19/06/2026
✿ ငါစွဲကြောင့်ဖြစ်သော အလှည့်နှင့်အချဲ့များ
______________________________________________
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးက ❝မျက်နှာဖုံးများကို ခွာချခြင်း❞ဆိုတဲ့စာအုပ်မှာ ... ❝အတိုအထွာ ဆိုစရာ ဟိုမှာသည်တလွှား၊ မြင်လှာ, ကြားလှာ, တွေးမိလှာ ရေးရာမှာစကား❞ လို့ မြင်ကြားတွေမိသမျှ အတိုအထွာများကို စာပေမှတ်စုအဖြစ်ရေးသားခြင်းဖြစ်ကြောင်းအဖွင့်စကား ရေးသားထားတော်မူပါတယ်။
အဲဒီစာအုပ်ဟာ ၁၃၅၈ ခုနှစ်အတွင်း သုဝဏ္ဏသျှမ်တောင်တော်တွင် သီတင်းသုံးခဲ့စဉ်က ဗောဓိမြိုင်စခမ်းတွင် ရေးသားပြီးစီးခဲ့ခြင်းဖြစ်ပြီး အဲဒီ စာအုပ်မှာ ဝေါဟာရ ၅၃ ခုကို အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရ ပါတယ်။
အဲဒီစာအုပ်ငယ်မှာပါဝင်တဲ့ ဓမ္မစာပေမှတ်စုများကို ဖတ်မှတ် ကြည်ညို
ရာမှာ ဆရာတော်ကြီးဟာ ဦးစွာ ဝေါဟာရများကို ဓမ္မအမြင်ဖြင့် ဖွင့်ဆို
ရှင်းပြတော်မူတာကို တွေ့ရပါတယ်။ ဖွင့်ဆိုချက်တွေကို နားလည်လွယ်ကူ
စေဖို့အတွက် လိုအပ်တဲ့နေရာမှာ သာဓကဇာတ်ကြောင်းများကို ထည့်သွင်း
ရေးသားတော်မူလေ့ရှိတာကိုလည်း တွေ့ရပြီး စာစုရဲ့အဆုံးသတ်တိုင်းမှာ လည်း မှတ်သားလိုက်နာရမယ့် အဆုံးအမဩဝါဒများကို ထည့်သွင်းရေး သားတော်မူတာကိုလည်း တွေ့ရပါတယ်။
ဒီစာစုမှာတော့ ❝မျက်နှာဖုံးများကို ခွာချခြင်း❞ဆိုတဲ့စာအုပ်ထဲမှာပါဝင်တဲ့
❝ထစ်ထစ်ခွခွ❞ဆိုတဲ့ စကားလုံးကို ဆရာတော်ကြီးဖွင့်ဆိုရှင်းပြပုံနဲ့ အဲဒီစာစု
မှာပါဝင်တဲ့ သာဓကဇာတ်ကြောင်းတို့ကို ပြန်လည်ရေးသား တင်ပြလိုပါ
တယ်။
❝ထစ်ထစ်ခွခွ❞ဆိုတဲ့ စကားလုံးဟာ လူအများလက်သပ်မွေးထားတဲ့ အယုတ်တရားစု (ဝါ) တဏှာ၊ မာန၊ ဒိဋ္ဌိတို့ရဲ့အကြောင်းကို ရှင်းပြ ဆုံးမ တော်မူတဲ့ စာစုဖြစ်ပါတယ်။
ဆရာတော်ကြီးက ...
