11/09/2026
✿ ကိုယ့်ဘဝကို ပြန်မြင်စေတဲ့ အဆုံးအမများ
(မဟာဗောဓိမြိုင်ဆရာတော်ကြီး၏
“ပုံဆောင်လမ်းပြ အဆုံးအမ ၁၀၀” )
══════════════════
တရားစာအုပ်တစ်အုပ်ကို ဖတ်ပြီးသွားတဲ့အခါ “ဘာတွေ သိလာပြီလဲ” ဆိုတာထက် “ကိုယ့်ကိုယ်ကိုယ် ဘာတွေ ပြန်မြင်လာပြီလဲ” ဆိုတာက ပိုအရေးကြီးတယ်လို့ ထင်မိတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အဆုံးအမတွေမှာ ဒီသဘောကို အထူးခံစားရတယ်။ တရားသဘောကို တိုက်ရိုက်ရှင်းပြရုံမဟုတ်ဘဲ လူတိုင်းမြင်ဖူး၊ ကြားဖူး၊ တွေ့ဖူးတဲ့ အရာတွေကို ပုံဆောင်ပြီး ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်မိအောင် လမ်းညွှန်ထားတာမျိုး ဖြစ်တယ်။
✤ ကြောင်သုံးကောင် — ကိုယ့်အလေ့ကို ကိုယ်မမြင်ရင်
ဆရာတော်ကြီး ရေးသားတော်မူတဲ့“ကြောင်သုံးကောင်” ဆိုတဲ့ ပုံဆောင်ချက်ကို ဖတ်တဲ့အခါ အဓိကအားဖြင့် "လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်ဟာ သူ့အပြုအမူထဲမှာ ပြန်ပေါ်လာတတ်တယ်" ဆိုတဲ့အမြင်ကို နားလည်စေပါတယ်။
တရားအားထုတ်သူတစ်ယောက်အတွက် ဒီအချက်က အရေးကြီးတယ်။
ကိုယ်က ကိုယ့်ကိုယ်ကို “စိတ်ကောင်းတယ်၊ တရားအားထုတ်နေတယ်၊ သတိရှိတယ်” လို့ ထင်နေနိုင်တယ်။
ဒါပေမယ့် တကယ်တမ်းမှာ—
စကားပြောပုံ၊ လူတစ်ယောက်အပေါ် တုံ့ပြန်ပုံ၊ မကြိုက်တာတစ်ခုတွေ့တဲ့အခါ ဖြစ်လာတဲ့စိတ်၊ ကိုယ်လိုချင်တာ မရတဲ့အခါ ဖြစ်လာတဲ့အတွေး—
ဒီအရာတွေက ကိုယ့်စိတ်ရဲ့ အမှန်ကို ပိုပြီးဖော်ပြနေတတ်တယ်။
တရားအားထုတ်ခြင်းဆိုတာလည်း ကိုယ့်အကြောင်း ကိုယ်ကောင်းကောင်းပြောနိုင်လာဖို့ မဟုတ်ဘူး။ ကိုယ့်အကြောင်းကို ကိုယ်မလိမ်နိုင်တော့အောင် မြင်လာဖို့ ဖြစ်တယ်။
✤ ကမ္မဋ္ဌာန်းအလုပ် — အလုပ်က ဘာလဲ
ကမ္မဋ္ဌာန်းဆိုတာ တရားထိုင်တဲ့အချိန်မှာ ငြိမ်ငြိမ်လေး ထိုင်နေရုံလောက်နဲ့ ပြီးသွားတဲ့အလုပ် မဟုတ်ဘူး။
ဆရာတော်ကြီးရဲ့ အဆုံးအမမှာ ကမ္မဋ္ဌာန်းအလုပ်ကို ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုကို စစ်ဆေးရတဲ့အလုပ်၊ အတ္တအယောင်ဆောင် ကိလေသာတို့ရဲ့ အုပ်ချုပ်မှုကို ရင်ဆိုင်ရတဲ့အလုပ်၊ အတ္တ–အနတ္တအမြင်တို့ကို စစ်ဆေးရတဲ့အလုပ်အဖြစ် ပုံဖော်ထားပါတယ်။
ဒီလိုကြည့်ရင် တရားအားထုတ်သူရဲ့ အလုပ်က စိတ်ငြိမ်သွားအောင်လုပ်ဖို့တစ်ခုတည်း မဟုတ်ဘူး။
ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေသလဲ။ ဖြစ်လာတာ ဘယ်လိုဖြစ်လာသလဲ။ ဘာကြောင့် စွဲသလဲ။ ဘာကြောင့် မုန်းသလဲ။ ဘာကြောင့် “ငါ” လို့ ထင်သလဲ။ ဒီအရာတွေကို မျက်စိမှိတ်ပြီး ယုံကြည်ထားတာမဟုတ်ဘဲ "လက်တွေ့ကြည့်ရတဲ့အလုပ်" ဖြစ်တယ်။
ဒါကြောင့် တရားအားထုတ်ခြင်းဟာ အပြင်က အရာတွေကို ပြောင်းလဲဖို့ထက် ကိုယ့်အတွင်းက ဖြစ်ပျက်မှုကို မှန်မှန်ကန်ကန် သိမြင်ဖို့ ပိုနီးစပ်တယ်။
✤ ဝိပဿနာသမား — သူများအပြစ်ရှာဖို့ မဟုတ်ဘူး
ဒီအဆုံးအမကတော့ တရားအားထုတ်နေသူတစ်ယောက်အတွက် တော်တော်လေး ထိမိတယ်။ မိမိရဲ့ အယူအဆ၊ မိမိရဲ့ အတွေ့အကြုံ၊ မိမိရဲ့ လက်တွေ့ကျင့်ကြံမှုကိုသာ ပြောပြီး တစ်ဖက်လူရဲ့ အယူအဆကို ငဲ့စောင်းဝေဖန်နေမိရင် “ဝိပဿနာသမား” လို့ အမည်ခံဖို့တောင် မသင့်ဘူး လို့ ဆရာတော်ကြီးက တိုက်ရိုက်ပြောထားတယ်။
ဘာကြောင့်လဲဆိုတော့ “ဝိပဿနာဟူသည် ကိုယ့်အပြစ်ကိုယ်ရှုရသောတရားဖြစ်ခြင်းကြောင့်တည်း။”
ဒီစကားတစ်ကြောင်းတည်းနဲ့ပင် ဝိပဿနာရဲ့ လမ်းကြောင်းကို တော်တော်ရှင်းသွားတယ်။
သူ့တစ်ပါးရဲ့စိတ်ကို စစ်ဖို့မဟုတ်ဘူး။ သူ့တစ်ပါးအယူကို စစ်ဖို့မဟုတ်ဘူး။
သူ့အပြစ်ကို ရှာဖို့မဟုတ်ဘူး။ ကိုယ့်စိတ်ကို ကိုယ်ကြည့်ဖို့။ ကိုယ့်အပြစ်ကို ကိုယ်မြင်ဖို့ ... ဒီအချက်က တရားအားထုတ်မှုရဲ့ အလွန်ရိုးရှင်းပေမယ့် အလွန်နက်တဲ့ အချက်တစ်ခုလို ခံစားရတယ်။
✤ စံပယ်ပန်း — လူ့ဘဝကို ဘယ်လိုပန်းပွင့်စေမလဲ
ဒီတစ်ပုဒ်ကိုတော့ ဒီစာအုပ်ထဲက အကြိုက်ဆုံးအဆုံးအမတစ်ခုအဖြစ်ရွေးချင်တယ်။ အကြောင်းက စံပယ်ပန်းတစ်ပွင့်ရဲ့ ရိုးရှင်းတဲ့ သဘာဝကို အသုံးပြုပြီး လူ့ဘဝရဲ့ တန်ဖိုးကို ပြန်သတိပေးထားလို့ပါ။
မူရင်းအဆုံးအမကို အပြည့်အစုံ ဖော်ပြရရင်—
စံပယ်ပန်း
စံပယ်ပန်းတွင် ဖြူစင်ခြင်း၊ ရနံ့သင်းခြင်း၊ လန်းဆန်းခြင်း ဂုဏ်များရှိ၏။
သည့်ပမာ -လူ့ဘုံခန်းဝါသည်လည်း စိတ်ဖြူစင်ခြင်း၊ ဂုဏ်သတင်းကြီးခြင်း၊ တက်လမ်းရှိခြင်း စသောဂုဏ်များနှင့် တင့်တယ်လှပနေ၏။
ထိုသို့သော ဂုဏ်ပေါင်းခ လူ့ဘဝထူးကို
• အချင်းချင်း ရန်ဖြစ်နေခြင်းဖြင့် သုခဘုံကို ဒုက္ခဘုံဖြစ်အောင် သင်မဖန်တီးချင်စမ်းပါနှင့်။
