The Prince

The Prince Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Prince, Book shop, Yangon.

🎓😌နှလုံးသားမပါတဲ့ အသိဉာဏ်ပညာဟာ ကမ္ဘာပေါ်မှာ ဘယ်လောက်အထိ အန္တရာယ်ရှိလဲ⁉️🎓😌ပါမောက္ခတွေ၊ သိပ္ပံပညာရှင်တွေနဲ့ ထိပ်တန်းပညာတတ်...
09/09/2026

🎓😌နှလုံးသားမပါတဲ့ အသိဉာဏ်ပညာဟာ ကမ္ဘာပေါ်မှာ ဘယ်လောက်အထိ အန္တရာယ်ရှိလဲ⁉️

🎓😌ပါမောက္ခတွေ၊ သိပ္ပံပညာရှင်တွေနဲ့ ထိပ်တန်းပညာတတ်ကြီးတွေက ကမ္ဘာကြီးကို ကယ်တင်ဖို့ ဆိုတဲ့ ဆင်ခြေနဲ့ လူသန်းပေါင်းများစွာကို ဘယ်လိုမျိုး သွေးအေးအေးစနစ်တကျ သေတွင်းထဲ တွန်းပို့ခဲ့ကြလဲ⁉️

🎓😌ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ရက်စက်မှုတွေဟာ ဒေါသတကြီးနဲ့ သွေးရူးသွပ်ပြီး လုပ်ခဲ့ကြတာ မဟုတ်ပါဘူး….အများကောင်းကျိုးအတွက် ဆိုတဲ့ ခေါင်းစဉ်အောက်က အေးစက်တဲ့ တွက်ကိန်းတွေ နဲ့ Logic တွေကြောင့် ဖြစ်လာတာပါ…

🎓Rationalized Evil🎓

အသိဉာဏ် မြင့်မားသူတွေ ပညာတတ်တွေပဲလုပ်လေ့ရှိတတ်တဲ့ အဆိုးဆုံးသော စိတ်ပညာအမှောင်ခြမ်းပါ။

ရက်စက်မှုတစ်ခုကို သိပ္ပံနည်းကျ ဆင်ခြေတွေ၊ ကိန်းဂဏန်းတွေနဲ့ ကျိုးကြောင်းပြပြီး လုပ်ဆောင်တာပါ။

"ဒီလူတွေကို သတ်လိုက်မှ ကမ္ဘာကြီးရဲ့ သယံဇာတ လောက်ငှမယ်" ဆိုတာမျိုးပေါ့။

စိတ်ခံစားမှုထက် ယုတ္တိဗေဒ ကို လက်နက်သဖွယ် သုံးပြီး ရက်စက်မှုတွေကို တရားဥပဒေအဖြစ် ပြောင်းလဲပစ်တာပါ။ ဒါဟာ လူ့လောကကို ငရဲခန်းအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ အစွမ်းအထက်ဆုံး အမှောင်လက်နက် ဖြစ်ပါတယ်။

ဒီ Rationalized Evil ကတကယ့်ကို နက်နဲသလို၊ တချိန်တည်းမှာလည်း ကျောချမ်းစရာကောင်းလှပါတယ်။

ကျွန်တော်ကတော့ ဒါကို “ယုတ္တိဗေဒဖြင့် ဖုံးကွယ်ထားသော အမှောင်ငရဲခန်းများ" လို့တောင် တင်စားချင်ပါတယ်ဗျ။

ကျွန်တော်တို့က ပညာတတ်ကြီးတွေ၊ သိပ္ပံပညာရှင်တွေ၊ ပါမောက္ခတွေ ဆိုရင် လူသားမျိုးနွယ်ကို ကယ်တင်မယ့်သူတွေ၊ အမြော်အမြင်ရှိသူတွေလို့ပဲ သတ်မှတ်တတ်ကြတာပါ။

သူတို့လို ပညာတတ် ဆရာ့ဆရာကြီးတွေ ရဲ့ logic နဲ့ အတွေးအခေါ်တွေဆို မျက်စိမှိတ်ယုံတတ်ကြပါတယ်။

ဒါပေမဲ့ Rationalized Evil ရဲ့ သဘောတရားအရ စာနာစိတ် ကို ဖယ်ထုတ်ပြီး အေးစက်တဲ့ Logic သက်သက်ပဲ သုံးလိုက်တဲ့အခါ အဲဒီအသိဉာဏ်မြင့်မားလှတဲ့ ပညာရှင်ကြီးတွေဟာ သာမန်လူတွေထက် ပိုမိုစနစ်ကျပြီး ပိုမိုကြောက်စရာကောင်းတဲ့ အမှောင်ချောက်ကမ်းပါး ထဲကို ရောက်သွားတတ်ကြပါတယ်။

ကမ္ဘာ့သမိုင်းတလျောက် မှာလည်းအများကြီးဖြစ်ခဲ့ကာတယ်။ ထက်မြက်တဲ့ အသိဉာဏ်နဲ့ ပညာရပ်တွေကို အသုံးချပြီး Rationalized Evil ကို စနစ်တကျ ကျူးလွန်/ဖန်တီးခဲ့ကြတဲ့ ကမ္ဘာကျော်ပညာရှင်အချို့ခဲ့/ရှိနေဆဲပါ။

👨‍⚕️Dr. Shiro Ishii
မိုက်ခရိုဇီဝဗေဒပညာရှင်

သူဟာ ဂျပန်နိုင်ငံ ကျိုတိုအင်ပါယာတက္ကသိုလ်ကနေ ထူးချွန်စွာ ဘွဲ့ရခဲ့တဲ့ ထိပ်တန်း အဏုဇီဝဗေဒပညာရှင် တစ်ဦး ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ သူဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Unit 731 ဆိုတဲ့ ဂျပန်စစ်တပ်ရဲ့ ဇီဝလက်နက် သုတေသနအဖွဲ့ ကို ဦးဆောင်ခဲ့သူပါ။

သူပေးခဲ့တဲ့ ယုတ္တိဗေဒ အကြောင်းပြချက်ကတော့ စစ်ပွဲမှာ အနိုင်ရဖို့နဲ့ ဆေးပညာတိုးတက်ဖို့အတွက် လူသားတွေရဲ့ ခန္ဓာကိုယ်ကို လက်တွေ့စမ်းသပ်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ပါ။

သူက အပြစ်မဲ့ အရပ်သားတွေနဲ့ စစ်သုံ့ပန်းတွေကို ကူးစက်ရောဂါပိုးတွေ တိုက်ကျွေးတာ၊ မေ့ဆေးမပါဘဲ ခန္ဓာကိုယ်ကို ခွဲစိတ်စမ်းသပ်တာ တွေကို စနစ်တကျ လုပ်ဆောင်ခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ စမ်းသပ်ခံရသူတွေကို လူလို့မခေါ်ဘဲ သစ်လုံးတွေလို့တောင် အမည်ပြောင်းလဲခေါ်ဝေါ်ပြီး သိပ္ပံနည်းကျ ဒေတာအချက်အလက် ရယူဖို့အတွက်ပဲ သတ်ဖြတ်ခဲ့ကြပါတယ်။

👨‍⚕️Ernst Rüdin
စိတ်ကျန်းမာရေးနှင့် မျိုးရိုးဗီဇပညာရှင်

သူဟာ ဆွစ်-ဂျာမန် ကပြား စိတ်ကျန်းမာရေးဆရာဝန်ကြီးဖြစ်ပြီး ယနေ့ခေတ်အထိ အသုံးပြုနေတဲ့ Psychiatric Genetics ~ မျိုးရိုးဗီဇဆိုင်ရာ စိတ်ပညာ နယ်ပယ်ရဲ့ ဖခင်ကြီးလို့တောင် တင်စားခံရလောက်အောင် ကမ္ဘာ့သိပ္ပံလောကမှာ သြဇာကြီးမားခဲ့သူပါ။

ဒါပေမဲ့ နာဇီဂျာမနီခေတ်မှာတော့ သူဟာ မသန်စွမ်းသူတွေနဲ့ စိတ်ကျန်းမာရေးမကောင်းသူတွေကို သုတ်သင်တဲ့ Aktion T4 စီမံကိန်းရဲ့ ပဲ့ကိုင်ရှင် ဖြစ်ခဲ့သူပါ။

သူက လူသားမျိုးနွယ်ရဲ့ ဗီဇအုပ်စု သန့်စင်ဖို့နဲ့ နိုင်ငံတော်ရဲ့ ဆေးဝါးကုန်ကျစရိတ်တွေ မဖြုန်းတီးမိဖို့အတွက် မသန်စွမ်းသူတွေ မျိုးမပွားနိုင်အောင် လုပ်တာ နဲ့ သတ်ဖြတ်ပစ်တာဟာ ရေရှည်အတွက် သိပ္ပံနည်းကျ မှန်ကန်တယ် ဆိုတဲ့ အတွေးအခေါ်ပါ။

သူရေးဆွဲခဲ့တဲ့ မျိုးရိုးဗီဇ ကာကွယ်ရေးဥပဒေ ကြောင့် ဂျာမနီမှာ ရှိတဲ့ သာမန်မသန်စွမ်းသူ၊ စိတ်ကျန်းမာရေးချို့တဲ့သူ ပေါင်း ၄ သိန်းကျော် အတင်းအကျပ် သားကြောဖြတ်ခြင်း ခံခဲ့ရပြီး လူပေါင်း ၃ သိန်းနီးပါးဟာ တန်ဖိုးမရှိတဲ့ အသက်တွေ အဖြစ် သတ်မှတ်ကာ ဂတ်စ်ခန်းတွေထဲမှာ အသက်ပေးခဲ့ရပါတယ်။

👨‍⚕️Dr. Josef Mengele
မနုဿဗေဒနှင့် ဆေးပညာရှင်

Auschwitz အကျဉ်းစခန်းရဲ့ သေမင်းတမန် Angel of Death လို့ လူသိများတဲ့ Josef Mengele ဟာ ရိုးရိုးလူသတ်သမား မဟုတ်ပါဘူး။ သူဟာ မြူးနစ်တက္ကသိုလ်ကနေ မနုဿဗေဒ ပါရဂူဘွဲ့နဲ့ ဖရန့်ဖတ်တက္ကသိုလ်ကနေ ဆေးပညာဘွဲ့တွေ ရရှိထားတဲ့ အဆင့်မြင့် ပညာတတ်တစ်ဦး ဖြစ်ပါတယ်။

သူ ဟာ သူ့ကိုယ်သူ ဂျာမန်မျိုးနွယ်စု သာလွန်မြင့်မြတ်ရေးနဲ့ မျိုးရိုးဗီဇလျှို့ဝှက်ချက်တွေကို ဖော်ထုတ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်တယ်။ ဒါကြောင့် သူ လုပ်သမျှဟာ သိပ္ပံပညာ သုတေသနအတွက်ပဲ လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့ပါတယ်။