❝တဏှာသည် ကလေးပမာ မြင်ရာရာ အမြဲပူဆာတတ်လှချေသည်။
မာနသည် အသာတကြည် မရက ပြိုင်၊ ရသော် ကိုင်ပြတတ်လှချေသည်။
ဒိဋ္ဌိသည် ဘုံဆိုင် ကိုယ်ပိုင်လုပ်လျက်က ရေတွက်ပေးနေတတ်လှသည်❞လို့ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ကို ဖွင့်ဆိုရှင်းပြတော်မူပါတယ်။
တဏှာ၊ မာန၊ ဒိဋ္ဌိတို့ အချိတ်အဆက်မိမိအလုပ်လုပ်ကြပုံကိုလည်း ဆရာတော်ကြီးက အခုလိုဆက်ပြီး ဥပမာပေးတော်မူပါတယ်။
❝လောဘသည် သွေးသားတို့ အထွက်တိုး၊ ဉာဉ်စရိုက်ဆိုးတို့၏ ထိုး ကျင့်မှု ခံရလေတိုင်း သူ့ချည်းမသက်သာ နီးစပ်ရာရာကို ပူဆာတတ်မြဲ ဖြစ်ရာ
မာနသည်လည်း တဏှာ၏အငြီး နားငြီးမခံနိုင်လွန်းရကား သွေးဆိုးပူ အဆူရပ်ရေးအတွက် ရပ်တကာ ရွာတကျေး ခမည်းပေး အရှာထွက်မြဲဖြစ်ရာ
ဒိဋ္ဌိသည်လည်း မာနရှာရပစ္စည်း တစ်ရွေးသားမျှ မပျက်စီးလေရအောင် စိတ်မှာလည်းဆောင် ကိုယ်မှာလည်းစိုက်ဖြင့် သိမ်းပိုက်၍ချည်း ပေးနေ ချေရာ ...၊
မြင်သမျှ ကြားသမျှ တစ်ဖက်ကျ အာရုံစုံအကုန်လုံးကိုလျှင် မြင် တိုင်းသိ, သိတိုင်းဖြစ်, ဖြစ်တိုင်းထစ်ဖြင့် ခွစီးစီးလျက်ကသာ ရှိချေသည်။
ငါမြင်သည်၊ ငါကြားသည်၊ ငါကိုယ်တိုင် နမ်းရ, စားရ, ထိခဲ့ရသည် စကားသုံးကာ အားလုံးကိုလျှင် ငါပိုင်ဖြစ်ကြောင်း ကောင်းကောင်းကြီး ကြွေးကြော်နေချေပြီ။
တစ်ဖက်အဆင်းကို အတင်းပင် ခိုးယူဖမ်းစား အပိုင်ထားလိုက်ခြင်းတည်း❞
ဆရာတော်ကြီးက တဏှာ၊ မာန၊ ဒိဋ္ဌိတို့ရဲ့ တစ်ခုမြင် တစ်ခုထစ်နှုန်းဖြင့် ခွစီးစီးနေကြရင် သေရွာပြန်ဟန်မကျ ဖြစ်ရမယ့်အကြောင်းကို ပုံပြင်တစ် ပုဒ်နဲ့ ဥပမာပေး ရေးသားဆုံးမပါတယ်။
❝တစ်ခါက ရွာတစ်ရွာဝယ် တောသားလူလည်တစ်ယောက်သည် တော တွင်းနေ ကန်ရိုးတစ်လျှောက် တုတ်တစ်ချောင်းထောက်လျက်က ရပ်စောင့် နေချေ၏။
ကန်ကြီးအတွင်း၌ကား တောဘဲတို့သဘာဝ အစုလိုက်çအပြုံလိုက် ကျ လျက်က ကျက်စားနေကြသည်သာ။
ထိုစဉ် မြို့နေကုန်သည်တစ်ယောက် ထိုကန်ရိုးလျှောက်၍လာချေရာ ထို တောသားဘဲကျောင်းဟန်ဆောင်နှင့် ကန်ပေါင်ဝယ် ဆုံမိကြကာ စကား လက်ဆုံကျကြ၏။
❝သည်ကမိတ်ဆွေကြီးက သည်မှာ ဘာလုပ်နေပါသလဲ❞
❝အိုဗျာ ... ဘဲတစ်ကောင်မွေးမိရာက သည်လောက်ကြီးများ ဘဲ ကျောင်းသား လုပ်နေရတယ်လေ❞
❝အို တစ်ကောင်ကတစ်ထောင်မျှ ပွားနေပါကလား❞
❝အေးဗျာ ... ကျုပ်လဲ ပန်းçလှပြီ၊ ဒါတွေ လျှော့ဈေးနဲ့ ရောင်းပစ် ချင်နေတာ❞
ထိုစဉ် ကုန်သည်ကား တစ်ထောင်ကောင် အချောင်ရတော့မဟဲ့ စိတ် ကူးဖြင့် အူနူးသွားတော့ရာ ..
