Ven Dr RevataDhamma

Ven Dr RevataDhamma အလုပ်ကောင်းရင် ကံကောင်းတယ်

05/11/2025

🙏🙏မြင့်မြတ်စာဂီ ပါရမီ🙏🙏
ဘုရားလောင်းများ ဗျာဒိတ်မရသေးမီ ပါရမီဖြည့်ရသော ကာလနှင့်ဘုရားလောင်းများ မဖြစ်ထိုက်သော ဌာနများ
#ဘုရားလောင်းတို့၌ပြည့်စုံသော ဗုဒ္ဓဘူမိ လေးပါး
#ဘုရားလောင်းတို့၌ ပြည်စုံသော အဇ္ဈာသယ ၆-ပါး

“ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား၊ ဗျာဒိတ်မရသေးမီ ဘုရားဆု တောင်းခြင်းအကြောင်းကို ဗုဒ္ဓအပဒါန် ပါဠိတော်၌ ဟောတော်မူသောကြောင့်ထင်ရှား သိရပါပြီ။ ထို့အတူ ဗျာဒိတ်ရပြီးမှ ဘုရားဆုကိုတောင်းခြင်းသည်လည်း ဗုဒ္ဓဝံသ ပါဠိတော်၌ ဟောတော်မူသောကြောင့် ထင်ရှားပါပြီ။ ဗျာဒိတ်ရပြီး ဘုရားလောင်း တို့သည် ဘုရားအဖြစ်သို့ ရောက်အောင် ဖြည့်ကျင့်ရသော ကမ္ဘာကာလသည်လည်း အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းရှိကြောင်းကို ဗုဒ္ဓဝံသပါဠိတော်၌ ဟောတော်မူသောကြောင့် ထင်ရှားပါပြီ။ ယခုတဖန် ဗျာဒိတ်မရသေးမီ ပတ္ထနာ ပြုသော ဘုရားလောင်းတို့သည် အဘိနီဟာရဗျာဒိတ်ရနိုင်ရန် ဖြည့်ကျင့်ရသော ကမ္ဘာကာလသည်ကား အဘယ်မျှ ကြာပါသနည်း မြတ်စွာဘုရား” ဤသို့အရှင်အာနန္ဒာက မေးလျှောက်တော်မူပြန်သည်။ “ချစ်သားအာနန္ဒာ၊ အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အလတ်စား ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အလွန်ဆုံး တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ရ၏။ ဤသို့သော ကာလပတ်လုံး ပါရမီဖြည့်မှ ဉာဏ်ရင့်ခြင်းသို့ ရောက်၏။ ဤမျှလောက်ကြာအောင် ပါရမီကိုဖြည့်၍ ဉာဏ်ရင့်ခြင်းသို့ ရောက် သော်လည်း ဗျာဒိတ်မရသေးသော ဘုရားလောင်းအား နိယတဗျာဒိတ်ကို ရစေရန် လူစင်စစ်ဖြစ်ခြင်း စသော အင်္ဂါရှစ်ပါး ပြည့်စုံဖို့လိုသေးသည်ဟု ဟောပြတော်မူသည်။

ဘုရားလောင်းများ မဖြစ်ထိုက်သော ဌာနများ

နိယတဗျာဒိတ်ကို ရတော်မူကုန်သော ဘုရားအလောင်းတော်တို့သည် ဇစ္စန္ဓ = ဝမ်းတွင်းကန်း၊ ဇာတိဗဓိရ = ဝမ်းတွင်းပင်း၊ ဇစ္ခုမ္မတ္တက = ဝမ်းတွင်းရူး၊ ဇဠမူဂ = ဝမ်းတွင်းအ။ ဇာတိပီဌသမ္ပိ = ဝမ်းတွင်းဆွံ့၊ ဤကဲ့သို့သော ဘဝမျိုး တို့၌ မဖြစ်ကုန်။ မိလက္ခူ = လူရိုင်းမျိုး၊ ဒါသိပုတ္တ=အိမ်ပေါက်ကျွန်မျိုး၊ နိယတမိစ္ဆာဒိဋ္ဌိလူမျိုး ဤဆိုခဲ့သော အမျိုးတို့၌ မဖြစ်ခဲ့။ လိင်ပြန်ခြင်းမရှိ။ မိန်းမ, နပုံးပဏ္ဍုက်, ဥဘတောဗျည်းမဖြစ်။ အမိသတ်ကံ, အဖသတ်ကံ, ရဟန္တာသတ်ကံ, ဘုရားရှင်ကို သွေးစိမ်းတည် အောင်ပြုသောကံ, သံဃာသင်းခွဲသောကံ၊ ဤကံကြီးငါးပါးတို့ကို မပြုကုန်၊ ပြုမည့်သူ မဖြစ်ကုန်။လက်တို, ခြေတို, အနူအရွဲမဖြစ်၊ တိရစ္ဆာန်ဘဝတွင်လည်း ငုံးအောက်ငယ်သော တိရစ္ဆာန်, ဆင်ထက်ကြီးသော တိရစ္ဆာန်မဖြစ်။ အခါခပ်သိမ်း ရေငတ်၍ နေရသော ခုပ္ပိပါသိကပြိတ္တာ, တစ်ကိုယ်လုံး မီးလောင်ခံ၍နေရသော နိဇ္ဈာမတဏှိကပြိတ္တာမျိုး၌ မဖြစ်ကုန်။ ကိုယ်သုံးဂါဝုတ်, ခံတွင်းအပ်နဖားပေါက်မျှ, ထိပ်လယ်တည့်တည့် လယ်ပုစွန် မျက်စိကဲ့သို့ ပြူးပြူးထွက်သောမျက်စိ, အရိုး၌ အရေကပ်၍ ချောက်ကပ်သော အသားအရေရှိသော ကာလကဉ္စိက အသုရကာယ်မျိုးတို့၌လည်း မဖြစ်ကုန်။ ယူဇနာတစ်သောင်းကျယ်သော မဟာအဝီစိငရဲကြီး၌လည်း မဖြစ်။ စကြဝဠာတို့၏အကြား ဆားငန်ရေ လောကန္တရိကငရဲ၌ မဖြစ်။ ကာမဘုံတွင် မာရ်နတ်မဖြစ်။ အသညတ်ဘုံ၌ မဖြစ်။ သုဒ္ဓါဝါသငါးဘုံ, အရူပ လေးဘုံတို့၌မဖြစ်ကုန်။ ဘုရားပွင့်ရာ မဟာဗောဓိပင်ဖြင့် သတ်မှတ်အပ်သော ဤစကြဝဠာမှ တစ်ပါး အခြားသော စကြဝဠာတို့၌ မဖြစ်ကုန်။ နိယတဗျာဒိတ်ရပြီးသော ဘုရားအလောင်းတို့သည် ရှည်မြင့်စွာသော သံသရာ၌ ကမ္ဘာပေါင်းကုဋေဖြင့် မရေတွက်နိုင် သင်္ချေဖွဲ့၍ ပြရသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင်လည်ရသော်လည်း အလွန်ကြီးကျယ်သော ဆင်းရဲမှ လွတ်ကင်း ကြရကုန်၏။

ဘုရားလောင်းတို့၌ ပြည့်စုံသော ဗုဒ္ဓဘူမိ လေးပါး

၁။ လုံ့လကောင်းမွန်ခြင်း၊
၂။ ဉာဏ်ပညာကောင်းမွန်ခြင်း၊
၃။ ပါရမီရင့်သန် အဓိဋ္ဌာန်မြဲခြင်း၊
၄။ မေတ္တာပွားများခြင်း.. စသည်တို့နှင့် ပြည့်စုံရ၏။

အဇ္ဈာသယ ၆-ပါး အဓိပ္ပာယ် (၁) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် အိမ်ရာတည်ထောင် လူတို့ ဘောင်၌ အပြစ်ကို မြင်ကြကုန်သည်ဖြစ်၍ တောထွက်ခြင်းကို အလိုရှိကြ ခြင်း နေက္ခမ္မဇ္ဈာသယ၊ (၂) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် အပေါင်းအဖော်၌ မွေ့လျော် ပျော်ရွှင် ဆင်ခြင်မရှိ၊ သတိပေါ့ဖျင်း ရှုပ်ထွေးခြင်း၌ အပြစ်ကို မြင်ကြ ကုန်သည် ဖြစ်၍ အဖော်မရှိ တစ်ကိုယ်တည်းသာ ဆိတ်ငြိမ်ရာကို အလိုရှိကြခြင်း ပဝိဝေကဇ္ဈာသယ၊ (၃) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် အလိုယုတ်မာ သူ့ဥစ္စာကို ပြင်းစွာမက်မော လောဘဇော၌ အပြစ်ကို မြင်ကြကုန်သည်ဖြစ်၍ လောဘ မရှိခြင်းကို အလိုရှိကြခြင်း အလောဘ ဇ္ဈာသယ၊ (၄) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် ယုတ်မာဆိုးသွမ်း သောင်းကျန်း ရက်စက် သတ်ဖြတ်ညှဉ်းဆဲ မိုက်မဲစွာလှ မျက်ဒေါသ၌ အပြစ်ကိုမြင်ကြ ကုန်သည်ဖြစ်၍ ဒေါသမရှိခြင်းကို အလိုရှိကြခြင်း အဒေါသဇ္ဈာသယ၊ (၅) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် တွေဝေရောင်ဝါး ယုံမှားလွင့်ပျံ နှေးညံဖျင်းပေါ မိန်းမောနုံ့နှေးမှိုင်ငေးတွေးတော သို့လောသို့လော သဘောမသိ မသိဝိုးဝါး တရားမကျ မိုက်မောဟ၌ အပြစ်ကို မြင်ကြခြင်း အမောဟဇ္ဈာသယ၊ (၆) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် အိုတုံသေတုံ ဖြစ်တုံပျက်တုံ အလုံးစုံသော ဘုံဘဝ၌ အပြစ်ကို မြင်ကြကုန်သည်ဖြစ်၍ ဘုံသုံးပါးမှ ကင်းလွတ်ခြင်းကို အလိုရှိကြခြင်း နိဿရဏဇ္ဈာသယ.. တို့နှင့် ပြည့်စုံကြရသည်။ ဤအဇ္ဈာသယ ခြောက်ပါးနှင့်ပြည့်စုံသော သဗ္ဗညုဘုရားလောင်းတို့သည် ဗျာဒိတ်မရမီ ပတ္ထနာကာလတွင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဗျာဒိတ်ရပြီး အဘိနီဟာရကာလတွင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း အနည်းဆုံး ပါရမီဖြည့် ကြရသည်။

ဘုရားလောင်းတို့၌ ပြည်စုံသော အဇ္ဈာသယ ၆-ပါး

၁။ နေက္ခမ္မဇ္ဈာသယ၊
၂။ ပဝိဝေကဇ္ဈာသယ၊
၃။ အလောဘဇ္ဈာသယ၊ ပုံတော်စုံထေရအပဒါန်ဝတ္ထုတော်ကြီး
၄။ အဒေါသဇ္ဈာသယ၊
၅။ အမောဟဇ္ဈာသယ၊
၆။ နိဿရဏဇ္ဈာသယ၊

အဇ္ဈာသယ ၆-ပါး အဓိပ္ပာယ်
(၁) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် အိမ်ရာတည်ထောင် လူတို့ ဘောင်၌ အပြစ်ကို မြင်ကြကုန်သည်ဖြစ်၍ တောထွက်ခြင်းကို အလိုရှိကြ ခြင်း နေက္ခမ္မဇ္ဈာသယ၊
(၂) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် အပေါင်းအဖော်၌ မွေ့လျော် ပျော်ရွှင် ဆင်ခြင်မရှိ၊ သတိပေါ့ဖျင်း ရှုပ်ထွေးခြင်း၌ အပြစ်ကို မြင်ကြ ကုန်သည် ဖြစ်၍ အဖော်မရှိ တစ်ကိုယ်တည်းသာ ဆိတ်ငြိမ်ရာကို အလိုရှိကြခြင်း ပဝိဝေကဇ္ဈာသယ၊
(၃) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် အလိုယုတ်မာ သူ့ဥစ္စာကို ပြင်းစွာမက်မော လောဘဇော၌ အပြစ်ကို မြင်ကြကုန်သည်ဖြစ်၍ လောဘ မရှိခြင်းကို အလိုရှိကြခြင်း အလောဘ ဇ္ဈာသယ၊
(၄) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် ယုတ်မာဆိုးသွမ်း သောင်းကျန်း ရက်စက် သတ်ဖြတ်ညှဉ်းဆဲ မိုက်မဲစွာလှ မျက်ဒေါသ၌ အပြစ်ကိုမြင်ကြ ကုန်သည်ဖြစ်၍ ဒေါသမရှိခြင်းကို အလိုရှိကြခြင်း အဒေါသဇ္ဈာသယ၊
(၅) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် တွေဝေရောင်ဝါး ယုံမှားလွင့်ပျံ နှေးညံဖျင်းပေါ မိန်းမောနုံ့နှေးမှိုင်ငေးတွေးတော သို့လောသို့လော သဘောမသိ မသိဝိုးဝါး တရားမကျ မိုက်မောဟ၌ အပြစ်ကို မြင်ကြခြင်း အမောဟဇ္ဈာသယ၊
(၆) အလောင်းတော်မြတ် ဗောဓိသတ်တို့သည် အိုတုံသေတုံ ဖြစ်တုံပျက်တုံ အလုံးစုံသော ဘုံဘဝ၌ အပြစ်ကို မြင်ကြကုန်သည်ဖြစ်၍ ဘုံသုံးပါးမှ ကင်းလွတ်ခြင်းကို အလိုရှိကြခြင်း နိဿရဏဇ္ဈာသယ.. တို့နှင့် ပြည့်စုံကြရသည်။ ဤအဇ္ဈာသယ ခြောက်ပါးနှင့်ပြည့်စုံသော သဗ္ဗညုဘုရားလောင်းတို့သည် ဗျာဒိတ်မရမီ ပတ္ထနာကာလတွင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဗျာဒိတ်ရပြီး အဘိနီဟာရကာလတွင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း အနည်းဆုံး ပါရမီဖြည့် ကြရသည်။
(အရှင်ဓမ္မဿာမီဘိဝံသ စီရင်တော်မူခဲ့သော ပုံတော်စုံထေရအပဒါန်ဝတ္ထုတော်ကြီး)

