သျှင်ငြိမ်းမေ

Call Directions Contact the business

သျှင်ငြိမ်းမေ Daily life

 #ဘဝမလှသည့်ကြီးမယ်လှ #ဖြစ်ရပ်မှန်​"အောက်အီအီးအွတ်...."​နံနက်ဝေလီဝေလင်း ကြက်တွန်သံသည် အသက် ၇၀ အရွယ် ကြီးမယ်လှအတွက် အမြဲတမ...
07/04/2026

#ဘဝမလှသည့်ကြီးမယ်လှ
#ဖြစ်ရပ်မှန်

​"အောက်အီအီးအွတ်...."

​နံနက်ဝေလီဝေလင်း ကြက်တွန်သံသည် အသက် ၇၀ အရွယ် ကြီးမယ်လှအတွက် အမြဲတမ်းနှိုးစက်တစ်ခု ဖြစ်သည်။

ကြက်တွန်သံကြားသည်နှင့် ကြီးမယ်လှ အိပ်ရာမှ ထစမြဲ။

အိပ်ရာဘေးက ဆားထုတ်လေးထဲမှ ဆားအနည်းငယ်ကို ယူကာ ညကကြိုတင်ခပ်ထားသည့် အိပ်ယာခြေရင်းရှိ ပလပ်စတစ်ပုံးထဲကရေနှင့် ထိုနေရာမှာပင် တိုးတိုးတိတ်တိတ် သွားတိုက် မျက်နှာ သစ်လိုက်သည်။

ကြမ်းခင်းများက ကျိုးတို့ကျဲတဲမို့ ရေများကြမ်းပေါ်တင်ကျန်ရစ်မှာ မပူရ။

ထို့နောက် သနပ်ခါးလက်သွေးခဲလေးကို လက်ဖဝါးပေါ် ရေစွတ်သွေးရင်း မျက်နှာပေါ် လူးလိုက်သည်။

ဘုရားကန်တော့ပြီးနောက် ဟောင်းနွမ်းပေါက်ပြဲနေသည့် စောင်စုတ်ကလေးကို သေသေချာချာခေါက်ကာ ဘုရားဆောင်အောက် ထရံနားသို့ တိုးကပ်ထားလိုက်သည်။

​ကြီးမယ်လှသည် သံချက်များစုံအောင်မရှိတော့သည့် ကြမ်းပြင်ပေါ်တွင် ခြေသံမကြားအောင် အိမ်တံခါးပေါက်ဆီသို့ တရွေ့ရွေ့ ဖင်ရွေ့သွားရင်း အိမ် တံခါးကို အသာလှပ်လိုက်သည်။

ထိုအခါကျမှ အိမ်အောက်သို့ ခြေချလျက် ယိုင်မသွားအောင် အသာထိန်းရပ်လိုက်သည်။

ပတ္တာတစ်ဖက်ပြုတ်နေသည့် ယိုင်နဲ့နဲ့တံခါးကို အသံမမြည်အောင် အသက်အောင့်ဖွင့်ရခြင်းမှာ သူမအတွက် စွန့်စားခန်းတစ်ခုပင်။

တစ်စုံတစ်ရာ အသံမြည်သွားလျှင် အတွင်းခန်းထဲမှ တူမဖြစ်သူ မဂေါက်တေးက "စောစောစီးစီး အဘွားကြီး အလိုက်ကမ်းဆိုးမသိဘူးလား" ဟု အော်ဟစ်တတ်သည်။

ကြီးမယ်လှသည် မဂေါက်တေး ငြိုငြင်မည်ကို အလွန်ကြောက်သည်။

ဂေါက်တေးမ၏အိမ်ရှေ့ခန်းလေးမှ သူမအတွက် ကျောတစ်ချစာ နေရာလေး ပျောက်သွားမှာကို အလွန်စိုးရိမ်ရှာသည်။

​ကြီးမယ်လှသည် ဝေလီဝေလင်းလေကို ရှူရှိုက်ရင်း သူမ၏ငွေရှာရာ ဟိုဘက်ရပ်ကွက်ရှိ ဈေးကြီးထိပ်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

ယခင်က နာရီဝက်နှင့် ရောက်သော်လည်း ယခုနှစ်ပိုင်းအတွင်း ကျန်းမာရေးချို့ယွင်းလာ၍ တစ်နာရီနီးပါး လျှောက်ရသည်။

ဈေးအဝင်ဝသို့ ရောက်သည့်အခါ သဘက်စုတ်ကလေး ခေါင်းပေါ်တင်လျက် မြေကြီးပေါ်တွင် ဖိနပ်လေးခုထိုင်ကာ တောင်းရမ်းရသည်။

သူမ၏ အားအင်ချိနဲ့ပုံကို မြင်သူတိုင်းက သနား၍ ပိုက်ဆံလေးများ ထည့်သွားတတ်ကြရာ တစ်ခါတစ်ရံ သုံးလေးသောင်းအထိ ရတတ်လေသည်။

​မနက် ၁၀ နာရီ နေပူရှိန်ပြင်းလာလျှင် ရသမျှငွေ‌ လေးများကို အိတ်ထဲထည့်ကာ ဈေးထိပ်က ဒေါ်ညို၏ လက်ဖက်ရည်ဆိုင်သို့ ဝင်လေ့ရှိသည်။

ဆိုင်ရှင်ဒေါ်ညိုက ငွေများကို ရေတွက်ပေးပြီး အကြွေများကို တစ်ထောင်တန်နှင့် လဲပေးရသည်။

ဂေါက်တေးမကို ပေးရမည့်ငွေဖယ်၊ သူမအတွက် ထမင်းဖိုးနှင့် လက်ဖက်ရည်ဖိုးလေးနှုတ်ကာ ကျန်သည်ကို ဒေါ်ညို့ထံ အပ်နှံသည်။

ဂေါက်တေးမသည် တစ်ခါတစ်ရံသူမအတွက် နေ့စဉ်ပေးရသည့် ငွေအပြင် ကြီးမယ်လှလက်ထဲမှ ကျန်သည့်ငွေလေးများကိုပင် အတင်းဆွဲယူတတ်ပြီး မပေးလျှင် အိမ်ပေါ်မှနှင်ချမည်ဟု အမြဲချိမ်းခြောက်တတ်ကြောင်း ဒေါ်ညို စိတ်မကောင်းစွာ သိခဲ့ရသည်။

​ထိုနေ့က နေပူရှိန်က ခါတိုင်းထက် ပိုမိုပြင်းလျက်ရှိနေသည်။

ကြီးမယ်လှ တစ်ယောက် ဖုန်တထောင်းထောင်း ထနေသော လမ်းဘေးတွင် ခေါင်းပေါ်က သဘက်စုတ်လေးကို အသာပြင်ရင်း လူအသွားအလာကို မှုန်ရီသောမျက်လုံးများဖြင့် အားယူကာကြည့်နေမိသည်။

ခန္ဓာကိုယ်ကြီးက လေးလံထိုင်းမှိုင်းကာ ရင်ဘတ်ထဲကလည်း တစ်ချက်တစ်ချက် အောင့်တက်လာသည်။

သို့သော် "ဒီနေ့ ပိုက်ဆံမရရင် အိမ်ပေါ်ကဆင်းဖို့သာ ပြင်ထား" ဟူသော ဂေါက်တေးမ၏အသံက နားထဲတွင် ခြောက်လှန့်နေဆဲ။

​"အဘွား... ရော့ ရော့... အလှူငွေလေး"

​ဈေးဝယ်လာသူတစ်ဦးက တစ်ထောင်တန်တစ်ရွက် ကမ်းပေးသည်။

ကြီးမယ်လှ တုန်ရီနေသောလက်များဖြင့် လှန်းယူလိုက်သော်လည်း သူမ၏အမြင်အာရုံတို့က ဝေဝါးစပြုနေပြီ။

တဖြည်းဖြည်းနှင့် နေပူရှိန်က ခေါင်းပေါ်သို့ တည့်တည့်ကျရောက် လာလေဖြစ်သည်။

ခြေထောက်များက အပ်နှင့်ထိုးသကဲ့သို့ နာကျင်လာကာ ရင်ဘတ်ထဲမှအောင့်ခြင်းမှာလည်း လည်ပင်းနားအထိ တက်လာသည်။

သူမသည် ဒေါ်ညိုရှိရာဆိုင်သို့ သွားရန် အားယူသော်လည်း ခန္ဓာကိုယ်က မြေကြီးနှင့် ကပ်နေသကဲ့ သို့ လှုပ်မရတော့ပေ။

​"အမေကြီး... အမေကြီး ဘာဖြစ်လို့လဲ"

​ဘေးနားမှ ဈေးသည်တစ်ဦး၏အသံကို ဝေးဝေးက ကြားလိုက်ရသလိုလို။

ကြီးမယ်လှ၏လက်ထဲတွင် ဂေါက်တေးမ အတွက် ဖယ်ထားသော ငွေစက္ကူအနွမ်းလေးများကို ကျစ် ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

ထိုငွေလေးသာ ပါမသွားလျှင် ဂေါက်တေးမက သူမကို နှင်ချမည်လား ယနေ့ည သူမ ဘယ်မှာ အိပ်ရပါမည်နည်း။

ဤအတွေးက သူမ၏ နောက်ဆုံးအသိစိတ်ကို တွန်းအားပေးနေသည်။

​ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားပြီး ကြီးမယ်လှ၏ ပိန်လှီလှသော ခန္ဓာကိုယ်လေးသည် ဈေးအဝင်ဝ မြေမှုန့်များကြားသို့ တဖြည်း ဖြည်းချင်း လဲကျသွားလေတော့သည်။

ခေါင်းပေါ်က သဘက်စုတ်လေးသည် လွင့်စင်သွားပြီး ဖြူဖျော့နေသော မျက်နှာထက်ရှိသနပ်ခါးပါး ကွက်လေးများက ဖုန်မှုန့်တို့နှင့် ရောထွေးကုန်သည်။