❝သည်လိုဆို ဘယ်ဈေးရ ရောင်းမလဲ မိတ်ဆွေ❞
❝တစ်ကောင်နှစ်ကျပ်ခွဲ ... ငါးရာရ ရောင်းမဗျား❞
❝နှစ်ရာ့အစိတ်ထားလိုက်ပေါ့ မိတ်ဆွေ❞
❝အေးလေ .. ကျုပ်က ရောင်းချင်နေတဲ့ဥစ္စာ၊ မိတ်ဆွေ ဆစ်ကြေး ပေးရတာပေါ့❞
ဤသို့ဖြင့် ငွေရတုတ်ပေးဖြင့် ဘဲအုပ်ကို လက်ညှိုးထိုးကာ ငွေကို ယူပြီး ထွက်သွားတော့၏။ မြို့သားကား တောသားအပ်သွားသော တုတ် တစ်ချောင်းဖြင့်ပင် တောဘဲအုပ်ကြီး ကျောင်းနေရာ နေဝင်ကာနီးသွားပြီ။ သို့နှင့် ကန်တွင်းမှဘဲအုပ် ကုန်းပေါ်သို့ထုတ်မဟဲ့အကြံဖြင့် တုတ်မြှောက် လျက်က ခြောက်လှန့်လိုက်ချေရာ တောဘဲအုပ်ကြီးကား ဖြုန်းခနဲ ဝုန်းခနဲပင် ကောင်းကင်ထဲ ပျံတက်သွားကြလေပြီ။ မြို့ကုန်သည် ကိုရွှေဘဲသိမ်းကား ပါးစပ်အဟောင်းသားနှင့်။❞
ပုံပြင်ကတော့ အဲဒီမှာပဲ အဆုံးသတ်သွားပါတယ်။ ဆရာတော်ကြီးက ပုံပြင်နဲ့ ပတ်သက်ပြီး ...
❝ကာမဘုံဖွား လောကီသားတို့
သင်တို့သည်လည်း အာရုံမြင်လေတိုင်း တစ်ခုမြင် တစ်ခုထစ်နှုန်းဖြင့် ခွစီးစီးနေကြသော်လည်း အချိန်ကုန်က အချည်းနှီးမျှသာ။
ငါ့ဇနီးကား သူ့သမီးငွေဖြင့်ဝယ်၍ ကျောင်းနေရခြင်း။
ငါ့သမီးကား သားမက်ထံ နှစ်ကျပ်ခွဲဖြင့်ရောင်းရန် ကျောင်းဟန် ဆောင်နေခြင်း။
သည့်အတူ ငါ့သား, ငါ့လင်, ငါ့ဥစ္စာ, ငါ့ရတနာ အားလုံးတို့သည် ဘဲကျောင်းနည်းဖြစ်သော လွှဲကျောင်းနှင့် လွှဲပြောင်းရန်ချည်းမျှသာ။
ဤနည်းဖြင့်သာ အချိန်တို့ကုန်လွန်သွားပါသော် သေရွာပြန် ဟန်မကျ
ဒုက္ခတစ်ချောင်းကိုင်ဘဝဖြင့် ပြန်ကြရမည်ဟရို့❞ လို့ အဆုံးအမပေးတော်မူ
ပါတယ်။
ဓမ္မစာပေမှတ်စုအဖြစ်ရေးသားတဲ့ ❝ထစ်ထစ်ခွခွ❞ဆိုတဲ့ စာစုထဲမှာ တဏှာ၊ မာန၊ ဒိဋ္ဌိအကြောင်းကို မြင်သာရုံအကျဉ်းမျှရေးသားခဲ့ပေမယ့် ပဋိဘာနဉာဏဒဿနကထာ စာအုပ်မှာတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ရဲ့ အကြောင်းကို နားလည်သဘောပေါက်အောင် ဖွင့်ဆိုရေးပြထားတာကို ဒီ နေရာမှာ တင်ပြချင်ပါတယ်။
