27/01/2024
Citronella Essential Oil
Cymbopogon Nardus
အပင်အမျိုးအစား - တစ်ခါစိုက်ထားလျှင် အမြဲအညွှန့်ပြန်ထွက်ရှင်သန်နိုင်သည့် နှစ်ရှည်ခံအပင်အမျိုးအစား ဖြစ်သည်။ စပါးလင်နှင့်ဆင်တူသည့်အတွက် အဆီတွင်လည်း မှားယွင်းခေါ်ဝေါ်သုံးစွဲမိတက်သည်ကို သတိပြုရန်လိုသည်။ သီရိလင်္ကာနိုင်ငံရှိ အလေ့ကျအရိုင်းပေါက်ရောက်သော managrass မှဆင်းသက်လာခြင်းဖြစ် သည်။
အခြားအမည်တူများ - Andropogon nardus, Sri Lanka citronella, Lenabatu citronella
အပင်ပေါက်ရောက်သည့်ဒေသ - မူလပေါက်ရောက်ရာဒေသမှာသီရိလင်္ကာနိုင်ငံဖြစ်သည်။ တောင်အာရှ၊ တောင်နှင့်အလယ်အမေရိက၊ အရှေ့တောင်အာရှနိုင်ငံများ၊ အနောက်ပစ္စဖိတ်ကျွန်းများတွင်လည်းပေါက်ရောက်သည်။
အဆီထွက်ရှိသည့်အစိတ်အပိုင်း - တစိတ်တပိုင်းခြောက်နေသော သို့ ခြောက်နေသောအရွက်များ
အဆီထုတ်ယူသည့်နည်းလမ်း - ရေနွေးငွေ့ပေါင်းခံခြင်းနည်းလမ်း
အဆီအဓိကထုတ်လုပ်သည့်နိုင်ငံများ - Sri Lanka, China, Taiwan, Indonesia, Brazil, Madagascar တို့တွင် အဓိကထုတ်လုပ်သည်။
အဆီ၏ပုံသဏ္ဍာန် - အဝါဖျော့ရောင်မှသည် ဝါညိုရောင်အထိရှိနိုင်သည်။ ဆီသားပါးသည်။ လတ်ဆတ်သည့် citrus နှင့်သံပုရာနံ့၊ သစ်သားနံ့၊ ကတိုးနံ့အနည်းငယ်ရောသည့်အနံ့မျိုးရှိသည်။ အနံ့စူးရှသည်။ ရနံ့ပြင်းအား medium ဖြစ် ပြီး Top Note ဖြစ်သည်။ ရနံ့ပြယ်နိုင်မှုအနေဖြင့် Top နှင့် Medium ကြားအဖြစ်ယူဆနိုင်သည်။
ကုသနိုင်စွမ်းဂုဏ်သတ္တိများ - Antibacterial, antifungal, anti-inflammatory, antispasmodic, antiphlogistic, antiseptic, febrifuge, diaphoretic, diuretic, emmenagogue, insecticide, deodorant, stomachic, tonic, vermifuge.
