06/06/2026
🎗️ ကင်ဆာရဲ့ ပထမဆုံးလက္ခဏာက ဘာလဲ?
ဒီလက္ခဏာ (၅) ခုရှိရင် လုံးဝ မပေါ့ဆပါနဲ့
“ကင်ဆာဖြစ်ရင် နာတယ်၊ အခြေအနေဆိုးမှ သိရတာမဟုတ်လား ဆရာ?”
ဒီလိုမေးတဲ့ လူနာတွေ အများကြီး တွေ့ဖူးပါတယ်။
အမှန်တော့ ကင်ဆာရောဂါဟာ အစောပိုင်းမှာ နာကျင်မှုမရှိဘဲ တိတ်တဆိတ် ကြီးထွားနေတတ်တဲ့ ရောဂါ ဖြစ်ပါတယ်။
လူနာအများစုဟာ လက္ခဏာတွေ ပေါ်လာတဲ့အချိန်မှာ “အလုပ်ပင်ပန်းလို့ပါ”, “အသက်ကြီးလို့ပါ”, “အစာအိမ်ရောဂါပါ” ဆိုပြီး ပေါ့ဆခဲ့ကြတာ များပါတယ်။
ကင်ဆာကို ကုသရာမှာ အရေးကြီးဆုံးက စောစီးစွာ သိရှိခြင်း (Early Detection) ဖြစ်ပါတယ်။
ဒါကြောင့် အခုပြောမယ့် လက္ခဏာ (၅) ခုကို သေချာ မှတ်ထားစေချင်ပါတယ်။
၁။ အကြောင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းလာခြင်း
📌 Diet မလုပ်ဘဲ
📌 အစားအသောက် မလျှော့ဘဲ
📌 လေ့ကျင့်ခန်း မတိုးဘဲ ၃ လမှ ၆ လအတွင်း ကိုယ်အလေးချိန် သိသိသာသာ ကျလာတယ်ဆိုရင် သတိထားဖို့ လိုပါတယ်။
ကင်ဆာဆဲလ်တွေဟာ ပုံမှန်ဆဲလ်တွေထက် စွမ်းအင်ပိုသုံးတာကြောင့် ခန္ဓာကိုယ်ရဲ့ အာဟာရနဲ့ စွမ်းအင်တွေကို စုပ်ယူသုံးစွဲတတ်ပါတယ်။
အထူးသဖြင့်
🔹 အဆုတ်ကင်ဆာ
🔹 အစာအိမ်ကင်ဆာ
🔹 အူမကြီးကင်ဆာ
🔹 ပန်ကရိယကင်ဆာ တို့မှာ တွေ့ရတတ်ပါတယ်။
၂။ ပင်ပန်းနွမ်းနယ်မှု မပျောက်ခြင်း
“အိပ်လည်း ပင်ပန်းတာမသက်သာဘူး”
“နားလည်း မသက်သာဘူး”
“အရင်လို အလုပ်လုပ်ဖို့ အားမရှိတော့ဘူး”
ဒီလို ခံစားရတာကို လူအများစုက Stress ကြောင့်၊ အသက်ကြီးလို့ဆိုပြီး ထင်တတ်ကြပါတယ်။
ဒါပေမယ့် ကင်ဆာရောဂါတချို့မှာ ခန္ဓာကိုယ်ရဲ့ သွေးအား၊ အာဟာရ၊ ဟော်မုန်းစနစ်တွေကို ထိခိုက်စေတဲ့အတွက် ပုံမှန်မဟုတ်တဲ့ Fatigue ဖြစ်စေနိုင်ပါတယ်။
🚨 အနားယူပြီးလည်း မသက်သာရင် စစ်ဆေးဖို့ လိုပါတယ်။
၃။ အဖု၊ အကျိတ် အသစ်တွေ့လာခြင်း
လည်ပင်း၊ ချိုင်းကြား၊ ရင်သား၊ ပေါင်ခြံ စတဲ့နေရာတွေမှာ အဖုအသစ်တွေ့လာရင် သေချာစစ်ဆေးသင့်ပါတယ်။
လူနာအများစုက
“မနာဘူးဆရာ”
“အဖုသေးသေးလေးပဲ”
ဆိုပြီး မပြတတ်ကြပါဘူး။
ဒါပေမယ့် ကင်ဆာအကျိတ်တော်တော်များများဟာ အစောပိုင်းမှာ နာကျင်မှုမရှိတတ်ပါဘူး။
အထူးသဖြင့်
🔸 ရင်သားအကြိတ်
🔸 လည်ပင်းအကျိတ်
🔸 ချိုင်းကြားအကျိတ် တွေ့ရရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၄။ ပုံမှန်မဟုတ်သော သွေးထွက်ခြင်း
သွေးထွက်ခြင်းဟာ ခန္ဓာကိုယ်က ပေးတဲ့ အရေးကြီး သတိပေးအချက်တစ်ခု ဖြစ်ပါတယ်။