❝စိတ်သည် သိရုံမှလွဲ၍ ဘာကိုမှ မစီမံတတ်၊ မခန့်လည်း မခန့် ခွဲတတ်ချေ။ သတ္တဝါတစ်ဦး လှည့်စားမှုတစ်ခု ပြုမိကြရာဝယ် ဦးစွာ သင့်စိတ်ကို အမြင်မှားယွင်းမှု မောဟအပြည့်ပါသော ဒိဋ္ဌိက လှည့် ပတ်ပေး၏။ လောဘကား ငြိလိုရာ ငြိကပ်ပေး၏။ ဒေါသကား မထိလိုရာ အထိကို ဖြတ်တောက်ပေး၏။
ထိုစဉ် ...၊
(က) ငြိကပ်တတ်သော လောဘသတ္တိကြောင့် တပ်မက်မှုç စွဲလမ်းမှု တဏှာထပ်မံပေါ်ပေါက်လာရသည်။
(ခ) ငြိကပ်သော လောဘသတ္တိကြောင့်ပင် မြတ်နိုးမှုç အထင်ကြီးမှု မာန ထပ်မံပေါ်ရသည်။
(ဂ) ငြိကပ်သော လောဘသတ္တိကြောင့်ပင် သိမ်းပိုက်လိုမှု ဒိဋ္ဌိလည်း ထပ်မိုးပေါ်ရပြန်သည်။ မသိစိတ်ကလှည့် ပပဉ္စတို့က ချဲ့ဟု ဆိုလို၏။
ထိုတွင် မောဟသည် ဦးစီးအဖြစ် ၎င်းတို့အထက်မှ မိုးလျက်ပါ၏။ ဒေါသကား အုပ်ထိန်းသူအဖြစ် ၎င်းတို့နောက် ထပ်ချပ်မကွာ လိုက် လျက်ပါ၏။ ဦးစီးမောဟသည် လွန်ကျူးရာ၌ကား မပါဝင်တတ်။ အခါ တော်ပေးမျှသာ။ လွန်ကျူးစရာရှိ ထို သုံးဦးတို့ကသာ။❞
ဆရာတော်ကြီးဟာ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ရဲ့ သဘောသဘာဝကို မြင်လွယ်အောင် အခုလိုဆက်ပြီး ဥပမာပေး ရှင်းလင်းပြပါတယ်။
❝ဓမ္မေသက ...၊
သင့်ထံရှိ လက်ထောက်ဦးစီး တဏှာကြီးသည်ကား တစ်ဦးတည်း သောသား ဖအေမှီခိုစားသောသားကဲ့သို့ အာရုံဆန်းတွေ့လေသမျှ ပူဆာ လျက်ကသာ ရှိချေတော့၏။ တစ်ခုပြီးတစ်ခု ပူဆာမည်။ ရပ်နားမည်ဟူ ၍ကား မရှိချေခဲ့။
ဓမ္မေသက ...၊ သင့်ထံရှိ ထိုမာနသည်ကား တစ်ဦးတည်းသွေး မွေး ဖွားပေးမိသော ဖခင်ကဲ့သို့ တဏှာ၏ ဆာလောင်ပြင်းပြမှုအလိုလိုက်၍ တစ်ဖက်အာရုံတို့သို့ ထောင်လွှားတက်ြွက ထိုရာဂဖြင့်ပင် ရှာဖွေပေးခဲ့ ရချေ၏။
ဓမ္မေသက ...၊ သင့်ထံရှိ ထိုဒိဋ္ဌိသည်ကား တစ်ဦးတည်းသောသား ကစားပြီးပစ်ချထားရာ အရုပ်များစွာကို တွေ့ရာမြင်ရာ ဒေသများစွာတို့မှ ယူငင်သိမ်းဆည်းလျက် သိုမှီးထားပေးနေသော မိခင်နှင့်တူ၏။
သို့ကြောင့် ...၊
- တဏှာပူဆာထားသော သင့်အစွဲရုပ်တို့သည်ကား ရှေ့ဆက်၍ သုံးမကုန်ပြီ။
- မာနရှာဖွေပေးထားသော သင့်အရုပ်တို့သည်ကား ရှေ့ဆက်၍ သုံးမကုန်ပြီ။
- ဒိဋ္ဌိသိမ်းဆည်းပေးထားသော သင့်အရုပ်တို့ကား ရှေ့ဆက်သုံးလည်း သုံးမကုန်ပြီ။ အစွဲတစ်မျိုးမျိုး တစ်ဘဝ တစ်ဘဝ ခိုကိုး၍ လည်ပေဦး။❞