ရောနှောရလွယ်သည့်အဆီများမှာ Bay (West Indian), Bergamot, Clary Sage, Lavender, Peppermint, Sandalwood, Tea Tree, cedarwood, cinnamon leaf, clove bud, cypress, eucalyptus radiata, geranium, ginger, juniper berry, lemon, lemongrass, lime, may chang, myrtle, orange (sweet), palmarosa, patchouli, pine, rosemary, spearmint, spruce, tangerine, vetiver, ylang ylang တို့ဖြစ်ကြသည်။
သတိပြုရမည့်အချက်များ- Aldehydes အုပ်စုဝင်ဖြစ်သောကြောင့် ပျက်စီးနေသော၊ ဓါတ်မတည့်မှုဖြစ်လွယ်သော၊ အလွန်နုနယ်အထိမခံဖြစ်တက်သော အသားအရေရှိသူများအတွက်မူ ယားယံခြင်း၊ အရေပြားသက်တောင့် သက်သာမရှိခြင်းတို့ဖြစ်နိုင်ခြေရှိသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် အရေပြားပေါ် အသုံးမပြုသင့်ပါ။ အမေရိကန် ပြည်ထောင်စု FDA မှ ဘေးကင်းစွာသုံးနိုင်သော၊ အခြားကြီးမားသည့် ထိခိုက်မှုမရှိစေနိုင်သောအဆင့် GRAS အဆင့်သက်မှတ်ထားသည့်အဆီဖြစ်သည်။
Citronella ဟူသောအမည်သည် ပြင်သစ်ဘာသာ lemon balm အဓိပ္ပါယ်ရသည်။ သံပုရာနှင့်အနံ့ဆင်သောကြောင့်ဖြစ်သည်။ Essential Oil ထုတ်ယူနိုင်သော Citronella မျိုးတွင် Ceylon နှင့် Java ဟူ၍ အဓိက မျိုးစိတ် ၂ မျိုးကွဲသည်။ ရုက္ခဗေဒမျိုးရင်းချင်းလည်းတူ၊ အပင်ပုံစံလည်းဆင်သောကြောင့် အများအားဖြင် စပါးလင် (Lemongrass) နှင့် အမှတ်မှားလေ့ရှိသည်။ စပါးလင်၏ပင်စည်သည်အဖြူရောင်ဖြစ်ပြီး Citronella မှာမူ အနီရောင်သမ်းသည်။ အမြင့်မှာလည်း ၃ ပေခန့်ထိမြင့်သည်။ ရာစုနှစ်ပေါင်းများစွာကတည်းက တရုတ်၊ သီရိ လင်္ကာ၊ အင်ဒိုနီးရှားနိုင်ငံများတွင် ဟင်းချက်ရာ၌သုံးစွဲကြသည်။ ရိုးရာအရလည်း ဟင်းခတ်အမွှေးအကြိုင်အပြင် ဖျားနာခြင်း၊ အူလမ်းကြောင်းကပ်ပါးပိုးများကိုဖယ်ရှားခြင်း၊ ဓမ္မတာနှင့်ဆိုင်သောဝေဒနာများ၊ နာကျင်ကိုက်ခဲမှု ဖြစ်ခြင်း၊ ကူးစက်ဝေဒနာများဖြစ်ခြင်း၊ အရေပြားဒဏ်ရာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ အဆိပ်မရှိသောအင်းဆက်များရန်ကိုကာကွယ်ခြင်း၊ အိမ်တွင်းသန့်ရှင်းရေးသုံးပစ္စည်းများ ပြုလုပ်သုံးစွဲခြင်းတို့အတွက် အသုံးပြုခဲ့ကြသည်။ ယနေ့ခေတ်တွင်လည်း ရေမွှေး၊ ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဖယောင်းတိုင်၊ ခြင်ဖြန်းဆေး၊ ခြင်ပြေးလိမ်းဆေးခရင်မ်၊ ခြင်ပြေးဖယောင်းတိုင်၊ skin lotions ၊ အနှိပ်ဆီ၊ အလှကုန်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုနေကြသည်။ ယင်း၏သန့်စင်စေနိုင်မှု၊ ပိုးမဝင်စေရန်ကာကွယ်မှု၊ လတ်ဆတ်သင်းပျံ့မှု၊ ရနံ့ဆိုးဖယ်ရှားနိုင်မှုများကြောင့် တန်ဖိုးထားအသုံးပြုနေကြဆဲဖြစ်သည်။
