း သည်ရောဂါကူးစက်ကြတယ် ပြောပါတော့။

“ ကိုငပြောင်း.... တော့်လည်း ထန်းပင်ခြေကန်တက်ရသာနဲ့ ခြေဖဝါးကွဲတော့မယ်။ ကျုပ်မလည်း ကြက်သွန်တူး ပဲနုတ်ရသာနဲ့ လက်အရေခွံ လန်လှပြီ။ ကံရှိန်တို့ ဘုတ်မတို့တောင် မြို့တက်မှတော့ ကျုပ်တို့လည်း လိုက်ချင်လှတော် ”

“ ထသွားမှ ကျိုးမှန်းသိဗျာ။ ကိုယ်တောသူတောသား၊ မြို့တက် မြို့တက်နဲ့ လွယ်မှတ်လို့ ပေါက်စနှယ်၊ ကံရှိန် တို့က သူတို့အမျိုးတွေ မန်းလေးရှိသာဗျ။ ကျုပ်တို့က ဘယ်နားသွားနေမှာတုန်း ”

မပေါက်စက သည်လိုစကားစရင် ကိုပြောင်းက သည်လိုစကားဆုံးတာချည်းပဲ။ သည်လိုနဲ့ တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ သမီးလုံးကျစ်ကလည်း ထိုးထိုးထောင်ထောင် အရွယ်ရောက်လာပြီ။ ဖအေ ဘိုးပြောင်းနဲ့ အတူ ထန်းတက်ဖက်သူငယ် “မောင်အုပ်” နဲ့ အနေနီးရာက စုံဖက်ကြတော့ တဲထဲ လူတစ်ယောက်တိုးပြီကိုး။ ငအုပ် ကလည်း ရေမျောကမ်းတင်။ တစ်ရွာကလာပြီး ထန်းတက်တာဆိုတော့ မင်္ဂလာဆွမ်းတစ်အုပ် ကျောင်းပို့တာတောင် မိရယ်ဖရယ်ခေါ်နိုင်တာ မဟုတ်ဘူး။

သည်လိုနဲ့ ရွာမှာတင် မြေးရပြီး မအေလုံးကျစ်နဲ့ ဖအေ ငအုပ်ပေါင်းပြီး “အုပ်လုံး” လို့ မှည့်ကြတယ်။ ဘိုးပြောင်းက မြေးကို တပွေ့ပွေ့ အင်မတန် ချစ်ရှာတာကိုး။ ထတောထဲသွားရင် မြေးက ပခုံးပေါ်က၊ ကြီးတော်ပေါက်စကလည်း မထူးပါဘူး။ မနက်ဖက် အခင်းဆင်ရင် မြေးပါနေကျ။

အဲသည်တုန်းကတော့ သမီး၊ သမက်၊ မြေး၊ အဘိုးအဘွားတစ်တွေ ဆင်းရဲကြပေသိ ဘ၀ကနေပျော်တယ် ပေါ့လေ။

ကြီးတော်ပေါက်စက တဲခြေနဲ့ နှစ်လံလောက်မှာ တဖျတ်ဖျတ်လာရိုက်နေတဲ့ ဧရာ၀တီမြစ်ရေတွေကို ငေးရင်း တစ်ခါက ဘ၀ကို သတိရနေမိတာပါ။ မျက်ရည်ကလေး တစမ်းစမ်းနဲ့ သွားလေသူကိုလည်း သတိရရဲ့။

“ အဘိုးကြီးရေ၊ ခုတော့ ကျုပ်တစ်ယောက်တည်းပါတော်။ ကျုပ်တို့ဟာ ကျုပ်တို့ ကိုယ့်လက်နဲ့ ကိုယ်ခြေ ကိုယ့်ရွာကိုယ်နေခဲ့ကြရင် အကောင်းသား။ တော်ပြောတဲ့ ထသွားမှ ကျိုးမှန်းသိဆိုတာ အဟုတ်ပါကော ”

လင် သတိရတာရော၊ ဆန်ပျောက်လို့ နှမြောတာရော ပေါင်းပြီး တအီအီငိုနေသေးတာ။

ကြီးတော်ပေါက်စညည်းတဲ့ “အဘိုးကြီးရေ.... အခုတော့ ကျုပ်တစ်ယောက်တည်းပါ့ကော” ဆိုတာ ဟုတ်လည်း ဟုတ်ပါရဲ့။ ဟုတ်တော့လည်းမဟုတ်ပြန်ဘူး။ ဧရာ၀တီမြစ်ဆိပ် တာရိုးခြေမှာ တဲတွေတသီကြီး တန်းထိုးနေကြတော့ ဘိုးပြောင်းနဲ့ ကြီးတော်ပေါက်စက တစ်တဲ။ သမီး သမက် သားအဖတစ်တွေက တစ်တဲ၊ တဲချင်းကမဝေးလှပြီ မဆိုနိုင်ပေသိ သူ့အိုးနဲ့ သူ့အိမ်ဆိုတော့နှစ်ရက်နေလို့ သမီးတဲထဲ မရောက် လေ့ဘူး။ မြေးတွေကတော့ ကလေးတွေကိုး၊ မြစ်ထဲ ရေစိမ်လိုက်၊ တာရိုးပေါ်တက်ကစားလိုက်၊ တဲတကာက အလေ့ပေါက်ခွေးတွေနဲ့ လုံးလိုက်ထွေးလိုက် အမေကြီးရှိတဲ့ အချိန်ဆိုရင်တော့ ရောက်ရောက် လာကြတာ။ အမေကြီးလုပ်သူက မုန့်ကလေးပဲကလေး ပါလာတတ်တာက တစ်ကြောင်း ဘွားအေရယ်လို့ ချစ်ခင်ကြတာတစ်ကြောင်းဆိုတော့ မြေးသုံးကောင်နဲ့တော့ ဝေးလှတယ်ပြောမဖြစ်ဘူး။

မြစ်စောင်းမှာ တဲထိုးနေကြသူတွေဆိုတာ နည်းမှမနည်းဘဲ။ ယောက်ျား သန်သန်မာမာတွေက သဲကား လိုက် ကြတာများတယ်။ သဲကားလိုက်ကြတာက ပင်ပန်းပေသိ ပိုက်ဆံတော့ရတယ်၊ မြစ်ထဲက သဲတွေကို စက်နဲ့ စုပ်တဲ့ သဲမော်တော်လိုက်သူတွေလည်း ရှိတယ်။ မြစ်ထဲက သဲစိုတွေတင်လာတဲ့ သဲမော်တော်က မြုပ်လုမြုပ်ခင်ရယ်။ မြစ်ဆိပ်ရောက်တော့ စက်နဲ့ပဲ မြစ်ကမ်းပေါ်တည်ထားတဲ့ သစ်ပုံရိုက်ဇလားကြီး တွေထဲ မောင်းထည့်။

သဲနဲ့ရေ ဖျောပြီးသားဆိုတော့ သဲကဇလားထဲကျန်ပြီး ရေကအောက်ကို စိမ့်ထွက်သွားတယ်။ သည်သဲ စိုဖန့်ဖန့်ကိုမှ သဲတင်သူတွေက မြစ်စောင်းခြေထိုးလာတဲ့ ကားတွေပေါ် ထမ်းထမ်းတင် ကြရတာပါ။ သဲကားတွေက အကြီးကြီးတွေ။ မိန်းမ၊ ယောက်ျား၊ သဲတောင်းမောက်မောက် အခေါက်ခေါက်အခါခါ ရွက် တင်ကြရတယ်။ သွားချတော့လည်းသူတို့ပဲ။ မြစ်ဆိပ်မှာ သဲကားတွေဆိုတာ မနည်းဘူး။ အလှူထမင်း ရုံသာ ကြည့်တော့။

“ ချမ်းသာတဲ့လူများကျတော့လည်း ဆောက်လိုက်ကြတဲ့ တိုက်တွေတော်။ မြစ်ထဲက သဲတောင် မလောက်နိုင်ဘူး ” လို့ကြီးတော်ပေါက်စက တစ်ခါတစ်ခါ တွေးမ်ိတယ်။ ပိုက်ဆံတွေ ဘယ်ကများ ရကြပါလိမ့်။