ဆရာတော်ကြီးက တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ချဲ့တတ်လှည့်တတ်ပုံ အဘဝအဖုံဖုံ ဆောင်ပို့တတ်ပုံကို ဆက်ပြီးရှင်းပြပါတယ်။
❝ဒိဋ္ဌိစွဲသည် အပါယ်လေးရွာ နယ်ပယ်သို့ ပို့လွှတ်တတ်သော အချဲ့ တရားဟူ၍ မှတ်ယူရာ၏။ တဏှာစွဲသည်ကား ကာမနယ်ထဲ ဆွဲသွင်း တတ်သော အချဲ့တရားဟူ၍ မှတ်ယူရာ၏။ မာနစွဲသည်ကား ဘဝနယ်တွင်း ဆွဲသွင်းတတ်သော အချဲ့တရား ဟူ၍သာ အစွဲအမြဲ မှတ်ယူထားရာ၏။
ဓမ္မေသက ...၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် လေးဘုံသို့ ရောက်ခြင်း၏ အဓိကအကြောင်းရင်းမှာ သင့်လက်ရှိ ဒိဋ္ဌိသာ ဖြစ်ချေ၏။ ဒိဋ္ဌိမှတစ်ပါး အပါယ်သို့ လားစေတတ်သော တရားကား မရှိတော့ပြီ။ သင်သည် ဒိဋ္ဌိကြောင့် ကံပျက်၊ ဒိဋ္ဌိကြောင့်ပင် အယူလွဲ၊ ဒိဋ္ဌိကြောင့်ပင် အစွဲကြီးသည်ကို သတိရှိ။
သင်၏ ရှေးရှေးဘဝများစွာက အပါယ်လားခဲ့သည်မှာ ဒိဋ္ဌိကြောင့် ဖြစ်သကဲ့သို့ နောက်နောင်တွင်လည်း သင် အပါယ်လားရဦးမည်မှာ ထို ဒိဋ္ဌိကြောင့်ပင်ဆိုသည်ကို မမေ့သင့်။ သင်သည် အပါယ်ဆင်းရဲ ကြောက် လှပါသည် ဆို၏။ သို့သော် သင့်ထံရှိ ငါစွဲဒိဋ္ဌိ သင် လက်မလွှတ်သမျှ အပါယ်ကြောက်သည် မဆိုသာ။
ဓမ္မေသက ...၊
တိုသောသံသရာကို ရှည်အောင် ဆွဲဆန့်တတ်သည့် အရာမှာ ဒုတိယ
လိုက်သော ချဲ့ကားမှု တဏှာတည်း။ သံသရာကို အခြားသို့ လျှောက်၍
သင်မရှာလေနှင့်။ သင့်ခန္ဓာမှာပင် ရှိ၏။ ထိုခန္ဓာနှင့် အာရုံတို့တိုက်မိလေတိုင်း တဏှာသည် အာရုံဆန်းတစ်ခုမှတစ်ခုသို့ ပြောင်း၍လည်းကောင်း၊ စွဲမိနေသော အာရုံ၌လည်း တစ်ခုကိုပင် တစ်ခါမဟုတ်ç အခါခါခံစား၍လည်းကောင်း တိုသောအာရုံကို ရှည်အောင် ဆွဲဆန့်လိုက်ချေရကား ဘဝဖြစ်စဉ်ခေါ် သံသရာအစွဲများသို့ လိုက်၍ ရှည်ပေးရချေတော့၏။ သို့ကြောင့် သင်သည် အာရုံမပြတ်သမျှ ဘဝမပြတ်၊ အာရုံတို့ကို သင် အကောင်းထင်နေသမျှ သံသရာလည်း မပြတ်ချေ။
သင်သည် ကာမဝဋ်၊ ကာမဒုက္ခတို့ကို ရွံမုန်းလှပါသည် ဆို၏။ တဏှာ စွဲ သင့်လက်ထဲက မချသမျှ ကာမဝဋ် ရွံသည်ဟု မဆိုသာ။
ဓမ္မေသက ...