အထူးသဖြင့် အမြွှာကလေးငယ်တွေကို စနစ်တကျ စုဆောင်းပြီး တစ်ယောက်ရဲ့ သွေးကို နောက်တစ်ယောက်ထဲ ထည့်တာ၊ မျက်လုံးအရောင်ပြောင်းအောင် ဓာတုဆေးရည်တွေ ထိုးထည့်တာမျိုးတွေကို ဓာတ်ခွဲခန်းထဲက ကြွက်တွေ လို သဘောထားပြီး ရက်ရက်စက်စက် စမ်းသပ်ခဲ့ပါတယ်။

သူ့အတွက်တော့ ကလေးတွေရဲ့ အော်ဟစ်ငိုကြွေးသံဟာ သိပ္ပံဒေတာ ရရှိဖို့ ဖြတ်သန်းရတဲ့ လုပ်ငန်းစဉ်တစ်ခုမျှသာ ဖြစ်နေခဲ့ပါတယ်။

👨‍⚕️Trofim Lysenko
ဇီဝဗေဒနှင့် စိုက်ပျိုးရေးပညာရှင်

သူက ဆိုဖီယက်ယူနီယံ ရဲ့ စတာလင်ခေတ်မှာ အာဏာအရှိဆုံး ဇီဝဗေဒပညာရှင်တစ်ဦးပါ။ သူဟာ သိပ္ပံပညာကို နိုင်ငံရေးအမြင်တွေ၊ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ပြီး တွက်ချက်ခဲ့သူ ဖြစ်ပါတယ်။

သူပေးခဲ့တဲ့ ယုတ္တိကတော့ ကွန်မြူနစ်ဝါဒရဲ့ အတွေးအခေါ်က မှန်ကန်တဲ့အတွက် စိုက်ပျိုးရေးသိပ္ပံဟာလည်း ကွန်မြူနစ်အတွေးအခေါ်အတိုင်း သီးနှံတွေကို အတင်းအကျပ် အသွင်ပြောင်းလဲလို့ ရရမယ် ဆိုတဲ့ ယုတ္တိဗေဒအမှားကို ဆင်ခြေပေးခဲ့ပါတယ်။

သူဟာ မှန်ကန်တဲ့ မျိုးရိုးဗီဇသိပ္ပံ ကို ငြင်းပယ်ခဲ့ပြီး သူ့ကို ဆန့်ကျင်တဲ့ တကယ့်သိပ္ပံပညာရှင်ပေါင်း ထောင်ချီကို သစ္စာဖောက်တွေအဖြစ် စွပ်စွဲကာ ဆိုက်ဘေးရီးယား အကျဉ်းစခန်းတွေဆီ ပို့ပြီး သတ်ဖြတ်ခဲ့ပါတယ်။

ပိုဆိုးတာက သူ့ရဲ့ မှားယွင်းတဲ့ စိုက်ပျိုးရေးသီအိုရီတွေကို ဆိုဖီယက်နဲ့ တရုတ်နိုင်ငံမှာ အတင်းအကျပ် သုံးခိုင်းခဲ့တာကြောင့် လူပေါင်း သန်း ၃၀ ကျော် ငတ်မွတ်ကာ သေဆုံးခဲ့ရပါတယ်။

ဒီပညာရှင်ကြီးတွေရဲ့ သမိုင်းကြောင်းက ပေးတဲ့ သင်ခန်းစာတစ်ခု ရှိပါတယ်ဗျာ။ အဲဒါကတော့ နှလုံးသားနဲ့ စာနာစိတ် မပါတဲ့ အသိဉာဏ်ပညာ ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးအရာ ဆိုတာပါပဲ။

သူတို့ဟာ သာမန်လူတွေထက် ပိုမိုထက်မြက်တဲ့အတွက် သူတို့ကျူးလွန်တဲ့ မကောင်းမှုတွေဟာ ပိုပြီး ကျယ်ပြန့်ပြီး လူသန်းပေါင်းများစွာကို သေတွင်းထဲ တွန်းပို့နိုင်ခဲ့တာ ဖြစ်ပါတယ်ဗျာ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

ကျွန်တော်တို့ လူအများစုက မကောင်းမှု လို့ ပြောလိုက်ရင် ဒေါသတကြီးနဲ့ လူသတ်နေတဲ့သူ၊ ဆိုးသွမ်းလွန်းတဲ့ လူဆိုးကြီးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။

ဒါပေမဲ့ တကယ့် လက်တွေ့လောကမှာ အဆိုးဝါးဆုံးသော မကောင်းမှုတွေဟာ ဒေါသကြောင့် ဖြစ်လာတာ မဟုတ်ဘဲ Cold Logic တွေကြောင့် ဖြစ်လာတာပါ။

Rationalized Evil ဆိုတာကတော့ မိမိလုပ်ရပ်ဟာ ဘယ်လောက်ပဲ ရက်စက်ပါစေ အဲဒီလုပ်ရပ်ကို ကျိုးကြောင်းဆီလျော်တယ်… အများကောင်းကျိုးအတွက်ပဲ…. တာဝန်အရ လုပ်ရတာပဲ ဆိုပြီး ဆင်ခြေပေးကာ စနစ်တကျ လုပ်ဆောင်ခြင်းကို ဆိုလိုတာပါ။

ဒါက ပြောရရင် စိတ်ခံစားမှုနောက်ကို လိုက်တာမဟုတ်ဘဲ ဦးနှောက်ရဲ့ တွက်ချက်မှုနောက်ကို လိုက်တဲ့ အမှောင်ခြမ်း ဖြစ်ပါတယ်။

ဘာကြောင့် ဒီလောက်အထိ ရက်စက်နိုင်ကြတာလဲပေါ့။

"ဒီလူတွေကို သတ်လိုက်မှ ကမ္ဘာကြီးရဲ့ သယံဇာတ လောက်ငှမယ်"

"ဒီလူတွေ မရှိမှ ကျန်တဲ့သူတွေ အသက်ဆက်နိုင်မယ်" ဆိုတဲ့ အတွေးအခေါ်ဟာ သီအိုရီသက်သက် မဟုတ်ပါဘူးဗျာ။

သမိုင်းတစ်လျှောက်မှာ ဒီလိုအေးစက်တဲ့ တွက်ချက်မှုတွေကြောင့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်မှန် သာဓကတွေ ရှိခဲ့ပါတယ်။

စိတ်ပညာနဲ့ သမိုင်းမှာ ဒါကို Eco-fascism ~ ပတ်ဝန်းကျင်အခြေပြု ဖက်ဆစ်ဝါဒ လို့လဲခေါ်သလို Neo-Malthusianism ~ လူဦးရေထိန်းချုပ်မှု အစွန်းရောက်ဝါဒ လို့လဲ ခေါ်ကြပါတယ်။

ဒါဟာ Rationalized Evil ရဲ့ အဆိုးဝါးဆုံး ဖြစ်ရပ်မှန် နမူနာအချို့ပဲ ဖြစ်ပါတယ်ဗျာ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေဟာ ဂျူးတွေကို သတ်ဖြတ်ခဲ့ရုံတင်မကဘဲ အရှေ့ဥရောပက ဆိုဗီယက်ပြည်သူတွေကိုပါ စနစ်တကျ အငတ်ဘေးဆိုက်အောင် လုပ်ဖို့ စီမံကိန်းချခဲ့ပါတယ်။

အဲဒါကို Hunger Plan လို့ ခေါ်ပြီး နာဇီစိုက်ပျိုးရေးပညာရှင် Herbert Backe က ရေးဆွဲခဲ့တာပါ။

သူတို့ပေးတဲ့ ယုတ္တိဗေဒ စကားလုံးအလှလေးတွေကတော့ ဂျာမနီနိုင်ငံနဲ့ ဂျာမန်စစ်တပ်အတွက် ရိက္ခာ လုံလောက်ဖို့လိုတယ်….

အရှေ့ဥရောပမှာ ရှိတဲ့ ယူကရိန်းနဲ့ ရုရှားမြေတွေက ထွက်တဲ့ သယံဇာတ/ရိက္ခာတွေကို ဂျာမနီက ယူရမယ်….

အဲဒီလိုယူလိုက်ရင် ဒေသခံ ဆိုဗီယက်ပြည်သူ သန်း ၃၀ လောက် အစာရေစာပြတ်လပ်ပြီး သေသွားလိမ့်မှာဖြစ်ပေမဲ့ ဒါဟာ သဘာဝတရားရဲ့ စည်းမျက်နှာ အရ ဂျာမန်လူမျိုးတွေ ရှင်သန်ဖို့အတွက် မလွှဲမရှောင်သာ လုပ်ရမယ့် ကိစ္စဖြစ်တယ်… အဲ့လို့စကားကိုလှည့်ပတ်ပြီး ကျူးလွန်ခဲ့ကြပါတယ်

ဒီအေးစက်တဲ့ စီးပွားရေးတွက်ကိန်းကြောင့် ဆိုဗီယက်စစ်သုံ့ပန်းတွေနဲ့ အရပ်သားပေါင်း ၄.၂ သန်းကျော်ဟာ တမင်တကာ ငတ်မွတ်အောင် ဖန်တီးခြင်းခံရပြီး သေဆုံးခဲ့ရပါတယ်။

~~~~~~~~~

အိုင်ယာလန် အာလူးအငတ်ဘေးဖြစ်ရပ်ဟာလဲ Rationalized Evil ရဲ့ ပြယုဒ်တခုပါပဲ။

၁၈၄၀ ကျော်ကာလတွေမှာ အိုင်ယာလန်နိုင်ငံမှာ အဓိကစားကုန်ဖြစ်တဲ့ အာလူးပင်တွေ ရောဂါကျပြီး တစ်နိုင်ငံလုံး အငတ်ဘေးဆိုက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ အိုင်ယာလန်ကို အုပ်ချုပ်နေတဲ့ ဗြိတိသျှအစိုးရဟာ ကူညီကယ်ဆယ်ရေးတွေကို တမင်တကာ ကန့်သတ်ခဲ့ပါတယ်။

ဗြိတိသျှအရာရှိကြီးတွေဟာ စီးပွားရေးပညာရှင် Thomas Malthus ရဲ့ သီအိုရီကို အလွန်အမင်း သက်ဝင်ယုံကြည်ကြပါတယ်။

Thomas Malthus ရဲ့ သီအိုရီက လူဦးရေက အစားအစာထက် ပိုမြန်အောင် တိုးပွားနေရင် သဘာဝတရားက အငတ်ဘေး၊ ကပ်ရောဂါတွေနဲ့ ပြန်ထိန်းညှိလိမ့်မယ် ဆိုတာပါ။

ဗြိတိသျှ ဘဏ္ဍာရေးဝန်ထမ်း Charles Trevelyan က ဒီအငတ်ဘေးဟာ ဘုရားသခင်က အိုင်ယာလန်ရဲ့ ပိုလျှံနေတဲ့ လူဦးရေကို လျှော့ချဖို့ ပေးလိုက်တဲ့ အခွင့်အရေးဖြစ်လို့ အစိုးရအနေနဲ့ ဝင်မစွက်ဖက်သင့်ဘူးလို့ ဆင်ခြေပေးခဲ့ပါတယ်။

ရလဒ် ကတော့ အိုင်ယာလန်ပြည်သူ ၁ သန်းကျော် ငတ်မွတ်ပြီး သေဆုံးခဲ့ကာ နောက်ထပ် ၁ သန်းကျော် တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပါတယ်။ ဒါဟာ လူသားချင်းစာနာမှုကို ကိန်းဂဏန်းသီအိုရီတစ်ခုနဲ့ အစားထိုးလိုက်တဲ့ သာဓကပါပဲ။