တဲရှေ့မှာတစ်ယောက်တည်း ငုတ်တုတ်ထိုင်ရင်း ကြီးတော်ပေါက်စ အတွေးတွေ၀င်နေလိုက်တာ ဗိုက်ထဲက ဂွီခနဲမြည်လာတော့မှ ရင်ထဲ လုပ်လုပ်ပြေးအောင် ဆာတာကို သတိရတော့တယ်။ ဆန်ရှာပြီး ထမင်းတစ်လုံး ချက်ရ ကောင်းမလား။ စားနိုင်တာက တစ်လုတ်တစ်ဆုပ်ရယ်။ တာရိုးပေါ်တက်ပြီး ခြင်းကြားဟောင်း ကွမ်းခြင်းဟောင်းတွေ ရှာနေရမှာကို သတိရလိုက်တော့ မောတာနဲ့ ချက်မနေတော့ ပါဘူးလို့ တွေးတယ်။

သည်နားမှာက မြစ်ဆိပ်ရယ်လို့ ထင်းတွေတော့ ရှိသားပဲ။ လှေကြီးတွေနဲ့ အထက် မလည်ဘက်၊ စဉ့်ကူး။ သပိတ်ကျင်းဘက်ကနေ မြစ်ကြီးကို အလျားလိုက် စုန်ဆင်းပြီးမှ မန္တလေးဆိပ်ကမ်း ရောက်ရတာတွေဆိုတော့ ထင်းတစ်ချောင်း အလကားမူးတင်း ဘယ်ရပါ့မလဲ။ တချို့ကတော့ ထင်းလှေတွေက ပုံထားတဲ့ ထင်းတစ်ပွေ့တော့ လူမသိအောင် ဆွဲကြတာရှိတယ်။ မ်ိရင်လည်း မသက်သာဘူး။ လှေပေါ်ကနေ ထင်းချောင်းနဲ့ ကောက်ပစ်လိုက်တာများ ရင်၀ မြားစိုက်တာကမှ သက်သာဦးမယ်။ တချို့က ဘတ်ခွနဲ့ ပစ်ကြသေးတာပါ။

သည်တော့ မြစ်နဲ့ တာရိုးကြားက ရွှေလှေကျင်းလို့ခေါ်တဲ့ အမှိုက်ကျင်းထဲ ဆင်းကြရပြီး သူတကာပစ်ထားတဲ့ အမှိုက်တို အမှိုက်စ၊ ခြင်းတိုခြင်းစ ကောက်ရတာပေါ့။ ထမင်းတစ်လုံးစာတော့ ဖြိုးဖြိုး ဖြောက်ဖြောက် နဲ့ ကျက်တာပဲကိုး ရွှေလှေကျင်းက ရပ်ကွက်စျေးနဲ့ နီးတော့ ခြင်းတောင်းစုတ်တွေ ပစ်နေကျ နေရာပါ။ သို့ပေသိ တဲရှိသမျှ သည်ကျင်းထဲ နှိုက်ကြတာဆိုတော့ နတ်ခံတွင်းလို နှိုက်တိုင်းရဖို့ဆိုတာ မသေချာဘူး။ တဲနီးချင်း မဗျစ်ထူတောင် ရေထဲက တက်လာပြီး ကြီးတော်ပေါက်စ ငုတ်တုတ်က မကြွရသေးဘူး။

“ ကြီးတော်... ကျုပ်တို့နဲ့ အတူစားလိုက်။ မိငှက်က ပိုချက်ထားမှာပါ။ အဘွားကြီး လေခံနေဦးမယ် ခဏနေရင် ခေါ်လိုက်မယ် ”

“ နေပါအေ .... မဆာပါဘူး။ တာရိုးပေါ်တက်ပြီး မန်းမရွေး ၀ယ်စားလိုက်ပါ့မယ်။ ငါက ဆန်မနှမြောဘူး။ ငါ့ တရုတ်သော့ ကလေး နှမြောတာပါအေ။ သော့ပါချိုးဖဲ့ယူသွားသာကို မခံချင်တာ။ မပွေးမှ မကိုက်သယ် ”

မဗျစ်ထူ သူ့တဲထဲ၀င်သွားတော့လည်း ကြီးတော်ပေါက်စ မန်းမရွေး၊ တက်မ၀ယ်ဖြစ်ပါဘူး။ မြောက်ဘက် တဲစုတွေ ထဲနေတဲ့ သမီးအိမ်များ ထမင်းတစ်ဆုပ်တစ်ခဲ ပိုကောင်းပါရဲ့၊ ထမင်းများကလည်း ဘာသဘောရယ် မပြောတတ်ဘူး။ ရှိရင်မဆာဘူး။ မရှိရင် ရင်ထဲပလုံစိ ထိုးနေတော့တာ မဟုတ်လား။ တော်ပါသေးရဲ့ ရှိစု မဲ့စု ပိုက်ဆံကလေးတော့ ချွေးခံထဲ ရင်ပုံထဲ ထည့်ထားတတ်လို့ ကိုယ်နဲအတူ မြဲနေလို့။ သံသေတ္တာထဲ ထည့်ထားရင် ပါပြီပေါ့။ ကြီးတော်ပေါက်စ တဲထဲပြန်၀င်ပြီး ကပ်ကြမ်းပေါ် ခွေအိပ်နေလိုက်တယ်။ ကနေ့ လူလည်း တော်တော် ပင်ပန်းသွားပါရဲ့။ ပိုက်ဆံလည်း ရပါရဲ့။

သူတကာ့အပူတွေ ကူးရတဲ့အလုပ်။ ရွာမှာနေတုန်းက လူ့ဘ၀ နင်းနှိပ်စားရမယ်လို့ တစ်ခါမှ မတွေးဖူးတဲ့ အလုပ်၊ ခုတော့ လုပ်နေရပြီ။ ဘိုးပြောင်းရှိတုန်းက နည်းနည်းပါးပါး သင်ပြုပေးခဲ့လို့သာ ထမင်းတစ်လုပ်စားရတာကိုလည်း သတိရရဲ့။ ဘိုးပြောင်းကလည်းနင်းတတ်၊ နှိပ်တတ်တယ်ရယ်လို့ မဟုတ်ဘူး။ ကိုရင်ဘ၀က ဆရာတော်ကြီး ခြေဆုပ်လက် ဆုပ်၀တ်ဖြည့်ရာက ခပ်ဖျင်းဖျင်းလောက် တတ်ခဲ့ တာပါ။

အဘိုးကြီးရှိတုန်းက လင်ကိုယ်မယားနှစ်ယောက် တဲထဲထိုင်နေရုံပဲ။ လာခေါ်ကြလွန်းလို့ လှန်လွှတ်ရတာတောင် ရှိတယ်။ မြေကြီးထဲက ကြက်သွန်ဥ၊ မြေကြီး ထဲက မြေပဲဥ၊ တူရွင်းမပါရင်တောင် လက်နဲ့ကုတ် ယူနိုင်ခဲ့တဲ့ မိန်းမပဲဟာ။ လူ့အသား လူ့အကြော လောက် တော့ ကုတ်တာနဲ့ ထအော်တာ ဘာဆန်း လိမ့်မလဲ။ ကြီးတော်ပေါက်စက လက်သန်တယ်။ လက်ပေါက် တယ် ဖြစ်ကရော။

တဲစုတွေဆီက အသံဗလံ စုံကြားနေတဲ့ကြားက ကြီးတော်ပေါက်စလည်း တဲထဲ၀င်လှဲတယ်။ ၀မ်းဟာနေတဲ့ ကြားက မှေးခနဲ တစ်ချက်အိပ်ပျော်သွားတယ်။ နို့မို့ ဆိုရင် သည်မြစ်ဆိပ်နား တဲထိုးနေစရာ အကြောင်းမရှိပါဘူး။ ကိုယ့်ရွာကိုယ် နေပူပူ ကျောကွဲကွဲ သရောကြီး ခိုင်းတာတောင် ခွာဖို့စိတ်ကူးခဲတာမှ မဟုတ်တာ။ ရွာကတချို့ မြို့တက်ကြတယ် ဆိုတုန်း ကတော့ လင်သားကို ပူဆာဖူးပါရဲ့ အိမ်သားဖြစ်သူက တားတာနဲ့ မရောက်ရတာ အကြာကြီး။ မြို့တက်တာနဲ့ အလိုလိုချမ်းသာဖို့ မရှိတာလည်း သိသားပဲ။ လုပ်မှစားရမှာလည်း သဘောပေါက်သားပဲ။ ဒါပေသိ ရွာမှာထက်တော့ အူစိုစိုရှိလိမ့်မယ် ထင်တာကိုး။