ပစ္စေကဗုဒ္ဓါတို့ ဗျာဒိတ်မရသေးမီ ဖြည့်ကျင့်ရသောကာလ

တဖန်အရှင်အာနန္ဒာက“ကြီးသောလုံ့လ ရှိတော်မူသော မြတ်စွာဘုရား၊ သဗ္ဗညုမြတ်စွာဘုရားတို့အား ဗျာဒိတ်မရသေးမီ ပတ္ထနာဆုတောင်းဖြင့် ဖြည့်ကျင့် ရသော ကာလအပိုင်းအခြားကို လည်းကောင်း၊ ဗျာဒိတ်ရပြီးသော အဘိနီဟာရ ဆုတောင်းဖြင့် ဖြည့်ကျင့်ရသော ကမ္ဘာကာလ အပိုင်းအခြားကိုလည်းကောင်း ဟောကြားတော်မူ၍ သိရပါပြီ.. မြတ်စွာဘုရား။ ပစ္စေကဗုဒ္ဓါ တို့မှာမူကား အဘယ်မျှလောက်သော ကမ္ဘာကာလကြာအောင် ဗျာဒိတ်မရမီ ပတ္ထနာဆုတောင်း ဖြင့် ပါရမီဖြည့်၍ နေရပါသနည်း မြတ်စွာဘုရား။ ဗျာဒိတ်ရပြီး၍ အဘိနီဟာရ ဆုတောင်းဖြင့် အဘယ်မျှလောက် ကမ္ဘာကြာအောင် ပါရမီဖြည့်ရပါသနည်း မြတ်စွာဘုရား။ “ညီချစ်အာနန္ဒာ၊ ပစ္စေကဗုဒ္ဓါတို့အား ဗျာဒိတ်မရမီ နှစ်အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလပတ်လုံး ပတ္ထနာဆုတောင်းဖြင့် ဆုတောင်းလျက် ပါရမီကို ဖြည့်ရသည်။ ဤနှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ္ထနာဆုတောင်းရှိသော ပစ္စေက ဗုဒ္ဓါလောင်းတို့သည် ဗျာဒိတ်ရနိုင်ရန် အဘိနီဟာရဆုတောင်းကိုပြုရာ၌ အင်္ဂါငါးပါး ပြည့်စုံစေရသည်"

ပစ္စေကဗုဒ္ဓါတို့ ဗျာဒိတ်ရကြောင်း အင်္ဂါငါးပါး

၁။ လူစင်စစ်ဖြစ်ခြင်း၊
၂။ ယောက်ျားစင်စစ်ဖြစ်ခြင်း၊
၃။ ဘုရား ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့တွင် တစ်ပါးပါးကို ဖူးမြင်ရခြင်း၊
၄။ ကိုယ်ကို, အသက်ကိုစွန့်နိုင်ခြင်း၊
၅။ ပစ္စေကဗုဒ္ဓါအဖြစ်ကို အလွန်လိုချင်သော ဆန္ဒအားကြီးခြင်း၊
ဤငါးပါးသည် ပစ္စေကဗုဒ္ဓါတို့ နိယတဗျာဒိတ်ရကြောင်း အင်္ဂါငါးပါးတို့ ဖြစ်သည်။ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံ၍ နိယတဗျာဒိတ်ရပြီးသော အဘိနီဟာရ ပစ္စေကဗုဒ္ဓါလောင်းတို့သည် နောက်ထပ် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်မှ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်နိုင်သည်။

ပစ္စေကဗုဒ္ဓါလောင်းနှစ်မျိုး

၁။ ပတ္ထနာပစ္စေကဗုဒ္ဓါလောင်း၊
၂။ အဘိနီဟာရပစ္စေကဗုဒ္ဓါလောင်း၊

ဗျာဒိတ်မရသေးသော ပစ္စေကဗုဒ္ဓါလောင်းကို ပတ္ထနာပစ္စေကဗုဒ္ဓါလောင်း ဟုဆိုသည်။ ဗျာဒိတ်ရပြီးသော ပစ္စေကဗုဒ္ဓါလောင်းကိုမူ အဘိနီဟာရ ပစ္စေကဗုဒ္ဓါ လောင်းဟု ဆိုသည်။ ပတ္ထနာပစ္စေကဗုဒ္ဓါလောင်းသည် ဗျာဒိတ်မရမီ နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ နိယတဗျာဒိတ်ကိုရပြီး အဘိနီဟာရ ပစ္စေကဗုဒ္ဓါလောင်းအဖြစ်သို့ ရောက်သည်။ နိယတဗျာဒိတ်ရပြီးသော အဘိနီဟာရ ပစ္စေကဗုဒ္ဓါလောင်းသည် နောက်ထပ် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်သည်။ ပတ္ထနာဆုတောင်း ပစ္စေကဗုဒ္ဓါလောင်းသည် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း မပြည့်မီအတွင်း၌ နေ့တိုင်းနေ့တိုင်း ဝေဿန္တရာကဲ့သို့ အလှူကြီး ပေးလျှင်သော် လည်းကောင်း၊ နေ့တိုင်းနေ့တိုင်း သီလစသော ပါရမီတို့ကို ဖြည့်ကျင့်လျှင်သော် လည်းကောင်း နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း မပြည့်မီအတွင်း၌ ဗျာဒိတ်မရနိုင်။ ထို့အတူ နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ပြီး၍ အင်္ဂါငါးပါးနှင့် ပြည့်စုံသဖြင့် နိယတဗျာဒိတ်ရပြီးသော အဘိနီဟာရ ပစ္စေကဗုဒ္ဓါလောင်းသည်လည်း ရှေးနည်းအတူ ဝေဿန္တရာကဲ့သို့ ကြီးစွာသော အလှူကြီးကို နေ့တိုင်းပေးလှူ သော်လည်း နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း မပြည့်မီအတွင်း၌ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ မရောက်နိုင်ဟု အပဒါန်အဋ္ဌကထာ၌ ဖွင့်ဆိုသည်။
(အရှင်ဓမ္မဿာမီဘိဝံသ စီရင်တော်မူခဲ့သော ပုံတော်စုံ ထေရ အပဒါန်ဝတ္ထုတော်ကြီး)

သာဝကရဟန္တာတို့ ပါရမီဖြည့်ကျင့်ရသော ကာလ
မဟာသာဝကကြီးတို့ ပါရမီဖြည့်ရသောကာလ
မယ်တော်,ခမည်းတော်,သားတော်,အလုပ်အကျွေးတို့ပါရမီဖြည့်ရသောကာလ