~~~~~~~~~~

၁၉၇၀ ခုနှစ်တွေမှာ ကမ္ဘာ့ဘဏ်နဲ့ အနောက်နိုင်ငံက အဖွဲ့အစည်းအချို့ဟာ “ကမ္ဘာကြီးမှာ လူဦးရေ အရမ်းများလာပြီး သယံဇာတတွေ ကုန်တော့မယ်၊ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေကြောင့် ကမ္ဘာကြီးပျက်စီးလိမ့်မယ်" ဆိုတဲ့ စိုးရိမ်စိတ် တွေ အလွန်အမင်း မြင့်တက်ခဲ့ပါတယ်။

အဲဒီဖိအားကြောင့် အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ အရေးပေါ်အခြေအနေ ကြေညာထားချိန်မှာ သူ့သားဖြစ်သူ Sanjay Gandhi က အကြီးအကျယ် နှိပ်ကွပ်ခဲ့ပါတယ်။

ဆင်းရဲသားတွေ ကလေးတွေအများကြီးမွေးနေတာဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သယံဇာတတွေကို ဝါးမြိုနေတာ ဖြစ်တယ်။ ဒါကြောင့် သူတို့မှာ ကလေးထပ်မရအောင် အတင်းအကျပ် လုပ်ခိုင်းခဲ့ပါတယ်။