ရွာမှာတော့ ပဲပိုးထိုးနဲ့ သုံးလွန်တင်ထမင်း လည်ချောင်းထဲ အတောင့်လိုက် ဆင်းနိုင်အောင် မနည်းမျိုးကြရတဲ့ အဖြစ်ကိုး။ မြို့မှာ ဘယ်သူတော့ဖြင့် ဆိုက်ကားနင်းသတဲ့ ဘယ်ဝါတော့ဖြင့် ပွက်ရည်ပုံး ထမ်းသတဲ့။ ငဖြူတော့ဖြင့် လှေလိုက်သတဲ့။ ငနီ တော့ဖြင့် ပန်းရန်ခကြွေး လုပ်သတဲ့ဆိုတာတွေ ကြားရသားပဲ။ တောင်သူတောင်သားဆိုတော့ အားကျတာ သတ်သတ်၊ ကြောက်တာက သတ်သတ်။

“ ပေါင်းစရာ ထပင်တွေတော့ ဘယ်ထန်းရှင်ကမှ ခုတ်မလှဲမပစ်ပေါင်ဟာ။ ထပင်ရှိ ထမင်းရှိနေသဲ့ဟာ။ မြို့ တက်ပြီး စမ်းတဝါးဝါး လုပ်မစားချင်ပါနဲ့ အသာနေစမ်းပါဟာ ”

“ ကျုပ်ကလည်း သွားချင်လှလို့ ပြောသာမှုတ်ဘူးရယ်။ ကျုပ်တို့အိမ် စားအိုးကြီးလာပြီတော့။ သမီးရော၊ သမက်ရော မြေးနှစ်ကောင်ရောဆိုတော့ တစ်ရွာမပြောင်း သူကောင်းဖြစ်မလားလို့ ပြောရသာပါ ”

“ သေချင်တဲ့ကျား တောပြောင်းဆိုတာလည်း ရှိသားဟာကိုး ”

လင်ကစိတ်ပါတော့ မယားကဖျက်လိုက်၊ မယားကတိုက်တွန်းတော့ လင်ကပုတ်ချလိုက်နဲ့ပဲ မန်းလေးမြို့ ဆိုတာဝေးလို့ နွားထိုးကြီး၊ တောင်သာလို မြို့ပေါ်တောင် မရောက်ရတာကြာပေါ့။ တောထဲက ထန်းတက်သမား မြို့သွားစရာ အကြောင်းကလည်း မရှိဘူးကိုး။ နို့ပေသိ လူ့ကံများ ဆန်းချက်ကတော့ မန်းလေးနဲ့ လှမ်းလှမ်းက ကွင်းတွေထဲမှာ အုတ်ဖိုတွေ‌ ထောင်ကြလို့ ရွာကလူတွေ လိုက်စုနေသတဲ့ဆိုတဲ့ သတင်းရောက် လာခဲ့တယ်။ တစ်ရက်တော့ အုတ်သူကြီးရဲ့ လူယုံ မောင်စံသိန်းဆိုသူက ထန်းတောထဲ ထန်းရည် သောက် ယရင်း မြို့မှာ လက်ပေါက်အုတ်လုပ်ငန်း လုပ်ဖို့ လူတွေလိုလို့ လိုက်စုနေတာ တော်တော် ရပြီလို့ ပြောနေတာကို ကြားလာခဲ့တယ်။

လိုက်ချင်ရင် ယောက်ျား၊ မိန်းမ စာရင်းပေးရုံပဲတဲ့။ နေ့တွက်က ဘယ်ရွေ့ဘယ်မျှ ရမယ်ဆိုတာလည်းပါရဲ့။ သည်လိုနဲ့ တံခါးပိတ်ဂျိတ်ဆို သားအဖတစ်တွေ ထလိုက်လာကြတာ။ အခုထိပဲ။ ရွာတစ်ခေါက် ပြန်မရောက်ကြတော့ဘူး။ မန်းလေးတောင် လေးပြင်လေးရပ် မြို့တစ်ပတ် ကောင်းကောင်း ပတ်မိပါပြီ။ ကွင်းကြို ကွင်းကြားနေခဲ့ရတာကပဲ နှစ်တွေ မနည်းတော့ဘူးကိုး။ တဲပြန့်ကြီးထိုးပေးထားလို့ နေရေး မပူရသလို အုတ်ရာသီ မဟုတ်ရင်လည်း အုတ်သူကြီးဆီက ငွေကြိုယူလို့ ရလေတော့ ဟုတ်သလို လိုပေါ့။

အုတ်သူကြီးက ရွာကလူတွေ မန်းလေးရောက်ရောက်ချင်း ကားကြီးတစ်စီးပေါ် တက်ကြဆိုပြီး မဟာမုနိ ဘုရားကြီး ပို့တယ်။ ရှင်ပင်ပက်လက် ရေစက်လက် ဘုရားပို့တယ်။ မန်းလေးတောင်ပေါ်ပို့တယ်။ ပျော်စရာတောင်ကောင်းသေးတယ် သည်တစ်ခေါက်ပါပဲ။ အဲသည်ကတည်းက ရွှံ့တစိုးစို လေတဟူးဟူး ကြား ဘဝပြီးရတာ ဘုရားကိုယ်တော်မြတ်ကြွလာမှ ဖူးရဖို့ ရှိတော့တာပါ။

ရွှံ့တစိုစို ရွှံ့တလူလူ လုပ်စားကြရင်းက နှစ်တွေလည်း ကြာပြီ။ လူတွေလည်း အိုကြပြီ။ အုတ်သူကြီးတွေလည်း အလုပ်မကောင်းရာက ပြုတ်သူပြုတ်၊ ပြောင်းသူကပြောင်း ကြီးတော်ပေါက်စ တို့လည်း ဟိုရောက် သည်ရောက်ပေါ့။ ရွာတော့ မပြန်ဖြစ်တော့ဘူး။ သည်လိုနဲ့ မြစ်ကမ်းနား ရောက်လာကြတယ်။

ဘာလုပ်စားတာလဲလို့ မမေးနဲ့။ အဲသလိုတော့ ပြောမဖြစ်ဘူး။ အစုံပဲ။ သည်မှာတော့ ကိုယ့်၀မ်းစာနဲ့ ကိုယ်ဆိုတော့ အဘိုးကြီး အဘွားကြီးကတကွဲ၊ သမီးနဲ့ သမက်က တစ်အိုးနေကြရပြီ၊ ဝေးဝေးတော့လည်း မဟုတ်ပါဘူး ကိုယ်လိုလူတွေ စုစုရှိရာ သည်လိုအတွဲလိုက် လိုက်ကြရင်း ဘဝတွေ စုံလှပေါ့။ သမီးနဲ့မြေးတွေတော့လည်း လဲမှိုများလွှင့်သလို တော်ရာကျရော့ဟဲ့ မရှိနိုင်ဘူးကိုး။

တစ်ခုတော့ ရှိပါရဲ့။ သမီးက သူတကာမိန်းမတွေလို သဲတင်သဲချ မလုပ်နိုင်ရှာတော့ဘူး။ မီယပ်ကျိုးခေါ်မ လား။ တစ်ရက်သား အုတ်ဖိုမှာ အလုပ်လုပ်ရင်းက ပုံလဲကျသွားလိုက်တာ နေသာပြန်ကောင်းတယ်။ မသန်တော့ဘူး။ တစ်ကိုယ်လုံးလည်း လှီသွားသလိုပဲ။ ထန်းသမားဘ၀ကလာတဲ့ သမက်ကတော့ သားမယားရယ်လို့ လုပ်ကျွေးရှာပါရဲ့။ အရက်ဖိုးက ကျန်မှ ပိုက်ဆံက အိမ်ရောက်တာပါ။ တစ်ခါတလေ တာရိုးထိပ်က အရက်ဆိုင်မှာ အချိန်မတော် အချိန်တော် ထိုင်နေလိုက်တာ မထတော့ဘူး။

ထမင်းအိုး မီးမကူး ရသေးတဲ့ မယားက လိုက်ခေါ်တော့လည်း ရိုက်မောင်းပုတ်မောင်းက ရှိသေးတော့ ကြီးတော်ပေါက်စ အဖို့ရာ အင်မတန် စိတ်ဆင်းရဲရတယ်။ သည်ဘက်ခေတ်များ ပေါလာလိုက်တဲ့ အရက်သေစာ။ ယောက်ျားမှန် အရက်မကင်းရုံတင် မကဘူး။ အရက်ချွေးနံ့တွေက လူဆင်းရဲနံ့လို့တောင် ပြောရမလို ဖြစ်နေပါပြီ။ အိမ်က အဘိုးကြီးပျက်စီးလို့ သားသမီးအားကိုးဖို့တော့ ဝေလာဝေး။