“ကြီးသော လုံ့လရှိတော်မူသောမြတ်စွာဘုရား၊ သာဝကတို့၏ အဘိနီဟာရ ကမ္ဘာကာလအပိုင်းအခြားကို ထိုထိုသာဝက ရဟန္တာတို့သည် ကိုယ်စီကိုယ်စီ အသီးအသီးထုတ်ဖော်၍ ထေရအပဒါန်, ထေရီအပဒါန် ပါဠိတော်တို့၌ ဟောတော် မူကြ၍ သိရပါပြီ၊ ဗျာဒိတ်မရမီ ပါရမီဖြည့်ရသော ပတ္ထနာကာလ ကမ္ဘာအပိုင်းအခြား ကိုမူကား မသိရသေးပါဘုရား။ သာဝက ရဟန္တာတို့၏ ပတ္ထနာ ကာလသည်ကားအဘယ်မျှလောက် ကမ္ဘာကာလ ပါရမီဖြည့်မှ အဘိနီဟာရ ဗျာဒိတ် ရပါသနည်း မြတ်စွာဘုရား” ဤသို့ အရှင်အာနန္ဒာက မေးလျှောက်ဖူးသည်။

အဂ္ဂသာဝကပါရမီဖြည့်ရသော ကာလ

လက်ယာတော်ရံ အရှင်သာရိပုတ္တရာနှင့် လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလ္လာန် အဂ္ဂသာဝကကြီးနှစ်ပါးတို့သည် ဗျာဒိတ်မရမီ ဆုတောင်း၍ ပါရမီဖြည့် ရသော ပတ္ထနာကာလမှာ တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြစ်သည်။ ဗျာဒိတ်ရပြီးမှ ဆုတောင်း၍ ပါရမီဖြည့်ရသော အဘိနီဟာရ ကာလသည် လည်း တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းပင် ဖြစ်သည်။ ထိုတစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းအောက် ယုတ်လျော့၍ တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း မပြည့်မီအတွင်း၌ ပတ္ထနာဆုတောင်း အဂ္ဂသာဝကလောင်းသည် အဘိနီဟာရဗျာဒိတ် မရနိုင်။ ဗျာဒိတ်ရပြီးသော အဘိနီဟာရဆုတောင်း အဂ္ဂသာဝကလောင်းသည်လည်း တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း မပြည့်မီအတွင်း၌ အဂ္ဂသာဝက ရဟန္တာအဖြစ်သို့ မရောက်နိုင်။ လက်ယာတော်ရံ အဂ္ဂသာဝိကာဖြစ်ကြသော ရဟန္တာမိန်းမ ခေမာထေရီ, လက်ဝဲတော်ရံ ရဟန္တာမိန်းမ ဥပ္ပလဝဏ္ဏာထေရီတို့သည် ဗျာဒိတ်မရမီပတ္ထနာ ကာလ တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းနှင့် ဗျာဒိတ်ရပြီး အဘိနီဟာရကာလ တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ အဂ္ဂသာဝိကာ ရဟန္တာမိန်းမအဖြစ်ကို ရကြကုန်၏။

မဟာသာဝကကြီးတို့ ပါရမီဖြည့်ရသောကာလ

အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ အစရှိသော မဟာသာဝက ရဟန္တာ ယောက်ျား၊ ပဋာစာရီထေရီ, ဓမ္မဒိန္နာထေရီ အစရှိသော မဟာသာဝိကာ ရဟန္တာ မိန်းမတို့သည်ကား ဗျာဒိတ်မရမီ ပတ္ထနာကာလ ကမ္ဘာတစ်သိန်း၊ ဗျာဒိတ်ရပြီး အဘိနီဟာရကာလ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်။ မယ်တော်, ခမည်းတော်, သားတော်, အလုပ်အကျွေးတို့သည်လည်း ဘုရားမယ်တော်ဖြစ်စေရန်, ဘုရားခမည်းတော်ဖြစ်စေရန်, ဘုရားသားတော်ဖြစ်စေရန်, ဘုရားအလုပ်အကျွေးဖြစ်စေရန် ဗျာဒိတ်မရသေးမီ ဆုတောင်း၍ ပါရမီဖြည့်ရ. သော ပတ္ထနာကာလမှာ ကမ္ဘာတစ်သိန်းဖြစ်ပြီး ဗျာဒိတ်ရပြီး ဆုတောင်း၍ ပါရမီ ဖြည့်ရသော အဘိနီဟာရကာလ ကမ္ဘာတစ်သိန်းပါရမီဖြည့်မှ မယ်တော်, ခမည်း တော်, သားတော်, အလုပ်အကျွေးအဖြစ်ကို ရကြကုန်၏ဟု အပဒါန်အဋ္ဌကထာ၌ ဖွင့်ဆိုသည်။
(အရှင်ဓမ္မဿာမီဘိဝံသ စီရင်တော်မူခဲ့သော ပုံတော်စုံ ထေရ အပဒါန်တော်ကြီး)ဝတ္ထုတော်

🌹🌹အမေးနှင့် အဖြေများ
Q. "ဘုရားနှင့် ပစ္စေကဗုဒ္ဓါ"တို့၏ တူပုံနှင့် ခြားနားပုံများ
ကို အသေးစိတ်လေးများ သိရှိခွင့်ရရင် သိရှိလိုပါသည်
အရှင်ဘုရား။
A. ဘုရား၊ ပစ္စေကဗုဒ္ဓတို့ရဲ့ ခြားနားချက်ကို မပြောခင် “ ဗောဓိနဲ့၊ ဗောဓိသတ္တ” အကြောင်းကို အရင်ပြောပြဖို့ လိုပါတယ်။

ဒီလို ဗောဓိအကြောင်းကို ပြောမယ်ဆိုရင် သာဝကအကြောင်းလည်း ထည့်ပြောရမှာဖြစ်လို့ မေးခွန်းထဲမှာ မပါပေမယ့် ဒီနေရာမှာ သာဝကအကြောင်းကိုပါ ထည့်သွင်းပြောကြားပေးမှာ ဖြစ်ပါတယ်။
ဗောဓိဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တွေကို ပြောတာဖြစ်ပြီး ဒီဉာဏ်တော်တွေကို ရဖို့ကြိုးစားကာ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေကို
ဗောဓိသတ္တလို့ ဆိုတာဖြစ်ပါတယ်။

