05/01/2024
စာဖတ်ခြင်းဟာ ကောင်းသော အလေ့အကျင့်ကောင်းတစ်ခုပါ
ကလေးတွေကို တစ်ရက် တစ်နာရီလေးပဲ အချိန်ပေး စာဖတ်ပြပါ နောက်ဆို သူတို့လေးတွေကိုယ်တိုင် စာဖတ်တတ်တဲ့အလေ့အကျင့်ကောင်းလေးရလာပါလိမ့်မယ်နော်
စာဖတ်ခြင်း…📖
ခွေးတစ်ကောင်ဟာ မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ။
နောက်တစ်ကောင်က ထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ။
သူနင်းမိလို့ ပူတဲ့ကိစ္စကို တစ်ခြားခွေးတွေကို မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး။
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ဘာသာစကားမရှိလို့ ကိုယ်တိုင်ဖြစ်မှကိုယ်တိုင်သိရတာ။ ကမ္ဘာဦးအစ ခွေးတွေကနေ ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ။
တို့တစ်တွေလူတွေမှာတော့ အဲ့ဒီလိုမဟုတ်ဘူး။ ဘာသာစကားရှိတယ်။
မင်းတို့ငယ်ငယ်ကတည်းက တစ်ပါးသူရဲ့အတွေ့အကြုံကို လက်ဆင့်ကမ်းလာတာ။
အမေဖြစ်သူက အဲ့ဒါမကိုင်နဲ့ ပူပူ
အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့ မင်းကိုင်ပါဦးမလား…
မင်းအမေရဲ့ အတွေ့အကြုံ လက်ဆင့်ကမ်းမှုကြောင့် မင်း မီးကို အပူမှန်းသိသွားတယ်။
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်။
အောက်ဆီဂျင်ကို ခုချက်ခြင်း ဓာတ်ခွဲခန်းထဲမှာ မင်း ရှာဖွေဖော်ထုတ်နိုင်တယ်။
အဲ့ဒီအောက်ဆီဂျင်ကို မင်းရှာတွေ့ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် ရှာတွေ့ခဲ့တဲ့ပညာရှင်က လက်ဆင့်ကမ်းခဲ့လို့ မင်း ချက်ခြင်းဖော်ထုတ်နိုင်တယ်။ ဒါအတွေ့အကြုံကို လက်ဆင့်ကမ်းတာပဲ။ ပညာသင်တယ် ပညာရှာတယ်ဆိုတာ ဒါပဲလေ။
ဘာသာစကားရှိလို့ တစ်ပါးသူရဲ့အတွေအကြုံကို လက်ဆင့်ကမ်းနိုင်တယ်။
တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းကြတယ်။ ဒါကြောင့်လည်း လူ့လောကကြီးက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့။
အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ နှစ်မျိူးရှိတယ်။
တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တစ်ခုက သူ့ရဲ့အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ။
ဥပမာ
အောင်မြင်သူတွေရဲ့ အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင် သူတို့ရဲ့အတွေးအကြံ၊ အတွေ့အကြုံတွေ မင်းရလာမယ်။
မင်းစိတ်ဓာတ်တွေ မာကျောလာမယ်။
ထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်။ အောင်မြင်သူတွေလည်း
အခက်အခဲတွေကြားက ရုန်းထကြတာကိုး။
ဒါမို့ စာဖတ်ခိုင်းတာ စာဖတ်တဲ့နေရာမှာလည်း နည်းနည်းဖတ်မိတောင် များများတွေးပါ။ လိုက်နာပါ။ ကျင့်သုံးပါ။
သူတစ်ပါးရဲ့အတွေ့အကြုံကို
ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ ပေါင်းစပ်ပါ။
ကိုယ့်ကိုယ်ကိုယ်ခိုင်း
ကိုယ့်ကိုယ်ကိုယ်မခိုင်းရင်
သူများခိုင်းတာ ခံရတတ်တယ်။
စဉ်းစားတွေးတောပေးရတယ်။
ဦးနှောက်ကို ခါးတောင်းကျိုက်ပါ။
ဒါမှ ခေါင်းဆောင်ဖြစ်မှာ။
လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့။
စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့။
စာဖတ်တယ်ဆိုတာ
တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင် လုပ်တာ။
တစ်ပါးသူရဲ့ အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ် ရယူတာပဲ။
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်။
လူမိုက်တို့သည်
ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်။
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့။
ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့။
စာကြည့်တိုက် တစ်တိုက်ဖွင့်ရင်
အချူပ်ထောင်မှာ လူငါးယောက်လျော့မယ်။
စာဖတ်တဲ့လူဟာ
အသိအဉာဏ် အားကောင်းလာတယ်။
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်။
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ။
စာဖတ်ပါ။
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ။
စာဖတ်ပါ။
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ။
စာဖတ်ပါ။
မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါ။
လေ့လာပါ။
ဆည်းပူးပါ။
စာဖတ်ပါ။
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ။
ဘဝကို
ဦးနှောက်က ဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနှောက်ကို ဦးစားပေးတဲ့စာမျိူး
များများဖတ်စေချင်တယ်။
@ဆရာအောင်သင်း
photo - ရန်ကုန်မြို့၊ စာအုပ်အဟောင်းတန်းတစ်နေရာ