​လူအများ ဝိုင်းအုံလာကြစဉ် ဒေါ်ညိုသည် စိုးရိမ် တကြီးဖြင့် တိုးဝင်လာသည်။

မြေပြင်ပေါ်တွင် သက်မဲ့စွာ လဲလျောင်းနေသော ကြီးမယ်လှကို မြင်လိုက်ရသောအခါ ဒေါ်ညို ရင်ထုမနာ ဖြစ်ရတော့သည်။

အသက်မဲ့သွားသည့်တိုင် ဂေါက်တေးမ၏ နှင်ချခြင်းကို ကြောက်လန့်ကာ လက်ထဲ၌ ငွေစက္ကူများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ ဖြစ်သော ကြီးမယ်လှ...။

​ကြီးမယ်လှ၏ ဘဝဇာတ်ခုံသည် လမ်းဘေးမြေမှုန့်များကြားတွင် နိဂုံးချုပ်သွားခဲ့ရသည်။

ယခုတော့ ဂေါက်တေးမကို ကြောက်စရာမလိုတော့သလို၊ ယိုင်နဲ့နဲ့ တံခါးကြီးကိုလည်းအသက် အောင့်ဖွင့်စရာ မလိုတော့ပေ။

သူမအတွက် နောက်ဆုံးကျန်ရစ်သည်မှာ ဈေးအဝင် ဝမှ ဖုန်မှုန့်များနှင့် လူအများ၏ သနားဂရုဏာသက်သည့် သက်ပြင်းချသံများသာ ဖြစ်ပါတော့သည်။

#စာရေးသူစကားချပ်
ကြီးမယ်လှရဲ့ဘဝမှာ အခက်အခဲတွေ ဒုက္ခတွေ အများကြီး ရှိခဲ့သည့်အပြင် အနီးဆုံးလူဖြစ်သည့် တူမဆီကပင် ရသင့်သည့် နွေးထွေးမှု မေတ္တာကို မရရှိခဲ့ပါဘူး။

တကယ်တော့ ဂေါက်တေးမသည်လည်း ယခင်က အရမ်းဆိုးသည့် လူတစ်ယောက် မဟုတ်နိုင်ပါဘူး။

ဘဝရဲ့ဖိအားတွေ၊ စီးပွားရေးကျပ်တည်းမှုတွေ၊နေ့စဉ် ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ သူမရဲ့နှလုံးသားက တဖြည်းဖြည်း မာကျောခြောက်သွေ့လာခဲ့တာဖြစ်နိုင်ပါတယ်။

ဒါတွေဟာ ဂေါက်တေးမအတွက် လူသားခြင်းစာ နာစိတ်တွေ ကိုယ်ချင်းစာစိတ်တွေ မေတ္တာတရားတွေပျောက်ဆုံးသွားစေခဲ့တဲ့ အကြောင်းတရားတွေလား‌ဟု တွေးစရာတခုဖြစ်လာပါတယ်။

ဂေါက်တေးမရဲ့ ကြီးမယ်လှအပေါ် ရက်စက်မှုက ဘဝရဲ့ဖိအားတွေကနေ ဖန်တီး လိုက်တဲ့ မကောင်းသည့် အကျိုးဆက်တစ်ခုများ ဖြစ်‌နေမလား။

သို့ပေမယ့်…ကျွန်မတို့တ‌‌တွေဟာ လူဖြစ်ခွင့်ရလာတဲ့လူသားတွေမဟုတ်ပါလားရှင်။

ကျွန်မတို့တွေဟာ လူပီသဖို့အတွက်...
ဘယ်လိုအကြောင်းပြချက်ပဲရှိနေပါစေ
လူသားအချင်းချင်း ....လူသားခြင်းစာနာစိတ်တွေ ကိုယ်ချင်းစာစိတ်‌တွေ မေတ္တာတရားတွေ ပျောက်ဆုံးမသွားသင့်ဘူး မဟုတ်ပါလားရှင်။

ဒါကြောင့်မို့ ကျွန်မတို့တွေဟာ ဂေါက်တေးမလို့ မဖြစ်ဖို့ လူပီသစွာ နေထိုင်ဖို့ လိုပါတယ်ရှင်။

ကျေးဇူးတင်ပါသည်။
ဆက်လက်ကျိုးစားပါအုံးမည်။
#သျှင်ငြိမ်းမေ (မမီး)
#ဝထ္ထုရှည်ဝထ္ထုတိုများ
#ကိုယ်တိုင်ရေးစာစု
#ဖြစ်ရပ်မှန်

Thanks for being a top engager and making it on to my weekly engagement list! 🎉 Daw Khin Nilar Aung, Hla Shwe, Htwe Htwe
07/04/2026

Thanks for being a top engager and making it on to my weekly engagement list! 🎉 Daw Khin Nilar Aung, Hla Shwe, Htwe Htwe

 #ပုဇင်းရင်ကွဲတွေအော်နေကြတယ် #ဖြစ်ရပ်မှန်ညဦးယံ၏  အမှောင်ထုအတွင်း ပုစဉ်းရင်ကွဲတို့၏ စူးရှစွာ အော်မြည်သံများသည် အစော ၏ ရင်...
05/04/2026

#ပုဇင်းရင်ကွဲတွေအော်နေကြတယ်
#ဖြစ်ရပ်မှန်

ညဦးယံ၏ အမှောင်ထုအတွင်း ပုစဉ်းရင်ကွဲတို့၏ စူးရှစွာ အော်မြည်သံများသည် အစော ၏ ရင်ထဲမှ အထီးကျန်မှုကို ပိုမိုကြီးထွား‌စေလေသည်။

အသံသာကြားရပြီး မမြင်ရ‌သော ပုဇင်းရင်ကွဲများကဲ့သို့ပင် သူ၏ခံစားချက် စကားလုံးများကို တဖက်လူကြားစေနိုင်‌ခဲ့သော်လည်း ရင်တွင်းနာကျင်မှုကိုတော့ မည်သူမျှ မမြင်နိုင်ခဲ့ပေ။

မိတ်ကပ်ပညာရှင် LGBT အစောတစ်ယောက် အိမ်ရှေ့ ဝရံတာတွင် ထိုင်နေလျက် တိတ်ဆိတ်စွာ တွေးနေမိသည်။

ယခုအချိန်မှာတော့ အစော၏ မျက်နှာပေါ်တွင် မျက်ရည်များမရှိတော့‌‌ပေ၊ သို့ပေမဲ့ အစော၏ မျက် လုံးအိမ်အတွင်းက တောက်ပမှုများကတော့ လွန်ခဲ့သည့် နှစ်များထက် အလွန်ပင် မှေးမှိန် အားဖျော့လို့သွားခဲ့လေပြီ။

အစော
အစောသည်,အသက်လေးဆယ်သက်တမ်းတစ်လျှောက် သူ၏ မိတ်ကပ်ပညာနှင့် အလှအပဖန်တီးခြင်းတို့ဖြင့် ကောင်းမွန်စွာ ရပ်တည်လာခဲ့သူဖြစ်သည်။

သူတို့မြို့၏ မိတ်ကပ်ဖန်တီးရှင် လောကတွင် ထင်ပေါ်ကျော်ကြားသည့်အပြင် စိတ်သဘောထား နူးညံ့၍ စိတ်ရှည်သူဖြစ်‌သောကြောင့် လူသိများလေသည်။

သူ၏ ဆိုင်သို့ လာရောက်သော သတို့သမီးလေးများမှာ “အ‌စောပြင်ပေးလိုက်လျင် အလှဆုံးဖြစ်မှာ မပူရ ဘူး"ဟုအစောကို ယုံကြည် စိတ်ချကြသည်။

ထိုကဲ့သို့ အောင်မြင်မှု၏ နောက်ကွယ်တွင်၊ အစောသည် သူ၏ အချိန်များ၊ ချစ်ခြင်း‌ မေတ္တာများနှင့် မျှော်လင့်ချက်များ အားလုံးကို ပုံအပ် ထားခဲ့သူတစ်‌ယောက်ရှိနေခဲ့လေသည်၊

သူက‌တော့... "အာကာ" ပဲဖြစ်သည်။

အာကာသည် စကားနည်းသူဖြစ်ပြီး ဆောက်လုပ်ရေးကန်ထရိုက်တစ်ခု၏ ဆေးသုတ်အဖွဲ့မှခေါင်း ဆောင်တစ်ဦးဖြစ်သည်။

သူတို့၂ဦး၏ဇာတ်လမ်းအစမှာ ယခု အစောနေထိုင်လျက်ရှိသည့် တိုက်ခန်းဝယ်ယူခြင်းမှ စခဲ့ခြင်းဖြစ်သည်။

တိုက်ခန်းအသစ်တွင် ဆေးသားလက်ရာကောင်း ကောင်းနှင့် စေတနာထားလုပ်ကိုင်ပေးခဲ့သည့် အာကာ့ကို အစောက စိတ်ဝင်စားခဲ့သည်။

ထိုမှစ၍ သူတို့၂ဦးရင်းနှီးခင်မင်သွားခဲ့ကြ‌သည်။

ထို့နောက်....
အစောသည် သူ၏ချစ်ခြင်း‌ မေတ္တာတို့ဖြင့် အာကာ ၏ လိုအပ်ချက်မှန်သမျှ အရာအားလုံးကို ဖြည့် ဆည်းပေးခဲ့သည်။

ဤသို့ဖြင့် အစော၏ဘဝသည် အာကာ့ကို အရာရာပေးဆပ်ခြင်းဖြင့် ပျော်ရွှင်နေခဲ့တော့သည်။

ဤသို့ဖြင့် သူတို့၂ဦး၏ သံယောဇဉ်ကမ္ဘာလေးသည် ၄နှစ်သက်တမ်းသို့ပင်ရောက်ရှိလာခဲ့လေပြီ။

တစ်နေ့—
ထိုနေ့သည် အစောအတွက် နေဆယ်ဆင်းတမျှ ပူ‌ လောင်ရသော နေ့တစ်နေ့ ဖြစ်လေသည်။

“အစော…”