★ဗောဓိသုံးမျိုးနဲ့ ဗောဓိသတ္တများ★
ဒီဗောဓိ၊ ဗောဓိသတ္တများဟာ အမျိုးအစားအနေနဲ့ သုံးမျိုးသုံးစား ရှိပါတယ်။ အဲဒါတွေကတော့
၁။ သမ္မာသမ္ဗောဓိ
၂။ ပစ္စေကဗောဓိ
၃။သာဝကဗောဓိ ဆိုတဲ့ဗောဓိသုံးမျိုးနဲ့ဒီဗောဓိဉာဏ်ကို ရရှိဖို့ ပါရမီဖြည့်ကျင့်ကြတဲ့ ဗောဓိသတ္တများဟာလည်း
သမ္မာသမ္ဗောဓိသတ္တ
ပစ္စေကဗောဓိသတ္တ
သာဝကဗောဓိသတ္တ ဆိုပြီး သုံးမျိုးသုံးစား ကွဲပြားကြပါတယ်။
ပါရမီဖြည့်ကျင့်တယ်ဆိုတာ 〝ဒါန၊ သီလ၊ နေက္ခမ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ″ ဆိုတဲ့ ပါရမီဆယ်းပါးကို ဘဝအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ဆည်းပူး ကြိုးစားအားထုတ်ခြင်းကို ဆိုတာဖြစ်ပါတယ်။
ဒီဉာဏ်တွေကိုရဖို့ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေဟာ ပါရမီပြည့်မြောက်ပြီး အဲဒီဉာဏ်အသီးသီးကို ရရှိတော်မူပြီးတဲ့ အခါမှာတော့
၁။ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သဗ္ဗညုမြတ်စွာဘုရား (အလုံးစုံးကို သိတော်မူတဲ့ဘုရား)
၂။ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပေစ္စေကဗုဒ္ဓ (ဘုရားငယ်)
၃။ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို (တပည့်သားအရိယာ သာဝက) လို့ ဖြည့်ကျင့်ပြီး ရရှိတဲ့ ဗောဓိဉာဏ်အလိုက် အမည်အဆင့်အတန်း ကွဲပြားကြပါတယ်။
★အလောင်းတော်များနဲ့ ပါရမီဖြည့်ရာကာလ★
သမ္မသမ္ဗောဓိသတ္တခေါ် သဗ္ဗညုမြတ်စွာဘုရားဖြစ်ဖို့ ပါရမီဖြည့်ကျင့်တော်မူကြတဲ့ ဘုရားလောင်းတွေ အနေနဲ့ ပွင့်တော်မူပြီး ဘုရားတစ်ဆူဆူထံမှာ “ဘယ်အချိန်မှာ ဧကန်မုချ ဘုရားဖြစ်လိမ့်မယ်”လို့ နိယတဗျာဒိတ် ရရှိတော်မူပြီးတဲ့နောက်မှာ ပညာကို အဓိကထားကျင့်တဲ့
“ပညာဓိက” ဘုရားလောင်းဆိုရင် လေးအသချေင်္နဲ့ ကမ္ဘာတစ်သိန်း၊
“သဒ္ဓါ”ကို အဓိကထားကျင့်တဲ့ သဒ္ဓါဓိက ဘုရားလောင်းဆိုရင်
ရှစ်အသချေင်္နဲ့ ကမ္ဘာတစ်သိန်း၊
“ဝီရိယ”ကို အဓိကထားကျင့်တဲ့ ဝီရိယာဓိက ဘုရားလောင်းဆိုရင် တစ်ဆယ့်ခြောက်အသချေင်္နဲ့ ကမ္ဘာတစ်သိန်း
ကြာအောင်ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီတော် အထွတ်အထိပ်ကို ရောက်တော်မူတဲ့ အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးတရားကို သိတဲ့မဂ်ဉာဏ်၊ ဘာပဲဖြစ်ဖြစ် အလုံးစုံအကုန်လုံးကို အကြွင်းမဲ့ သိမြင်တော်မူတဲ့ သဗ္ဗညုတဉာဏ်ဆိုတဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူပါတယ်။ အဲဒီလို သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ လောကသုံးပါးမှာ အတုမရှိ၊ အတူမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကို “သမ္မာသမ္ဗုဒ္ဓ ”(သဗ္ဗညုမြတ်စွာဘုရား)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
“ပစ္စေကဗောဓိသတ္တ”ခေါ် ပစ္စေကဗုဒ္ဓါ အလောင်းအလျာတွေ အနေနဲ့ “နှစ်သချေင်္နဲ့ ကမ္ဘာတစ်သိန်း” ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီပြည့်မြောက် အထွတ်အထိတ်ကို ရောက်တဲ့အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးကိုသိတဲ့ မဂ်ဉာဏ်လို့ခေါ်တဲ့ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။ အဲဒီလို ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပစ္စေကဗုဒ္ဓ (ဘုရားငယ်)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
“သာဝကဗောဓိသတ္တ”ခေါ် သာဝက အလျောင်းအလျာတွေ အနေနဲ့ “အဂ္ဂသာဝကလောင်း” (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမေဂ္ဂလာန်တို့လိုမျိုး) ဆိုရင် “တစ်သချေင်္နဲ့ ကမ္ဘာတစ်သိန်း”၊
“မဟာသာဝကလောင်း” (အရှင်ကောဏ္ဍည၊ အရှင်အာနန္ဒာစတဲ့ ရဟန္တာမထေရ်ကြီးတွေလိုမျိုး) ဆိုရင် “ကမ္ဘာတစ်သိန်း”၊
“ပကတိသာဝက” (သာမန်အရိယာ သာဝကမျိုး) ဆိုရင် “ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်”
စတဲ့ ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်ပြီး ပါရမီပြည့်မြောက်တဲ့ အခါမှာတော့ မြတ်စွာဘုရားလို့ခေါ်တဲ့ ဆရာရှိမှ သစ္စလေးပါးကိုသိတဲ့ မဂ်ဉာဏ်လို့ခေါ်တဲ့ “သာဝကဗောဓိဉာဏ်”ကို ရရှိတော်မူပါတယ်။ အဲဒီလို သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်များကို အဆင့်အတန်းအလိုက် “အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက”ဆိုတဲ့ အမည်အသီးသီးနဲ့ သာဝကဗုဒ္ဓလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
ဒါက ဆုပန်ပြီး ပါရမီဖြည့်ကျင့်ကြတဲ့ သာဝကတွေအတွက် ပြောတာဖြစ်ပါတယ်။ ဆုမပန်ဘဲ သာမာန်ကိလေသာကုန်ခမ်း ရဟန္တာဖြစ်ကာ နိဗ္ဗာန်ဝင်ဖို့အတွက်တော့ သီးသန့်သတ်မှတ်ချက်နဲ့ ပါရမီဖြည့်ကျင့်ရာကာလ အတိအကျ မရှိပါဘူး။
“ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝက” တွေရဲ့ လုပ်ငန်းစဉ်အထက်မှာ ပြောခဲ့သလို ပါရမီတွေကို အသီးသီးဖြည့်ကျင့်ပြီး
သမ္မာသမ္ဗုဒ္ဓလို့ခေါ်တဲ့ သဗ္ဗညုမြတ်စွာဘုရားအဖြစ်၊
ပစ္စေကဗုဒ္ဓလို့ခေါ်တဲ့ ပစ္စေကဗုဒ္ဓါအဖြစ်၊
တပည့် အရိယာသာဝကလို့ခေါ်တဲ့ သာဝကဗုဒ္ဓအဖြစ်ကို ရရှိတော်မူကြတဲ့ ပုဂ္ဂိုလ်သူမြတ်များထဲမှာ
သဗ္ဗညု မြတ်စွာဘုရားရှင်တို့ကို တာရယိတုပုဂ္ဂိုလ် (ကိုယ်တိုင်လည်း သံသရာမှ ကူးမြောက်ပြီး ဝေနေယျတို့ကိုလည်း သံသရာမှ ထုတ်ဆောင်ကယ်တင်တော်မူတဲ့ အမြတ်ဆုံးပုဂ္ဂိုလ်)လို့ ခေါ်ဆိုပါတယ်။ မှန်ပါတယ်။ အလုံးစုံကို အကြွင်းအကျန်မရှိ အကုန်အစင် သိတော်မူတဲ့ သဗ္ဗညုတဉာဏ်ကို ရရှိတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သစ္စာလေးပါးတရားတော်ကို ကိုယ်တော်တိုင်လည်း ထိုးထွင်းပြီး သိတော်မူသလို ကိုယ်တော်မြတ် သိတော်မူတဲ့ အတိုင်းလည်း ကျွတ်ထိုက်တဲ့ သတ္တဝါဝေနေယျတွေကို သူတို့ရဲ့ အလိုဆန္ဒကိုလိုက်ပြီး သစ္စာတရားကို သိအောင်ဟောပြော ချေချွတ်တော်မူနိုင်တဲ့အတွက် အတုမရှိ တာရယိတုပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ ဒီလို သတ္တဝါ ဝေနေယျတွေရဲ့ အလိုကိုသိပြီး သစ္စာတရားကို ဟောကြားပေးနိုင်မှုဟာ သဗ္ဗညုတ ဘုရားရှင်တွေပဲ စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနှိုင်းမဲ့ဗုဒ္ဓ၊ အလုံးစုံကို အကုန်အစင်သိတော်မူတဲ့ ဘုရား၊ အတုမရှိမြတ်စွာလို့ ဆိုခြင်း ဖြစ်ပါတယ်။