• တစ်ဦးနှင့်တစ်ဦး စိတ်ကောက်နေခြင်းဖြင့် ဖြူသောလူ့ကာမသုခကို မည်းညစ်အောင် မဖန်တီးချင်စမ်းပါနှင့်။
• တစ်ဦးနှင့်တစ်ဦး လိမ်လည်ကောက်ကျစ်နေခြင်းဖြင့် ရက်ရောကြည်ဖြူ လူ့သဘောထားကို အရုပ်ဆိုးအကျည်းတန်သွားအောင် မဖျက်ဆီးချင်စမ်းပါနှင့်။
သင်၏ လူ့ဘဝလာရောက်ခြင်းသည် ကောင်းသောလာခြင်းဖြစ်ဘိသို့ သင်၏ ဤလူ့ဘဝမှ ပြန်ခြင်းသည်လည်း ကောင်းသောပြန်ခြင်းဖြစ်ပါစေ။
ဒီအဆုံးအမကို ဖတ်ပြီး ရိုးရှင်းတဲ့မေးခွန်းတစ်ခု ကျန်ခဲ့တယ်။
“ငါ့ဘဝက စံပယ်ပန်းလိုလား။ ဒါမှမဟုတ် ကိုယ်တိုင်မဲနယ်ရည်ဖျန်းပြီး ကိုယ်တိုင်ပဲ ညစ်ပတ်အောင်လုပ်နေတာလား။”
လူ့ဘဝမှာ အခွင့်အရေးတွေ ရှိတယ်။ စိတ်ကောင်းထားနိုင်တဲ့အခွင့်အရေး ရှိတယ်။ သူတစ်ပါးအပေါ် ကောင်းမွန်စွာ ဆက်ဆံနိုင်တဲ့အခွင့်အရေး ရှိတယ်။ ဒါပေမယ့် အဲဒီဘဝကို ကိုယ်တိုင်ပဲ ရန်ဖြစ်ခြင်း၊ စိတ်ကောက်ခြင်း၊ လိမ်လည်ကောက်ကျစ်ခြင်းတွေနဲ့ ဖျက်ဆီးပစ်နိုင်တယ်။
ဒါကြောင့် “စံပယ်ပန်း” ဟာ တရားအားထုတ်သူအတွက် သမာဓိအတွေ့အကြုံတစ်ခုအကြောင်းထက် ပိုပြီး နေ့စဉ်ဘဝကို ဘယ်လိုနေထိုင်ရမလဲဆိုတာ သတိပေးတဲ့ အဆုံးအမ ဖြစ်တယ်လို့ မြင်မိတယ်။
✤ သိဒ္ဓိတန်ခိုး — အတွင်းက အစွမ်းထက်ဖို့
“သိဒ္ဓိတန်ခိုး” မှာ ဆရာတော်ကြီးက လူတွေဟာ သိက္ခာရှင်များထံ ချဉ်းကပ်ခွင့်ရလာတဲ့အခါ ထိုပုဂ္ဂိုလ်ရဲ့ အကျင့်၊ သိက္ခာ၊ ပညာ တို့ကို ကူးယူအသုံးချလိုကြတဲ့သဘောကို ပုံဖော်ထားပါတယ်။
ဒီအချက်ကို တရားအားထုတ်သူဘက်က ပြန်ကြည့်မိရင် စိတ်ဝင်စားစရာကောင်းတယ်။ လူတွေဟာ တစ်ခါတလေ တရားရဲ့ အနှစ်သာရထက်တရားနဲ့ဆက်စပ်တဲ့ ထူးခြားမှုတွေကို ပိုစိတ်ဝင်စားတတ်ကြတယ်။အတွေ့အကြုံထူးခြားတာ၊ တန်ခိုးရှိတာ၊ သိဒ္ဓိရှိတာ၊ ထူးဆန်းတာ — အဲဒီအရာတွေကို စိတ်ဝင်စားမိလွယ်တယ်။
ဒါပေမယ့် တကယ်တမ်း တရားရဲ့ အစွမ်းဟာ— လောဘကို လျော့စေနိုင်သလား။ ဒေါသကို လျော့စေနိုင်သလား။ မာနကို လျော့စေနိုင်သလား။ ကိုယ့်အပြစ်ကို ကိုယ်မြင်လာသလား။ သူတစ်ပါးအပေါ် ပိုပြီး မေတ္တာထားလာသလား ... ဒီအရာတွေမှာ ပိုမြင်ရမယ်လို့ ထင်မိတယ်။
✤ အဆုံးမှာ ကျန်ခဲ့တာ
ဒီငါးပုဒ်ကို ဆက်ပြီးဖတ်ကြည့်တဲ့အခါ အဆုံးအမတွေက သီးခြားစီမဟုတ်ဘဲ တစ်ကြောင်းတည်းကို ပြောနေသလို ခံစားရတယ်။