မြေးသုံးကောင်ကိုတော့ အနှိပ်အနင်း မလိုက်ရတဲ့နေ့ ကြီးတော်ပေါက်စနဲ့ အတူတွေ့ရပါရဲ့။ တစ်ခါတလေ မြေးတွေလက်ဆွဲပြီး ဗီဒီယိုလိုက်ပြရတယ်။ ရပ်ကွက်မုန့်ဆိုင်တွေ ပို့တယ်။ အိမ်က ထမင်းကြမ်းကလေး အိုးဆီပွတ် လှော်ကျွေးရတယ်။ ဘယ်ကပြန်ပြန် လက်ထဲငွေစလေးပါရင် ပြောင်းဖူးပြုတ်ကလေး၊ ကန်စွန်းဥပြုတ်ကလေးကအစ ၀ယ်လာတတ်တယ်။ မြေးတွေကလည်း ချစ်လိုက်ကြတာ။ ခေါ်တာတောင် မေကြီးပေါက်စတဲ့၊ ကြီးတော်ပေါက်စ အိမ်သားရှိတုန်းကတော့ မြေးတွေက ဘိုးအေကို ဘိုးကြီးခေါ်ကြတယ်။ သမီးတဲရှေ့လည်း သမက်ကောင် မရှိတဲ့အချိန်ရောက်တာပါ။ မျက်နှာချင်းမဆိုင်ချင်လို့။ လူပါး၀တယ် ထင်လို့။

“ အမေရယ်... ကျုပ်တော့ အလုပ်သာ ထ လုပ်လိုက်ချင်တော့တာပါပဲ။ ဒင်းလုပ်စာမျှော်ရတာများ ၀မ်းထဲမကျချက်တော် ဒူးကမသန် လက်ကမသန်မို့သာ အောင်းနေရတယ်။ အလုပ်များမကြောက်လိုက်သမှ ”

“ အမေ ရှိပါတယ်အေ ကလေးတွေ လူလုံးထွားရင် သဲကားလိုက်လို့ ဖြစ်ပါပြီ။ စောင့်ရလှ လေးငါးနှစ်ပေါ့။ ညည်းယောက်ျားလည်း သည်လောက်သောက်နေမှတော့ နေလှ လေးငါးနှစ်ပေါ့အေ ”

သည်ရက်ထဲ အနှိပ်အနင်း အခေါ်အပြုများကြလို့ မိုးချုပ်တာများပြီ သမီးနဲ့မြေးတွေဆီလည်း မရောက် ရဘူး။

သည်ကြားထဲ သံသေတ္တာထဲ ဆန်ကပျောက်ရသေး။ တရုတ်သော့က အချိုးခံရသေး။ နားထဲ အသံကြားသလိုလိုရှိတာနဲ့ ကြီးတော်ပေါက်စ ငေါက်ခနဲ ထထိုင်တော့ ဗျစ်ထူမရယ် လက်ထဲမှာ ဒန်ဇလုံ တစ်လုံး ကိုင်လို့၊ မြွေရေခွံအိတ်ချထားတာကို လက်တဖက်နဲ့ ဖယ်ပြီး ဇလုံကို လှမ်းပေးတော့ ငါးပိချက်နံ့က မွှေးသွားလေရဲ့။

“ အဘွားကြီး စားလိုက်ပါဦး။ ငါးပိတစ် နဲ့ ခရမ်းချဉ်သီးလှိမ့်ထားတာ။ ထစားလိုက်ဦး။ ပြီးမှ ဇလုံကမ်းချေ ”

မနေနိုင်ပါဘူး။ လက်တောင် ဆေးမနေတာ့ဘဲ စားလိုက်တယ်။ စာရင်းက ထမင်းကို အကဲခတ်ချင်လို့ မီးထွန်းမယ် စိတ်ကူးသေးတယ်။ သူ့ဆန်များ ခိုးလေသလား ထင်လို့ပါ။ ကိုင်းပါလေ ငါ့ဆန်သော သူ့ဆန် သော စားရသာ ကျေးဇူကြီးပါ့ အောက်မေ့မိတယ်။ သည်လိုနေရာမှာ ပစ္စည်းပျောက်ရင်ဘယ်သူမဆို ဖြစ်နိုင်တာကိုး။ ကောင်းလိုက်တဲ့ ထမင်းနှယ်။ ရင်ပူအောင် ဆာနေလို့လား မပြောတတ်ဘူး။

ကြီးတော်ပေါက်စ မနက်စောစော နိုးနေပေသိ ကပ်ကြမ်းပေါ် ဆက်မှေးနေမိတယ်။ မရှိမဲ့ရှိမဲ့ ဆန်ကလေး တစ်ထုပ် ဘယ်သူများ လက်ဆော့သွားပါလိမ့်ဆိုတာ နိုးနိုးချင်း ခေါင်းထဲ၀င်လာလို့ ဥစ္စာပျောက် ငရဲ ရောက် ဖြစ်နေမိတယ်။ အရက်သမား ငမှတ်လည်း ဖြစ်နိုင်တာပဲ။ ကွမ်းယာသည်မ မြမေလည်း ဖြစ်နိုင်တာပဲ။ တဲနီးချင်း ဗျစ်ထူမလည်း ဖြစ်နိုင်တာပဲ။ ခြေရင်းတဲက မိလှလည်း ဖြစ်နိုင်တာပါပကော။ ဘယ်သူ မဆို ဖြစ်နိုင်တယ်လို့။

သည်နေ့ နေပူရွာထဲက မပုံ့ကိုနှိပ်ဖို့ ချိန်းထားတော့ ရေကလေးချိုးဖို့ စိတ်ကူးတယ်။ သူဌေးမ နှိပ်ရမှာဆိုတော့ နံနံစော်စော်ဆိုရင် မကောင်းဘူးလို့ တွက်တာကိုး။ ကုတ်သားကြီးတွေ၊ လက်မောင်သားကြီးတွေ တုတ်ခိုင်လှတဲ့ သူဌေးမတွေများ လက်ဆစ်ကျိုးအောင် နှိပ်ရတာဆိုတော့ မနက်ခင်း အဆာပြေ တစ်ခုခုလည်း စားသွားဦးမှဖြစ်မှာ မနက်ထမင်းဇပြီး (စားပြီး) ချိန်းထားတာ ဆိုတော့ ကြီးတော်ပေါက်စ မြစ်ထဲရေဆင်း ချိုးတယ်။ အ၀တ်အစားကလေး လဲပြီးတော့တောင် အချိန်ရသေးတာနဲ့ သမီးနဲ့မြေးတွေနေတဲ့ တဲစုတွေဘက် လျှောက်လာခဲ့တယ်။ သည်အချိန်ဆိုရင် မျက်နှာချင်းမဆိုင်ချင်တဲ့ သမက်ကောင်လည်း မရှိလောက်တော့ဘူးဆိုတာ သိလို့လည်း ပါပါတယ်။ မြေးအငယ်ဆုံးမကို အထူးသဖြင့် သတိရတယ်။

သည်ကောင်မက မန်းလေးရောက်မှ အုတ်ဖိုတွေထဲမွေးတဲ့ ကောင်မ၊ နာမည်တောင် ကြီးတော်ပေါက်စ ကိုယ်တိုင် အုတ်ဖို လို့ မှည့်ထားတာလေ။ သမီး ရောဂါသည်မက အ၀တ်ဟောင်းတွေ လှန်းနေလို့ မြေးမ ဘယ်မှာတုန်း မေးရတယ်။

“ အမေ မလာတာကြာပေါ့။ အနှိပ်လိုက်ရလား ”

“ လိုက်ရပါတယ်အေ ... ငါ့မြေးတွေကော ”

“ အကြီးကောင် နှစ်ကောင်က တာရိုးပေါ်မှာ။ အမေ့မြေးမက တဲနောက်မှာ ထင်ပါရဲ့”