“ပစ္စေကဗုဒ္ဓါ”တို့ကိုတော့ စာလို တရိတပုဂ္ဂိုလ် (မိမိကိုယ်တိုင်သာ သံသရာမှ ကိုယ်စွမ်းဖြင့် ကူးမြောက်နိုင်ပြီး သူတပါးတို့ကို သံသရာမှ ထုတ်ဆောင်ကယ်တင်မှု မပြုနိုင်တဲ့ ပုဂ္ဂိုလ်) လို့ ခေါ်ဆိုပါတယ်။ မှန်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုမြတ်စွာဘုရားရှင်များ ဖြစ်ပွင့်တော်မူတဲ့ အခါကာလမျိုးမှာ ဖြစ်ပွင့်ခြင်းမရှိဘဲ ဘုရားရှင်တစ်ဆူဆူတို့ရဲ့ ကြားကာလဖြစ်တဲ့ သာသနာပကာလမှာပဲ ပွင့်တော်မူကြပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုဘုရားရှင်တွေလို သစ္စာတရားကို ကိုယ်တိုင်လည်းသိ၊ သူတပါးကိုလည်း သိစေနိုင်တာမျိုး မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သာ ဆရာမကူဘဲ သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်ပြီး သူတပါးတွေကို သိအောင်ဟောပြနိုင်ခြင်း မရှိပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ပဋိဝေဓတရား အနက်သဘောကို ကိုယ်တိုင်သိမြင်ပေမယ့် အဲဒီမဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ တရားကို နာမပညတ်တင်ကာ သူတပါးတို့သိအောင် ဟောပြောနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် အဋ္ဌကထာ ဆရာတွေက “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ရဲ့ သစ္စာလေးပါး တရားကို သိမြင်ခြင်းဆိုတဲ့ ဓမ္မာဘိသမယကို စကားမပြောတတ်သူ အိမ်မက်မက်ခြင်းနဲ့တူကြောင်း ဥပမာပေး ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တွေဟာ ရဟန်းပြုချင်ကြတဲ့ သူတပါးတို့ကို ရဟန်းပြုပေးပြီး “ဒီလိုသွား၊ ဒီလိုနေ၊ ဒီလိုထိုင်၊ ဒီလိုပြော” စသဖြင့် အာဘိသမာစရိက ကျင့်ဝတ်ကို သင်ကြားပေးတော်မူနိုင်ပေမယ့် “ဒီလိုရုပ်နာမ်ကို ခွဲခြားပြီး လက္ခဏာယဉ် တင်ရမည်၊ ဒီလို ရှုမှတ်ရမည်” စသဖြင့် နာကြားသူတွေကို မဂ်ဖိုလ်ရောက်လောက်အောင် တရားဓမ္မ ဟောပြောပြသတော် မမူနိုင်ကြပါဘူး။ ဒါကြောင့် ပစ္စေက ဗုဒ္ဓအရှင်သူမြတ်တွေကို ကိုယ်တိုင်သာသိပြီး သူတပါးကို သိစေတော်မမူနိုင်တဲ့ အငယ်စားဘုရား၊ ဘုရားငယ်လို့ ခေါ်ဆိုတော်မူခြင်း ဖြစ်ပါတယ်။
သာဝကဗုဒ္ဓဖြစ်တော်မူကြတဲ့ တပည့်သား “အရိယာသာဝက”တွေကို တာရိတပုဂ္ဂိုလ် (အထုတ်အဆယ် အကယ်အတင်ခံပုဂ္ဂိုလ်) လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သာဝကဗုဒ္ဓလို့ သုံးလိုက်တဲ့အတွက် ဗုဒ္ဓဆိုတဲ့ စကားလုံးကို မြတ်စွာဘုရားရှင်လိုမျိုး ဘုရားလို့ အဓိပ္ပါယ် အမှတ်မလွဲဖို့လိုပါတယ်။ ဒီမှာပြောတဲ့ ဗုဒ္ဓဆိုတာ သစ္စာတရားကို သိမြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးတဲ့စကားလုံး ဖြစ်ပြီး တပည့်သာဝကအနေနဲ့ သစ္စာတရားကို သိခြင်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အချို့က အရှင်သာရိပုတ္တရာလောင်း ဥပတိဿပရိဗိုဇ်ဟာ အရှင်အဿဇိ မထေရ်ထံမှ တရားတော်ကို နာယူပြီး သောတာပတ္တိမဂ်ဖိုလ်၌ တည်တော်မူတဲ့ အချက်ကိုထောက်ပြီး တပည့်သား အရိယာသာဝကတို့ကို ကိုယ်တိုင်လည်း အကယ်တင်ခံ၍ သူတပါးတို့ကိုလည်း ကယ်တင်တော်မူတတ်တဲ့ (တာရယိတု)ပုဂ္ဂိုလ်လို့ ထင်မှတ်တတ်ပါတယ်။ တကယ်တော့ တပည့်သား အရိယာ သာဝကတို့ ဟောကြားကြတဲ့ တရားများဟာ မြတ်စွာဘုရားရှင်ထံမှ စတင်ဖြစ်ပေါ်တော်မူခဲ့တဲ့အပြင် ဘုရားရှင်၏ လမ်းညွှန်မပါဘဲ ကိုယ်တိုင်သီးခြား နည်းတပါးနဲ့ ဟောကြားခြင်း မဟုတ်တဲ့အတွက် တပည့်သား အရိယာသာဝကတွေကို တာရယိတုပုဂ္ဂိုလ်လို့ မခေါ်နိုင်ပါဘူး။ ဒါကြောင့် တပည့်သာဝက အရိယာတွေကို ဆရာမရှိဘဲ သစ္စာလေးပါးကို မသိနိုင်ဘဲ ဆရာအကူအညီ ရမှသာ သစ္စာလေးပါးကို ဟောကြားနိုင်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရနိုင်တဲ့အတွက် တာရိတပုဂ္ဂိုလ်လို့ပဲ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ လူတော်တော်များများ မရှင်းဘဲ ဖြစ်နေကြတဲ့ “ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝက”တို့ရဲ့ ခြားနားချက်လေးတွေကို အထိုက်အလျောက် နားလည်သဘောပေါက်နိုင်မယ်လို့ ထင်ပါတယ်။
မေးခွန်းရှင် မေးထားသလို ဘုရားနဲ့ ပစ္စေကဗုဒ္ဓတို့ရဲ့ တူညီချက် ခြားနားချက်ကိုပဲ သီးသန့်ထုတ်ပြောပါဆိုရင်တော့ ဘုရားနဲ့ ပေစ္စကဗုဒ္ဓတွေဟာ
ဖြည့်ကျင့်တော်မူကြတဲ့ ပါရမီ အရေအတွက်၊
ဖြည့်ကျင့်ပုံ တူညီခြင်း၊
သစ္စာလေးပါး တရားတော်ကို ဆရာမကူဘဲ ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူခြင်း
ဆိုတဲ့ အချက်တွေလောက်တော့ တူညီတယ်လို့ ပြောလို့ရနိုင်ပြီး
မတူညီတဲ့ အချက်တွေဆိုရင်တော့
ပါရမီဖြည့်ကျင့်တဲ့ ကာလမတူညီခြင်း၊
သစ္စာလေးပါးကို သူတပါးသိအောင် ဟောပြောနိုင်မှု မတူညီခြင်း၊
ရရှိတော်မူတဲ့ ဉာဏ်တော်မတူညီခြင်း၊
ပွင့်တော်မူတဲ့ အချိန်ကာလ မတူညီခြင်းစတဲ့ အချက်တွေပဲလို့ အကြမ်းဖျင်း နားလည်ထားရင်လည်း လုံလောက်မယ်ထင်ပါတယ်။
မိမိတို့အနေနဲ့ကတော့ ပါရမီဖြည့်ပြီး ပါရမီအစဉ်အတိုင်းပဲ နိဗ္ဗာန်ကို သွားမှာလား၊
ဒါမှမဟုတ် သံသရာ တစ်လျှောက်မှာ ဖြည့်ခဲ့ဖူးတဲ့ မမြင်နိုင်တဲ့ ပါရမီအားကိုယူပြီး ဒီဘဝမှာပဲ ဘဝနာအလုပ် အားထုတ်ရင်း ကိလေသာကင်းရာ နိဗ္ဗာန်ကို ယူကြမှာလားဆိုတာကိုတော့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ကိုယ်တိုင်ပဲ အားထုတ်ကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