အကယ်တိတိသင်သည် အမြင်မှားမှု ငါစွဲများကို အထဲသိဖြင့် အထဲရှိ ကို ကြည့်ခြင်း၊ မြင်ခြင်းများနှင့်အတူ အမြစ်မှ ခွာနုတ်နိုင်သည်ပဲ ထား ဘိဦး။
ဆာလောင်ပြင်းပြမှု တဏှာ(ကြိုက်စွဲ)ကိုလည်း ခန္ဓာနှင့်စိတ် တခြား စီထား၍ အာရုံကို မခံစား၊ ၎င်း အာရုံကြား မသွားသောအားဖြင့် ဖယ်ရှား နိုင်သည်ပဲ ထားဘိဦး။
မိမိ၏ လက်ရှိဘဝ ခင်မင်တွယ်တာနေသော အထင်ကြီးခြင်း၊ မြတ် နိုးခြင်း မာနများကို အမြစ်ပြုတ်သည်အထိ သင် မခွာနုတ်နိုင်ချေသေးသော် အပါယ်မှလွတ်မြောက်သော်လည်း ဘဝမှမလွတ်မြောက်နိုင်။ ကာမမှ လွတ်
မြောက်သော်လည်း ဘဝမှမလွတ်မြောက်နိုင်။ တောင်ကျရေအတိုက်ကြမ်း
သဖြင့် ချောက်ကမ်းပါးမှ အမြစ်ကျွတ်ထွက်လာသော သစ်ပင်အိုကြီးသည် မြစ်ထဲသို့မျောပါလျက်က နေရာဟောင်းမှ လွတ်လာခဲ့သော်လည်း ပင်လယ်
ပြင် အရောက်တွင်ကား ပေါလောပေါ်ကာ ဝဲလည်နေဘိသို့သာ ရှိချေမည်။
သို့ကြောင့် သင်၏ ဘဝဝဋ်ကြွေး ဒုက္ခဘေးတို့ကို စက်ဆုပ်လှပါ သည်ဆိုသော စကားသည် ထိုဘဝတဏှာ လက်ကမကွာသမျှ သင့်အဖို့ စက်ဆုပ်သည် မဆိုသာ။
ဤဆိုခဲ့ပြီးများကား ငါစွဲအရင်းခံကြောင့် သင်ဖြစ်ပွားခဲ့ရသော သင့်၏ မှုခင်းတို့တည်း❞
တဏှာ၊ မာန၊ ဒိဋ္ဌိတို့ရဲ့ လှည့်စားမှုကြောင့် မြဲတယ်၊ ကောင်းတယ်၊ ပိုင်တယ် လို့ အထင်မှားနေမှုတွေကို မြင်သာသိရှိနိုင်အောင် ဆရာတော်ကြီးက မြင်သာတဲ့ ဥပမာတွေပေးရင်းက ဆုံးမတော်မူခဲ့တာဖြစ်ပါတယ်။
တဏှာ၊ မာန၊ ဒိဋ္ဌိတို့ရဲ့ လှည့်စားမှုကို မြင်အောင်မကြည့်နိုင်ရင်တော့ ❝သေရွာပြန် ဟန်မကျ ဒုက္ခတစ်ချောင်းကိုင်ဘဝ❞ကို ကျွန်တော်တို့တွေ ရောက်ကြ၊ ရကြရဦးမှာ အသေအချာပါ။ ဒီအတွက် အပါယ်လေးဝ ဘုံဘဝများက လွတ်ကြစေဖို့ရာ၊ သံသရာချားရဟတ် အလည်ရပ်ကြစေဖို့ရာအတွက် တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ကို ပယ်သတ်ဖယ်ခွာနိုင်အောင် ကျွန်တော်တို့တွေ မဆုတ်မနစ် ကြိုးစားကြရမှာဖြစ်တယ်လို့ ယုံကြည်မိရင်းက ဆရာတော် ကြီးရဲ့ အဆုံးအမဩဝါဒများကို ဝေမျှလိုက်ရကြောင်းပါဗျာ။
#ငြိမ်းချမ်းသာ #သုဝဏ္ဏသျှမ်
https://www.facebook.com/thuwannashan
#မဟာဗောဓိမြိုင်ဆရာတော်ကြီး၏
#ပုံဝတ္ထုများဖြင့်ဆုံးမသော_အဆုံးအမသြဝါဒများ
#စာပြီးရက်စွဲ/-၁၆-၅-၂၀၂၃