ဥပမာ
🩸 ဝမ်းသွားတဲ့အခါ သွေးပါခြင်း
🩸 ဆီးထဲ သွေးပါခြင်း
🩸 ချောင်းဆိုးတဲ့အခါ သွေးပါခြင်း
🩸 သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း
🩸 လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
ဒီလို လက္ခဏာတွေကို “တစ်ခါတလေပါ” ဆိုပြီး မထားသင့်ပါဘူး။
အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတဲ့ ရောဂါများရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
၅။ ၃ ပတ်ကျော်ကြာတဲ့ ချောင်းဆိုးခြင်း၊ အသံဝင်ခြင်း သို့မဟုတ် အနာမကျက်ခြင်း
📌 ချောင်းဆိုးတာ ၃ ပတ်ကျော်ကြာနေခြင်း
📌 အသံပြောင်းလာခြင်း
📌 အသံဝင်နေခြင်း
📌 ပါးစပ်အနာ၊ လျှာအနာ မကျက်ခြင်း
📌 အစာမျိုရခက်လာခြင်း
ဒီလို လက္ခဏာတွေဟာ
🔹 အဆုတ်ကင်ဆာ
🔹 လည်ချောင်းကင်ဆာ
🔹 လျှာကင်ဆာ
🔹 ခေါင်းနှင့်လည်ပင်းကင်ဆာ တို့ရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
🚨 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ?
✔️ လက္ခဏာတွေ ၂ ပတ်မှ ၃ ပတ်ကျော် မပျောက်ရင်
✔️ အဖုတွေ တဖြည်းဖြည်း ကြီးလာရင်
✔️ သွေးထွက်ခြင်း ခနခန ဖြစ်ရင်
✔️ ကိုယ်အလေးချိန် ကျဆင်းလာရင်
✔️ မိသားစုထဲမှာ ကင်ဆာရာဇဝင်ရှိရင် စောစီးစွာ စစ်ဆေးသင့်ပါတယ်။
💡 လူတိုင်း သိထားသင့်တဲ့ အချက်အနေနဲ့
ကင်ဆာရောဂါရဲ့ အကြီးမားဆုံး ပြဿနာက “မသိလိုက်ခြင်း” မဟုတ်ပါဘူး။
“လက္ခဏာတွေကို သိလျက်နဲ့ ပေါ့ဆထားခြင်း” ဖြစ်ပါတယ်။
Stage 1 မှာ တွေ့ရတဲ့ ကင်ဆာအများစုဟာ ကုသနိုင်ခြေ အလွန်ကောင်းပါတယ်။
Stage 4 ရောက်မှ သိရတဲ့အခါ ကုသမှု ပိုခက်ခဲပြီး ကုန်ကျစရိတ်၊ ခံစားရမှု၊ မိသားစုအပေါ် သက်ရောက်မှုတွေ ပိုများလာပါတယ်။
👨⚕️ ကင်ဆာဆရာဝန်တစ်ယောက်အနေနဲ့အကြံပြုရရင်တော့
“ခန္ဓာကိုယ်က ပေးတဲ့ သတိပေးလက္ခဏာတွေကို နားထောင်ပါ။”
လက္ခဏာတစ်ခုခု ကြာရှည်နေတယ်ဆိုရင် Google, AI တွေကို မမေးခင် ဆရာဝန်ကို မေးပါ။
🎗️ ကင်ဆာကို ကြောက်စရာမလိုပါဘူး။
🎗️ စောစီးစွာ စစ်ဆေးဖို့ နောက်ကျသွားတာကိုသာ ကြောက်သင့်ပါတယ်။
📢 ဒီ Post လေးကို Share လုပ်ပေးခြင်းဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်။
ဒေါက်တာ ဉာဏ်မျိုးဆက်
ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဆေးပညာ အထူးကုဆရာဝန်
(Radiation Oncologist)
#ကင်ဆာအသိပညာ #စောစီးစွာစစ်ဆေးပါ