အာကာ၏ အသံသည် ခါတိုင်းထက် အနည်းငယ် ပိုထူးခြားနေသည်ဟု အ‌စောချက်ခြင်း ရိပ်မိလိုက်သည်။

“ဟင်… ဘာဖြစ်လဲ အာကာ”
အစောသည် စိုးရိမ်စွာ မေးလိုက်သည်။

အစော၏ အကြည့်များသည် အမြဲတန်း နူးညံ့ပြီး အာကာ၏ စိတ်နှလုံးကို နွေးထွေးစေသည်။

အာကာသည် တခါတရံ အစော၏ သူ့အပေါ်ထားသည့် မေတ္တာများသည် အမကြီးအမိရာ တစ်ယောက်၏ ‌မေတ္တာများဟုပင် ခံစားမိတတ်သည်

“အ‌စော...ကျွန်တော်… မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ်,

အာကာ၏အသံသည် အဆုံးတွင် အနည်းငယ်တိမ်ဝင်သွားသည်။

ထိုအသံသည် အစောအတွက်တော့ အဆမတန်ကျယ်လောင်သည့် ဗုံးတစ်လုံးပေါက်ကွဲသံနှင့်တူလေသည်။

သူ့ဘဝ သူ့ကမ္ဘာကြီးတစ်ခုလုံး တခဏအတွင်း ကျေမွပျက်စီးသွားလေသည်။

တစ်စက္ကန့်အတွင်း အမြင်အာရုံများ ရုတ်တရက် ပျောက်ကွယ်သွားသလို နှလုံးတွေလည်းအဆမတန် ခုန်သွားခဲ့သည်

အစောသည် ချက်ချင်းပင် အခြေအနေကိုထိန်းကာ ပြုံးလျက် အာကာ့ကိုကြည့်လိုက်သည်။ဒီအပြုံးက နာကျင့်သည်အပြုံးဆိုတာ အာကာ ကောင်းကောင်းသိလိုက်သည်။

“အာကာ့‌ မင်းရဲ့ဒီရွေးချယ်မှုကို ငါ လက်ခံပေးနိုင်ရမှာပေါ့…”

အစော၏အသံမှာ အနည်းငယ်တုန်ခါနေသော်လည်း အတည်ငြိမ်ဆုံး ကျိုးစား‌ပြောလိုက်မှန်း အာကာသိသည်။

“သူမ ဘယ်လိုမိန်းခလေးလဲ…ဘယ်ကလည်း"ဟု အာကာ့ကို မေးခွန်းထုတ်ဖို့ ဝန်လေးနေမိသည်။

ထိုနေ့မှစ၍ သူတို့၂ဦး၏ ဆက်ဆံရေးမှာ အရင်လို မနွေးထွေးတော့ပါ။

နောက်တစ်လကြာသော်...

အာကာ၏ မင်္ဂလာပွဲအတွက် အစောသည် တက် တက်ကြွကြွ ဦးဆောင်စီစဉ်ပါတော့သည်။

အမကြီးက မောင်အငယ်ဆုံးလေး၏ မင်္ဂလာပွဲအတွက် လိုလေသေးမရှိ‌အောင် စီစဉ်ဆောင် ရွက်‌ပေးနေသည်နှင့်ပင် တူလွန်းနေသည်။

သတို့သမီးဘက်က အမျိုးတွေကတော့ အ‌စောကို တာဝန်ကျေသည့်အမကြီးဟု ထင်မှတ်ကြလေ သည်၊

တကယ့်အမှန်တရားကိုတော့ မည်သူမှ မသိကြ။

သည်လိုနှင့် အာကာ၏ မင်္ဂလာပွဲနေ့သို့ ရောက်လာ ပေသည်။

အစောသည် အာကာ၏ချစ်သူ သတို့သမီးလေးကို မိတ်ကပ်လိမ်း‌ပေးနေသည်,

သူမ၏မျက်ဝန်းများတွင် အနာဂတ်အိပ်မက်များ ပြည့်နှက်နေသည်ဟု အ‌စောမြင်သည်။ အစောသည် နာကျင်မှုများ ဖုန်းကွယ်ကာ သူမကိုကြည့်လျက်

“ဒီမိန်းကလေးသည် အာကာ့အတွက် ပျော်ရွှင်စေနိုင်မဲ့သူလေး ဖြစ်ပါစေ…”ဟု ဆုဝောင်းနေမိသည်။

ထိုအတွေးက အစော၏ အနစ်နာခံမှုကို ပိုမိုမြင်‌ တွေ့စေလေသည်။

“မကြီးစော …” သတို့သမီးလေး ခေါ်လိုက်သည်။
“ဒီနေ့ သမီး အရမ်းလှမလား”
အစောက ချက်ခြင်းပင်
“သိပ်လှမှာပေါ့ အစောပြင်ခဲ့သမျှထဲမှာ အလှဆုံးသတို့သမီးလေးဖြစ်မှာ…”ဟု

သူ၏ မျက်ဝန်းများမှ နာကျင်မှုကို ဖုံးကွယ်လျက် သတို့သမီးလေးကို ပြုံး၍ကြည့်ရင်း ပြောလိုက်သည်။

“ဒီနေ့က သမီးဘဝမှာ အလှဆုံးနေ့ဖြစ်‌စေရမယ်”

ထိုစကားတွင် အစော၏ မေတ္တာ၊ ပေးဆပ်လိုက်ရသည့် အနစ်နာများ အားလုံး ပါဝင်နေသည်။

မင်္ဂလာပွဲပြီးဆုံးခါနီးအချိန်တွင် လူအုပ်ကြားမှ တိတ်တိတ်လေး ထွက်ခွာသွားသော အစောကို မည်သူမှ သတိမပြုမိလိုက်ကြ‌ပေ။

သူသည် ရှေ့ဆက်၍ အာကာ့အတွက် မည်သည့်နေရာတွင်မှ အရေးပါသူဖြစ်မလာနိုင်တော့ပေ။

သို့ပေမဲ့....
ဒီနေ့မှာတော့ အားလုံး၏ ပျော်ရွှင်မှုအတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှာ တာဝန်ကျေစွာ လုပ်ကိုင်ပေးနိုင်ခဲ့သူ ဖြစ်ခဲ့ခြင်းအတွက် အစောကျေနပ် နေခဲ့လေသည်။

ယခုညတွင်တော့—လွန်ခဲ့သည့် ၄နှစ်တာကာလက သူ့ဘဝ၏ ပျော်ရွှင်ချမ်းမြေ့ဖွယ် အတိတ်များကို ပြန်လည်သတိရလျက်

အစောတစ်ယောက် ဝရံတာတွင် နာကျင်စွာထိုင်နေလေသည်။

ပုစဉ်းရင်ကွဲများက အဆက်မပြတ် အော်မြည်နေကြသည်။

ထိုစူးရှသည့်အသံများသည် အစော၏ ရင်ထဲမှ မ ဖော်ပြနိုင်သော စကားလုံးများကို ကိုယ်စားပြုနေ သည်။။

“နင်တို့လည်း… ငါ့လိုပဲ ရင်ကွဲနေကြတာလား…”
အစော တိုးတိုးလေး ရေရွတ်လိုက်သည်။

လရောင်အောက်တွင် မျက်ရည်တစ်စက် ပေါက်ခနဲကျလိုက်မိသော အစော၏ မျက်နှာသည် နာကျင်မှုနှင့်အတူ တည်ငြိမ်နေသည်။

တဆက်တည်းမှာပင်
သူမသည် ရှုံးနိမ့်သူ မဟုတ်—
ချစ်ခြင်းကို ကိုယ်တိုင်လက်လွှတ်နိုင်သော လူတစ်ယောက် ဖြစ်သည်ဟု မိမိကိုယ်ကို အားပေးလိုက်သည်။

အာကာ၏ အနာဂတ်တွင် အစော မရှိနိုင်တော့
ပေမယ့်—

အစော၏ သန့်ရှင်းသော မေတ္တာများသည် သူတို့ဘဝထဲတွင် ဆက်လက်၍ အေးချမ်းစွာ ရှိနေအုံးမည်ဖြစ်သည်။

ပုစဉ်းရင်ကွဲသံများက အဆက်မပြတ်‌ အော်မြည်နေဆဲဖြစ်သည်။

အာကာတို့ ဇနီးမောင်နှံအ‌ပေါ် ထားသည့် အစော ၏ သန့်ရှင်းသည့် မေတ္တာများသည်လည်း အဆက် မပြတ် ရှင်သန် နေအုံးမည်ဖြစ်ပါတော့သည်။

စာရေးသူ၏စကားချပ်
အကယ်၍များ အာကာ့အမျိုးသမီးလေးမှ အစောနှင့်အာကာတို့၏ ပတ်သက်မှုကို တချိန်ချိန်တွင် သိရှိသွားခဲ့သည်ရှိသော်....

ဘာဖြစ်သွားနိုင်မလည်း?????