ကြီးတော်ပေါက်စက တဲနောက် ပတ်လာခဲ့တယ်။ အမှိုက်တွေဆိုတာ ပုပ်ပွနေကြပြီ။ မြေးမက ကော်အရုပ်ကျိုး တစ်ရုပ် နဲ့ ဆော့နေတာမြင်ရတော့ ကြည်နူးသွားမိတယ်။ ချွေးခံထဲက ငါးဆယ်တန် တစ်ချပ် ထုတ်ပြတော့ ကစားလက်စ အရုပ်ကျိုးကို ပစ်ချပြီး ဘွားအေဆီ ဆင်းလာတယ်။ ရေမချိုး မိုးမချိုး နဲ့ လူရုပ်မပေါ်တဲ့ မြေးမကို ငုံ့နမ်းပြီး လက်ထဲ ပိုက်ဆံထည့်ပေးတော့ လှမ်းယူလေရဲ့။

“ ငါ့မြေး မုန့်စား။ လက်ထဲက ဘာကြီးတုန်း။ လွှင့်ပစ်လိုက် ”

မြေးမက လွှင့်ပစ်လိုက်တာပါပဲ။ ဝေးဝေးတော့ မရောက်ဘူး။

“ သမီးရေ ... အမေသွားလိုက်ဦးမယ် ”

“ ဟုတ်ကဲ့ အမေ ... ညက အမေအော်နေဟစ်နေဆို ဘာဖြစ်လို့တုန်း ”

“ ဆန်ထုပ်ပျောက်သာပါအေ။ သေတ္တာက သော့ခလောက်ပါ ကလန့်ခွာသွားသာ။ မတွေ့လို့ပေါ့အေ၊ တွေ့ရင် ခုနစ်စင်တောင် တိုက်လိုက်သေး။ အဖေ မြင်းဖြူရှင်တော့ တိုင်တည်ခဲ့တယ်။ စားတဲ့လူ ဘေးတွေ့ ပါစီလို့ ”

ကြီးတော်ပေါက်စက သူ့သမီးတဲခြေကပဲ တာရိုးပေါ် တက်လာခဲ့တယ်။ ဖိနပ်မပါတဲ့ ဖဝါးက တစ်စုံတစ်ခု နင်းမိတော့ ငုံ့ကြည့်တယ်။ စောစောက မြေးမလေးလက်ထဲ ဆုပ်ထားရာက လွှင့်ပစ်လိုက်တဲ့ ပစ္စည်း ကလေး။ ကောက်ယူလိုက်တော့ တရုပ်သော့ခလောက်ကလေးပါ့ကော။ သံချောင်းနဲ့ ကလန့်ထားလို့ ထင်ပါရဲ့။ သော့ခလောက်က လိမ်ရွဲ့နေပြီ။ သော့ခလောက်ကလည်း မတ်စေ့လောက် ရှိတာကိုး။

သော့ခလောက်ကျိုးကို လက်တွင်းဆုပ်ပြီး ဆက်လျှောက်လာခဲ့တာပါပဲ။ သမီးခမျာ ကလေးတွေ ကျွေးချင်ရှာလို့ မအေ့တဲထဲ၀င်ပြီး လုပ်မိလုပ်ရာ လုပ်ရှာထင်ပါရဲ့။ ငါ့မြေးတွေ စားကြလို့တော့ ယူကြစမ်းပါအေ။ အမေ သဒ္ဓါပါ့။ ချက်ချင်း လိုလိုပါပဲ။ ပါးစပ်က တတွတ်တွတ်ရွတ်နေရှာလေရဲ့။

“ အဖေ မြင်းဖြူရှင် ... ခွာကိုလည်း ရုပ်တော်မူပါ။ သွားကိုလည်း သိမ်းတော်မူပါ။ ဆန်ခိုးသူကိုလည်း စောင့်ရှောက်တော် မူပါ ”

#ခင်ခင်ထူး
#ဆန်

19/05/2024
ချစ်တဲ့ စိတ် ငယ်ထိပ် ရောက်လို့ပဲဖြစ်ဖြစ် ချစ်တဲ့စိတ်က နှာထိပ်ရောက်လို့ပဲ ဖြစ်ဖြစ် "မ "စိတ် မွှ၊န်သွားတဲ့အခါ မလုပ်သင့် အလ...
10/02/2024

ချစ်တဲ့ စိတ် ငယ်ထိပ် ရောက်လို့ပဲဖြစ်ဖြစ် ချစ်တဲ့စိတ်က နှာထိပ်ရောက်လို့ပဲ ဖြစ်ဖြစ် "မ "စိတ် မွှ၊န်သွားတဲ့အခါ မလုပ်သင့် အလုပ်တွေ
မလွန်ကြူးသင့်တဲ့ အရာတွေ ...
ရှ-က် ကြော-က်တရား ရှိရမဲ့ အရာတွေ ဆိုတာ ဘာကိုမှ သတိမထားတော့သလိုပဲ ။

အသိတရား တွေ ရှိနေပေမယ့် သတိထား၍ ထိန်းချုပ်မှု မရှိလေတော့ စိတ်၏ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးပြီး လူ့ဘောင် လူ့လောက ပတ်ဝန်းကျင်မှာ အရှ၊က်မဲ့စွာဖြင့်
နေထိုင်သွားလာနေတဲ့ အဖြစ်မျိုး ရောက်ခဲ့ရတယ် ။

အဲဒီ့စာအုပ်ထဲ မှတ်သားစရာ စကားလေး...

"လင်ကောင်းရဖို့ တွေးပူတယ် ဆိုတာက သမီးမကောင်းတဲ့ မိဘတွေ တွေး​ပူတဲ့ အတက်။
ငါ့ သမီးဟာ အရည်အချင်း ရှိတဲ့ သမီးတစ်ယောက်ဆိုရင် လင်ကောင်း လိုက်ရှာ နေစရာမလိုဘူး။
မယားကောင်း ကို လိုက်ရှာ တဲ့လူက လာလိမ့်မယ် " တဲ့။

အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ်
အမျိုးသမီးကောင်းရဖို့ အမျိုးသားကောင်းရဖို့ ဆိုတာထက် မိမိကိုယ်ကိုယ် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့...
ရှိသင့် ရှိထိုက်တဲ့ အရည် အချင်း တွေတော့ ရှိထားသင့်တယ်။ ကြိုး စားသင့်တယ် မလား ။

ဦးသက်ထွန်း၊ မမ ၊ ကိုသက်ဆွေ တို့ရဲ့ သုံးပွင့်ဆိုင် အိမ်ထောင်ရေး ဇာတ်လမ်းကြီး... မမ သည် ဦးသက်ထွန်း၏ တရားဝင် ဇနီးမယား
သား တစ်ယောက် မိခင် ။

မမဟာ အချစ် ဆိုတာ ဘာမှနားမလည်ဘဲ ဦးသက်ထွန်းကို ယူခဲ့တယ် ထင်ပါတယ် ။ ဦးသက်ထွန်းမှာ ဂုဏ်တွေ ရာထူး ပကာသန တွေရှိတယ် ။ ဂုဏ်တွေ ပကာသနတွေရှိတိုင်း ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်မယ်လို့ ထင်ခဲ့တယ် ထင်ပါတယ်... ။
သူ ထင်တဲ့အတိုင်း ဖြစ်မလာတော့တဲ့အခါ သူ့စိတ်ကို မထိန်းတော့ဘဲ
လုပ်ချင်ရာတွေ လျှောက်လုပ်မိကုန်တာပဲ ။

တကယ်တော့ ကိုသက်ဆွေ ဆိုတာကလည်း ပညာတက် အသိုင်းအဝိုင်းအကြီး ထဲက လူပါပဲ ။
ဒါပေမဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ... ပေါင်းသင်းဆက်ဆံရေး ဆိုရင်လဲ
ကောင်းမွန်တဲ့ လူတစ်ယောက် ။
မမ နဲ့တွေ့ပြီး မမ ရဲ့ အလှ တရားတွေကို ချစ်ခင် စုံမက်ပြီး
စိတ်အလို လိုက်ပြီး အမို၊က်တရားတွေ များစွာ လွန်ကြူးမိတော့တာပဲ ။
မမ ကို ရူ၊းရူ၊း မူ၊းမူ၊း စွဲလမ်းပြီး မမ ရဲ့ အချစ်ကို မရ ရအောင် ကြိုးစားတယ် ။ မမ နဲ့ ချစ်ခွန်း မြိုင်မြိုင် စကားတွေ လှိုင်လှိုင် ပြောဆိုကြရင်း
ဖြစ်သင့် မဖြစ်သင့်ဆိုတာတွေ မတွေး... ပတ်ဝန်းကျင်ရဲ့ ဝေဖန် ပြောဆိုကြမှာတွေကိုလဲ အရေး မထားတော့ဘဲ
သက်ဆုံး အတူတိုင် ချစ်ပွဲတွေ နွဲဖို့ စိတ်ဆန္ဒတွေ က အင်းအားတွေ အပြည့် ။

