20/08/2026
ဖြေတွေး -၂
လေးပါးသီလမြဲတဲ့ယမကာလုလင်နဲ့
လိမ်ပြောတတ်တဲ့ဖိုးသူတော်
ဘယ်သူက အပြစ်ပိုကြီးသလဲ။
ရှိပြီးသားကို လှူတဲ့လူနဲ့
မရသေးတာကို စွန့်လွှတ်တဲ့လူ
ဘယ်သူက ပိုမွန်မြတ်သလဲ။
တောင်းတဲ့လူနဲ့
ပေးတဲ့လူ
ဘယ်သူက ပိုစိတ်ရှည်သလဲ။
လူဆိုးလုပ်ရတာနဲ့
လူကောင်းယောင်ဆောင်ရတာ
ဘယ်ဟာက ပိုခဲယဉ်းသလဲ။
ကင်းစောင့်တဲ့လူနဲ့
ဖောက်ထွင်းဖို့ကြံစည်တဲ့လူ
ဘယ်သူက ဝီရိယပိုသာသလဲ။
လွတ်အောင်ပြေးတဲ့လူနဲ့
မိအောင်လိုက်တဲ့လူ
ဘယ်သူက ပိုမောပန်းသလဲ။
ဖဲလိမ်ရိုက်တဲ့လူနဲ့
ဓားကိုင်ရမ်းတဲ့လူ
ဘယ်သူက ရင်ဆိုင်ရပိုခက်သလဲ။
မသေချာဘဲ ဝင်ပြိုင်တဲ့သူနဲ့
ရှုံးမယ်မှန်းသိလျက် ဝင်နွှဲတဲ့လူ
ဘယ်သူက သွေးပိုကောင်းသလဲ။
ဆာလောင်မွတ်သိပ်တာနဲ့
စားပိုးနင့်တာ
ဘယ်ဝေဒနာက ပိုဆိုးသလဲ။
နာကျင်တာနဲ့
ယားယံတာ
ဘယ်ဟာက အခံရပိုခက်သလဲ။
ကျပ်ကျပ်တည်းတည်း ထိုင်ရတာနဲ့
လွတ်လွတ်လပ်လပ် ရပ်ရတာ
ဘယ်ဟာက ပိုသက်သာသလဲ။
လိုချင်တာကို မရတာနဲ့
မလိုချင်တာကို ရတာ
ဘယ်ဟာက ပိုဆုံးရှုံးသလဲ။
ထွက်ခွာသွားတဲ့လူနဲ့
ကျန်ရစ်ခဲ့တဲ့လူ
ဘယ်သူက ပိုလွမ်းရသလဲ။
အဖြေကို .......
ဘဝစာမျက်နှာ
တစ်နေရာတွင်
ရှာကြည့်ပါ…
မင်းလူ
၂၀၀၅ ၊ ဩဂုတ်(အတွေးသစ်ဂျာနယ်)