"ကြောင်သုံးကောင်" က ကိုယ့်အလေ့ကို ကိုယ်ပြန်မြင်စေတယ်။ "ကမ္မဋ္ဌာန်းအလုပ်" က ကိုယ့်စိတ်နဲ့ ရုပ်နာမ်ကို လက်တွေ့စစ်ဆေးဖို့ သတိပေးတယ်။ "ဝိပဿနာသမား" က သူများအပြစ်ရှာမယ့်အစား ကိုယ့်အပြစ်ကို ကိုယ်ရှုဖို့ ပြန်ခေါ်တယ်။ "စံပယ်ပန်း" က ကိုယ့်လူ့ဘဝကို ကိုယ်တိုင် မညစ်နွမ်းစေဖို့ သတိပေးတယ်။ "သိဒ္ဓိတန်ခိုး" ကတော့ တရားရဲ့ တန်ဖိုးကို အပြင်က ထူးခြားမှုတွေထက် အတွင်းက ပြောင်းလဲမှုမှာ ပြန်ရှာစေတယ်။
ဒီလိုကြည့်လိုက်ရင် — ဒီ အဆုံးအမ ၁၀၀ စာအုပ်က ကိုယ့်ကို အသိပညာအသစ်တွေ အများကြီးပေးဖို့ထက် ကိုယ်သိပြီးသားအရာတွေကို ကိုယ့်ဘဝထဲ ပြန်မြင်လာစေတယ်။ စာအုပ်ဖတ်ပြီးတဲ့အခါ ဒီအဆုံးအမက "သူ့အတွက်ပဲ” လို့ မတွေးဘဲ “ဒါ ငါ့အကြောင်း ပြောနေတာပဲ”လို့ ခံစားရစေပါတယ်။
အရေးကြီးဆုံးကတော့ ဒီစာအုပ်ကို တစ်ကြိမ်ဖတ်ပြီး အဆုံးသတ်ရမယ့် စာအုပ်မျိုးထက် မိမိရဲ့ အကျင့်၊ စိတ်နေစိတ်ထားနဲ့ တရားအားထုတ်မှုအခြေအနေအလိုက် ပြန်ဖတ်သင့်တဲ့ စာအုပ် လို့ မြင်မိပါတယ်။
“ပုံဆောင်လမ်းပြ အဆုံးအမ ၁၀၀” ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ ဒီစာအုပ်ဟာ တရားကို အဆုံးထိ ရှင်းပြပေးထားတဲ့ ကျမ်းစာတစ်အုပ်ထက် မိမိကိုယ်တိုင် ဆက်လက်ကြည့်ရှု၊ ဆက်လက်စဉ်းစား၊ ဆက်လက်ကျင့်သုံးနိုင်အောင် လမ်းပြပေးတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။
စာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ “ဆရာတော်ကြီးက ဘာပြောသလဲ” ဆိုတာထက် “ဒီအဆုံးအမက ငါ့ဘဝမှာ ဘယ်နေရာကို ပြန်ကြည့်ခိုင်းနေတာလဲ” ဆိုတဲ့ မေးခွန်းကို မိမိကိုယ်တိုင် ပြန်မေးမိစေခြင်းက ဒီစာအုပ်ရဲ့ တန်ဖိုးတစ်ခု ဖြစ်မယ်လို့ ထင်မိပါတယ်။
တရားကို သိဖို့ ဖတ်ခြင်းထက်၊ မိမိကိုယ်မိမိ မြင်ဖို့ ဖတ်မယ်ဆိုရင် ဒီစာအုပ်က ပိုပြီး အဓိပ္ပာယ်ရှိမယ်ဟု ထင်မြင်ယူဆမိပါကြောင်း။
══════════════
အိမ်အရောက်ပို့စနစ်နဲ့ စာအုပ်မှာယူလိုပါက -
Thuwannashan ရဲ့ chat box (m.me/thuwannashan/)သို့ -
ဆက်သွယ်မှာယူနိုင်ပါတယ်။
✤ မန်းချောင်းစာပေ
ဖုန်း 09260922240၊ 09443046226 သို့
ရုံးချိန်အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်။
══════════════
#ကိုသော်တာ #စာအုပ်ဖတ်ညွှန်း
#မဟာဗောဓိမြိုင်ဆရာတော်
#ပုံဆောင်လမ်းပြ_အဆုံးအမ_၁၀၀