ကိုသက်ဆွေ ရဲ့ မဟာ အမှားတွေက လင်ရှိ သားရှိ မိန်းမ တစ်ယောက် က သူ့နောက် ကောက်ကောက်ပါအောင် လိုက်လာနိုင်အောင် စွမ်းဆောင် နိုင်သူဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်တွေကလဲ ဒီလမ်းကို ဆက်လျှောက်ဖို့ ဖြစ်နေသလိုပဲ ။

ရှ၊က်စရာ အလုပ်ဖြစ်ပါလျက် အရှ၊က်မဲ့စွာ လုပ်ဆောင်နေကြတာ ။

ကို သက်ဆွေ က ဦးသက်ထွန်းအပေါ် မြင်တဲ့အမြင် က သေးသိမ်လွန်းတယ် ။ ဦးသက်ထွန်းသည် သနားစရာကောင်းတဲ့လူ ၊ သတ္တိကြောင်တဲ့သူ၊ ရယ်စရာကောင်းတဲ့လင် လို့ပဲ သဘောထားပြီး
သူ့ကိုယ်သူ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့တာ ။

တကယ်တော့ ဦးသက်ထွန်း သည် မမ ၏
ခွင့်လွှတ်စရာ နားလည်ပေးလို့ရတဲ့ လုပ်ရပ်တွေမဟုတ်ဘူးဆိုတာ
သိနေတာတောင် မိမိနှင့် မမ တို့၏ နှစ်ဖက်အသိုင်းဝိုင်း၏ ဂုဏ်သိက္ခါတွေ.. သား အတွက် စိတ်ဒဏ်ရာ ဖြစ်စရာတွေမို့ စိတ်ဒဏ်ရာတွေ ကို သိုသိပ်စွာနဲ့ပဲ ဖြေရှင်းခဲ့ ။

သူနဲ့ မမ တို့၏ ယု္တ်ညံ့စွာ သစ္စာတွေပျက်ယွင်းမှုတွေကို ဦးသက်ထွန်း က သ​ဘောထား ကြီးစွာ ခွင့်လွတ်ပေးနေတာတွေ သိမြင်လာရတဲ့အချိန်မှာ ကိုယ့်လိပ်ပြာကို ရှက်​၍ လာခဲ့ ။

မမ တစ်ယောက် ​ေ-သမလို ဖြစ်သွားတဲ့ အချိန်မှာ သူ့အမှားတွေ ပဲ တကယ် သိပြီး နောင်တ ရ၍ သူ့အမှားတွေ အတွက် ခွင့်လွှတ်ပေးဖို့တောင်းပန်စကားပြောနေလိုက်တာ တကယ့်သနားစဖွယ် အဖြစ် ။
နေပြန်ကောင်းလာတော့ ကိုသက်ဆွေနဲ့ အရင်လိုပဲ ဖော္က်ပြန်မြဲ ပဲ။

ခွေ၊းမီးကောက် ကြည်တောက်စွပ် သလိုပဲ
မူရင်း ပုံစံအတိုင်းပဲ ပြန်နေထိုင်ခဲ့တာ...
ဦးသက်ထွန်း အနေနဲ့ ဘယ်လောက်တောင်
စိတ်သောကတွေ များနေလိမ့်မလဲ ။

"မင်း နေမကောင်းတဲ့ အချိန်ကဆိုရင် ကျုပ်ဟာ မင်းအိပ်ရာဘေးကို အရောက်ပြန်လာခဲ့ပြီး မင်းကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ တယ် ။
ဖြစ်ခဲ့ တာတွေ အားလုံးကို သင်ပုန်းချေလိုက်ပြီး ဘဝအသစ်ကို ထူထောင်မယ်လို့ ပိုင်းဖြတ်ခဲ့တယ် " တဲ့ ဒီစကားလေး ကြည့်ရင်တောင် ဦးသက်ထွန်း ရဲ့ သဘောထားကြီးမှု တွေ အထင်းသားပေါ်နေခဲ့တယ်။
​ေ-သမလို ဖြစ်နေတဲ့လူနာအတွက် စိတ်ချမ်းသာပါစေ ဆိုတဲ့မျှော်လင့်ချက် တစ်ခုနဲ့ ဆုံးဖြတ်ခဲ့တာ တဲ့။

တကယ်တော့ မမ ဟာ ခွင့်လွှတ် နားလည်ပေးခြင်းတွေ လုံးဝ မထိုက်တန်တဲ့ အမျိုးသမီး တစ်ယောက်ပါပဲ ။

ခင်သီသီ စကားလေးကလဲ မှတ်သားစရာ
လူတွေဟာ အိမ်ထောင်ရေးမှာ မေတ္တာရဲ့ တန်ဖိုးကို ထည့်မစဥ်းစားကြတော့ပဲ ပကာသနရဲ့တန်ဖိုးကို အလေးပေးလာကြတယ် ။
အိမ်ထောင်ရေးကို စဥ်းစားတိုင်း ကြေးညှိလာကြတယ် ။
နောက် အိမ်ထောင်ကြပြီး သူတို့ မျှော်လင့်တဲ့အတိုင်း မဖြစ်လာတော့ကြတော့ သူတို့အိမ်ထောင်ရေးဟာ ပြိုကွဲကြတာပဲ..

အိမ်ထောင်တစ်ခုတွင် ချစ်ခင်ကြင်နာမှုနှင့် စောင့်စည်းမှုတို့ဟာ
အိမ်ထောင်​တစ်ခုရဲ့ အဓိက ဒေါက်တိုင်ကြီး တွေပဲ မလား ။
တကယ့်ကို စောင့်ထိန်းသင့်တဲ့ အရာတွေကို
လွယ်လွယ်ကူကူနဲ့ ဖောက်ဖျတ်လိုက်ကြတော့
မဖြစ်သင့်တာတွေ ဖြစ်လာရတာပဲ ။

သူတစ်ပါး အိမ်ထောင်ကို ဖျတ်ဆီးပြီး မိမိအိမ်ထောင်ကို သာယာအောင် လုပ်ဖို့ကြိုးစားပေမယ့်လဲ ကိုသက်ဆွေနဲ့ မမ တို့ရဲ့ အိမ်ထောင်ရေးဟာ သမီးလေးတစ်ယောက်
ရရှိလာတဲ့အထိတောင် စိတ်သောက များစွာနဲ့ နေထိုင်းရင် နောက်ဆုံးမှာတော့ ပြိုကွဲသွားတာပါပဲ ။

တန်ပြန်ဝဋ်ဆင်းရဲ ခံစားတာလို့ပဲ ဆိုရမှာပေါ့ ။
နောင်တ ဆိုတာ နောင်မှ ရတာဆိုသလို
လူတို့သည် အချစ်နှင့် အမုန်းတွင် သံသရာ လည်နေကြသူများသာ ဖြစ်သည်ဟု ထင်မြင်လာသည် ။ အမုန်းသစ်လျှင် အချစ်သို့ရောက်လာကြ၍ အချစ်ဆုံးလျှင်တော့ အမုန်းသို့ ရောက်လာကြသည်ကို မမ တစ်​ေယာက်ခံစားမိလာရင်း......

မမ ဇာတ်သိမ်းဟာ ဘယ်လို ဖြစ်သွားမလဲဆိုတာ သိချင်ရင်တော့
စာဖတ်သူများ အနေဖြင့် ကိုယ်တိုင်သာ ဆက်လက်ဖတ်ရူ့ကြပါလို့ နိူးဆော်ရင်း....

