30/06/2020
Dr,Aye Min Htoo ရဲ့
vaseline lotion အကြောင်း
ကမ္ဘာပေါ်ကလူသုံးအများဆုံးအလှကုန်ပစ္စည်းတွေထဲမှာ Vaseline လည်းတခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ Vaseline လိမ်းဆေးတွေရဲ့သက်တမ်းဟာနှစ်ပေါင်း(၁၄၀)ကျော်နေပါပြီ။ Vaseline လို့ပြောလိုက်တာနဲ့အပြာရောင်ဗူးသေး(သုိ့မဟုတ်) Vaseline lotion ကိုပြေးမြင်ကြမှာပါ။ Vaseline ဟာ နာမည်အကြီးဆုံး လူသုံးကုန်ပစ္စည်းထဲမှာပါဝင်ပေမယ့် တကယ့်အသုံးဝင်ပုံကို နားလည်သူရှားနေပါသေးတယ်။ ဒီဆောင်းပါးဟာ Vaseline original jelly နဲ့ Vaseline lotion အကြောင်း အဓိကထားပြောကြားသွားမှာ ဖြစ်ပါတယ်။
Vaseline Jelly ဆိုတာ Petroleum jelly ကို နာမည်တပ်ပေးလိုက်တာပါ။ Petroleum jelly ကို petrolatum လို့အလွယ်ခေါ်တယ်။ ရေနံကရပြီး ဂျယ်လီလို အိပျော့ပျော့ပုံစံမျိုးရှိလို့ ရေနံဖယောင်းလို့လူသိများတယ်။ petroleum jelly ဆိုတာ wax(အဆီခဲ)နဲ့mineral oil (သတ္တုဆီ) ကို ရောစပ်ထားတာဖြစ်တယ်။ ဒီလိုရေနံဖယောင်းကို အင်္ဂလန်နွယ်ဖွား အမေရိကန်ဓာတုပညာရှင် Robert Augustus Chesebrough ဆိုသူက ၁၈၇၀ခုနှစ်မှာ စတင်တွေ့ရှိခဲ့တယ်။ သူတွေ့ရှိခဲ့ပုံကလည်း နည်းနည်းဆန်းတယ်။ ရေနံလုပ်သားတွေဟာ သူတို့အနာတွေ၊ မီးလောင်ဒဏ်ရာတွေ ကျက်အောင် ရေနံတူးဖော်တဲ့အခါ ဘေးမှာ အိုင်ကျန်ခဲ့တဲ့ ဒီစေးကပ်ကပ်၊ ပျစ်ချွဲချွဲအရည်တွေကို လိမ်းကျံတာမြင်တွေ့ခဲ့ရလုိ့ပါ။ အကြံကောင်းတချက်က တသက်စာအတွက်ဆိုသလို ရေနံကရတဲ့ petroleum jelly ကို Vaseline အမည်တပ်ပြီး ထုတ်လုပ်လိုက်တဲ့အခါ သူ့နာမည်က သမိုင်းဝင်သွားပါတယ်။
Vaseline ဆိုတဲ့အဓိပ္ပါယ်ဟာ ဂျာမန်စကားလုံး Wasser "ရေ"နဲ့ဂရိစကား elaion “အဆီ" ကို ပေါင်းစပ်ခေါ်ဝေါ်ခဲ့တာလုိ့ အဆိုရှိတယ်။ အသံထွက်တဲ့အခါ "ဗက်စလင်း"လို့ အသံထွက်ပါ။ အဲဒီခေတ်က အမေရိကန်လူမျိုးအများစုဟာ အသားအရေခြောက်သွေ့ကြမ်းတမ်းကြပါတယ်။ ဒါက်ိုသတိပြုမိတဲ့ Chesebrough ဟာ ရေနံကရတဲ့ petroleum jelly ကို သန့်စင်အောင်လုပ်ပြီး အံ့ဖွယ်သရဲထူးကဲတဲ့ ဂျယ်လီ(wonderful jelly) ဆိုပြီး ရောင်းချလိုက်တဲ့အခါ အကြီးအကျယ်အောင်မြင်မှုရခဲ့တယ်။ ၁၈၇၂ရောက်တဲ့အခါ ဒီpetroleum jelly ကို vaseline ဆိုတဲ့ နာမည်နဲ့ အမေရိကားမှာ တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီခေတ်ကာလကတည်းက Vaseline နာမည်ဟာ အမေရိကန်မှာသာမဟုတ် ဗြိတိန်နိုင်ငံထိပါ ပေါက်ရောက်ခဲ့တယ်။ ဗြိတိသျှနေမဝင်အင်ပါယာကို အုပ်စိုးတဲ့ ဗစ်တိုးရီးယားဘုရင်မကြီးကိုယ်တိုင် Vaseline jelly ကို အသုံးပြုခဲ့ရုံမက ထုတ်လုပ်နိုင်ခဲ့တဲ့ ချီစ့်ဘရော့ကို သူကောင်းဘွဲ့ ချီးမြင့်မြှောက်စားခဲ့ပါတယ်။
Vaseline Jelly အဆီရဲ့ အာနိသင်က ရေနဲ့ရောဂါပိုးမွှား မဝင်ရောက်နိုင်အောင် အရေပြားအပေါ်ဖက်က အဆီလွှာတထပ်အနေနဲ့ ကာဆီးလိုက်တဲ့ သဘောပါ။ လေဒဏ်၊မိုးဒဏ်ခံနိုင်စေဖို့ ခေါင်မိုး၊သွပ်ပြားတွေနဲ့ ကာကွယ်ရသလို ရောဂါပိုးမွှားကာကွယ်ဖို့အတွက်လည်း ဒီအဆီက အသုံးဝင်ပါတယ်။ အဆီက အရေပြားလွှာမှာ ကာကွယ်ပေးထားလို့ အစိုဓာတ်ထိန်းသိမ်းရာလည်း ရောက်တယ်။ Vaseline သုံးစွဲခြင်းရဲ့ အဓိကအာနိသင်(၂)ခုက အစိုဓာတ်ထိန်းဖို့နဲ့ အနာကျက်မြန်စေဖို့ ဖြစ်တယ်။ စျေးကွက်ထဲမှာ မြင်တွေ့နေကျ အပြာရောင်အဖုံးပိတ်ဗူးငယ်လေးတွေဟာ နဂိုပုံစံအတိုင်းထုတ်ထားတာဖြစ်လုိ့ Original Vaseline Jelly လုိ့ခေါ်ပါတယ်။
Vaseline jelly ရဲ့ အသုံးဝင်ပုံ
အစိုဓာတ်ထိန်းတဲ့ Vaseline jelly ကို နှုတ်ခမ်းခြောက်တဲ့အခါ အဆီအနေနဲ့ အသုံးပြုနိုင်တယ်။ eczema နှင်းခူနာမှာ လည်း အသုံးပြုကြတယ်။ ကလေးသေးခံလောင်တဲ့ diaper rash မှာလည်း အသုံးပြုနိုင်တယ်။ မျက်လုံးမိတ်ကပ်တွေ ဖျက်တဲ့အခါ နားကျပ်တံဂွမ်းနဲ့ Vaseline jelly နည်းနည်းယူပြီး ဖျက်ပေးနိုင်တယ်။ ဆံသားနှစ်ခွဖြစ်တဲ့အခါ အစိုဓာတ်ထိန်းတဲ့ Vaseline jelly တွေက အသုံးဝင်ပြန်သေးတယ်။ Vaseline jelly ကို လက်နဲ့နည်းနည်းယူ၊ လက်ဖဝါးထဲ ထည့်ပွတ်ပြီး ဆံသားအဖျားလေးတွေကို ခပ်ဖွဖွပွတ်ပေးပါ။ သတိပြုရမှာက ဖယောင်းအဆီပါတဲ့အတွက် ဗောက်ထသူ မသုံးသင့်ဘူး။ ဆံပင်ဆိုးဆေးတွေ အသုံးပြုတဲ့အခါ နဖူးတွေ၊ နားနောက်တွေမှာ ဆိုးဆေးတွေပေကြတာမျိုးရှိတယ်။ အဲလိုမဖြစ်အောင် Vaseline jelly ကို ဆိုးဆေးစွန်းထင်းနိုင်တဲ့ နဖူးစပ်တွေ၊ နားနောက်နေရာတွေမှာ ကြိုလိမ်းထားခြင်းဖြင့် ကာကွယ်နိုင်တယ်။ အက်ဆစ်လောင်တဲ့အခါ အရေပြားမှာ Vaseline လိမ်းပေးနိုင်တယ်။ တခြားအရေပြားနဲ့မဆိုင်တဲ့ အသုံးဝင်ပုံတွေလည်းရှိသေးတယ်။ ဥပမာ လက်စွပ်ကြပ်တာ၊ ချွတ်မရတဲ့အခါမျိုးမှာ အသုံးဝင်တာမျိုး၊ တံခါးပတ္တာတွေ ကျပ်နေရင်လည်း အသုံးဝင်တာမျိုးပါ။