အမျိုးသမီးငယ်လေးတို့အတွက် အိမ်ထောင်မပြုခင် ကိုယ်ရွေးချယ်သည့်
အမျိုးသားလေး၏ နောက်ကြောင်းရာဇဝင်ကို သိရှိနိုင်ရန် လိုအပ်ပါကြောင်း
ယခု ဖြစ်ရပ်မှန် ဝထ္ထုလေးရေးသားခြင့်ဖြင့် သတိ ပေးလိုက်ရပါသည်။
ကျေးဇူးတင်ပါသည်။
ဆက်လက်ကျိုးစားပါအုံးမည်
#သျှင်ငြိမ်းမေ (မမီး)
#ဝထ္ထုရှည်ဝထ္ထုတိုများ
#ကိုယ်တိုင်ပြုစုပျိုးထောင်ခြင်း
#စာပေချစ်သူများ
#ဝထ္ထုတို

 #နောက်နှစ်နွေကျပြန်လာပါစူးစူးမာသည် ရန်ကုန်မြို့၏ မြို့နယ်လေးတစ်ခုတွင် မွေးဖွားကြီးပြင်းလာသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ...
02/04/2026

#နောက်နှစ်နွေကျပြန်လာပါ

စူးစူးမာသည် ရန်ကုန်မြို့၏ မြို့နယ်လေးတစ်ခုတွင် မွေးဖွားကြီးပြင်းလာသော မိန်းကလေးတစ်ယောက်ဖြစ်သည်။

မြို့သူဆိုသော်လည်း သူမ၏ ကလေးဘဝ အမှတ် တရ အလှဆုံးနေ့ရက်များမှာ ရန်ကုန်မြို့ထဲတွင် မဟုတ်ပေ,

ဧရာဝတီတိုင်းအတွင်းရှိ ဖေ့ဖေ့ဘက်မှ အဖွားတို့၏ ရွာလေးတွင် ဖြစ်သည်။

စူးစူးမာ ငယ်စဉ် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ကတည်းက နွေရာသီကျောင်းပိတ်ရက်များ သည် အဖွားတို့ရွာလေးတွင်သာ ကုန်ဆုံးနေကျဖြစ်သည်။

ရွာလေးသည် လယ်ကွင်းစိမ်းစိမ်းများ၊ သစ်ပင်အိုကြီးများနှင့် လပ်ဆပ်သည့်လေအေးများဖြင့် သာယာလွန်းလှသည်။

ထိုရွာလေးတွင် စူးစူးမာအတွက် မမေ့နိုင်သော သူငယ်ချင်း ကောင်လေး တစ်ယောက် ရှိခဲ့လေသည်။

သူ့နံမည်က ကိုလေး ဖြစ်သည်။
ကိုလေးသည် ထိုရွာလေးမှာ မွေးဖွားကြီးပြင်းလာသူတစ်ယောက်ဖြစ်သော်လည်း မျက်နှာလေးက မြိုသားရှုံးလောက်သည်,

ရယ်လိုက်လျှင်သွားတက်လေးနှင့် အလွန်ကြည့်ကောင်းသူ ဖြစ်သည်။

စူးစူးမာ ရွာသို့ ရောက်တိုင်း ကိုလေးက အမြဲ အတူတူ လိုက်ကစားပေးသူ ဖြစ်သည်။

နွေရာသီ ကုန်ဆုံးခါနီး အချိန်ရောက်လာလျှင်တော့ စူးစူးမာတို့ ခွဲခွာရမည့် အခိုက်အတန့် တစ်ခု ရောက်လာတတ်သည်။

ရွာထိပ်တွင် ကြို့ပင်အိုကြီးတစ်ပင် ရှိသည်။
စူးစူးမာ ရန်ကုန်ပြန်မည့်နေ့တိုင်း ကိုလေးသည် ထိုကြို့ပင်အိုကြီးအောက်တွင်‌ ကြိုစောင့်လျက်

ကားဂိတ်သို့သွားမည့် ဆိုက်ကားပေါ် ပါလာသော စူးစူးမာကို လက်ပြပြီး နှုတ်ဆက်ကျန်ရစ် တတ်သည်။

“စူးစူး… နောက်နှစ် နွေကျ ပြန်လာနော်…”

ဆိုက်ကားက တဖြည်းဖြည်း ဝေးသွားသည်။ ကြို့ပင်အိုကြီးအောက်တွင် ရပ်နေသော ကိုလေး၏ ပုံရိပ်သည်လည်း တဖြည်းဖြည်း သေးငယ်သွားသည်။

ထိုအချိန်တိုင်း စူးစူးမာ၏ ရင်ထဲတွင် ပြောမပြတတ်သည့် ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာတတ်စမြဲဖြစ်သည်။

စူးစူးမာနှင့် ကိုလေးတို့၏ နွေရာသီနေ့များတွင် မမေ့နိုင်သော နေရာတစ်ခုလည်း ရှိခဲ့သည်။

ထိုနေရာသည် စန်းသီတို့ အိမ်ခြံနောက်ဘက်ရှိ ကုက္ကိုပင်ကြီးအောက် ဖြစ်သည်။

စန်းသီသည် ရွာမှ စူးစူးမာ၏ ညီအစ်မဝမ်းကွဲဖြစ်ပြီး ရွယ်တူနီးပါးဖြစ်သဖြင့် အလွန်ချစ်ခင်ကြသည်။

ကုက္ကိုပင်ကြီးအောက်တွင် ကိုလေးသည် ဂစ်တာတီးပြီး စူးစူးမာတို့ကို သီချင်းဆိုပြလေ့ရှိသည်။

ခြံနောက်ဖက် လယ်ကွင်းစိမ်းစိမ်း များဆီမှလေညင်းကလေးများ တိုက်ခတ်လာသည့်အခါ

လှုပ်ခတ်သွားသည့် ကုက္ကိုရွက်များသည်လည်း စူးစူးမာနှင့်အတူ သီချင်းလိုက် နားထောင်‌နေကြသည်ဟု စူးစူးမာထင်နေတတ်သည်။

စန်းသီကတော့ စက်ချုပ်နေရာမှ ထပြီး စူးစူးမာကြိုက်သော ပေါက်ပေါက်စုပ်နှင့် လက်ဖက်သုပ်၊ ရေနွေးကြမ်းပါသည့် ဗန်းလေးကို ယူလာပြီး

“စူးစူး… နင်ကြိုက်တဲ့ လက်ဖက်သုပ်လေး…”
ဟု ပြောကာ သူလည်းအတူတူသီချင်းနားထောင်တတ်သည်။

ထိုနေ့ရက်များသည် စူးစူးမာ၏ အလှဆုံးနွေရာသီ အမှတ်တရ နေ့ရက်များ ဖြစ်ခဲ့သည်။

အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ စူးစူးမာလည်း တက္ကသိုလ်ကျောင်းသူကြီးဖြစ်လာခဲ့သည်။
နွေရာသီတိုင်း ရွာသို့ မပြန်ဖြစ်တော့ပေ။

ဒါပေမယ့် ကိုလေး၏ စာများတော့ မကြာခဏ ရောက်လာတတ်သည်။
“စူးစူး… နွေရာသီမှာ ရွာလာလည်ပါ…”

ထိုစာတိုလေးများကို ဖတ်တိုင်း စူးစူးမာ ဝမ်းနည်းတတ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကိုလေး ၏ စာများ တဖြည်းဖြည်းအလာ ကျဲသွားခဲ့သည်။
နောက်ဆုံးတော့ လုံးဝရောက်မလာတော့ပေ။

နှစ်များအကြာတွင် ရွာမှအဖွား၏ ကျန်းမာရေးအခြေအနေ မကောင်းကြောင်း သတင်းရောက် လာသည်။

စူးစူးမာနှင့် ဖေဖေတို့ ရွာသို့ အမြန်ထွက်လာကြသည်။

သို့သော် ရွာမရောက်မှီမှာပင် အဖွား ဆုံးသွားပြီဆိုသည့် သတင်းကို ကြားလိုက်ရသည်။

အဖွားနာရေးကြောင့် စူးစူးမာသည် ရွာတွင် ရက်အတော်ကြာ နေဖြစ်ခဲ့သည်။

စူးစူးမာ၏ ဖေဖေသည် ရုံးမှခွင့်မရသဖြင့် နာရေးပြီးပြီးခြင်း ရန်ကုန်ပြန် သွားခဲ့သည်။

စူးစူးမာသည် စန်းသီထံမှ ကိုလေး၏သတင်း ကိုကြားရသည်။

ကိုလေးသည် မသင်းလဲ့ဆိုသော မိန်းကလေးနှင့် အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ရှိနေပြီဖြစ်သည်။

ကိုလေး၏ ဖခင် လေဖြတ်ပြီး အိပ်ရာထဲ လဲသွားခဲ့သည့်အချိန် ဆွေမျိုးနီးစပ်တော်သော မသင်းလဲ့က လာပြီး ပြုစုစောင့် ရှောက်ပေးခဲ့သည်။

ကိုလေးမှာ အမေမရှိတော့ပေ ကိုလေး ၃နှစ်သားအရွယ်ကပင်ဆုံးပါးသွားခဲ့သည်။

ကိုလေး ဖခင်၏ကျန်းမာရေးအခြေအနေကြောင့် လူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့် သူတို့ကို ပေးစားလိုက်ကြသည်။

ကိုလေးက မသင်းလဲ့ကို မယူချင်ခဲ့ပေ။

“ငါ… စူးစူးကို မျှော်လင့်ချင်သေးတယ်…”
ဟု ကိုလေးက သူမကိုရင်ဖွင့်လာကြောင်း စန်းသီ ပြောပြသည်။

သည်စကားကို ကြားရသည့်အခါ စူးစူးမာ မျက် ရည်များ ဝဲကာငိုချင်လာမိသည်။

ထိုသို့ စူးစူးမာနှင့် စန်းသီတို့ အိမ်ရှေ့၌ စကား ပြောနေစဉ်

“စူးစူး…”

လှည့်ကြည့်လိုက်တော့ ကိုလေး ဖြစ်သည်။

ဟင်..ကိုလေး...

ဆံပင်ရှည်စုတ်ဖွားနှင့် ၊ ပုဆိုးတိုတို ဝတ်ထားပြီး မျက်နှာမှာ ညှိုးနွမ်းနေသည်။

ဟိုတစ်ချိန်က ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့သော ချောမောသည့်ကောင်လေးမှ ဟုတ်ပါလေစ

ကိုလေး၏ မျက်လုံးများတွင် အပြစ်ရှိသလို ခံစားနေရသည့် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

စူးစူး...ငါ....ငါ့မှာ...