ကျမ်းကိုး = မဟာဗုဒ္ဓဝင် (ပထမတွဲ၊ ပထမပိုင်း)၊ မင်းကွန်းတိပိဋကဓရ ဆရာတော်

Credit to🙏

မျှဝေသူ ဓမ္မပါရဂူ
Ven Dr RevataDhamma
(Buddha Dhammaschool)

30/12/2024

သာသနာ့အလံ တီထွင်သူ အမှန်

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။ ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့ အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်
******************
သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ဟု ထင်နေကြပြီး အမှန်တကယ်မှာ (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )
***************************************
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ် အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓဝါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင် မန္တလေးသို.လာရောက်ပြီး သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏဝဍ္ဎန(C.P. Gune Wardene)
****************************************
စီပီဂုဏဝဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်နဝါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး အိုးကော့ က စီပီဂုဏဝဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏဝဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏဝဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသဝိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏဝဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏဝဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ဝန်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
*********************************
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်
***********************
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
*************************
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အဝါရင့်ရောင်
3. လောဟိတ = အနီရောင်
4. ဩဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
************
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ဝါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ဝါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (ဩဝါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ဝါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
စူးရှသော စိတ်ကူးဉာဏ် ရှိခဲ့သော စီ ပီ ဂုဏဝဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏဝဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။

30/12/2024

"မိစ်ဆာဒိဋ်ဌိ"

မိစ္ဆာဒိဋ္ဌိ-ဟူသည်—ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ, ပဋိစ္စသမုပ္ပါဒ်တရားတို့ကို “ဤတရားသည် ငါ၏ဥစ္စာတည်း, ဤတရားသည် ငါဖြစ်၏, ဤတရားသည် ငါ၏ အတ္တတည်း = ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ”ဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း သုံးသပ်ခြင်းပင် ဖြစ်၏

ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သောအယူ, အကျိုးမဲ့ကို ဆောင်တတ်သည်ဖြစ်၍ ပညာရှိတို့ စက်ဆုပ်အပ်သော အယူပင် ဖြစ်သည်

#လက္ခဏာရသစသည်

ယင်း-သည်— လမ်းရိုး လမ်းမှန် မကျသောအားဖြင့် မှားယွင်းစွာ နှလုံးသွင်းခြင်း ဟူသော မှတ်ကြောင်း “လက္ခဏာ”ရှိ၏။

မှန် သည်မှတစ်ပါး အမှားအားဖြင့် သုံးသပ်ခြင်း-ဟူသော ကိစ္စရသ”ရှိ၏။

မှားသောအားဖြင့် လွန်လွန်ကဲကဲ နှလုံးသွင်းတတ်သော တရားဟု ယောဂီသူမွန်တို့၏ ဉာဏ်အား ရှေးရှုထင်လာ ခြင်းအခြင်းအရာ “ပစ္စုပဋ္ဌာန်”ရှိ၏။

ဘုရား စသော အရိယာသူတော်ကောင်းတို့ကို မဖူး မြင်လိုခြင်း-စသည်လျှင် နီးစွာသောကြောင်း “ပဒဋ္ဌာန်”ရှိ၏

“ဣဒမေဝ သစ္စံ၊ မောဃမညံ”ဟု မှားယွင်းစွာ နှလုံးသွင်းခြင်း-ဟူသော မှတ်ကြောင်း“လက္ခဏာ” ရှိ၏။ ဉာဏ်သည် အာရုံကို ဟုတ်မှန်သော သဘောအားဖြင့်တတ်၏။ ဒိဋ္ဌိ-သည် ဟုတ်မှန်သော သဘောကို စွန့်ပယ်၍ မဟုတ်မမှန်သောအားဖြင့် ယူတတ်၏

#ဥပမာများ

ယင်းသည်—မခိုင်မမြဲ ပြောင်းလဲတတ်၏၊ ဖွဲ့ပုံအစု၌ စိုက်မြှုပ်ထားသော သစ်ငုတ် တုတ်ချောင်းအလား လှုပ်ရှားတတ်၏ ။

