07/09/2023
ဧရာဝတီတိုင်းသားတွေဆို ဒါလေးတွေက အခုတော့လွမ်းစရာ ကိုယ်တွေဆို မှီရုံလေး...
ကုလားထိုင်ငှားနိုင်ရင်အကောင်😁
ဦးခန်းစီးနိုင်ရင်အကောင်😁
ဦးခန်းရဖို့ လက်မှတ်ရောင်းသူတွေနဲ့
ရင်းနှီးမှ အံမယ်😁
သင်္ဘောပေါ်ကစားသောက်ဆိုင်မှာ စားနိုင်တဲ့သူကလည်း အကောင်တစ်ကောင်ပဲ 😁။
ချမ်းသာကြီးသင်္ဘောအပေါ်ထပ်
နောက်ဆုံးက (ချမ်းသာကြီးထမင်း)မွတ်စလင်
ထမင်းဆိုင်ရဲ့ထမင်းနဲ့ဟင်းစားကောင်းချက်ခုထိမမေ့ဗျာ😂
ဧရာဝတီသင်္ဘောခြင်းအတူတူ
အမဲကောင်( T class,တိမ်ညို၊တက်တိုး။
S class စပါး၊ စန္ဒာ တောသူမယ်)
စီးတဲ့သူနဲ့ ၊ အဖြူကောင် (ဝိသာခါ၊ဝေဘာဂီ)
စီးတဲ့သူက အကောင်ဘဲ။
အဖြူ(အထူး)ခြင်းအတူတူ ဗန္ဓက၊ဘုရင့်နောင်၊ဗညားဒလ အနော်ရထာစီးတဲ့
သူက ပိုအကောင်ကြီးတဲ့ အကောင်။
ရန်ကုန်ကနေ ဖျာပုံအထိ နဲ့ ပုသိမ်ကနေ
မြောင်းမြအထိ ကာတွန်းစာအုပ်ငှားတဲ့
သူတွေလည်းသတိရတယ်။
သင်္ဘောစက်နှိုးကာနီး စက်ခန်းထဲကထွက်တဲ့ "ခွီ" ဆိုတဲ့ အသံကြီးကလည်း
အရွယ်ကြီးလာတဲ့အထိကြောက်တုန်းပဲ။
နေရာမရလို့ လှေကားထစ်မှာငုတ်တုတ်
အိပ်လိုက်ရတဲ့အခိုက်အတန့်တွေဟာလည်း
အဲ့အချိန်က အရမ်းစိတ်ကသိကအောက်ဖြစ်ခဲ့ရပေမယ့် အခုကျတော့လည်း လွမ်းမောစရာ။
မှတ်မိသေးရဲ့ နှစ်ထပ်ခွဲတွေပေါ်လာတော့
အပေါ်ဆုံးထပ်ခေါင်းတိုင်နားမှာ နွေးလို့ဆိုပြီးသွားအိပ်တာ နိုးလို့မျက်နှာပွတ်လိုက်မှ
မဲတူးနေတာပဲ😁။
ရန်ကုန်သွားပြီဆိုလည်း တွံ့တေးတူးမြောင်း
၃ မိုင်ခွဲလောက်ရောက်ပြီဆို သနပ်ခါးတွေ
ထလူးကြ၊ ခေါင်းတွေဖီးကြ၊
အခင်းတွေခေါက်ကြနဲ့
လွမ်းမောစရာအချိန်လေးတွေပါပဲ။
တွံတေး တူးမြောင်းဝန်းကျင်မှာ လှေတွေနဲ့ သွားနေတဲ့ သင်္ဘောပေါ် ခုန်တက်ပြီး
ဈေးတက်ရောင်းတဲ့ မုန်ဟင်းခါးရဲ့အရသာဟာလဲတစ်သက်မမေ့စရာပါ။
နောက်ပြီးရန်ကုန်ကအပြန်တွံတေးတူးမြောင်းထဲဝင်ပြီးတာနဲ့လှေလေးတွေနဲ့ အသီးအနှံစားစရာတွေတောင်းကြတဲ့ကလေးတွေအတွက်ရန်ကုန့်ကနေလိမ္မော်သီးတွေဝယ်လာပြီးလှေလေးတွေရှိရာ ရေကူးပြီးလက်ဝှေ့ရမ်းပြနေတဲ့သက်တူရွယ်တူကလေးများစီရာလိမ္မော်သီးတွေလှန်းပစ်ပေးလှူရတဲ့(ပီတိ)ခုထိမမေ့နိုင်သေးပါဘူး😁
ဒေသထွက်ကုန် ရောင်းတဲ့ ဈေးသည်တွေ
ကိုလဲ သတိရစရာပါဘဲ။
ရန်ကုန်မရောက်ခင် တွံတေးတူးမြောင်းမှ
မီးရောင်တွေ ထိန်လင်းနေတဲ့ မဟာရန်ကုန်
မြို့တော်ကြီးကို လှမ်းကြည့်လို့
ရင်ခုံခဲ့ရတာတွေ ရွှေရောင်တွေတဝင်းဝင်းနဲ့
ရွှေတိဂုံစေတီကို အဝေးမှ
လှမ်းဖူးခဲ့ရတာတွေဟာ အောက့်မေ့စရာနဲ့
လွမ်းဆွတ်စရာတွေကြီးပါပဲ--
ညနေ ၄နာရီဆိုရန်ကုန်ကနေမြစ်ဝကျွန်ပေါ်ဒေသလေးစီအပြန်လမ်းမှာလဲမိုးချုပ်လို့ ခြင်တွေသီးနေအောင်ကိုက်ပြီဆို အဲ့ဒါ(ရွှေလောင်းမြို့) ပဲ😁
သင်္ဘောအနောက်ဘတ် အိမ်သာနားက
ရေတုံကင်မှာ သောက်သုံးရန်အတွက်
ရေသွားယူပြီး သောက်သုံးခဲ့ရတာ
(ရေသန့်ဘူးမပေါ်သေးပါ)တွေကတော့
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အမှတ်ရစရာတွေသာ ဖြစ်ပါတော့တယ်။
မေတ္တာဖြင့် #ပုသိမ်မောင်နှံ