“မိန်းမရော ကလေးရော ရှိနေပြီ… ငါ့ကို ခွင့်မလွှတ်ပါနဲ့…”ဟု ကိုလေး ပြောလိုက်သည်။

စူးစူးမာ မျက်ရည်များ ဝဲလာပြီး တိုးတိုးလေး ပြန် ပြောလိုက်သည်။

ကိုလေးရယ် ငါတို့က သူငယ်ချင်းတွေလေ

နင်အရက်တွေ မသောက်ပါနဲ့… မသင်းလဲ့နဲ့ ကလေးကို ကောင်းကောင်း‌ စောင့်ရှောက်ပါ…”

ထိုစကားကို ကိုလေး ပြန်မဖြေမီ မသင်းလဲ့ ရောက်လာပြီး ကိုလေးကို ဆွဲခေါ်သွားခဲ့သည်။

ကိုလေးမှာ အရက်မူးနေခဲ့သည်။
စူးစူးမာ မျက်ရည်များ ကျလာသည်။

သည်လိုနှင့်စူးစူးမာ ရွာလေးမှ ပြန်လာခဲ့သည်။

နှစ် အနည်းငယ်ကြာပြီး တစ်ရက်တွင်ဖြစ်သည်။
စူးစူးမာ သင်တန်းကအပြန် ကားဂိတ်သို့ အသွားလမ်းဖြတ်ကူးမည့် ဆဲဆဲတွင်

စန်းသီဆီမှ ဖုန်းဝင်လာသည်။
ကိုလေး အရက်သောက်လွန်၍ ဆုံးသွားပြီတဲ့

စူးစူးမာ ရင်တစ်ခုလုံး နာကျင်သွားမိသည်။

တဆက်တည်းမှာပင် ဘဝမှာ ချစ်ခြင်းမေတ္တာတစ်ခု မပြည့်စုံတာက

လူတစ်ယောက်ကို ပျက်စီးစေဖို့ လုံလောက်‌
စေသည့် အကြောင်းတရားလားလို့ ရင်နာစွာတွေးလိုက်မိသည်။

မိသားစုရှိလာသည့် အခါ တာဝန်ယူတတ်ဖို့
ကိုယ့်ဘဝကို ထိန်းသိမ်းတတ်ဖို့လို‌ကြောင်းတွေ,

အရက်တစ်ခွက်က ခဏတာ မေ့စေတတ်ပေမယ့်
နောက်ဆုံးမှာ ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်‌ကြောင်းတွေကို
စူးစူးမာ ကိုလေးကို ပြောခွင့်ရချင်သေးသည်။

စူးစူးမာမျက်လုံးအိမ်တွင် မျက်ရည်များထိန်းမရ အောင် ဝဲတက်လာသည် စူးစူးမာလမ်းဖြတ်ကူးလိုက်သည့်,ရှေ့မှလာနေသည့်ကားကို သေချာမမြင်ရတော့

ကျွီ...........

ကျယ်လောင်သည့် ကားဘရိတ်နင်းသံကြီးနှင့် အတူ
အချိန်ခဏအတွင်းမှာပဲ စူးစူးမာခေါင်းတခုလုံး ခြာခြာလည်လျက် လောကကြီးက မှောင်အတိကျသွား လေတော့ သည်။

ရွာထိပ်ရှိ ကြို့ပင်အိုကြီးအောက်တွင် တစ်ခါတစ်ရံ လေညင်းများ တိုက်ခတ်နေတတ် ပြီး လူငယ်‌လေးတစ်ယောက်၏အရိပ်ကိုမြင်ရတတ်သလို

စန်းသီတို့ ခြံနောက်မှ ကုက္ကိုပင်ကြီးအောက်တွင် တစ်ခါတစ်ရံ ဂစ်တာတီးသီချင်းဆိုသံများ ကြားနေရတတ်သည်။

ရွာလမ်းမလေးတစ်လျှောက် ဖုန်မှုန့်တွေ လွင့်နေသည်။

ဆိုက်ကားတစ်စီး ဖြည်းဖြည်းခြင်းနင်းလာသည်။

ဆိုက်ကားပေါ်မှာ စူးစူးမာ ထိုင်နေသည်။

ရွာထိပ် ကြို့ပင်အိုကြီးအောက်မှာ ကောင်လေးတစ်ယောက် လက်ပြနေသည်။

ထို့နောက်
ကောင်လေး အော်လိုက်သည်
စူးစူး… နောက်နှစ်နွေကျ ပြန်လာနော်…

ဆိုက်ကားလေးက တစ်ဖြည်းဖြည်း ဝေး၍ ဝေး၍ သွားလေတော့သည်။

ဆက်လက်ကျိုးစားပါအုံးမည်
ချစ်ခင်လေးစားစွာဖြင့်,

#သျှင်ငြိမ်းမေ (မမီး)
#ဝထ္ထုရှည်ဝထ္ထုတိုများ
#စာပေချစ်သူများ
#ဝထ္ထုတို

 #တွဲတွင်းမှမြင်ကွင်းကျယ်များရထားကြီး၏ဘီးများသည် သံလမ်းပေါ်တွင် အချိုးညီညီ လည်ပတ်နေသည်။ရထားဘီး လည်ပတ်သံကို နားထောင်ရင်း ...
01/04/2026

#တွဲတွင်းမှမြင်ကွင်းကျယ်များ

ရထားကြီး၏ဘီးများသည် သံလမ်းပေါ်တွင် အချိုးညီညီ လည်ပတ်နေသည်။

ရထားဘီး လည်ပတ်သံကို နားထောင်ရင်း ခရီးသည်များသည်ကိုယ့်အတွေးနှင့် ကိုယ်ရှိနေကြသည်။

ကျွန်မသည် ပြတင်းပေါက်ဘေးမှခုံတွင် ထိုင်လျက် ရထားတွဲထဲမှ လူများကို ငေးကြည့်နေမိ သည်။

ရထားတွဲထဲမှာ လူတွေ အများကြီးရှိနေပေမယ့် လွန်စွာ တိတ်ဆိတ်နေသည် တစ်ယောက်နှင့် တစ်ယောက် မသိကြသလို တစ်ယောက်နှင့် တစ်ယောက်လည်း စိတ်မဝင်စားကြ။

ထိုအချိန်—
“အကြော်… ပူပူလေး…”အသံတစ်ခု ကြားလာသည်။

အသက်ကြီးကြီးအ‌ဒေါ်ကြီးတစ်ယောက် ရထားတွဲထဲ ဖြည်းဖြည်းခြင်း လှန်းလာသည်။ လက်ထဲမှာ အ ကြော်ဗန်းကို ကိုင်ထားသည်။

သူမမျက်နှာမှာ ပကတိတည်ငြိမ်လျက် မည်သည့် ခံစားချက်မျှ မရှိသလို။ ယိမ်းထိုးနေသည့် ရထားပေါ်တွင် ငြိမ်သက်စွာ‌ လျှောက်လှန်းနေသည်။

နောက်မကြာခင်—
“ရေခဲထုပ်! ရေခဲထုပ် အမောပြေရေခဲထုပ်…”

ကောင်လေးတစ်ယောက် အသံကျယ်ကျယ်နှင့် အော်ပြီး လျှောက်လာပြန်သည်။

သူ့အသံက တက်ကြွ‌နေသည်ဟုထင်ရ‌သော် လည်း
သူ့မျက်လုံးတွေကတော့ တစ်နေရာထဲကိုပဲကြည့်နေသလိုထူးခြားနေသည်။

ထို့နောက်—
“‌ မြေပဲပြုတ်… မြေပဲပြုတ်…”

အသံတစ်ခု ထပ်ကြားလာပြန်သည်။
မြေပဲပြုတ်ဗန်းကို ကိုင်ထားသည့် လူတစ်ယောက်။

သူတို့သုံးယောက် ရထားတွဲထဲမှာ ရှေ့ဆင့် နောက်ဆင့် လျှောက်လာနေကြသည်။

ဒါပေမယ့်—
ကျွန်မ ထူးဆန်းစွာ တစ်ခု သတိထားမိသည်မှာ

သူတို့ကို ရထားတွဲထဲရှိလူများ မည်သူမျှ မကြည့်ကြခြင်းဖြစ်သည်။

အကြော်ရောင်းသည့်အဒေါ်ကြီး ဖြတ်သွားသည်။ မည်သူမျှ မတွေ့သလို။

ရေခဲထုပ်ကောင်လေး အော်နေသည်။မည်သူမျှမကြားသလို။

မြေပဲပြုတ်လူကြီး ရပ်နေသည်။မည်သူမျှ မမြင်သလို။

ကျွန်မ စိတ်ထဲမှာ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။

ကျွန်မ ဘေးမှာ တိတ်ဆိတ်စွာထိုင်နေသည့် လူကို မေးလိုက်သည်။

“ဒီမှာ အဲဒီဈေးသည်တွေကို မတွေ့ဘူးလား?”
သူက ကျွန်မကို မကြည့်ဘဲ ပြောသည်။

“ဘယ်ဈေးသည်တွေလည်း?
ကျွန်မ ထိတ်ခနဲ ဖြစ်သွားသည်။

“အဲဒီမှာလေ… အကြော်သည်အ‌ဒေါ်ကြီး… ရေခဲထုပ်‌ကောင်လေး.. မြေပဲပြုတ်လူကြီး…”

သူက ကျွန်မကိုစိုက်ကြည့်လိုက်သည်။

သူ့မျက်နှာမှာ ခံစားချက်မဲ့သည့် အရိပ်တစ်ခုမြင်‌နေရသည်။

ပြီးတော့ ဖြည်းဖြည်းခြင်း အသံအုပ်ပြီး ပြောသည်—

“ဒီရထားမှာ အဲဒီလိုပြောတဲ့ လူတွေကို
ငါ အရင်ကလည်း ကြားဖူးတယ်…”

ကျွန်မ နှလုံးခုန် မြန်လာသည်။

“ဘာကို ဆိုလိုတာလဲ?”
သူက ထပ်ပြီးအသံအုပ် ပြောသည်။

“လွန်ခဲ့တဲ့ ၅နှစ်လောက်က
ဒီရထားမှာ မတော်တဆမှု ဖြစ်ခဲ့ဖူးတယ်…”