သတိပြုစရာ
Vaseline petroleum jelly ဟာ ခန္ဓာကိုယ်ပြင်ပလိမ်းရာမှာ အလွန်အသုံးဝင်ပေမယ့် ရေနံက ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ပါးစပ်က မသောက်သုံးသင့်ပါဘူး။ လိင်ဆက်ဆံရာမှာ ချောဆီအနေနဲ့လည်း အသုံးမပြုသင့်ပါဘူး။ ပြည်တည်နာတွေမှာ Vaseline သုံးခြင်းဟာ ကောင်းဖို့ထက်ဆိုးဖို့ကိုသာ ဦးတည်နေပါတယ်။ အနာတွေပေါ် လိမ်းတဲ့အခါ ပြည်မရှိဖို့လိုပါတယ်။
နောက်တစ်ပိုင်းကတော့ လူသုံးများတဲ့ Vaseline lotion တွေ အကြောင်းပါ။
Vaseline lotion တွေအကြောင်း
Vaseline lotion တွေဟာ နေလောင်ကာကွယ်ဖို့သာမက အစိုဓာတ်ထိန်းသိမ်းရာမှာလည်း အသုံးဝင်တယ်။ ဥပမာ ခြေဖနောင့်ကွဲအက်တယ်ဆိုပါစို့။ ခြေဖနောင့်ကို အသင့်အတင့်နွေးတဲ့ ရေနွေးထဲမှာ စိမ်ပြီး ၅-၁၀မိနစ်ထား၊ ခြောက်အောင်ပြန်သုတ်၊ ပြီးမှ Vaseline lotion လေးလိမ်းပေးလိုက်ရင် ဖနောင့်ကွဲအက်တာ သက်သာလာတယ်။ အစိုဓာတ်ထိန်းဖို့ ရွေးချယ်တဲ့အခါ ရှားစောင်းလက်ပပ်ပါတဲ့ အစိမ်းရောင် Vaseline aloe soothe လိုးရှင်းနဲ့ အဝါရောင် Vaseline Deep Restore Lotion က အကောင်းဆုံးဖြစ်ပါတယ်။ Intensive Care ဖော်မြူလာနဲ့ ထုတ်ထားလို့ အသားအရေအတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်မှု မြန်ဆန်တယ်။ အသားခြောက်ပြီး Sensitive အသားအရေမျိုးရှိတယ်ဆိုရင်တော့ Vaseline အစိမ်းရောင်က သင့်တော်ပြီး အသားအရေ အရမ်ခြောက်ပြီး မွဲတာ၊ ကြမ်းတမ်းတာ၊ အကြေးခွံလန်တဲ့အခြေနေမျိုးမှာ Glycerin ပိုပါတဲ့ Vaseline အဝါရောင်က ပိုအသုံးဝင်တယ်။
နောက်တမျိုးက ပန်းရောင် Healthy White နေလောင်ကာ လိုးရှင်းတွေ ဖြစ်ပါတယ်။ ပန်းရောင် Healthy White UV Lightening Lotion နဲ့ Sun+Pollution Protection Lotion ဆိုပြီး (၂) မျိုးရှိပါတယ်။ Vaseline sun + pollution protection lotion မှာ အားသာချက်သုံးခုရှိပါတယ်။ တခုက Vaseline Jelly