အဓိကပါဝင်ဖွဲ့စည်းထားသော ဓါတုဒြပ်ပေါင်းများမှာ Geraniol, Camphene, Limonene, Methyl isoeugenol, camphene, Geranyl acetate, Borneol, Citronellal, Citronellol တို့ဖြစ်သည်။
အဆီ၏အကျိုးကျေးဇူးများ
ခြ၊ မွှား၊ သန်း၊ ပင့်ကူ၊ ခြင်၊ ယင်နှင့်အခြားအင်းဆက်ပိုးများရန်မှ ကာကွယ်နိုင်စွမ်းရှိသည်။ တရုတ်ရိုးရာ ဆေးပညာတွင် လေးဘက်နာရောဂါကုသရန်အတွက် အသုံးပြုလေ့ရှိသည်။ ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲကြသည်။ခြင်ရန် အထူးသဖြင့် ငှက်ဖျားဖြစ်စေသည့်ခြင်ရန်မှ ကာကွယ်ပေးသည်။ အမေရိကန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ EPA မှ “biopesticide” ပတ်ဝန်းကျင်ကို ဘေးမဖြစ်စေနိုင်သော ပိုးသတ်ဆေးအဖြစ် အသိအမှတ်ပြုထားသည်။ ခြင်ကိုသေစေခြင်းမျိုးမဟုတ်ပဲ သုံးစွဲသည့်ပတ်ဝန်းကျင်ကိုသာ ခြင်များမလာစေရန် ကာကွယ်ပေးခြင်းမျိုးဖြစ်သည်။
Aromatherapy တွင် Citronella သည် ချွေးထွက်များသော၊ အဆီပြန်သောအသားအရေတို့အတွက် အသုံးပြုနိုင်သည်။ ခန္ဓာကိုယ်နှင့်စိတ်ကို ပြေလျော့သက်သာစေနိုင်သည်။ ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း၊ အကြောဆွဲ ကြွက်တက်ခြင်း/အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ကို သက်သာလျော့ပါးစေသည်။ ဓမ္မတာလာစဥ် ဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ အသက်ရှူလမ်းကြောင်းနှင့် အာရုံကြောစနစ်များတင်းကြပ်ခြင်းတို့ကိုလည်း သက်သာစေနိုင်သည်။ ချောင်းဆိုးခြင်းကိုလည်း သက်သာစေသည်။ ခန္ဓာကိုယ်စွမ်းအင်ကိုမြှင့်တင်ပေးသည်။ မကောင်းသောစိတ်ခံစားမှုကိုဖယ်ရှားပစ်ကာ စိတ်ကိုမြှင့်တင်ပေးသည်။ ဝမ်းနည်းစိတ်၊ စိုးရိမ်ကြောင့်ကြ ပိုနေခြင်းတို့ကို လျော့ကျစေသည်။ စိတ်ကျဝေဒနာကို ကုစားရာတွင်လည်း အထောက်အကူဖြစ်စေနိုင်ပါသည်။ စိတ်ကိုပျော်ရွှင်စေကာ မျှော်လင့်ချက်ရှိသည့်စိတ်ထားကို ဖြစ်ပေါ်စေသည်။ စိတ်ရှုပ်ထွေးစရာများ၊ ပြဿနာများကြောင့်ဖြစ်ပေါ်လာသည့် ကိုယ်နှင့်စိတ်ဖိစီးခြင်းများကို အေးငြိမ်းလာစေသည်။ စိတ်ကိုကြည်လင်လန်းဆန်းလာစေနိုင်သည်။ ပုံမှန်စိတ်ခံစားမှုကို ပြန်လည်ရရှိစေသည်။