လူတွေ သည် ရှ၊က်စရာ အလုပ် လုပ်တုန်းကတော့
မရှ၊က်ကြပဲ လုပ်ပြီးမှ ရှက်တတ်ကြသည် ။
သည်အရှက်ကို ပြန်၍ မတွန်းလှန်နိုင်သော အခါတွင် ကြံမိရာ ကြံတက်ကြသည်... တဲ့

တကယ့်ကို စာအုပ်ကောင်းတစ်အုပ် ။
အိမ်ထောင်ရေး အတွက် တကယ့်ကို သင်ခန်းစာကောင်း
တစ်ခုပါပဲ ။
လူကြီး လူငယ် ဖတ်သင့်သော စာအုပ်လေးပါလို့
ညွှန်းဆိုပါရစေ ။

Review @ Zin Wai Naing

ဂျူးရဲ့ အမှတ်တရ စာအုပ်လေး ပြန်မှာလို့ရပါပီရှင့်💌
08/02/2024

ဂျူးရဲ့ အမှတ်တရ စာအုပ်လေး ပြန်မှာလို့ရပါပီရှင့်💌

အောက်ပြည်သူ ဆရာမလေးမပုန်းရည်က မန္တလေးအထက် မတ္တရာထိသွားပြီး နတ်ရေကန်ဆိုတဲ့ ရွာလေးမှာ ဆရာမ တာဝန်ကို စေတနာအရင်းခံ မေတ္တာ အရ...
08/02/2024

အောက်ပြည်သူ ဆရာမလေးမပုန်းရည်က မန္တလေးအထက် မတ္တရာထိသွားပြီး နတ်ရေကန်ဆိုတဲ့ ရွာလေးမှာ ဆရာမ တာဝန်ကို စေတနာအရင်းခံ မေတ္တာ အရင်းခံပြီး ရွာရဲ့လိုအပ်ချက်နဲ့ ပညာရေးကိုဖြည့်ဆည်းပြီး တရွာလုံးရဲ့ အချစ် အားကိုးခြင်းကိုခံခဲ့သူ

သူ့ရဲ့ အသွားခရီးမှာတစ်ယောက်တည်း ဖြစ်ခဲ့ပေမယ့် တာဝန်ပြောင်းလို့ အောက်ပြည်အောက်ရွာပြန်လာရတော့ တစ်ရွာလုံးရဲ့မေတ္တာတွေ တပွေ့တပိုက်သိမ်းပြီး ပြန်လာခဲ့တဲ့ မပုန်းရည်ပါ

နာမည်ကလည်း မပုန်းရည်တဲ့ အတော် အညာဆန်တဲ့ နာမည်လေး

ဇာတ်လမ်း​သဘောကတော့ ဆရာမ မပုန်းရည်နဲ့ နတ်ရေကန်ရွာကဆိုသလို အလွန်ရိုးသား ပွင့်လင်း ပြီး စေတနာပြည့်ဝတဲ့ ကြာမိသားစုနဲ့ ရွာသူရွာသားတွေရဲ့ လူ့စရိုက်ကို ထင်းထင်းမြင်သာအောင်ရေးထားတဲ့ ဝထ္ထုလေးပါ

#ဆရာမ... ,
ကျုပ် ကြာစွယ်ဘာ၊ မျို့မာ ပြောနေပြီပေါ့၊ ဒီစာကျုပ်ရေးဒါ။ ဆရာမ သင်းလို တက်ဒါ၊ မမေ့ဘာ၊ အမျန်ပျံခဲ့ဘာရံ ...။
#ကြာစွယ်

မပုန်းရည်တော့ ကိုကြာစွယ့် စာတစ်ကြောင်းကြောင့် လွမ်းလျှက်ပါ တဲ့ကွယ် 😁

အော် ... ဆရာမရယ်
လွမ်းတက်သူကြီး

ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိတ် နားတောင်းဆင်
ခင်ခင်ထူး
စာအုပ်တန်ဖိုး - ၁၅၀၀၀ ကျပ်
စာမျက်နှာ - ၅၇၈

Review @ Aquarius Moon

မူရင်းရေးသားသူအား လေးစားစွာ ပေးအပ်ပါတယ်။

ပန်ချင်သူပျို့မောင်ထွေးငဲ့ဆင်ဖြူကျွန်းအောင်သိန်းဖောင်စီးရင်း ရေငတ်နေရသူ၊ သူ့ကျွန်ဘဝရောက် နင်းပြားပြည်သူများ၏ ဘဝကို ဦးသာမ...
07/02/2024

ပန်ချင်သူပျို့မောင်ထွေးငဲ့
ဆင်ဖြူကျွန်းအောင်သိန်း

ဖောင်စီးရင်း ရေငတ်နေရသူ၊ သူ့ကျွန်ဘဝရောက် နင်းပြားပြည်သူများ၏ ဘဝကို ဦးသာမောင်နှင့် ဒေါ်မိန်းကလေးတို့၏ မိသားစုဘဝနှင့် ထင်ဟပ်သရုပ်ဖော်ထားသည်ကို တွေ့ရသည်။
သားသမီး ခုနစ်ယောက်ရှိသည့်အနက် အားကိုးရသူ သားသမီးအပေါ် ပီတိဖြစ်ရပုံ၊ ဆိုးသွမ်းအရှက်ရစေသော သားသမီးကြောင့် ကရုဏာဒေါသော ဖြစ်ရပုံတို့နှင့် အနစ်နာခံတတ်သူ သားသမီး၊ တစ်ကိုယ်ကောင်း ဆန်တတ်သူ သားသမီး စသည်ဖြင့် စရိုက်အမျိုးမျိုးကြား၊ ဝါးအစည်း ပြေသလို ဖရိုဖရဲဖြစ်ရသော မိသားစုဘဝများကို ဖော်ကျူးထားပါသည်။
ကျေးလက်တောင်သူများ၏ လောကဓံဘဝ အမောများကြားက စည်းလုံးခြင်းနှင့် မေတ္တာတရားတို့၏ စွမ်းအားကြောင့် ရင်မောရအောင် ခံစားစေသည်က တစ်လှည့်၊ ပြုံးယောင်သမ်းလာအောင် ခံစားရသည်က တစ်ဖုံ၊ စာရေးသူ၏ အတတ်ပညာဂုဏ်လွှမ်းခြုံထားသည့် ရသဝတ္ထု ကောင်းတစ်ပုဒ်ဟု ဆိုရပါသည်။

ဖတ်ရှုပြီးသူတိုင်း တသသစွဲကျန်ရစ်ခဲ့သည့် ပြောစမှတ်ပြုရသော ဆင်ဖြူကျွန်းအောင်သိန်း၏ ထင်ရှားသော ဝတ္ထုဇာတ်လမ်းရှည် တစ်ပုဒ်ဖြစ်သည်။

စာအုပ်တန်ဖိုး - ၁၅၀၀၀ ကျပ်
စာမျက်နှာ - ၆၁၇

ရွှေမှုံရတီလား ရွှေထူးလား တော့ မသေချာဘူး သူ့မွေးနေ့မှာ ရန်ကုန်မြို့က အိမ်ခြေရာမဲ့တွေကို စောင်တွေ ထမင်းထုပ်တွေ လိုက်ဝေပြီ...
06/02/2024

ရွှေမှုံရတီလား ရွှေထူးလား တော့ မသေချာဘူး သူ့မွေးနေ့မှာ ရန်ကုန်မြို့က အိမ်ခြေရာမဲ့တွေကို စောင်တွေ ထမင်းထုပ်တွေ လိုက်ဝေပြီး ကုသိုလ်ပြုတယ် တဲ့
အဲ့တုန်းက တွေးနေမိတာ အော် သူတို့က အလှူကို ကတ်သီးကတ်သပ် လုပ်ချင်တာပဲ တော်တော် လိုက်ရှာရမှာပဲ လို့ ထင်လိုက်မိတာ

ဒီစာအုပ်ဖတ်ပြီးတော့မှပိုပြီး သဘောပေါက်တော့တယ်

အသက် ၂ နှစ် အရွယ် လောက်
ပွဲဈေးတစ်ခုမှာ အမေနဲ့ ကွဲသွားပြီး ( ထားခဲ့တာလည်း ဖြစ်နိုင်တယ် ) ဆင်းရဲတဲ့ မိသားစုတစ်ခုကနေ မဖြစ်မနေ မလိုလားပဲနဲ့ ခေါ်ထားလိုက်လို့ ကြီးပြင်းလာရတဲ့ ကောင်မလေး ၊ မိသားစုဝင်တွေက နိုင့်ထက်စီးနင်း ပြုကြလွန်းလို့ အရွယ်လေး ရောက်လာတဲ့အခါ အိမ်က ထွက်ပြေးပြီး ရန်ကုန်မှာ အမေကို တွေ့လိုတွေ့ငြား ထွက်လာခဲ့တယ် ။

အဲ့လိုနဲ့ ပပဝင်း ရုပ်ရှင်ရုံရှေ့ ပလက်ဖောင်းကို အိပ်ရာခင်း လုပ်ရတဲ့ အိမ်ခြေရာမဲ့ ဘဝကိုရောက် ၊ မြို့တော်စီမံချက် ဆိုပြီး လာဖမ်းရင်လည်း ထောင်ထဲ ဝင်လိုက်ကြ နဲ့ ။ ထောင်ထဲမှာ လိပ်စာမေးရင် အမှတ်မရှိ လမ်းမရှိ ကီလီဗောတံတား လို့ ဖြေကြသတဲ့။