“ခရီးသည်တစ်ချို့နဲ့ ဈေးသည်တချို့လည်း မတော်တဆဖြစ်တဲ့အထဲ ပါသွားကြတယ်လို့ ပြောကြတယ်…”

“ဒီနေ့က
အဲဒီရထားမတော်တဆ ဖြစ်ခဲ့တဲ့ နှစ်ပတ်လည်နေ့ပဲ…

ကျွန်မ ချက်ချင်း အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်။

အကြော်သည် အဒေါ်ကြီး မရှိတော့ဘူး။
ရေခဲထုပ်ကောင်လေး မရှိတော့ဘူး။
မြေပဲပြုတ်လူကြီးလည်း မရှိတော့ဘူး။

ရထားတွဲထဲမှာ
အခြားခရီးသည်တွေ ပုံမှန်လိုပဲ ငြိမ်သက်စွာ ထိုင်နေကြသည်။

ကျွန်မ စိတ်ထဲမှာ တစ်ခုခု ထူးဆန်းသလို ဖြစ် လာသည်။

ရထားသံက ပိုကျယ်လာသည်ဟု ထင်ရသည်။

အဲဒီအချိန်—
ကျွန်မဘေးက လူကြီးက ထပ်ပြောတယ်။

“ဒါပေမယ့်…”
“သူတို့ကို မြင်နိုင်တဲ့သူတွေက တစ်မျိုးတည်းပဲ ရှိတယ်…”

ကျွန်မ သူ့ဘက်ကို ကြည့်လိုက်သည်။

“ဘယ်သူတွေလဲ?”

သူက ကျွန်မမျက်လုံးကို တိုက်ရိုက်ကြည့်ပြီး ပြောသည်—

“ဒီရထားကြီးရဲ့မတော်တဆမှုမှာ သေဆုံးသွားတဲ့ သူတွေပဲ…”

ကျွန်မ တစ်ချက် ရယ်လိုက်မိသည်။

“အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ… ကျွန်မက—”

ကျွန်မ စကား ရပ်သွားသည်။

ကျွန်မ လက်မှာကိုင်ထားသည့် ရထားလက်မှတ်ကို ကြည့် လိုက်သည်—

လက်မှတ်ပေါ်မှာ ရေးထားသည့်ရက်စွဲက
လွန်ခဲ့သည့် ၅ နှစ်ကရက်စွဲ ။

ပြီးပါပြီ
ဆက်လက်ကျိုးစားပါအုံးမည်,
#သျှင်ငြိမ်းမေ(မမီး)
#ဝထ္ထုရှည်ဝထ္ထုတိုများ
#ကိုယ်တိုင်ရေးစာစု
#စာပေချစ်သူများ

 #နှလုံးသားနှင့်ထုံမွှန်းသောစဆုံးညနေစောင်းပြီဆိုလျှင် မလေးမေတို့အိမ်လေး၏ မီးဖိုချောင်လေးသည် မီးခိုးငွေ့တို့ဖြင့် ဝေမှိုင...
01/04/2026

#နှလုံးသားနှင့်ထုံမွှန်းသောစဆုံး

ညနေစောင်းပြီဆိုလျှင် မလေးမေတို့အိမ်လေး၏ မီးဖိုချောင်လေးသည် မီးခိုးငွေ့တို့ဖြင့် ဝေမှိုင်းနေတတ်သည်။

ထိုမီးခိုးငွေ့များထဲတွင် ဟင်းနံ့များထက် ပိုသော မြိုသိပ်ထားသည့် စကားလုံးများ ပါဝင်နေသည်။

မလေးမေသည် ဒယ်အိုးဟောင်းကြီးထဲသို့ ဆီကို အစက်ချရုံမျှသာ ထည့်ရင်း သက်ပြင်းကို ခိုးချလိုက်သည်။

ဆီပုလင်းထဲတွင် ကျန်နေသည့် လက်နှစ်သစ်စာခန့် ဆီလေးကို ကြည့်ကာ မလေးမေ တွက်ချက်နေ သည်။

'ဒီဆီလေးကို နောက်ထပ် သုံးရက်လောက်တော့ ခံအောင် သုံးရမည်၊ ကလေးတွေကတော့ ဟင်းမှာ အဆီမပါလို့ ညည်းကြဦးမှာပဲ...'

မလေးမေ့လက်ချောင်းလေးတွေက ကြက်သွန်နီကို လှီးနေရင်း တုန်ယင်နေသည်။

ဈေးထဲမှာ ကြက်သွန်ဈေး မေးခဲ့စဉ်က မလေးမေ့ ရင်‌မောခဲ့ရသည်။

'ငါကသာ အသားဟင်း မစားချင်ယောင်ဆောင်လို့ရတာ၊ သားနဲ့သမီးကတော့ ဒီအရွယ်မှာ အာဟာရ ပြည့်စေချင်သေးတာ..

မလေးမေသည် ဒယ်အိုးထဲသို့ ရေကို ခပ်များများလောင်းထည့်လိုက်သည်။

ဟင်းရည်များများရှိမှ မိသားစု ဝဝလင်လင်သောက်လို့ရမည်မဟုတ်ပါလား။

ဒီအိမ်၏ အိမ်ထောင်ဦးစီး ကိုလှထွန်းသည် ထမင်းစားပွဲဝိုင်းတွင် တိတ်ဆိတ်စွာ ကြိုတင်ထိုင်နေသည်။

ကိုလှထွန်း တွေးနေသည်မှာ လကုန်လျှင် ပေးရမည့် အိမ်လခနှင့် အိမ်စရိတ်များ အထူးသဖြင့် သားကြီးထူးထူး၏ သင်တန်း‌ကြေးများအကြောင်းပင်။

'ကိုလှထွန်းသည် ထမင်းစားပွဲပေါ်သို့ ဟင်းအိုးချလာသည့် မလေးမေကို တစ်ချက်ကြည့်သည်။

မလေးမေ့မျက်နှာမှာ ညှိုးနွမ်းမှုတွေ ပြည့်နေတာကို မြင်သော်လည်း ကိုလှထွန်းက 'အစဥ်‌ပြေရဲလား' ဟု မမေးဖြစ်ခဲ့။

ထိုစကားက ကိုလှထွန်းအတွက်တော့ အရမ်းကို လေးလံနေသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။

ထိုအချိန်တွင်သားကြီးဖြစ်သူ ထူးထူးသည် ထမင်းဝိုင်းတွင် တိတ်ဆိတ်စွာဝင်ထိုင်လိုက်သည်။

ထုးထူးသည် ထမင်းစားနေရင်း သူစားနေသည်မှာ ထမင်းနဲ့ဟင်းမဟုတ် ခါးသီးသည့်ဘဝကို စားနေရသည်ဟု‌ ခံစားနေမိသည်။

ငါတို့မောင်နှမအတွက် လိုအပ်ချက်‌တွေကို အဖေနဲ့အမေကဒါထက်ပိုပြီး မလုပ်ပေးနိုင် တော့ဘူးလား ငါ့တို့ဘဝက ဒီလောက်နဲ့ပဲ ပြီးသွားမှာလား'။

ထုးထူးသည် တွေးရင်း မိသားစုဝင်များကို စကားမပြောဘဲ ထမင်းကိုသာ ငုံ့စားနေသည်။

သူတို့နှင့် စကားပြောလိုက်လျှင် သူ့ရင်ထဲက မကျေနပ်မှုတွေ ပေါက်ကွဲထွက်သွားမှာကို သူစိုးရိမ်နေမိသည်။

ဆင်းရဲခြင်းက ထူးထူးကို မိဘတွေအပေါ်မှာစိမ်းကားသွားစေခဲ့သည်။

သမီးငယ်လေး တူးတူးကတော့ အားလုံးရဲ့ မျက်နှာကို အကဲခတ်နေရှာသည်။ '

ဖေဖေက ဘာလို့မျက်မှောင်ကြီး ကုပ်နေတာလဲ၊ မေမေကကော ဘာလို့ ငိုချင်သလို ဖြစ်နေတာလဲ... ကိုကြီးက‌ရောဘာကို စိတ်ဆိုးနေတာလဲ'။

တူးတူးသည် ဟင်းရည်ထဲက ကန်စွန်းရွက်လေးကို ခက်ခက်ခဲခဲ ဝါးနေရင်း ဘာမှမပြောရဲ။

တစ်စုံတစ်ယောက်က စကားစလိုက်လျှင် စကားများကြတော့မည့် အခြေအနေကြီးလို့ တူးတူး ခံစားနေရသည်။

တူးတူးအတွက်တော့ မိသားစုထမင်းဝိုင်းဆိုသည်မှာ နွေးထွေးမှုထက် အသက်ရှူကျပ်ရသည့် အချိန်တစ်ခုဟုထင်မိသည်။

ထမင်းဝိုင်းတစ်ခုလုံးတွင် ဟင်းရည်ခပ်သံမှလွဲ၍ ဘာသံမျှ မကြားရ။

မိသားစုတွေ ဆုံနေကြသော်လည်း စိတ်ချင်းကတော့ မိုင်ပေါင်းများစွာဝေးနေသလိုပင်။

ဒီနေ့ညနေ ထမင်းဝိုင်းသည် ပုံမှန်ထက် ပို၍ တိတ်ဆိတ်နေသည်။ မေမေချက်ထားသည်မှာ ဟင်းချိုရည်ကျဲကျဲနှင့် ငပိရည်၊ တို့စရာအနည်းငယ်သာ။

ထိုခန၌ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက ထူးထူးဖြစ်သည်

ထူးထူး ပန်းကန်ထဲက ထမင်းကို နယ်ဖတ်ရင်း ဇွန်းကို အသာချလိုက်သည်။

"မေမေ... သား သင်တန်းအတွက် ပိုက်ဆံသွင်းဖို့ မနက်ဖြန် နောက်ဆုံးရက် ရောက်ပြီ။

မနက်ဖြန် မသွင်းရင် သားနာမည်ကို စာရင်းကပယ် တော့မယ်တဲ့"