အလှကုန်အနေဖြင့်သုံးခြင်း သို့မဟုတ် ခန္ဓာကိုယ်ပြင်ပအတွက်သုံးခြင်းတို့အတွက် Citronella oil သည် ခန္ဓာကိုယ်ရနံ့ဆိုးထွက်စေသည့် ဘတ်တီးရီးယားများကို ဖယ်ရှားပေးနိုင်စွမ်းရှိသည်။ ရေမွှေး၊ body spray, ချွေးနံ့ ပျောက်ဆေး၊ ရေချိုးသန့်စင်သုံးဆပ်ပြာရည်၊ ဆပ်ပြာ စသည့်ထုတ်ကုန်များတွင် ထည့်သွင်းထုတ်လုပ်ကြသည်။ ကိုယ်ပေါ်နှင့်ဦးရည်ပြားတို့ရှိသန်းများကိုလည်း ဖယ်ရှားပေးနိုင်သည်။ အရေပြားကျန်းမာရေးကို တိုးတက် ကောင်းမွန်စေနိုင်စွမ်းရှိသဖြင့် အသားအရေအိုမင်းရင့်ရော်လာမှုကို နှေးကွေးစေသည်။ အရေပြားမှအစိုဓါတ်စုပ်ယူနိုင်စွမ်းပိုတိုးစေသည်။ အရေပြား၏အဆီထုတ်လုပ်သည့်လုပ်ငန်းစဥ်ကိုလည်း ညီမျှစေနိုင်သဖြင့် အဆီပြန်သောအသားအရေအတွက် အထောက်အပံ့ဖြစ်စေသည်။ ဆံသားကိုပျော့ပြောင်းစေသည်။ နေဒဏ်ကြောင့် ဆံသားပျက်စီးခြင်းကို ကာကွယ်ပေးသည်။ ဆံသားကိုထူထဲသန်မာစေသည်။
ဆေးဘက်ဝင်မှုအနေဖြင့် Citronella Essential Oil သည် အနာများတွင် မှိုများတိုးပွားများပြားလာ ခြင်းမဖြစ်စေရန် ကာကွယ်ပေးသည်။ အနာကျက်မြန်စေသည်။ ဝမ်းဗိုက်ထိုးအောင့်ခြင်း၊ လေထခြင်းတို့ကို သက်သာလျော့ပါးစေသည်။ သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေရန် လှုံ့ဆော်ပေးသည်။ နှင်းခူယားနာ၊ အရေ ပြားပေါ်တွင်ဖြစ်သည့် မည်သည့်ရောင်ရမ်းယားယံခြင်း၊ ကိုက်ခဲနာကျင်ခြင်းမဆို သက်သာပျောက်ကင်းစေရန် အထောက်အကူပေးသည်။ ခန္ဓာကိုယ်မှအဆိပ်အတောက်များ စွန့်ထုတ်ခြင်းဖြစ်စဥ်ကို ပိုမိုတိုးတက်ကောင်းမွန် စေသည်။ ကိုယ်ခံစွမ်းအားပိုမိုကောင်းမွန်စေသည်။ အအေးမိ၊ တုတ်ကွေး၊ အဖျား လက္ခဏာများကို သက်သာလျော့ပါးစေသည်။ ကိုယ်အလေးချိန်ကိုလျော့ကျစေနိုင်သည်။ ဇီဝကမ္မဖြစ်စဥ်ကိုမြင့်တက်ကောင်းမွန်စေသဖြင့် အစာကြေလွယ်သည်။ နှလုံးခုန်မြန်/မမှန်ခြင်းကို ပြန်လည်မှန်စေနိုင်သည်။ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းနှင့်မျက်နှာပြင်တို့ရှိ အာရုံကြောစူးအောင့်ခြင်း၊ အူမကြီးရောင်ရမ်းသည့်လက္ခဏာ များ၊ ပင်ပန်းနှုန်းချိလွယ်မှုကို ကျော်လွှားနိုင်ရန် ခန္ဓာကိုယ်စွမ်းအင်ကိုမြှင့်တင်ပေးခြင်း စသည်တို့အတွက် အသုံးပြုသည်။ ပတ်ဝန်းကျင်လေထုရှိ အန္တရာယ်ပေးနိုင်သော ဘတ်တီးရီးယားများရန်မှ ကာကွယ်ပေးကာ ယင်းတို့ပွား များနှုန်းကိုလည်းနှေးကွေးစေသည်။