နေ့လည်ဘက် ကုန်တိုက်မှာ ပစ္စည်းတိုးတယ် ၊ ညဘက် လမ်းဘေး ထိုးအိပ်တယ် ဆိုတော့ လွယ်မယ် ထင်နေတာ ဘယ် ဟုတ်မလဲ ၊ မိန်းမပျိုလေး ‌ဆိုတော့ မကောင်းကြံချင်ကြတဲ့သူတွေက နေရာတိုင်းမှာ ။ အဲ့လို အချိန် ရုပ်လေးကလည်း မဆိုးဘူးဆိုတော့ ကိုယ့်ရဲ့ traditional thinking အရ သူဌေးသား တစ်ယောက်ရဲ့ ကားပေါ်မှာ ခိုမိနေတာတွေ ၊ တိုက်မိတာတွေ ဖြစ်မယ် ထင်တာ လက်တွေ့ဆန်စွာနဲ့ ပဲ မဖြစ်လာပါဘူး ။

လမ်းပေါ်နေ လမ်းပေါ်စား ဘဝနဲ့ပဲ ကျင်လည်လာရင်း လူတွေ အကြောင်းတွေသိလာတော့ သူ့အမေကို တောင် သူတွေ့ချင်သေးရဲ့လား မသေချာတော့တဲ့ အဖြစ် ၊ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာ မဖြစ်နိုင်တဲ့ ဆိုရိုး မဟုတ်တာ သူလည်း သိရပြီလေ ။

နောက်‌တော့ လမ်းပေါ်က လူကြီးတွေစီစဉ်ပေးလို့ လမ်းပေါ်က လူတစ်ယောက်နဲ့ ပဲ ယူပြီး လူသားဆန်စွာ အသက်ရှင်ဖို့ ကြိုးစားတဲ့ ‌စက်ဝိုင်း ဆိုတဲ့ ကောင်မလေး အကြောင်းပါ။ ကိုယ်လည်း ဆေးရုံမှာ အလုပ်လုပ်နေတာရော အသက်အရွယ်အရရော ဒါတွေဟာ တကယ့် လုပ်ဇာတ်မဟုတ်ပဲ ရှိနေနိုင်တဲ့ ဘဝတွေဆိုတာ သိနေတယ်။

ကိုယ့်ရဲ့ အမြင်အရတော့
ဟယ် စိတ်ညစ်စရာကြီး လို့ ခဏ ထင်လိုက်မိပေမယ့် ဆရာမရဲ့ အချက်ကျကျ အရေးအသားက ဆက်ပြီး ဖတ်လိုစိတ် ဖြစ်ခဲ့ရတယ် ။ တစ်ရက်အတွင်းပဲ ဖတ်လို့ ပြီးသွားခဲ့တယ် ။ သဘောကျတယ် ။ ခွန်အား ရတယ် ။ လူတွေကို ပိုနားလည်တတ်လာတယ်။

စာမလုပ်ချင်လို့ ၊ စာမတော်လို့ ၊
ရည်းစားနဲ့ ၊ မိသားစုတွေနဲ့ အဆင်မပြေလို့၊
မုန့်ဖိုးမရလို့ ၊
အလုပ်မှာမပျော်လို့ ၊
ဝင်ငွေမကောင်းလို့ ၊
စသဖြင့် စသဖြင့် ဒီပရက်ရှင်လား ဘာလား အဲ့ဒါ ဝင်တယ်လို့ အခု သိပ်ပြောကြတယ်လေ ၊ အဲ့လို ခံစားရတဲ့ အချိန် ဖတ်ကြည့်လိုက်ပါ ၊ အော် ငါက သူတို့လောက် မခက်ခဲသေးဘူး ။ ငါ ကြုံနေရတာ ဘာမှ မဟုတ်သေးဘူး ဆိုတာ သိလာပါလိမ့်မယ် ။
ဒီအတားအဆီးကို မကျော်နိုင်ရအောင် ငါက ဘာတွေချို့တဲ့နေလို့လဲ လို့ သုံးသပ်ပြီး တွေးတတ်လာပါလိမ့်မယ် ။

အမှတ်မရှိ လမ်းမရှိ ကီလီဗောတံတား
နုနုရည်အင်းဝ

အခု ဒုတိယအကြိမ် ထုတ်ဝေတဲ့ စာအုပ်မှာ typing error တချို့ တွေ့ရတာကတော့ စာဖတ်နေတုန်း အနှောင့်အယှက်နည်းနည်း ဖြစ်ရပါတယ် ။

အမှတ်မရှိ လမ်းမရှိ ကီလီဗောတံတား
နုနုရည်အင်းဝ
စာအုပ်တန်ဖိုး - ၈၀၀၀ ကျပ်
စာမျက်နှာ - ၂၆၂

Book Review @ Nwe Ni Htun ❤️

ကွက်လပ်ကလေးဖြည့်ပေးပါ📖  မစန္ဒာ
05/01/2024

ကွက်လပ်ကလေးဖြည့်ပေးပါ

📖 မစန္ဒာ

07/12/2023

ငြင်းဆန်လို့ မရတဲ့အချိန်တွေမှာလည်း
ကျွန်တော်ဟာ ငြိမ်ငြိမ်သက်သက် ကျန်ရစ်တတ်သူပါ
တစ်ယောက်အနားမှာ
တစ်ယောက်က မနေနိုင်တော့တာလည်း စိတ်ပါပဲ
လက်ညိုးထိုးရမယ်ဆိုလည်း
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ်
ကိုယ့်ဘဝနဲ့ကိုယ်ပဲ ချို့ယွင်းရပါတယ်
ခွဲခွာခြင်းနဲ့ ကြုံလာတဲ့အခါတိုင်း
ဒီလိုပဲ နားလည်မယ် ။

#နွေသစ်ငြိမ်း

#စံပယ်ပွင့်လေးခေါင်းပေါ်တင်

❝ လွမ်းစရာရှိလို့ကျွန်တော် မအားသေးကြောင်းပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ။မေနဲ့ ဩဂုတ်မှာ အရင်လေတွေ တိုက်ရင်အရင်ပန်းတွေပဲ ပ...
31/10/2023

❝ လွမ်းစရာရှိလို့
ကျွန်တော် မအားသေးကြောင်း
ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ။

မေနဲ့ ဩဂုတ်မှာ အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။

လိုအပ်ရင် ပန်းအသစ်တွေ လဲပေးဖို့
ဘယ်အပင်ကိုမှ
ကျွန်တော် မတောင်းဆိုချင်ပါဘူး။

အပြည့်အ၀ လွမ်းခွင့်ရတာဟာလည်း
လူဖြစ်ကျိုးနပ်မှု အခက်အခဲတစ်ခုပါကွယ်။ ❞

ခင်ဖုန်းသက်ဝေ ဂယ်လာရီ
စာအုပ်တန်ဖိုး - ၃၀၀၀ ကျပ်

မင်းစိတ်ထဲမှာတော့ “ သြော် … ညက ကြွေတဲ့ နှင်းစက်တွေပါလား…” လို့ အောက်မေ့ချင် အောက်မေ့မှာပေါ့ ။ (ငါ့နာမည်ကိုတော့ ယောင်ယမ်း...
24/10/2023

မင်းစိတ်ထဲမှာတော့ “ သြော် … ညက ကြွေတဲ့ နှင်းစက်တွေပါလား…” လို့ အောက်မေ့ချင် အောက်မေ့မှာပေါ့ ။ (ငါ့နာမည်ကိုတော့ ယောင်ယမ်းလို့တောင် သတိရနေမှာ… သတိရမိမှာ မဟုတ်တာ သေချာပါတယ်) ကိစ္စမရှိပါဘူးကွယ်… ငါက (မင်းနဲ့ ပတ်သက်လာရင်) ကံဆိုးခြင်း အလေ့အထနဲ့ ကျင့်သားရ ယဉ်ပါးနေသူလေ…။

#မင်းခိုက်စိုးစန် #လွမ်းလို့သေသွားတဲ့သစ်ပင်

စာအုပ်တန်ဖိုး - ၇၀၀၀ ကျပ်

စာမျက်နှာ - ၂၀၇

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Amara's Online Bookshelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category