အရည်စက်လေးတွေ ပါဝင်တာကြောင့် အသားအရေအတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်ပေးနိုင်တယ်။ စေးကပ်မှုမရှိဘူး။ နောက်တခုက နေလောင်ခြင်းကြောင့်ဖြစ်တဲ့အမဲစက်၊အမဲကွက်တွေကို ပြန်လည်ဖြူဝင်းလာစေဖို့ vitamin B3 ပါဝင်တယ်။ octocrylene, ensulizole နဲ့ ethylhexyl salicylate ပါဝင်နေတာကြောင့် ခရမ်းလွန်ရောင်ခြည်ဘီ (UVB)အမျိုးအစားကို ကာကွယ်ပေးရုံမက ခရမ်းလွန်ရောင်ခြည်အေ(UVA) အမျိူးအစားကို ကာကွယ်ပေးတဲ့ avobenzone ပါဝင်နေခြင်းကြောင့် broad spectrum sunscreen အမျိုးအစားဖြစ်နေတာပါ။ နောက်ဆုံးတစ်ခုကတော့ Pollution Protection Formula ပါတဲ့အတွက် လေထုညစ်ညမ်းမှုတွေဖြစ်တဲ့ ဖုန်မှုန့်နဲ့ မီးခိုးငွေ့တွေကနေပါ ကာကွယ်ပေးပါတယ်။ အသားဖြူချင်သူ၊ နေလောင်ကာကွယ်ချင်သူတွေအနေနဲ့ ပန်းရောင်လိုးရှင်းကို အဓိကရွေးချယ်သင့်တယ်။
လိုးရှင်းလိမ်းနည်း
အသားဖြူချင်တဲ့ခါ ပန်းရောင်လိုးရှင်းကို မနက်တကြိမ်၊ ညနေတကြိမ်လိမ်းပေးရတယ်။ ပူပြင်းခြောက်သွေ့တဲ့နေ့ပိုင်းတွေမှာ ၂နာရီခြားတခါ လိမ်းပေးနိုင်ရင် အကောင်းဆုံးဖြစ်တယ်။ အသားအရေခြောက်သွေ့ကွဲအက်တဲ့အခါ အစိမ်းရောင်လိုးရှင်းဗူး ဒါမှမဟုတ် အဝါရောင်ကို မနက်တကြိမ်၊ ညတကြိမ်လိမ်းပေးရုံနဲ့ လုံလောက်တယ်။
ဘယ် Vaseline lotion သုံးရင်အသားဖြူမှာလဲ
Vaseline နဲ့ပက်သတ်ပြီး အမေးများတဲ့ မေးခွန်းတခုကို ဒီနေရာမှာ ဖြေပါရစေ။ Vaseline လိုးရှင်းထဲမှာ intensive care နဲ့ healthy white စီးရီးနှစ်ခုက နာမည်ကြီးပါတယ်။ မြန်မာလူမျိုးအများစုဟာ အသားဖြူချင်ကြတယ် ။အသားဖြူချင်တဲ့အခါမျိုးမှာ vaseline ရဲ့healthy white အမျိုးအစားကို အဓိကအသုံးပြုသင့်ပါတယ်။ intensive care ကတော့ အရေပြားအတွင်းပိုင်းထိ ပိုပြီး အစိုဓတ်ဖြည့်ပေးနိုင်တာပါ။ အသားခြောက်တဲ့သူတွေ အရေပြားအတွင်းပိုင်းထိ အစိုဓာတ်ဝင်ရောက်စေချင်တဲ့အခါမျိုးမှာ Intensive Care series တွေကိုအဓိကသုံးသင့်တယ်။ မိုးတွင်းလို ကာလမျိုးမှာ အသားဖြူစေဖို့နဲ့ နေလောင်ကာကွယ်ဖို့အတွက်ဆိုရင် Vaseline healthy white UV Lightening ပန်းရောင်ဗူးသုံးရုံနဲ့ လုံလောက်ပါတယ်။
ဒေါက်တာအေးမင်းထူး
၂၃.၇.၁၉