သံပုရာနံ့နွယ်သည့်သင်းပျံ့သောရနံ့သည် အခန်းတွင်းရှိ အောက်သိုးသိုးနံ့များ၊ မှိုနံ့များကိုပယ်ဖျောက်ပေးကာ လေထုကိုသန့်စင်လတ်ဆတ်စေနိုင်သည်။ ထိုအစွမ်းကြောင့် room spray များ၊ Diffuser blend oil များတွင် ထည့်သွင်းကြသည်။
အသုံးပြုနိုင်ပုံများ
ဂွမ်းစတွင်အဆီကိုတို့ ဆွတ်ထားပြီးနောက် အင်းဆက်များလာတက်သော လမ်းကြောင်းမှာချထားပါ။ ခြင်၊အင်းဆက်ပေါသည့်ဒေသများသို့ ခရီးထွက်တိုင်း ဦးထုပ်၊ အင်္ကျီ၊ ဘောင်းဘီတို့၏အနားစွန်းများ၊ အဝတ်မဖုံးသောအရေပြား (ပြင်းအားလျှော့ပီး)ပေါ်တို့တွင် ဆွတ်တို့လိမ်းကျံသွားပါ။
ခြင်ရန်မှသက်သာရန် ပိုးသတ်ဆေးများဖြင့်ပြုလုပ်ထားသော ခြင်ဆေးဘူးများ၊ ခြင်ဆေးခွေများကိုသာ အများအားဖြင့် အသုံးပြုနေကြသည်။ အဆိပ်ငွေ့များသောကြောင့် ခြင်သာမက လူပါမနေနိုင်သော ဆေးများဖြစ်သည်ကိုလည်း သတိထားမိလာကြပြီဖြစ်သည်။ အိမ်တွင်ရှိသော Body lotion နည်းနည်းနှင့် Citronella oil နည်းနည်းကိုရောကာ လိမ်းထားပေးပါက သဘာဝအတိုင်း ခြင်မလာစေနိုင်ပေ။ အနီးတစ်ဝိုက်ကိုလည်း အရက်ပြင်းနှင့် Citronella oil ကိုရောကာ ဖြန်းပေးနိုင်သည်။ အရက်အသုံးမပြုရသော အခြားဘာသာဝင်များ၊ အရက်နှင့်ဓါတ်မတည့်သူများအနေဖြင့် Witch hazel နှင့်ဖြစ်စေ၊ ရိုးရိုးရေနှင့်ဖြစ်စေရောစပ်ကာ ဖြန်းပေးနိုင်သည်။ Witch hazel နှင့်ပြုလုပ်ထားပါက အရေပြားပေါ်ကိုပါ ဖြန်းနိုင်သည်။ အဝတ်အစား၊ ခြင်ထောင်၊ စောင်များကိုလည်း ဖြန်းထားပါက ခြင်ရန်မှအတော်သက်သာနိုင်ပြီဖြစ်သည်။ Citronella, Lemongrass, Cedarwood oil ၃ မျိုးကို မိမိလိုချင်သည့်ရနံ့အတိုင်းရောစပ်ပါ။ ထို့နောက် ရေ သို့မဟုတ် အရက်မပါသော Witch hazel ကို ပန်းပင်ရေဖြန်းသော Planter spray တွင်ရောစပ်ကာ အိမ်ပြင်ပတွင် အင်းဆက်၊ ခြင်များမလာစေရန် ကာကွယ်နိုင်သည်။ ထိုစပ်ထားသည့်အဆီကိုပင် အိမ်တွင်းသန့်ရှင်းရေးလုပ်ရ၌ ထည့်သွင်းရောစပ်အသုံးပြုနိုင်သည်။
အိမ်အတွင်းဆိုပါက Candle burner, diffuser များဖြင့်အသုံးပြုနိုင်သည်။ ခြင်လည်းပြေး လူကိုလည်း စိတ်ကြည်လင်လန်းဆန်းစေနိုင်သည်။ စိတ်ဖိစီးခြင်း၊ စိုးရိမ်စိတ်များခြင်းတို့မှသက်သာလိုပါက Citronella, Lavender, Peppermint တို့ကို ၂ စက်စီရော၍ ရနံ့ရှူပေးနိုင်သည်။ သွေးလည်ပတ်မှုကိုလည်း ပိုမို ကောင်းမွန်စေသည်။ လည်ချောင်းယားယံခြင်း၊ အသက်ရှူမဝခြင်း၊ ချွဲကပ်ခြင်းတို့ကိုလည်း သက်သာစေနိုင်သည်။
