21/06/2026
#အဖေဆုံးသွားတဲ့နေ့
မင်းအဖေ ဆုံးသွားပြီ
နင့်အဖေ ဆုံးသွားပြီဆိုတဲ့ အသံမျိုးကို
အဖေ ဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြားခဲ့ရတဲ့
စကားလည်းဖြစ်သလို
မကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ ။
အဲဒီအချိန်အခိုက်တန့်လေးမှာ
ခံစားရတဲ့ခံစားချက်က
ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူး
အသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်။
အဲဒါက ဘဝမှာလုံးဝမျှော်လင့်မထားသော
တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ ။
ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလို
ခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ် ။
ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့
အသံတစ်သံထွက်ကျလာခဲ့တယ်လေ
အဲဒါက " အဖေ " ဆိုတဲ့စကားတစ်ခွန်းပေါ့ ။
ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး။
အကြောက်တရားတွေလည်းကင်းနေပြီ ။
အဖေ့ကို ဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတူ
ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက
နောက်နေ့တွေကစတင်ပြီး
လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ
ငါဟာ အဖေလို့ခေါ်ခွင့်မရှိတော့တဲ့ သူလို့ . . . ။
အရွယ်ရောက်လာပြန်တော့
အားအင်တွေအပြည့်နဲ့
ထမင်းတစ်လုတ်လောက်တော့
အဖေ့ကိုကျွေးချင်မွေးချင်ခဲ့တယ် . . .
ဒါပေမယ့် အဖေက ဘေးနားမှာရှိမနေတော့ဘူးလေ။
သူများသားသမီးတွေ
အဖေ အဖေလို့ခေါ်တဲ့အသံကို ကြားရတိုင်း
အခုဆိုရင် အဖေဘယ်ဘဝများ ရောက်နေသလဲ ၊
အဖေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ
တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင်
နှုတ်ခမ်းဝမှာတင် အဖေ လို့တမ်းခဲ့တယ်။
" ရှာရင်လည်းတွေ့ . . .
ကြာရင်လည်းမေ့ဆိုတဲ့ " ဒီစကားထဲမှာ
အဖေတွေတော့ မပါလောက်ဘူး ထင်ပါရဲ့နော် ။
ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ်
ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ
မေ့မရသေးလို့လေ မမေ့ပါရစေနဲ့ ။
လက်တွေ့မှာ အဖေ မရှိပေမယ့်
ရင်ထဲမှာတော့ အဖေ့ကိုဖက်တွယ်ထားပါရစေ။
အဖေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့်
စိတ်ထဲကအလိုရှိတဲ့အခါ တမ်းတပါရစေ။
ပြန်မဆုံနိုင်တော့တာသိပါလျက်နဲ့
အဖေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း
အဖေ့ကိုလေ ရူးမိုက်စွာနဲ့ပဲ
မျှော်နေတတ်ကြတယ်ဆိုတာပါဘဲ.... 💔
{ credit to original with respect }