မလေးမေသည် စားနေသည့်ထမင်းလုတ်ကို မြိုချဖို့ ခက်ခဲသွားဟန်တူသည်။ ကိုလှထွန်းကတော့ ထမင်းကိုသာ ငုံ့စားနေမြဲ။

ထူးထူးက အဖေ့ကို တစ်ချက်ကြည့်ပြီး အသံကို နည်းနည်းမြှင့်လိုက်သည်။

"အဖေကော... ဘာမှ မပြောတော့ဘူးလား။ သားကို ဒီထက်ပိုပြီး မကူညီနိုင်တော့ဘူးလား"

"အဖေကျိုးစားပေးနေတယ်သား...အဖေ့ကို အချိန် နည်းနည်းပဲထပ်စောင့်ပေး" အဖေ့အသံက တုန်ယင်နေသည်။

"သိတာပေါ့... အမြဲတမ်း မရှိဘူး၊ အမြဲတမ်း ခက်ခဲနေတယ်ဆိုတာ။

ကျောင်းတက်တုန်းကလည်း သူများတွေကြားမှာ သားဘယ်လိုမျက်နှာငယ်ခဲ့ရလဲ အဖေသိလား။

အခုလည်း ဒီသင်တန်းလေးတောင် မတက်ရတော့ဘူးလား"

ထူးထူးက စိတ်မထိန်းနိုင်ဘဲ စားပွဲခုံကို တွန်းထုတ်ကာ ထရပ်လိုက်စဉ်မှာ

လက်နှင့်တိုက်မိသည့် ထမင်းပန်းကန် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ထမင်း‌လုံး‌စေ့တွေ လွင့်စင်ပြန့်ကျဲကုန်သည်။

ထမင်းပန်းကန် ကြမ်းပြင်ပေါ်သို့ ကျသည့်အသံသည် မကျယ်လွန်းလှပေ,သို့သော်

တိတ်ဆိတ်နေသော မီးဖိုချောင်လေးထဲတွင်တော့ ဗုံးပေါက်ကွဲသံထက်ပင် ကျယ်လောင်လွန်းလှသည်ဟု မလေးမေ ထင်မိသည်။

"တော်တော့ထူးထူး"

အမြဲတမ်း ငြိမ်သက်နေတတ်သော မလေးမေ အော်ဟစ်လိုက်ခြင်းဖြစ်သည်။ မလေးမေ့မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းနေသည်။

သူမသည် ပြန့်ကျဲနေသည်ထမင်းလုံးများကို ကောက်ရန် ငုံ့လိုက်ရင်း တုန်တုန်ယင်ယင်နှင့် ပြောရှာသည်။

"နင့်အဖေက ဘာမှမပြောလို့ နင်မသိတာပါ။ နင့်သင်တန်းကြေးအတွက် သူ ညဘက်တွေမှာ အလုပ်ကနေ ပြန်လာပြီး လမ်းထိပ်မှာ ဆိုက်ကားနင်းနေတာ သုံးလရှိပြီ။

သူ အသက်နဲ့ရင်းပြီး ရှာပေးနေတာကို နင်က အဖေ့ကို အပြစ်တင်ရက်တယ် ထူးထူးရယ်..."

မီးဖိုချောင်လေးထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် ပြန်လည်တိတ်ဆိတ်သွားသည်။

ထူးထူးသည် အဖေ့ကို လှမ်းကြည့်မိသည်။
ဘာစကားမှ ထပ်မပြောနိုင်တော့ဘဲ မလေးမေ့နားတွင် ဒူးထောက်ထိုင်ချလိုက်ပြီး ထမင်းစေ့တွေကို ကူကောက်ပေးနေသည်။

သူ၏ မသိတတ်မှုနှင့်ရိုင်းပျမှုတွေက အဖေနဲ့မေမေ့ရင်ကို ထမင်းလုံး‌ စေ့တွေလိုပဲ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီလား။

"အဖေ... သား တောင်းပန်ပါတယ်။ သား မသိခဲ့လို့ပါ"

ကိုလှထွန်းက သက်ပြင်းအရှည်ကြီး တစ်ချက်ချပြီး သားဖြစ်သူ၏ ခေါင်းကို အသာအယာ ပွတ်ပေး လိုက်သည်။

"ရပါတယ် သားရယ်... အဖေတို့ဘဝက ခက်ခဲပေမယ့် မင်းတို့ကိုတော့ နိမ့်ကျမသွားစေချင်ဘူး။
အဖေ နည်းနည်း ပိုပင်ပန်းရတာ ဘာမှမဖြစ်ပါဘူး"

သမီးငယ်လေး တူးတူးကတော့ အခြေအနေကို နားလည်သွားဟန်ဖြင့် သူမ၏ စုဗူးလေးကို ပြေးယူလာသည်။

"မေမေ... သမီးဆီမှာလည်း ပိုက်ဆံရှိတယ်၊ ကိုကို့ကို ပေးလိုက်နော်" တဲ့။

မလေးမေ့မျက်နှာမှာ မျက်ရည်များကြားမှ ရှားရှားပါးပါး အပြုံးလေးတစ်ခု ပွင့်လာသည်။

ထိုညက ထမင်းဝိုင်းသည် ဟင်းမကောင်းသော် လည်း မိသားစုတွေရဲ့ စိတ်ချင်းကတော့ ပထမဆုံးအကြိမ် ထိတွေ့သွားခဲ့ကြသည်။

မီးဖိုချောင်လေးထဲက မီးခိုးငွေ့တွေကြားမှာ နာကျင်မှုတွေရှိသလို၊ အဲဒီနာကျင်မှုတွေကို ကုစားပေးမယ့် အချင်းချင်း စာနာနားလည်မှုတွေသည်လည်း အမြစ်တွယ်သွားခဲ့သည်။

မီးဖိုချောင်လေးသည် တစ်ခါတစ်ရံတွင် ခါးသီး သော စစ်တလင်းဖြစ်ခဲ့သော်လည်း၊

တစ်ခါတစ်ရံတွင်တော့ ပြောမထွက်နိုင်သည့် မေတ္တာတရားများကို ဟင်းပန်းကန်လေးတွေထဲမှာ ထည့်သွင်းပေးဝေနေသည့် နှလုံးသားတစ်ခုလည်း ဖြစ်သည်။

မိသားစုဝင်တွေဟာ စိတ်ချင်းမနီးစပ်သလို ထင်ရပေမယ့်၊ တကယ်တော့ သူတို့အားလုံးဟာ

"အိမ်" ဆိုတဲ့ လှေကြီးကို မနစ်မြုပ်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝိုင်းဝန်းလှော်ခတ် ပေးနေကြတဲ့ လှေ ထိုးသားတွေပဲဖြစ်သည်။

အမြင်မှန်ရသွားသည့် သားကြီးထူးထူး, အရွယ်နှင့်မမျှ သိတတ်လွန်းသည့် သမီးငယ်လေး တူးတူး
မိသားစုအတွက်ဆိုလျင် ဘာမဆို လုပ်နိုင်သည်ဆိုသည့် ချစ်ခင်ပွန်း...ကိုလှထွန်း.

နောင်ဆိုရင်ဖြင့် မီးဖိုချောင်လေးအတွင်းက ဒီမိသားစုထမင်းဝိုင်းလေးသည်

မလေးမေတို့၏ မနက်ဖြန်တိုင်းအတွက် ချစ်ခြင်း‌ မေတ္တာအသစ်တွေ ယူဆောင်လာပေးမည့် မိသား စု၏ နှလုံးသားနှင့်ထုံမွှန်းသော ထမင်းဝိုင်းလေး အဖြစ် တည်ရှိနေပါတော့မည်။

ဆက်လက်ကျိုးစားပါအုံးမည်
#သျှင်ငြိမ်းမေ(မမီး)
#ကိုယ်တိုင်ရေးစာစု
#ကိုယ်တိုင်ပြုစုပျိုးထောင်ခြင်း
#ဝထ္ထုရှည်ဝထ္ထုတိုများ

 #သျှင်ငြိမ်းမေ(မမီး) #ဝဋ်ကြွေးလေလား....ဖူးစာလား...ဒီဇာတ်လမ်းလေးသည် ဇာတ်ကောင်အမည်များပြောင်းလဲထားသည်မှလွဲ၍ တကယ့်ဖြစ်ရပ်မ...
30/03/2026

#သျှင်ငြိမ်းမေ(မမီး)

#ဝဋ်ကြွေးလေလား....ဖူးစာလား...

ဒီဇာတ်လမ်းလေးသည် ဇာတ်ကောင်အမည်များပြောင်းလဲထားသည်မှလွဲ၍ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါသည်။

ဇာတ်လမ်းလေးကတော့ ဒီလိုပါရှင်—

ဝဋ်ကြွေးလေလား....ဖူးစာလား...