Face wash, Body wash များတွင် Citronella oil 1-2 စက်ခန့်ရောပီးသုံးစွဲပါက နေလောင်ဒဏ်များ၊ အသားရောင်မညီခြင်းများကိုလျော့ကျစေသည်။ အသားအရေကိုနူးညံစိုပြေတောက်ပစေသည်။ အဆီ 1-2 စက် နှင့် အုန်းဆီနှစ်ဇွန်းခန့်ကိုရောစပ်၍ မျက်နှာပြင်နှင့်လည်ပင်းတစ်ဝိုက်ကို နှိပ်နယ်လိမ်းပေးနိုင်သည်။
အဆီ 2-3 စက်ခန့်ကို သုံးနေကျခေါင်းလျှော်ရည်နှင့် ရောစပ်ပီးလျှော်ပေးပါက ဦးရေပြားရှိဆီများ၊ ဘောက်များ၊ မှိုများကို ဖယ်ရှားရှင်းလင်းပေးသည်။ ထို့ကြောင့်ဦးရေပြားယားယံခြင်းကို သက်သာစေသည်။ Hair mask ပြုလုပ်လိုပါက Sweet Almond Oil 2 tbsp နှင့် အဆီ 5 စက်ကို ခွက်တခုအတွင်း လုံးဝနှံ့သွားသည်အထိမွှေပါ။ မျက်နှာသုတ်ပုဝါဖြင့် သွေ့ရုံသုတ်ထားပီးသောဆံပင်ကို ဦးရေပြားမှဆံဖျားအထိ နှံ့အောင်လိမ်းပါ၊ သဘက်ဖြင့်ပြန်ပေါင်းထားပီး မိနစ် 20 ခန့်ထားပါ။ ရိုးရိုး shampoo ဖြင့် ပြန်လျှော်ပေးပါ။
ထိခိုက်ပြတ်ရှဒဏ်ရာများ ပိုးမ၀င်စေရန်နှင့်သက်သာစေရန် Citronella Oil 1-3 စက်ခန့်ကို အုန်းဆီတစ်ဇွန်းဖြင့်ရောပီး ဒဏ်ရာကိုလိမ်းပေးနိုင်သည်။
ပွေး၊ သဲဝဲစားခြင်းတို့အတွက် အဆီ 2-3 စက်ခန့်ကို ရေနွေးနှင့်ရောပီး အနာဖြစ်နေသောနေရာများကို ဆေးကြောပေးနိုင်သည်။
ခန္ဓာကိုယ်အစာခြေစနစ်၊ အညစ်အကြေးစွန့်စနစ်၊ အာရုံကြောစနစ်များ ပိုမိုကောင်းမွန်စေလိုပါက Citronella Oil 10 စက်ခန့်ကို အုန်းဆီ 10ml နှင့်ရောစပ်၍ ခန္ဓာကိုယ်အနှံ့ပွတ်သက်နှိပ်နယ်ပေးပါ။ အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်း၊ ကျောဘက်နာကျင်ခြင်း၊ ၀မ်းဗိုက်တဝိုက်စူးအောင့်ခြင်း (ဓမ္မတာလာစဉ်)၊ ခေါင်းကိုက်ခြင်းတို့ကိုပါ သက်သာစေနိုင်သည်။
အဆိပ်ထုတ်အနှိပ်ဆီ (Detoxifying Massage Oil) ပြုလုပ်လိုပါက Citronella Oil 10 စက်နှင့် နှမ်းဆီ 10ml ကို ရောစပ်ပါ။ နာကျင်၊ ယောင်ရမ်းနေသောနေရာများကို နှိပ်နယ်ပေးပါ။ အစာကြေစေရန်နှင့် ဓမ္မတာလာစဉ်ကိုက်ခဲခြင်းကိုသက်သာစေရန် ၀မ်းဗိုက်တဝိုက်ကို အဆီစိမ့်ဝင်သည်အထိ နာရီလက်တံလည်သည့်အတိုင်း ပွတ်သပ်နှိပ်နယ်ပေးပါ။
*kherballand