တစ်နှစ်ခွဲအတွင်းမှာပဲ အိန္ဒိယအမျိုးသား ၆.၂ သန်းကျော်ကို အတင်းအကျပ် သားကြောဖြတ် ခိုင်းခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာကြောင့် သန့်ရှင်းမှုမရှိတဲ့ စခန်းတွေမှာ သားကြောဖြတ်ခံရပြီး သေဆုံးခဲ့ရသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

~~~~~~~~~~

အခုခေတ် ၂၁ ရာစုထဲမှာလည်း သယံဇာတ လောက်ငှဖို့ လူသတ်ရမယ် ဆိုတဲ့ အစွန်းရောက်အတွေးအခေါ်ဟာ သွေးအေးလူသတ်သမားတွေရဲ့ လက်နက် ဖြစ်နေဆဲပါ။

2019 နယူးဇီလန် Christchurch ပစ်ခတ်မှု မှာ လူ ၅၁ ဦးကို သတ်ခဲ့တဲ့ Brenton Tarrant က သူ့ရဲ့ ကြေညာစာတမ်း မှာ ကိုယ့်ကိုယ်ကိုယ် Eco-fascist လို့ တရားဝင် သတ်မှတ်ခဲ့ပါတယ်။ သူက လူဦးရေ အလွန်အမင်းတိုးပွားလာတာက ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာဖြစ်လို့ ဒီလူတွေကို ဖယ်ရှားပစ်ရမယ် လို့ ရေးသားခဲ့ပါတယ်။

၂၀၁၉ တက္ကဆက်ပြည်နယ် မှာ လူ ၂၃ ယောက်ကို ပစ်သတ်ခဲ့တဲ့ Patrick Crusius ကလည်း အမေရိကန်မှာ လူတွေများလွန်းနေပြီးသယံဇာတတွေ မလောက်ငှတော့ဘူး။ ဒါကြောင့် လူဦးရေကို လျှော့ချဖို့အတွက် လူမျိုးခြားတွေကို သတ်ရတာလို့ ဝန်ခံခဲ့ပါတယ်။

ဒီဖြစ်ရပ်မှန်တွေကို ကြည့်ရင် Rationalized Evil ရဲ့ သဘောတရားကို အထင်အရှား မြင်နိုင်ပါတယ်ဗျာ။ အားလုံးဟာ သိပ္ပံနည်းကျ ယုတ္တိဗေဒ တွေ၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ လူသားချင်းစာနာမှုကို ခလုတ်ပိတ်ပြီး ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုယ်ကျင့်တရားနဲ့ စာနာစိတ် မပါတဲ့ Logic ဟာ ဘယ်လောက်အထိ ကြောက်စရာကောင်းတဲ့ သွေးချောင်းစီးမှုတွေကို ဖြစ်စေနိုင်လဲဆိုတာ ဒါတွေက သက်သေပြနေပါတယ်ဗျာ။

Rationalized Evil ရဲ့ သမိုင်းကို ကြည့်ရင် ကျွန်တော်တို့ဟာ နာဇီဂျာမနီရဲ့ သမိုင်းဆိုးကို ချန်ထားလို့ မရပါဘူး။ ဒီနေရာမှာ ဒဿနိကဗေဒပညာရှင် Hannah Arendt ရဲ့ The Banality of Evil ဆိုတဲ့ အယူအဆက အဓိကကျလာပါတယ်။

သူမဟာ နာဇီအရာရှိ Adolf Eichmann ရဲ့ တရားခွင်ကို စောင့်ကြည့်ပြီးတဲ့နောက်မှာ ထိတ်လန့်စရာကောင်းတဲ့ အချက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

Eichmann ဟာ ထူးထူးခြားခြား ဆိုးသွမ်းတဲ့ မိစ္ဆာတစ်ယောက် မဟုတ်ပါဘူး။ သူဟာ သားကောင်း၊ လင်ကောင်း တစ်ယောက်ဖြစ်သလို စည်းကမ်းလိုက်နာတဲ့ ဝန်ထမ်းကောင်း တစ်ယောက်လည်း ဖြစ်နေပါတယ်။

ဒါပေမဲ့ သူဟာ ဂျူးလူမျိုး သန်းပေါင်းများစွာကို သေမင်းတမန် စခန်းတွေဆီ ပို့ဆောင်ဖို့အတွက် ရထားတွဲ ဇယားတွေ ကို အတိအကျ တွက်ချက်ခဲ့သူပါ။

သူ့အတွက်တော့ ဒါဟာ လူသတ်ခြင်း မဟုတ်ဘဲ လုပ်ငန်းခွင် အဆင်ပြေချောမွေ့အောင် စီမံတဲ့ Logistics သက်သက်ပါပဲ။ ဒီလိုမျိုး ကိုယ်ကျင့်တရားကို ဖယ်ထုတ်ပြီး လုပ်ငန်းဆောင်တာအပေါ်မှာပဲ အာရုံစိုက်ကာ မကောင်းမှုကို ကျိုးကြောင်းဆင်ခြင်မှုနဲ့ ပေါင်းစပ်လိုက်တာဟာ Rationalized Evil ရဲ့ အစပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးမှာ အမှောင်ခြမ်း ရှိနေသလား
ဒီအကြောင်းအရာကို ပိုပြီး ထင်ရှားစေတဲ့ စိတ်ပညာစမ်းသပ်ချက်ကြီး နှစ်ခု ရှိပါတယ်။

ဒါတွေကို ကြည့်ရင် Rationalized Evil က ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ မြင်နိုင်ပါလိမ့်မယ်။

1️⃣Milgram Experiment
နာခံမှုဆိုင်ရာ စမ်းသပ်ချက်

၁၉၆၁ ခုနှစ်မှာ Stanley Milgram က စမ်းသပ်ခဲ့တာပါ။ သူက သာမန်လူတွေကို ခေါ်ပြီး သင်ကြားရေး စမ်းသပ်ချက် လို့ ပြောပါတယ်။ တစ်ဖက်က မေးခွန်းမှားတဲ့သူကို လျှပ်စစ်ရှော့ခ် ရိုက်ခိုင်းတာပါ။

ဗို့အားကို 15V ကနေ သေစေနိုင်တဲ့အဆင့် 450V အထိ တိုးခိုင်းပါတယ်။

တကယ်တော့ တစ်ဖက်ကလူက သရုပ်ဆောင်နေတာပါ။ ဒါပေမဲ့ စမ်းသပ်ခံရသူတွေကတော့ တကယ်လို့ ထင်ကြပါတယ်။

ဘေးက အာဏာရှိတဲ့ သိပ္ပံပညာရှင် က ဆက်လုပ်ပါ…ဒါက စမ်းသပ်ချက်အတွက် လိုအပ်ပါတယ် လို့ ပြောရုံနဲ့တင် လူပေါင်း ၆၅ ရာခိုင်နှုန်းဟာ တစ်ဖက်လူ နာကျင်လို့ အော်ဟစ်နေတာတောင် သေစေနိုင်တဲ့ ဗို့အားအထိ ဆက်တိုက် ရိုက်ခဲ့ကြပါတယ်။

သူတို့ဟာ "ငါ့တာဝန်မဟုတ်ဘူး၊ အထက်က ခိုင်းလို့ လုပ်တာ" ဆိုတဲ့ ဆင်ခြေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ခဲ့ကြပါတယ်။

2️⃣Stanford Prison Experiment
စတန်းဖို့ဒ် ထောင်စမ်းသပ်ချက်

Philip Zimbardo က ၁၉၇၁ မှာ လုပ်ခဲ့တာပါ။ သာမန် ကျောင်းသားတွေကို အကျဉ်းသား နဲ့ ထောင်ဝါဒါ ဆိုပြီး အခန်းကဏ္ဍ ခွဲပေးလိုက်ပါတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ ထောင်ဝါဒါ ဖြစ်သွားတဲ့ ကျောင်းသားတွေဟာ စနစ်ကို ထိန်းသိမ်းရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းသားတွေကို လူမဆန်စွာ နှိပ်စက်လာကြပါတယ်။

ဒီစမ်းသပ်ချက်တွေက သက်သေပြနေတာကတော့ - လူတစ်ယောက်ဟာ စနစ်တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီလို့ ယုံကြည်လိုက်တဲ့အခါ ဒါမှမဟုတ် ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် တစ်ခုခု ရလိုက်တဲ့အခါ သူ့ရဲ့ စာနာစိတ် ဟာ အလိုအလျောက် ပိတ်သွားတတ်တယ်ဆိုတာပါပဲ။

Rationalized Evil ဖြစ်ပေါ်လာပုံကလည်း အဆင့်ဆင့်ရှိပါတယ်။

ရက်စက်တဲ့ လုပ်ရပ်တွေကို နာမည်ပြောင်းလိုက်တာပါ။ လူသတ်တာကို သန့်စင်ခြင်း ၊ ကလေးတွေ သေဆုံးတာကို ဘေးထွက်ထိခိုက်မှု လို့ ခေါ်ဝေါ်ခြင်းအားဖြင့် စိတ်ထဲမှာ အပြစ်ရှိစိတ်ကို လျှော့ချလိုက်တာပါ။

ဒါ ငါ့ဆန္ဒမဟုတ်ဘူး၊ ငါ့အလုပ်က အမိန့်ကို နာခံဖို့ပဲ ဆိုတဲ့ အတွေးပါ။ စက်ရုပ်တစ်ရုပ်လို တွေးတောတာ ဖြစ်ပါတယ်။

တစ်ဖက်က လူကို သွေးအသားနဲ့ နာကျင်တတ်တဲ့ လူသားအဖြစ် မမြင်တော့ဘဲ ပြဿနာတစ်ခု လိုမျိုး မြင်လာအောင် ဝါဒဖြန့်တာပါ။

"အခု ငါတို့ လူအနည်းငယ်ကို နှိပ်စက်လိုက်မှ အနာဂတ်မှာ လူအများကြီး အဆင်ပြေမှာ" ဆိုတဲ့ တွက်ကိန်းမျိုးပါ။ ဒါဟာ Rationalized Evil ရဲ့ အဆိပ်အတောက်အပြင်းဆုံး အပိုင်းပါပဲ။

Rationalized Evil ရဲ့ အကျိုးသက်ရောက်မှုဟာ ရိုးရိုးမကောင်းမှုထက် ဘာကြောင့် ပိုဆိုးရတာလဲဆိုရင် သူ့မှာ ရပ်တန့်ရမယ့် စည်းမရှိလို့ ပါပဲ။

ဒေါသကြောင့် လူသတ်တဲ့သူဟာ ဒေါသပြေရင် ရပ်သွားနိုင်ပါတယ်။ ဒါပေမဲ့ Rationalized Evil ကတော့ Logic ပေါ်မှာ တည်ဆောက်ထားတာဖြစ်လို့ ပိုပြီး ထိရောက်အောင် ဘယ်လို သတ်ရမလဲ၊ ဘယ်လို နှိပ်စက်ရမလဲဆိုတာကိုပဲ ဆက်တိုက် စဉ်းစားနေမှာပါ။

ကုမ္ပဏီကြီးအချို့ဟာလည်း အမြတ်အစွန်းအတွက် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာ၊ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်တာမျိုးပါ။ သူတို့အတွက် ဒါဟာ စီးပွားရေး တွက်ခြေကိုက်မှု သက်သက်ပါပဲ။

နည်းပညာတိုးတက်လာမှုတွေအရ AI algorithms တွေက လူတွေကို သွေးခွဲတာတွေ ၊စစ်ပွဲတွေမှာ လူမပါဘဲ သတ်ဖြတ်နိုင်တဲ့ ဒရုန်းတွေ သုံးတာမျိုးပါ။

Logic က မှန်နေတယ် ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ လူသားဆန်မှုကို ဖယ်ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ အဆိုးဆုံးကတော့ Moral Numbing ပါပဲ။ လူ့အဖွဲ့အစည်းတစ်ခုလုံးက ဒီလို Rationalized Evil တွေကို အမြဲမြင်နေရတဲ့အခါ "ဒါကတော့ ဒီလိုပဲ ဖြစ်ရမှာပေါ့" ဆိုပြီး ထုံထိုင်းသွားကြတာပါ။