အရူး၏တောင်းတွင်း၌ မုံ့ပိုင်း, မစင်, နွားချေး-စသော ဝတ္ထုမျိုးစုံပါရှိသကဲ့သို့ ယင်း-အယူ၌ ကောင်းမှုန်မှန်ကန်သော အယူ၌ မကောင်းဆိုးဝါး မှားယွင်းသောအယူ မျိုးစုံ ပါဝင်နေ၏ ။

တမာ, သပွတ်ခါး, ဗူးခါး မျိုးစေ့သည် မိမိကိုယ်တိုင် (ဗီဇ)က မကောင်း ညံ့ဖျင်းသောကြောင့် မိမိအမှီပြုရာ မြေဆီ, မြေဩဇာ, ရေဆီ ရေဩဇာတို့ အရသာပျက် ခါးသက်ဖို့ရန် အကြောင်းဖြစ်သကဲ့သို့ ယင်း အယူသည် မိမိကိုယ်တိုင်(ဒိဋ္ဌိ)က ယုတ်မာ ညံ့ဖျင်းသောကြောင့် ယင်း-အယူ ရှိသူ၏ ကာယကံမှု, ဝစီကံမှု, မနောကံမှု စေ့ဆော်မှု, တောင့်တမှု, ဆောက်တည်မှု, ပြုပြင်မှု အားလုံးသည်လည်း မလိုလားမနှစ်သက် အစီးအပွါးပျက် အဆက်ဆက် ဆင်းရဲဖို့ရန် အကြောင်း ဖြစ်တော့သည် ။

#မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း၁၀ပါး

၁။ ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိဟု ယူခြင်း၊
၂။ ကြီးစွာသော ယဇ်ပူဇော်ခြင်းသည် အကျိုးမရှိဟု ယူခြင်း၊
၃။ အာဟုန, ပါဟုန မင်္ဂလာကို ပြုခြင်းသည် အကျိုးမရှိဟု ယူခြင်း၊
၄။ ကောင်းသောအမှု ကုသိုလ်ကံ, မကောင်းသောအမှု အကုသိုလ်ကံတို့၏ အကျိုးပေးမှုသည် မရှိဟု ယူခြင်း၊
၅။ ဤလောကသည် မရှိဟု ယူခြင်း၊
၆။ တမလွန်လောကသည် မရှိဟု ယူခြင်း၊
၇။ အမိ၌ ပြုအပ်သော ကောင်းကျိုး မကောင်းကျိုး မရှိဟု ယူခြင်း၊
၈။ အဖ၌ ပြုအပ်သော ကောင်းကျိုး မကောင်းကျိုး မရှိဟု ယူခြင်း၊
၉။ စုတေ လတ္တံ့သော သတ္တဝါ ပဋိသန္ဓေနေလတ္တံ့သော သတ္တဝါ မရှိဟု ယူခြင်း၊
၁၀။ ဤလောကကို လည်းကောင်း, တမလွန်လောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိ၍ ကျင့်ကြံ ဟောကြား ကြကုန်သော သမဏဗြာဟ္မဏတို့ မရှိဟု ယူခြင်း။

#မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ကြောင်း၂မျိုး

၁။ တစ်ပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်း၊
၂။ မသင့် လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း။

#မိစ္ဆာဒိဋ္ဌိအထမြောက်ကြောင်း အင်္ဂါ၂ပါး

၁။ဝတ္ထု၏ ယူအပ်သော အခြင်းအရာ ဖောက်ပြန်သည် ဖြစ်ခြင်း၊
၂။ မိမိယူထားသောဝတ္ထုသည် မိမိယူထားသော အခြင်းအရာအတိုင်း ထိုဝတ္ထု၏ ထင်ခြင်း။

#မိစ္ဆာဒိဋ္ဌိ၏ အင်္ဂါ ၂ ပါး

၁။ ယူအပ်သော အကြောင်းအရာဝတ္ထု၏ ယူအပ်သော အခြင်းအရာမှ ဖောက်ပြန်သည်၏ အဖြစ်, ဖြစ်ခြင်း၊
၂။ အယူကို ယူအပ်သော အခြင်းအရာအတိုင်း ထိုသူအား ထင်ခြင်း။

#မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်လားရာဂတိ၂မျိုး

၁။ ငရဲဘုံ နိရယဂတိ၊
၂။ တိရစ္ဆာန်မျိုး တိရစ္ဆာနဂတိ။

#ဆက်လက်ကြည့်ရှုရန်

ဒိဋ္ဌိလည်း ကြည့်ပါ။
"ဒိဋ္ဌိ"👇👇👇
https://www.facebook.com/share/p/14BUeNQvhm/
ဒိဋ္ဌိ ၆၂-ပါးလည်း ကြည့်။
"မိစ္ဆာဒိဋ္ဌိ ၆၂-ပါး"👇👇👇
https://www.facebook.com/share/p/18GJub8w2Z/

#မိစ္ဆာအယူများ
"ဒိဋ္ဌိ"👇👇👇
https://www.facebook.com/share/p/14BUeNQvhm/
"သဿတဒိဋ္ဌိ"
https://www.facebook.com/share/15iWaMYhaM/
"ဥစ္ဆေဒဒိဋ္ဌိ"
https://www.facebook.com/share/p/18GJnYaf3y/
"မိစ်ဆာဒိဋ်ဌိ"
https://www.facebook.com/share/p/19cJLQrC9p/

ကိုးကား

1=(ပဋိသံ၊၁၂၉-၁၃၂)။
2=(အဘိ၊ဋ္ဌ၊၁၊၂၉၀။ မဟာနိ၊ဋ္ဌ၊၁၃၉)။
3=(အဘိ၊ဋ္ဌ၊၁၊၂၉၀။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာနိ၊ဋ္ဌ၊၁၃၉။ အဘိ၊ဝတာရ၊၈၂)။

4=(ဝိဘာဝိနီ၊၁၀၈)။
5=(ဒီ၊ဋ္ဌ၊၁၊၉၀)
6=(ဒီ၊ဋ္ဌ၊၁၊၉၈။ သံ၊ဋီ၊၂၊၂၆၆)
7=(အံ၊၁၊၃၃-၄။ အံ၊၃၊၄၂၈။ ပဋိသံ၊၁၃၄-၅)
8=တိပိဋကအဘိဓာန် အတွဲ-၁၀
9=(အဘိ၊ဝိ၊၄၀၅။) (ပဋိသံ၊ဋ္ဌ၊၂၊၃၃။)(အဘိ၊ဝိ၊မြန်၊၂။၅၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

10=(အံ၊၁၊၈၆။) (အံ၊မြန်၊၁။၁၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

11=(အဘိ၊ဋ္ဌ၊၁၊၁၄၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

12=(ဒီ၊ဋ္ဌ၊၃၊၂၃၂။) (မ၊ဋ္ဌ၊၁၊၂၀၅။) (သံ၊ဋ္ဌ၊၂၊၁၃၇။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

13=(အံ၊၁၊၆၂။) (အံ၊မြန်၊၁။၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်

သမိုင်းအကြောင်း
https://www.facebook.com/www.history?mibextid=ZbWKwL

Address

Kwin Kyaung
Yangon

Alerts

Be the first to know and let us send you an email when Ven Dr RevataDhamma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category