အဲဒီအခါမှာတော့ တစ်ကမ္ဘာလုံးဟာ အေးစက်တဲ့ ငရဲခန်းကြီးတစ်ခု ဖြစ်သွားပါတော့တယ်။

ဒီအကြောင်းအရာတွေကို ရေးရတာ တကယ်တော့ စိတ်ပင်ပန်းစရာ ကောင်းပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ သိထားဖို့က Rationalized Evil ရဲ့ အဓိက ရန်သူကတော့ Individual Conscience ဆိုတဲ့ တစ်ဦးချင်းစီရဲ့ အသိစိတ်ပါပဲ။

စနစ်တစ်ခုက ဘယ်လောက်ပဲ မှန်ကန်ကြောင်း ပြနေပါစေ ကိုယ့်နှလုံးသားက ဒါဟာ မှားနေတယ် လို့ ပြောလာရင် အဲဒီအသံကို နားထောင်ဖို့ လိုပါတယ်။

ကိုယ့် တာဝန်မဟုတ်ဘူး လို့ ပြောမယ့်အစား "ငါဟာ လူသားတစ်ယောက်ဖြစ်တဲ့အတွက် လူသားအားလုံးအတွက် ငါ့မှာ တာဝန်ရှိတယ်" ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူရပါမယ်။

ကျိုးကြောင်းဆင်ခြင်မှု ဆိုတာ ကောင်းတဲ့နေရာမှာ သုံးရင် လောကကြီးကို လှပစေပေမဲ့ နှလုံးသား မပါတဲ့ ယုတ္တိဗေဒဟာ အဆိပ်အတောက် ဖြစ်စေနိုင်တယ်ဆိုတာ ကျွန်တော်တို့ အမြဲ သတိထားရပါမယ်။

ဒီဆောင်းပါးက စာဖတ်သူတွေ အတွက် Rationalized Evil အကြောင်းကို မျက်စိပွင့်သွားစေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်ဗျာ။

အချက်အလက်တွေက တော်တော်လေး များပေမဲ့ စိတ်ဝင်တစားနဲ့ ဖတ်ရှုပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။

ဒီ Rationalized Evil အပေါ် စာဖတ်သူအမြင်လေးကိုလည်း ကျွန်တော် သိချင်ပါသေးတယ်။ ကျွန်တော်တို့ လူသားတွေ ဒီထက်မက ပိုပြီး စာနာတတ်တဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်ပါ့မလားဗျာ…

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

📜📯ကမ္ဘာသစ်ကို ဖွင့်လှစ်ခဲ့သူလား…သွေးချောင်းစီးစေခဲ့သူလား⁉️Columbus: The Four Voyages By Laurence BergreenEdit SoldOut ‼️...
09/09/2026

📜📯ကမ္ဘာသစ်ကို ဖွင့်လှစ်ခဲ့သူလား…သွေးချောင်းစီးစေခဲ့သူလား⁉️

Columbus: The Four Voyages
By Laurence Bergreen

Edit SoldOut

‼️Now Our Price ~ 54000 ks
🚫Normal Price ~ 112000 ks

Pages ~ 423
Publisher ~ Viking Press

🔖Original New Book

🔖In stock Only 1 book
🔖Hardcover with Jacket

Christopher Columbus ရဲ့ ဖုံးကွယ်ထားတဲ့ အမှောင်သမိုင်းတွေကို လှစ်ပြထားတဲ့ မှတ်တမ်းသမိုင်းတွေပါ။

ငယ်ငယ်တုန်းက သမိုင်းစာအုပ်တွေထဲမှာ Christopher Columbus ဆိုတဲ့နာမည်ကို တွေ့တိုင်း ကျွန်တော်တို့စိတ်ထဲ ပေါ်လာတာက ရွက်လွှင့်သင်္ဘောကြီးတွေ၊ အတ္တလန်တိတ်သမုဒ္ဒရာကြီးနဲ့ မသိသေးတဲ့ကမ္ဘာတစ်ခုကို ရှာဖွေဖို့ ထွက်ခွာသွားတဲ့ စွန့်စားသူကြီးတစ်ယောက်ရဲ့ ပုံရိပ်ပါ။

AD 1492 မှာ သူ့ရဲ့သင်္ဘောတွေ အတ္တလန်တိတ်ကို ဖြတ်ပြီး အခုခေတ် Bahamas နဲ့ Caribbean ဒေသဘက်ကို ရောက်လာတဲ့အခါ အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာ့သမိုင်းကို ပြောင်းလဲပစ်မယ့် အစဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိခဲ့တယ် ဆိုတဲ့ စကားလုံးတစ်ကြောင်းနောက်မှာ ဘယ်သူ့အတွက် ကမ္ဘာသစ်လဲဆိုတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။

ဥရောပသားတွေအတွက်တော့ အဲဒါဟာ ကမ္ဘာသစ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီမြေမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်ပြီးသား Taíno တွေအတွက်တော့ သူတို့နေထိုင်ရာက ကမ္ဘာသစ်မဟုတ်ပါဘူး။

သူတို့ရဲ့ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်အသိုင်းအဝိုင်းနဲ့ ကိုယ်ပိုင်ဘဝ ရှိပြီးသားပါ။ အဲဒီအချိန်မှာ သင်္ဘောတွေကမ်းကပ်လာတာဟာ သူတို့အတွက် ကမ္ဘာသစ်ကို ဖွင့်လှစ်ပေးခြင်း မဟုတ်ဘဲ သူတို့ရဲ့ ကမ္ဘာဟောင်းထဲကို မသိတဲ့လူတွေ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။

ကျမ်းပြုသူ Laurence Bergreen ရဲ့ Columbus: The Four Voyages ကို ဖတ်ကြည့်တဲ့အခါ ပိုသိလာရပါလိမ့်မယ်ဗျ။

Bergreen က ပထမဆုံးခရီးထက် နောက်ပိုင်းခရီးတွေမှာ ဖြစ်ပျက်ခဲ့တာတွေ၊ အထူးသဖြင့် Hispaniola မှာ Columbus အုပ်ချုပ်ခဲ့တဲ့ကာလကို အလေးထားရေးထားပါတယ်။

အဲဒီအချိန်မှာ Columbus ဟာ ပင်လယ်ပြင်မှာတော့ ထူးချွန်တဲ့ ရေကြောင်းသွားလာသူတစ်ယောက် ဖြစ်နိုင်ပေမယ့် မြေပြင်ပေါ်မှာ လူတွေကို အုပ်ချုပ်တဲ့အခါ အခြေအနေက လုံးဝမတူတော့ပါဘူး။

ရွှေလိုချင်တဲ့ အိပ်မက်က တဖြည်းဖြည်း လူတွေရဲ့အသက်ထက် ပိုတန်ဖိုးရှိလာခဲ့ပါတယ်။

Columbus ရောက်လာတဲ့အချိန် Taíno တွေက သူတို့ကို အစပိုင်းမှာ ရန်သူလို မဆက်ဆံခဲ့ကြပါဘူး။ ဧည့်သည်တွေအဖြစ် ကြိုဆိုခဲ့ကြပါတယ်။

ဒါပေမယ့် Columbus နဲ့ သူ့နောက်လိုက်တွေက အဲဒီဧည့်ဝတ်ကျေပွန်မှုကို မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေးတစ်ခုအဖြစ် မမြင်ခဲ့ကြပါဘူး။ ရွှေဘယ်လောက်ရှိသလဲ၊ ဘယ်နေရာမှာ ရှာလို့ရသလဲ၊ ဘယ်လိုယူသွားလို့ရမလဲဆိုတာကိုပဲ စိတ်ဝင်စားလာကြပါတယ်။

အဲဒီကနေစပြီး ပြဿနာက ရွှေမရှိလို့ မဟုတ်တော့ပါဘူး။ ရွှေကို များများမရလို့ လူတွေရဲ့အသက်ကို တန်ဖိုးမထားတော့တာပါ။

Taíno တွေကို သတ်မှတ်ထားတဲ့ ရွှေကြေးပမာဏ ပေးဆောင်စေပြီး မပေးနိုင်ရင် အပြစ်ပေးတဲ့စနစ်တွေ ပေါ်လာခဲ့ပါတယ်။ ခေတ်ပြိုင်မှတ်တမ်းတွေထဲမှာ tribute မပေးနိုင်တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ လက်ကို ဖြတ်တောက်တာမျိုးအထိ ဖော်ပြထားပါတယ်။

ဒီအဖြစ်အပျက်ကို ဖတ်ရင်း စိတ်ထဲမှာ ပိုပြီးကြောက်စရာကောင်းလာတာက ရက်စက်မှုတစ်ခုချင်းစီ မဟုတ်ပါဘူး။

ရက်စက်မှုတွေကို “စနစ်” တစ်ခုအဖြစ် ပြောင်းလဲသွားစေတာပါ။

လူတစ်ယောက်ရဲ့ ရွှေမပြည့်ရင် အပြစ်ပေးမယ်။ အလုပ်လုပ်နိုင်ရင် အသုံးချမယ်။ ပုန်ကန်ရင် ချေမှုန်းမယ်။ ဖမ်းမိရင် ကျွန်အဖြစ် အသုံးချမယ်။ ဒီလိုနဲ့ လူသားတစ်ယောက်ဟာ လူသားတစ်ယောက်အဖြစ် မမြင်တော့ဘဲ အလုပ်လုပ်နိုင်တဲ့ခန္ဓာကိုယ်၊ ရွှေရှာပေးနိုင်တဲ့လက်တစ်စုံအဖြစ် ပြောင်းလဲသွားပါတယ်။

ဒါပေမယ့် ဒီအရာအားလုံးကို Columbus တစ်ယောက်တည်းက လက်နဲ့ကိုင်ပြီး လုပ်ခဲ့တာလို့တော့ ပြောလို့မရပါဘူး။

သူနဲ့အတူ လာတဲ့ စပိန်လူမျိုးတွေထဲမှာလည်း ရွှေနဲ့ မြေယာကို အလျင်အမြန်ရချင်တဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။

တကယ်တော့ Columbus ရဲ့ အုပ်ချုပ်မှုဟာ သူ့လူတွေကိုတောင် မထိန်းနိုင်တော့တဲ့အထိ ရှုပ်ထွေးလာခဲ့ပါတယ်။ Francisco Roldán နဲ့ Francisco Porras တို့ရဲ့ ပုန်ကန်မှုတွေက အဲဒီအခြေအနေကို ပိုပြီး သိသာစေပါတယ်။

တစ်ဖက်မှာ ရွှေရှာနေတဲ့ အုပ်ချုပ်သူ၊ တစ်ဖက်မှာ သူ့ကိုယ်ပိုင်အာဏာကို မကျေနပ်တဲ့ စပိန်လူမျိုးတွေ၊ အလယ်မှာတော့ ဒီပဋိပက္ခတွေကြား ပိတ်မိနေတဲ့ ဌာနေတိုင်းရင်းသားတွေ ရှိနေပါတယ်။

အဲဒီအချိန်က Columbus ရဲ့ Hispaniola ဟာ အောင်မြင်တဲ့ ကိုလိုနီတစ်ခုထက် အာဏာ၊ ရွှေ၊ ကျွန်လုပ်သားနဲ့ ရှင်သန်ရေးအတွက် လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Columbus ကိုယ်တိုင်လည်း ပုန်ကန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပြီး အုပ်ချုပ်ရေးစနစ်က ပိုပြီး ကြမ်းတမ်းလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့အုပ်ချုပ်ပုံနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေ စပိန်တော်ဝင်နန်းတော်အထိ ရောက်လာပါတော့တယ်။

အဲဒီအချိန်မှာ Columbus ရဲ့ သူရဲကောင်းပုံရိပ်က ပထမဆုံး အက်ကွဲလာပါတယ်။

စပိန်ဘုရင် Ferdinand နဲ့ Queen Isabella တို့က Francisco de Bobadilla ကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်ပါတယ်။

Bobadilla ရောက်လာတဲ့အခါ Columbus ရဲ့ အုပ်ချုပ်မှုအပေါ် တိုင်ကြားချက်တွေကို စုံစမ်းပြီး သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ရဲ့ အကျဉ်းချုပ်ကို Bergreen ရဲ့စာအုပ်ထဲက Send Me Back in Chains အခန်းခေါင်းစဉ်တစ်ခုက အလွန်ပြတ်ပြတ်သားသား ပြောပြထားပါတယ်။

Columbus ဟာ အာဏာပိုင်အဖြစ် ရောက်လာခဲ့ပေမယ့် နောက်ဆုံးမှာ သံကြိုးခတ်ခံထားရတဲ့ အကျဉ်းသားတစ်ယောက်အဖြစ် စပိန်ကို ပြန်ပို့ခံခဲ့ရပါတယ်။

သမိုင်းမှာ ဒီလိုအခိုက်အတန့်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ မနေ့က သူရဲကောင်းဖြစ်ခဲ့တဲ့လူတစ်ယောက်ဟာ ဒီနေ့ အကျဉ်းသားဖြစ်သွားနိုင်ပါတယ်။

လူတွေက သူ့ကို ဂုဏ်ပြုဖို့ ရုပ်တုတင်နိုင်သလို တစ်ချိန်တည်းမှာပဲ သူ့ရဲ့အုပ်ချုပ်မှုအတွက် တာဝန်ယူစေနိုင်ပါတယ်။ Columbus ရဲ့ဘဝမှာ အဲဒီဆန့်ကျင်ဘက်နှစ်ခုစလုံး ရှိနေပါတယ်။

ဒါပေမယ့် Columbus ရဲ့ခရီးတွေက သူနဲ့သူ့လူတွေအတွက်ပဲ အဆုံးသတ်မသွားခဲ့ပါဘူး။ အတ္တလန်တိတ်ရဲ့ တစ်ဖက်နဲ့တစ်ဖက်ကြား လူ၊ အပင်၊ တိရစ္ဆာန်၊ ကုန်ပစ္စည်းနဲ့ ရောဂါတွေ ရွေ့လျားလာခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးရဲ့ သမိုင်းကို ပြောင်းလဲသွားစေတဲ့ Columbian Exchange ဖြစ်ပေါ်လာခဲ့ပါတယ်။

ဥရောပသားတွေ ယူဆောင်လာတဲ့ ကူးစက်ရောဂါတွေက ဌာနေတိုင်းရင်းသားတွေအပေါ် အလွန်ကြီးမားတဲ့ လူဦးရေကျဆင်းမှု ဖြစ်စေခဲ့ပြီး၊ နောက်ပိုင်းမှာ ကိုလိုနီစနစ်နဲ့ ကျွန်စနစ်တွေက ဒီကမ္ဘာသစ်ထဲမှာ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။

ဒါကြောင့် Columbus ရဲ့ခရီးကို ရှာဖွေတွေ့ရှိမှုတစ်ခုတည်းအဖြစ် ကြည့်လိုက်ရင် အဲဒီခရီးရဲ့ တကယ့်အကျိုးဆက်တွေကို တစ်ဝက်ပဲ မြင်ရမှာပါ။

ဒီသမိုင်းကို ပြန်ပြောတဲ့အခါ Bartolomé de Las Casas ဆိုတဲ့နာမည်ကိုလည်း မလွဲမရှောင်သာ တွေ့ရပါတယ်။

သူဟာ စပိန်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ဌာနေတိုင်းရင်းသားတွေအပေါ် ပြုမူခဲ့တဲ့ ရက်စက်မှုတွေကို မှတ်တမ်းတင်ခဲ့သူတစ်ယောက်ပါ။

ဒါပေမယ့် ဒီလိုခေတ်ကာလတွေရဲ့ မှတ်တမ်းတွေကိုလည်း မျက်စိမှိတ်ပြီး အမှန်တရားတစ်ခုတည်းလို့ မယူသင့်ပါဘူး။

Columbus ကိုယ်တိုင်ရဲ့ မှတ်တမ်းတွေ၊ သူ့သားတွေရဲ့ ရေးသားချက်တွေ၊ Las Casas ရဲ့ မှတ်တမ်းတွေဟာ အားလုံးမှာ ကိုယ်ပိုင်အမြင်နဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်။

Bergreen ရဲ့စာအုပ်ကိုလည်း အဲဒီမူရင်းမှတ်တမ်းတွေကို အခြေခံပြီး ဇာတ်ကြောင်းဖန်တီးထားတာဖြစ်လို့ သမိုင်းကို စိတ်ဝင်စားသူအနေနဲ့ အဲဒီအချက်ကိုပါ သတိထားဖတ်ရပါတယ်။

ဒါကြောင့် Christopher Columbus ကို သူရဲကောင်းလို့ပဲ ခေါ်မလား၊ လူကြမ်းလို့ပဲ ခေါ်မလားဆိုတာထက် ပိုခက်တဲ့ မေးခွန်းတစ်ခုက “လူတစ်ယောက်ရဲ့ ကြီးမားတဲ့အောင်မြင်မှုဟာ သူလုပ်ခဲ့တဲ့ ရက်စက်မှုတွေကို ဖျောက်ဖျက်ပေးနိုင်သလား” ဆိုတာပါ။

Columbus ဟာ ထူးချွန်တဲ့ ရေကြောင်းသွားလာသူ ဖြစ်ခဲ့ပါတယ်။ အတ္တလန်တိတ်ကို ဖြတ်ကျော်ပြီး အရင်က ဥရောပသားအများစု မသိခဲ့တဲ့ ကမ္ဘာတစ်ခြမ်းနဲ့ ဆက်သွယ်ပေးခဲ့တဲ့ သမိုင်းဝင်ခရီးတွေကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအောင်မြင်မှုနဲ့အတူ ရွှေလိုချင်စိတ်၊ ကျွန်ပြုမှု၊ အကြမ်းဖက်မှုနဲ့ အုပ်ချုပ်ရေးပျက်စီးမှုတွေလည်း သူ့နောက်မှာ တစ်ပါတည်း လိုက်လာခဲ့ပါတယ်။

Bergreen ရဲ့ဒီစာအုပ်က ဒီဆန့်ကျင်ဘက်နှစ်ခုကို ခွဲထုတ်မထားဘဲ တစ်ယောက်တည်းရဲ့ဘဝထဲမှာ ဘယ်လိုအတူတကွ ရှိနေခဲ့သလဲဆိုတာ ပြန်မြင်စေပါတယ်။

အဲဒါကြောင့် Columbus ရဲ့အကြောင်းကို ပြန်ဖတ်တဲ့အခါ “သူက အမေရိကကို ရှာဖွေတွေ့ရှိခဲ့တယ်” ဆိုတဲ့ စာကြောင်းတစ်ကြောင်းနဲ့ မလုံလောက်တော့ပါဘူး။

ဘယ်သူ့အတွက် ရှာဖွေတွေ့ရှိတာလဲ၊ ဘယ်သူ့အတွက် ဆုံးရှုံးမှုဖြစ်သွားတာလဲ၊ ဘယ်သူတွေက အမြတ်ရပြီး ဘယ်သူတွေက အဲဒီအမြတ်ရဲ့တန်ဖိုးကို သွေးနဲ့ပေးခဲ့ရတာလဲဆိုတာကိုပါ မေးရပါတော့မယ်။

သမိုင်းရဲ့ အမှောင်ဘက်ခြမ်းဆိုတာ အောင်နိုင်သူတွေကို လူကြမ်းအဖြစ် ပြောင်းရေးဖို့အတွက် မဟုတ်ပါဘူး။

အရင်က ကျွန်တော်တို့ မမြင်ခဲ့တဲ့လူတွေကို ပြန်မြင်ဖို့အတွက်ပါ။ Columbus ရဲ့သင်္ဘောတွေ ကမ်းကပ်တဲ့နေ့ကို ဥရောပက အောင်မြင်မှုတစ်ခုအဖြစ် မှတ်မိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီကမ်းခြေမှာ နေထိုင်နေပြီးသားလူတွေအတွက်တော့ အဲဒီနေ့ဟာ သူတို့ကမ္ဘာကြီးရဲ့ နောက်ဆုံးအေးချမ်းတဲ့နေ့တွေထဲက တစ်နေ့ ဖြစ်ခဲ့နိုင်ပါတယ်။

ဒါကြောင့် Christopher Columbus ကို ကြည့်တဲ့အခါ ရွက်လွှင့်သင်္ဘောကြီးနဲ့ သမုဒ္ဒရာကို ဖြတ်ကျော်လာတဲ့ သူရဲကောင်းတစ်ယောက်ကိုပဲ မမြင်တော့ဘဲ သူ့နောက်က လိုက်လာတဲ့ အာဏာ၊ လောဘ၊ ကျွန်ပြုမှုနဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းကိုပါ တစ်ပြိုင်နက်တည်း မြင်နိုင်ဖို့ လိုပါတယ်။

တစ်ခါတလေ သမိုင်းရဲ့ အမှောင်ဆုံးအပိုင်းတွေဟာ စာမျက်နှာတွေကြားမှာ ဖုံးကွယ်နေတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ငယ်ငယ်ကတည်းက ယုံကြည်လာခဲ့တဲ့ သူရဲကောင်းပုံပြင် ရဲ့ အရိပ်အောက်မှာပဲ တိတ်တိတ်လေး ရှိနေခဲ့တာ ဖြစ်ပါတယ်။

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

🧶💔ပျော်ရွှင်မှုကို လိုက်ရှာရင်း မပျော်မရွှင်ဖြစ်နေကြရတဲ့ လူ့ စိတ်ထောင်ချောက်💔ဘာတွေပဲ ပိုင်ဆိုင်ပိုင်ဆိုင်၊ ဘယ်လောက်ပဲ အေ...
08/09/2026

🧶💔ပျော်ရွှင်မှုကို လိုက်ရှာရင်း မပျော်မရွှင်ဖြစ်နေကြရတဲ့ လူ့ စိတ်ထောင်ချောက်

💔ဘာတွေပဲ ပိုင်ဆိုင်ပိုင်ဆိုင်၊ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်… လူသားတွေဟာ ဘယ်တော့မှ ရေရှည် ပျော်ရမှာ မဟုတ်ပါဘူး

⚠️The Hedonic Treadmill
စိတ်ထောင်ချောက်သံသရာစက်ဝိုင်း

သဘာဝတရားက လူသားတွေရဲ့ ဦးနှောက်ထဲမှာ လျှို့ဝှက်ထည့်ပေးလိုက်တဲ့ အမှောင်ဆုံး စိတ်ပညာဗိုင်းရပ်စ် တမျိုး ရှိတယ်ဗျ။

အဲဒါက ဘာလဲဆိုတော့ “မင်း ဘာတွေပဲ ပိုင်ဆိုင်ပိုင်ဆိုင်၊ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်… မင်း ဘယ်တော့မှ ရေရှည် ပျော်ရမှာ မဟုတ်ဘူး” ဆိုတဲ့ ကောက်ကျစ်လွန်းတဲ့ နိယာမကြီးပေါ့။

စိတ်ပညာလောကမှာတော့ ဒါကို The Hedonic Treadmill လို့ ခေါ်ကြပါတယ်။

ရိုးရိုးရှင်းရှင်း တင်စားရရင်တော့ Gym က ပြေးစက်ပေါ်မှာ အရှိန်ကုန်ပြေးနေပေမဲ့ ဘယ်မှမရောက်ဘဲ မူလနေရာမှာပဲ ပတ်ချာလည်နေတဲ့သူတယောက်လိုပေါ့ဗျာ။

ကျွန်တော်တို့လူတွေကပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုကို မိအောင် လိုက်ဖမ်းနေကြပေမဲ့ တကယ်တမ်းကျတော့ သဘာဝတရားက သတ်မှတ်ထားတဲ့ ပုံသေ ပျော်ရွှင်မှုအဆင့် ဆိုတဲ့ လှောင်အိမ်ထဲကနေ ဘယ်တော့မှ ထွက်မပြေးနိုင်ကြပါဘူး။

ဒီအယူအဆ ဘယ်လိုစခဲ့လဲဆိုတာကို သိပ္ပံနည်းကျ ဖြစ်ရပ်မှန်တွေနဲ့ စပြောပြမယ်ဗျ။

၁၉၇၁ ခုနှစ်မှာ စိတ်ပညာရှင်တွေဖြစ်တဲ့ Brickman နဲ့ Campbell တို့က လူသားတွေရဲ့ စိတ်ကျေနပ်မှု သဘောသဘာဝကို လေ့လာရင်းနဲ့ ဒီ Hedonic Relativism အယူအဆကို စတင်ဖော်ထုတ်ခဲ့တာပါ။

ဒါကို ပိုပြီး ကမ္ဘာကျော်သွားစေခဲ့တာကတော့ ၁၉၇၈ ခုနှစ်မှာ လုပ်ခဲ့တဲ့ တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ စိတ်ပညာသုတေသနတစ်ခုပါပဲ။

သူတို့က လူနှစ်အုပ်စုကို ခေါ်ပြီး ရေရှည်စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ပထမအုပ်စုကတော့ ထီဆုအကြီးကြီး ပေါက်ပြီး ရုတ်တရက် သန်းကြွယ်သူဌေး ဖြစ်သွားတဲ့သူတွေပါ။

ဒုတိယအုပ်စုကတော့ ကားမှောက်တာမျိုး ခံရပြီး ခါးအောက်ပိုင်းတစ်ခုလုံး သေသွားတဲ့မသန်မစွမ်း ဒုက္ခိတတွေပေါ့။

လူတိုင်းရဲ့ သာမန်အတွေးနဲ့ဆိုရင် ထီဆုကြီးတွေပေါက်တဲ့သူတွေက တစ်သက်လုံး လောကစည်းစိမ်ခံစားပြီး ပျော်သွားကြမှာဖြစ်သလို မသန်မစွမ်းဖြစ်သွားတဲ့သူတွေကတော့ တစ်သက်လုံး ငရဲကျသလို စိတ်ဆင်းရဲသွားမယ်လို့ ထင်ကြမှာပဲ မလားဗျ။

ကျွန်တော်လည်းအဲ့ဒီလိုပဲထင်တာပါပဲ။ ဒီဆောင်းပါးကိုဖတ်နေတဲ့ စာဖတ်သူတွေလည်းအဲ့ဒီလိုပဲထင်မှာပါ။ ဒါပေမဲ့ ရလဒ်က လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တယ်ဗျ။

တစ်နှစ်လောက်အကြာမှာ ပထမအုပ်စုကိုရောဒုတိယအုပ်စုကိုရော သူတို့ရဲ့ ပျော်ရွှင်မှုအဆင့်ကို ပြန်တိုင်းတာကြည့်တဲ့အခါ... ထီပေါက်တဲ့သူတွေရဲ့ ခံစားချက်ဟာ ထီမပေါက်ခင်က သာမန်ဘဝအဆင့်ဆီ ပြန်ကျသွားခဲ့ပါတယ်။

ဒါပေမဲ့ထူးဆန်းတာက မသန်မစွမ်းဖြစ်သွားတဲ့သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာဟာလည်း ကနဦး ကြီးစွာသော စိတ်ဒဏ်ရာကနေ ရုန်းထွက်ပြီး သူတို့ရဲ့ သဘာဝအခြေခံ ပျော်ရွှင်မှုအဆင့်ဆီ ပြန်တက်လာတာကို တွေ့ရပါတယ်။

အတွေးအခေါ် စိတ်ပညာအရ ဒါက ဘာကိုပြလဲဆိုတော့ လူသားတွေရဲ့ ဦးနှောက်မှာ ဘယ်လောက်ပဲ ကောင်းတဲ့အဖြစ်အပျက် ကြုံရပါစေ ဘယ်လောက်ပဲ ဆိုးတဲ့အဖြစ်အပျက် ကြုံရပါစေ...

အချိန်တစ်ခုကြာရင် မူလခံစားချက်အဆင့် ဆီကိုပဲ ပြန်ဆွဲခေါ်သွားတဲ့ စိတ်ပိုင်းဆိုင်ရာ အလိုအလျောက် ထိန်းညှိစနစ်ရှိနေတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒီ The Hedonic Treadmill ထောင်ချောက်ရဲ့ အမှောင်ဘက်ခြမ်းကို ပိုပြီးအသေးစိတ်အဆင့်အထိ စေ့ငုကြည့်ရအောင်ဗျာ။

သဘာဝတရားက ကျွန်တော် တို့ကို ဘာလို့ ဒီလိုကောက်ကျစ်တဲ့ စနစ်ကြီး ပေးထားခဲ့တာလဲမေးရင် အဖြေကတော့ ရှင်းရှင်းလေးပါ။

ကျွန်တော် တို့ကို မအိပ်မနေ၊ မနားမနေ အလုပ်လုပ်ခိုင်းချင်လို့ပါပဲ။

ကျောက်ခေတ်တုန်းက ဘိုးဘွားဘီဘင်တွေကို ပြန်ကြည့်ကြည့်ပါ။ အမဲလိုက်လို့ သမင်တစ်ကောင် ရလာတဲ့ မုဆိုးတစ်ယောက်ဟာ အဲဒီသမင်သားကို စားပြီး “ငါတော့ သိပ်ပျော်တာပဲ ငါ့ဘဝကြီး ပြည့်စုံသွားပြီ” ဆိုပြီး တစ်သက်လုံး ဂူထဲမှာ ထိုင်မှိန်းနေမယ်ဆိုရင် ဘာဖြစ်မလဲဗျ။

ရက်ပိုင်းအတွင်း ငတ်သေသွားမှာပေါ့ဗျာ😁။

အဲဒီတော့ သဘာဝတရားက လူသားတွေရဲ့ ဦးနှောက်ကို တစ်ခုခုအောင်မြင်ရင် Dopamine ဆိုတဲ့ပျော်ရွှင်မှုဓာတ်ကို ခေတ္တခဏပဲ ထုတ်ပေးဖို့နဲ့ ပြီးရင် ချက်ချင်း ပျော်ရွှင်မှုကို သုညပြန်လုပ်ပစ် တဲ့ ဗီဇကိုရိုက်သွင်းပေးလိုက်တာပါ။

ဒါမှသာ အဲဒီမုဆိုးဟာ ဗိုက်ပြန်ဆာလာမယ်၊ နောက်ထပ် သမင်တစ်ကောင်ကို ထပ်ရှာဖို့ ဂူထဲကနေ ပြန်ထွက်လာမှာပေါ့။

တစ်နည်းအားဖြင့် Hedonic Treadmill ဆိုတာ သဘာဝတရားက သတ္တဝါတွေကို ရှင်သန်ပွားများစေဖို့အတွက် ရှေ့ကနေ မျှားထားတဲ့ အတုအယောင် မုန်လာဥနီလိုပါပဲ။

ပြဿနာက ကျောက်ခေတ်မှာ ရှင်သန်ရေးအတွက် အသုံးဝင်ခဲ့တဲ့ ဒီငရဲစက်ဝိုင်းကြီးက... အရာအားလုံး ပေါများနေတဲ့ ၂၁ ရာစု ခေတ်သစ်လူသားတွေဆီ ရောက်လာတဲ့အခါမှာတော့ စိတ်ဝေဒနာတွေ ပေးတဲ့ ညှဉ်းပန်းနှိပ်စက်ကိရိယာကြီး ဖြစ်သွားရတာပါပဲ။

အခုခေတ် ဒီ Hedonic Treadmill ကို အဆိုးရွားဆုံး အသုံးချပြီး ကျွန်တော်တို့ရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ထားတာကတော့ အရင်းရှင်စနစ် နဲ့ Consumerism ဆိုတဲ့ စားသုံးသူဝါဒ ထောင်ချောက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ နေ့တိုင်း ဘာတွေတွေးပြီး အသက်ရှင်နေကြလဲ ဆိုတာပြန်ဆန်းစစ်ကြည့်ရအောင်ဗျ။

“ငါ အခု သုံးနေတဲ့ ဖုန်းက နှေးနေပြီ နောက်ဆုံးပေါ် iPhone အသစ်လေး လဲလိုက်ရရင် သိပ်ပျော်ဖို့ကောင်းမှာပဲ…”

“ငါ အလုပ်ထဲမှာ ရာထူးတိုးလို့ လစာ ဒီထက်ပိုရရင် ဘဝက ပြည့်စုံပြီ…."

“ငါ အိမ်ကြီးကြီးတစ်လုံး ဝယ်နိုင်တဲ့နေ့ကျမှ အေးအေးဆေးဆေး နားတော့မယ်….”

ဟောဗျာ... တကယ်တမ်း အဲဒီအရာတွေကို အားကုန်ရုန်းကန်ပြီး ရလာတဲ့အခါ ဘာဖြစ်သွားမယ်ထင်လဲဗျ။

ဖုန်းအသစ်လေး လက်ထဲရောက်တဲ့ ပထမဆုံးရက်မှာ ရင်တွေခုန်ပြီး ပျော်လိုက်နေပေမဲ့ တစ်ပတ်ကနေ တစ်လလောက်လည်း ကြာရော... အဲဒီဖုန်းအသစ်ဟာ သာမန်ပစ္စည်းတစ်ခု ဖြစ်သွားပြန်ရောဗျ။

ဦးနှောက်က အဲဒီဖုန်းအသစ်ရတဲ့ အခြေအနေသစ်ကို ဒါက ပုံမှန်ပဲ လို့ သတ်မှတ်ပြီး ရိုးအီသွားစေပြန်တဲ့သဘောတရားပါပဲ။

ပြီးရင် ဘာဖြစ်လဲ? စိတ်ထဲမှာ တစ်ခုခု လိုအပ်နေသေးတယ်ဆိုတဲ့ ဟာတာတာသုညကြီးက ပြန်ပေါ်လာပြီး ပိုကောင်းပိုဈေးကြီးတဲ့ နောက်ထပ်အရာတစ်ခုနောက်ကို ထပ်ပြီး အမဲလိုက်ခွေးတစ်ကောင်လို လျှာထွက်မတတ် ပြေးလိုက်ရပြန်တာပါပဲဗျာ။

အားကုန်ပြေးပြီးကြိုးစားတော့ အောင်မြင်မှုရမယ်။ ခဏပျော်တယ်။ ပြီးရင် အသားကျပြီး ရိုးသွားတယ်။စိတ်ပျက်ပြီး နောက်ထပ် ပိုကောင်းတာကို ထပ်မက်မောပြန်တယ်။ မက်မောတာတွေရဖို့အားကုန်ပြေးတယ်။

ဒီပတ်ချာလည် စက်ဝိုင်းကြီးထဲမှာ လူတွေဟာ အသက်ကြီးတဲ့အထိ ပြေးလွှားရင်း ဘဝကို ကုန်ဆုံးသွားကြရတာပေါ့ဗျာ။

ခေတ်သစ် Big Tech တွေနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေက လူသားတွေရဲ့ ဒီအားနည်းချက်ကို ကောင်းကောင်းကြီး သိပါတယ်။

ဒါကြောင့်လည်း သူတို့က “မင်းတို့မှာ ဒါမရှိသေးရင် မပျော်ရဘူး” ဆိုတဲ့ စိတ်ကူးယဉ် အတုအယောင်တွေကို နေ့တိုင်း ကြော်ငြာတွေကနေတစ်ဆင့် ရိုက်သွင်းပြီး ကျွန်တော်တို့ကို ဒီစက်ဝိုင်းကြီးပေါ်ကနေ ဆင်းမရအောင် မောင်းနှင်နေကြတာပေါ့။

ဒီ The Hedonic Treadmill ထောင်ချောက်ရဲ့ နောက်ကွယ်က နောက်ထပ် စိတ်ပညာ သဘောတရားတစ်ခုက Impact Bias လို့ ခေါ်တဲ့ အရာပါ။

ဒါက ဘာလဲဆိုရင် လူသားတွေဟာ အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေက ကိုယ့်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲဆိုတာကို တွေးတဲ့အခါ လွန်လွန်ကဲကဲ ခန့်မှန်းမိတတ်တဲ့ အမှား ကို ပြောတာပါ။

ဆိုတော့ကာ “ငါသာ အချစ်ရေးမှာ အဆင်မပြေဘဲ လမ်းခွဲလိုက်ရရင် တစ်သက်လုံး စိတ်ဒဏ်ရာနဲ့ သေသွားနိုင်တယ်” ဒါမှမဟုတ် “ငါသာ ဒီစာမေးပွဲ ကျရှုံးသွားရင် ငါ့ဘဝကြီး ပြီးဆုံးသွားပြီ” လို့ တွေးတတ်ကြတာမျိုးပေါ့။

ဒါပေမဲ့ လက်တွေ့ တကယ်ကြုံလာရတဲ့အခါ ဦးနှောက်ရဲ့ ခုခံအားစနစ် က အလိုလို အလုပ်လုပ်ပြီး လပေါင်းအနည်းငယ်အတွင်းမှာပဲ မူလခံစားချက်အဆင့်ဆီ ပြန်ခေါ်သွားပေးတတ်ပါတယ်။

ဒါဟာ ကောင်းတဲ့ဘက်ကကြည့်ရင် စိတ်ဒဏ်ရာတွေကို ကုစားပေးတဲ့ စနစ်ဖြစ်ပေမဲ့ အမှောင်ဘက်က ပြန်ကြည့်ရင်တော့... လူသားတွေဟာ “ငါ ဒါလေးရရင် တစ်သက်လုံး ပျော်ရမှာ” ဆိုတဲ့ စိတ်ကူးယဉ်အမှား ကြီးနဲ့ပဲ မရှိရှိတဲ့ အားအင်တွေကို ထုတ်သုံးပြီး တစ်သက်လုံး အလိမ်ခံနေရတာနဲ့ အတူတူပါပဲ။

ကျွန်တော်တို့တွေ မျှော်လင့်ချက်တွေနောက်ကို ရူးရူးမူးမူး လိုက်နေကြတာဟာ တကယ်တော့ ဉာဏ်ပညာမရှိတဲ့ ဗီဇရဲ့ ကြိုးဆွဲရာ ကနေကြရတာပဲ ဖြစ်ပါတယ်။

လူတိုင်းကလိုက်နေကြတော့ ကိုယ်ကပါရောယောင်ပြီးလိုက်ရတာပေါ့ဗျာ။ လူအသိုင်းအဝိုင်းမှာ လူတန်းစေ့အခြေအနေလေးဆိုတာရဖို့ ဒီထောင်ချောက်စက်ဝိုင်းကြီးထဲဆင်းနေရမှာပါပဲ။

အများမိုးခါးရေသောက်လို့ကိုယ်ပါလိုက်သောက်နေရတာမျိုးနဲ့တူတူပါပဲ။

ဒီ Hedonic Treadmill ရဲ့အမှောင်ဘက်ခြမ်းက ဘာလဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ ပျော်ရွှင်မှုကို လိုက်ရှာရင်းနဲ့ပဲ မပျော်မရွှင် ဖြစ်နေကြရတာပါပဲ။

လူသားတွေက ပိုပြီး ချမ်းသာအောင်၊ ပိုပြီး အဆင်ပြေအောင် နည်းပညာတွေ၊ စီးပွားရေးစနစ်တွေကို တီထွင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ရလဒ်ကတော့ စိတ်ကျေနပ်မှုရဲ့ စံနှုန်း ကလည်း လိုက်ပြီး မြင့်တက်သွားတာမို့လို့ ဘယ်လောက်ပဲ ပိုင်ဆိုင်ပါစေ စိုးရိမ်သောကတွေ၊ အထီးကျန်မှုတွေနဲ့ စိတ်ဓာတ်ကျတာတွေက ခေတ်သစ်လူသားတွေကြားထဲမှာ ပိုပြီးတော့တောင် များလာခဲ့ပါပြီ။

ကျွန်တော်တို့တွေ ပိုက်ဆံ ပိုရဖို့ ကြိုးစားတိုင်း၊ အောင်မြင်မှုအသစ်တွေနောက် လိုက်တိုင်း... ဦးနှောက်ထဲက စနစ်ဟောင်းကြီးက “မင်း ရောက်နေတဲ့ နေရာက မလုံလောက်သေးဘူး။ရှေ့ကို ထပ်ပြေးဦး” ဆိုပြီး ရင်ထဲမှာ မလုံခြုံမှုတွေကို အတင်းလာထည့်ပေးနေမှာပါပဲ။

ဒီတော့... ကမ္ဘာပေါ်မှာ အသိဉာဏ်အရှိဆုံးလို့ ကြွေးကြော်ထားတဲ့ လူသားတွေဟာလည်း သဘာဝတရားက ဖန်တီးထားတဲ့ စက်ဝိုင်းထောင်ချောက်ကြီးထဲမှာ အဆုံးသတ်မဲ့ ပျော်ရွှင်မှု အတုအယောင်ကို ဖမ်းဆုပ်
ဖို့ကြိုးစားရင်း သေမင်းဆီကို တဖြည်းဖြည်း ချဉ်းကပ်သွားနေကြရတာပါပဲဗျ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

📚 အခု ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ The Hedonic Treadmill ရဲ့ ဖြစ်ရပ်မှန် သုတေသနတွေနဲ့ စိတ်ပညာ အမှောင်ဘက်ခြမ်း အကြောင်းအရာတွေဟာ…

ကမ္ဘာကျော် စိတ်ပညာရှင် Daniel Kahneman ရဲ့ Thinking, Fast and Slow စာအုပ်ထဲက Well-Being ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်တွေနဲ့ စိတ်ပညာရှင် Philip Brickman တို့ရဲ့ ဖြစ်ရပ်မှန် စစ်တမ်းတွေပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

ဒီအလိုမပြည့်နိုင်တဲ့ စက်ဝိုင်းကြီးအကြောင်းကို ပိုပြီး အတွေးနက်နက်နဲ့ စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့ စာအုပ် ၃ အုပ်ကို မဖြစ်မနေ ရှာဖွေဖတ်ရှုဖို့ ညွှန်းပါရစေဗျာ။

📖 The Myths of Happiness
By Sonja Lyubomirsky

ဒီစာအုပ်ကတော့ ဆောင်းပါးထဲမှာပါတဲ့ အိမ်ကြီးကြီးဝယ်နိုင်မှ၊ အောင်မြင်မှုရမှ တစ်သက်လုံး ပျော်ရတော့မယ်ဆိုတဲ့ စိတ်ကူးယဉ်အမှား တွေကို Hedonic Adaptation ရဲ့ သဘောတရားတွေနဲ့ အပြတ်အသတ် ချေဖျက်ပြထားတဲ့ စာအုပ်ကောင်း ဖြစ်ပါတယ်။

📖 Stumbling on Happiness
By Daniel Gilbert

လူသားတွေဟာ အနာဂတ်မှာ ဖြစ်လာမယ့် ခံစားချက်တွေကို ဘာလို့ အမြဲတမ်း လွန်လွန်ကဲကဲ မှားယွင်းတွေးတောမိတတ်လဲ၊ ဦးနှောက်က ဘယ်လိုမျိုး ထောင်ချောက်ဆင်တတ်လဲဆိုတာကို ဟာသဉာဏ်ရွှင်ရွှင် စမတ်ကျကျနဲ့ ရှင်းပြထားတဲ့ Harvard စိတ်ပညာပါမောက္ခရဲ့ လက်ရာမွန် ကျမ်းတစ်စောင်ပါ။

📖 Wanting: The Power of Mimetic Desire in Everyday Life

By Luke Burgis

ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းမှာပါတဲ့ အများမိုးခါးရေသောက်လို့ ကိုယ်ပါ လိုက်သောက်နေရတဲ့အရင်းရှင်စနစ်နဲ့ စားသုံးသူဝါဒ Consumerism အကြောင်းကိုအကျယ်တဝင့်ဆွေးနွေးထားတဲ့စာအုပ်ပါ။

ဒီစာအုပ်ထဲမှာတော့ လူတွေဟာ သူတပါး လိုချင်တာကို လိုက်လိုချင်ရင်း ဒီထောင်ချောက်စက်ဝိုင်းထဲ ဘယ်လို သက်ဆင်းသွားကြလဲဆိုတာကို အတွေးအခေါ်ပိုင်းအရ အကျယ်တဝင့် မီးမောင်းထိုးပြထားပါတယ်ဗျာ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

ဘဝဆိုတာ အဆုံးသတ်မှာ ဘာတွေပိုင်ဆိုင်သွားလဲဆိုတာထက်... ကိုယ်တိုင် ဖန်တီးထားတဲ့ ပြေးစက် ကြီးပေါ်မှာ ဘယ်လောက်ကြာကြာ ပြေးခဲ့ရလဲဆိုတာကို ပြန်တွေးပြီး နောင်တရရတဲ့ ကစားပွဲတစ်ခုပါပဲ။

ပြေးစက်ပေါ်က ဆင်းဖို့အတွက် အဓိကသော့ချက်က ပိုမြန်အောင် ပြေးဖို့ မဟုတ်ပါဘူး။ ပြေးနေတာကို ရပ်တန့်လိုက်ဖို့ပဲ ဖြစ်ပါတယ်ဗျာ။

ဒီတော့... နောက်တစ်ခါ ငါ ဒါလေးရရင်တော့ ပျော်ရတော့မှာပဲ လို့ တွေးမိတိုင်း သတိထားပါဗျာ။

ကိုယ့် ရဲ့ ပျော်ရွှင်မှု လိုအင်ဟာ တကယ့်လိုအပ်ချက် မဟုတ်ဘဲ ခေတ်သစ် စားသုံးသူဝါဒက ကိုယ့်ရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ပြေးစက်ပေါ် အတင်းတွန်းတင်နေတာ ဖြစ်နိုင်လို့ပါပဲ။

အလိုမပြည့်နိုင်တဲ့ စက်ဝိုင်းထဲမှာ ကျွန်တော်တို့ ဘယ်လောက်အထိ အသက်ဆက်ပြီး အလိမ်ခံနေကြဦးမလဲဗျ။

ဒီတော့... စိတ်မောစရာကောင်းတဲ့ ဒီပြေးစက်ကြီးပေါ်ကနေ ကျွန်တော်တို့ ဘယ်လိုဆင်းကြမလဲပေါ့။

စိတ်ပညာရှင်တွေ ညွှန်ပြတဲ့ လက်တွေ့ကျတဲ့ သော့ချက်ကတော့ ရှင်းရှင်းလေးပါ။

🔖ကျေးဇူးတင်တတ်တဲ့စိတ်ကို လေ့ကျင့်ပါ…

မရှိသေးတဲ့အရာတွေကို လိုက်ကြည့်ပြီး ပူလောင်မယ့်အစား ကိုယ့်လက်ထဲမှာ ရှိနှင့်နေပြီးသား အရာလေးတွေ ကို သတိပြုပြီး ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်က Dopamine ကို တည်ငြိမ်စွာ ထွက်ရှိစေပါတယ်။

🔖ပစ္စည်းထက် အတွေ့အကြုံကို ဝယ်ပါ…

ဖုန်းအသစ်၊ ကားအသစ်တွေက ရက်ပိုင်းအတွင်း ရိုးအီသွားတတ်ပေမဲ့ ချစ်ရသူတွေနဲ့ ခရီးသွားတာ၊ အမှတ်တရတွေ ဖန်တီးတာ၊ ဗဟုသုတအသစ်တွေ သင်ယူတာကနေရတဲ့ ပျော်ရွှင်မှုကတော့ ဦးနှောက်ထဲမှာ ရေရှည် Adapt မဖြစ်ဘဲ ရင်ထဲမှာ အမြဲ လန်းဆန်းနေစေပါတယ်။

🔖လက်ရှိပစ္စုပ္ပန်မှာ နေထိုင်ပါ…

အနာဂတ်ရဲ့ စိတ်ကူးယဉ် မျှော်လင့်ချက်တွေနောက်ကို အမဲလိုက်ခွေးလို လိုက်ဖမ်းနေတာကို ခေတ္တရပ်ပြီး အခုလက်ရှိ ရောက်နေတဲ့နေရာ၊ လုပ်နေတဲ့အလုပ်ပေါ်မှာပဲ စိတ်ကို အေးအေးချမ်းချမ်း အမြစ်တွယ်ထားလိုက်ပါ။

ကျွန်တော်တို့တွေက ပျော်ရွှင်ခြင်းဆိုတဲ့ မုန်လာဥနီအတုကြီးကို မိအောင် ဖမ်းဆုပ်ဖို့ အပြေးပြိုင်ရင်းသေမင်းဆီကို တဖြည်းဖြည်း ချဉ်းကပ်သွားနေကြရတာဟာ The Hedonic Treadmill ရဲ့ အမှောင်ဆုံး အမှန်တရားကြီးပါပဲ။

ပြေးစက်ပေါ်မှာ ရှင်သန်ခြင်းကို ရှာမတွေ့နိုင်ပါဘူး... ရှင်သန်ခြင်းဆိုတာ ပြေးစက်အပြင်ဘက်က လက်ရှိပစ္စုပ္ပန်မှာပဲ ရှိတာမို့လို့ပါပဲဗျာ။

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

Address

Yangon

Telephone

+46771753291

Website

Alerts

Be the first to know and let us send you an email when The Prince posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category