နံနက်ခင်း နေရောင်ခြည်၏ အနွေးဓာတ်သည် ခြံကျယ်ကြီးအတွင်းရှိ ခုံတန်းလျားလေးပေါ်သို့ နူးညံ့စွာ ဖြာကျနေသည်။

ဒေါ်တင်မေဦးသည် ပန်းရုံအောက်ရှိ ထိုခုံတန်းလျားပေါ်တွင် တစ်ဦးတည်း ထိုင်ကာ ရင်ထဲတွင် နာကျင်လျက်ရှိသည်။

နေရောင်ခြည်၏ အနွေးဓါတ်ထက် သူမရင်တွင်းက ပူလောင်မှုက ပိုမိုပြင်းထန်နေသည်။

သူမသည်လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဦးသော်ပိုင်နှင့် စတင်ပတ်သက်ခဲ့သည့် အဖြစ် အပျက်များကို ရုပ်ရှင်တစ်ကား ပြန်လည်မြင်ယောင်နေသလို မြင်‌ယောင်နေမိသည်။

အဲဒီအချိန်တုန်းက လုံးကြီး‌ပေါက်လှ ချောမောလှပသည့် ဒေါ်တင်မေဦးသည် နူးညံ့သိမ်မွေ့ပြီး အပြောချိုမြိန်လှသည့် ဦးသော်ပိုင်၏ စကားလုံးများအောက်တွင်အလွန် အမင်း ကျေနပ်ကြည်နူးခဲ့မိသည်။

ထိုသို့ဖြင့် ရုပ်ရည် တည်ကြည်ခန့်ငြားပြီး
ကုမ္ပဏီကြီးများစွာတွင် အစုရှယ်ယာများထည့်ဝင်ထားသည့် ကြွယ်ဝပြည့်စုံသော သူဌေးကြီး ဦးသော်ပိုင်ကို ပထမဇနီးနှင့် သားသမီးများအား လျစ်လျူရှုကာ အရယူခဲ့မိလေတော့သည်။

ဦးသော်ပိုင်သည် ပထမအိမ်ထောင်အား လျော်ကြေးပေး၍ ကွာရှင်းခဲ့ပြီးနောက် လုံးကြီး ပေါက်လှ ဒေါ်တင်မေဦးကဝော့ာ ထိုအချိန်မှစ၍ ပွဲတက်မယားတစ်ဦး ဖြစ်လာခဲ့တော့သည်။

ဆယ်စုနှစ်တစ်ခုကျော်ပြီးအချိန်တွင်တော့
ဒေါ်တင်မေဦးထံသို့ တန်ပြန်ဝဋ်လည်မှုက ရောက်ရှိလို့လာပေတော့သည်။

ဦးသော်ပိုင်သည် “စံရတီ” ဆိုသည့် အတွင်းရေးမှူးမလေးနှင့် ထပ်မံလက်ထပ်လိုက်ပြန်ပါသည်။

ပထမဇနီးထံမှ လုယူခဲ့သည့် အပြစ်များသည်
ယခုတွင် သူမထံ ပြန်လည် ဒဏ်ခတ်နေပြီလားဟု ဒေါ်တင်မေဦးသည် သူမကိုယ်သူမ နာကျင်စွာ မေးခွန်းထုတ်နေမိသည်။

စံရတီသည်လည်း ဦးသော်ပိုင်နှင့် လက်ထပ်ပြီးနောက်သူမ၏ ပျော်ရွှင်မှုများ အမြဲတမ်းတည်မြဲနိုင်ပါ့မလား…

တစ်နေ့နေ့တွင် ဦးသော်ပိုင်သည် သူ၏ ဗီဇအတိုင်း သူမကိုလည်း လျစ်လျူရှု၍ အခြားမိန်းကလေးတစ်ဦးဦးနှင့် ထပ်မံပတ်သက်လာအုံးမည်လား..

စံရတီကရော ဒေါ်တင်မေဦးကဲ့သို့ပင် ခံစားရမည့်သူ တစ်ဦး ဖြစ်လာလေမလား…

ထိုထိုသော အတွေးပေါင်းစုံသည် ဒေါ်တင်မေဦး၏ စိတ်ကိုညှဉ်းပန်းနှိပ်စက်လျက်ရှိလေတော့သည်။

“စံရတီ”
အသက် ၂၄ နှစ်အရွယ်ရှိသော စံရတီသည်
စီးပွားရေးပညာဖြင့် ဘွဲ့ရထားပြီး ပြည့်စုံသော မိသားစုမှ မွေးဖွားလာသူဖြစ်သည်။

ငယ်စဉ်ကတည်းက လိုတရဘဝနှင့် မိသားစုအလယ်တွင် မင်းသမီးလေးတစ်ပါးအဖြစ်ကောင်းမွန်စွာ ကြီးပြင်းလာခဲ့သည်။

အသားဖြူဖြူ၊ သွယ်သွယ်လျလျနှင့် ချစ်စဖွယ်ရုပ်ရည်လေးပိုင်ဆိုင်ထားသော စံရတီကို
မိန်းကလေးခြင်းပင် ငေးမောအားကျကြရသည်။

သူမသည် မိဘနှစ်ပါးနှင့် သင်္ဘောအရာရှိအစ်ကိုနှစ်ဦး၏အလွန်အမင်း ချစ်ခင်အလိုလိုက်ခြင်းကို ခံခဲ့ရသည်။ ဘွဲ့ရအပြီးတွင် အိမ်ထဲမှာမနေလို အလုပ်ထွက်လုပ်လိုသည်ဆိုသဖြင့် မိဘများက ယခုကုမ္ပဏီအလုပ်ကို ခွင့်ပြုခဲ့လေသည်။

စံရတီသည် ကုမ္ပဏီသို့ ကိုယ်တိုင်ကားမောင်း၍ ရုံးတက်ကာ အလုပ်ကြိုးစားသောမိန်းကလေးတစ်ဦးဖြစ်သည်။

ငယ်ရွယ်စဉ်မှစ၍ ပညာရေးတွင်သာ အာရုံစိုက်နေခဲ့သောကြောင့် အချစ်ဆိုသည့် အရာကို ဝတ္ထုများအတွင်းတွင်သာ ဖတ်ဖူးခဲ့ပြီးလက်တွေ့ ဘဝတွင် ချစ်သူရည်းစား မထားဖူးခဲ့သူဖြစ်သည်။

သို့သော် ဦးသော်ပိုင်၏ ကုမ္ပဏီတွင် အတွင်းရေးမှူးမလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ချိန်မှစ၍ သူမ၏ ဘဝသည် ပြောင်းလဲ သွားခဲ့လေတော့သည်။

တစ်နေ့—
ထိုနေ့ကို စံရတီ မမေ့နိုင်ပါ။

ဦးသော်ပိုင်သည် ပန်းစည်းတစ်ခုနှင့်အတူ
တန်ဖိုးကြီး စိန်လက်စွပ်တစ်ကွင်းကို ပေးအပ်ခဲ့သည်။

သူသည် စံရတီ၏ လက်ကို နူးညံ့စွာ ဆွဲယူရင်း—
“ရတီ… မင်းသိလား… မင်းအနားမှာ ရှိနေရင်
အန်ကယ့်ဘဝ အလိုလိုပြည့်စုံသွားသလို ခံစားရတယ်…”
ဟု ပြောကာ စိန်လက်စွပ်ကို ဝတ်ပေးလိုက်လေသည်။

“အန်ကယ်… ရတီက…”

စံရတီ့စကားမဆုံးမီ—

“ဘာမှမပြောနဲ့တော့ရတီ… ဒီနေ့ကစပြီး
အချိန်တိုင်း အန်ကယ့်ကိုပဲ တွေးနေ ဟုတ်လား…

အန်ကယ်က မင်းဘဝကိုနွေးထွေးမှုနဲ့ လုံခြုံမှု အပြည့်ပေးမယ်…”ဟု ပြောဆိုခဲ့သည်။

ထိုနေ့မှစ၍
အချစ်ဆိုတာ ဒါများလားဆိုသည့် ရင်ခုန်သံများ၏ ဆွဲခေါ်မှုအောက်တွင် စံရတီသည် ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့လေတော့သည်။

သို့သော် သူမ၏ မိဘများနှင့် အစ်ကိုနှစ်ဦးကတော့ သူတို့၏ ချစ်လှစွာသော မင်းသမီးလေးအတွက်အလွန်အမင်း ဝမ်းနည်းကြေကွဲခဲ့ကြသည်။

နောက်ဆုံးတွင် စံရတီ့ကို သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်လိုက်ကြသည်။

အစပိုင်းတွင် စံရတီသည် မိဘများ၏လုပ်ရပ်ကြောင့် လွန်စွာ ဝမ်းနည်းခဲ့ရသော်လည်း

ဦးသော်ပိုင်၏ အားပေးမှုနှင့် လိုလေသေးမရှိ ဂရုစိုက်မှုများကြားတွင် တဖြည်းဖြည်း ကျေနပ်ပျော်ရွှင်လာခဲ့သည်။

ကုမ္ပဏီသို့ အလုပ်ဆင်းရန်မလိုတော့ဘဲ ခမ်းနားကြီးကျယ်သော အိမ်ကြီးအတွင်း ရွှေဘုံစံ မင်းသမီးလေးတစ်ပါးအဖြစ် ဘဝကို ဖြတ်သန်းခဲ့‌တော့သည်။

သို့သော်…
အနာဂတ်တစ်နေ့တွင်

“စံရတီ” ဆိုသည့် မိန်းကလေးသည် ယခုလိုပင် ဆက်လက် ပျော်ရွှင်နိုင်ပါမည်လား…

သို့မဟုတ်
ဒုတိယ ဒေါ်တင်မေဦး ဖြစ်လာမလား…

ဒီဇာတ်လမ်းလေးကို ဒီမှာတင်အဆုံးသပ်ပါမည်

ချစ်ခင်လေးစားရပါသော စာဖတ်သူပရိပ်သပ်များရှင်—
စံရတီကဲ့သို့ ငယ်ရွယ်လှပပြီးအစစအရာရာ ပြည့်စုံခဲ့သည့် မိန်းကလေးတစ်ဦးသည်

ကိုယ့်အဖေနှင့် သက်တူရွယ်တူသူဌေးတစ်ဦး၏ တတိယမြောက် ဇနီးမယားဘဝကို ကိုယ်တိုင် ကျေနပ်စွာ ရွေးချယ်ခဲ့ခြင်းသည်—

ဝဋ်ကြွေးလေလား…
ဖူးစာလား…ဆိုသည်ကို
စာဖတ်သူတို့အနေဖြင့် ဝေဖန်သုံးသပ် ပေးကြပါအုံးရှင်။ ✨
ချစ်ခင်လေးစားလျက်
#သျှင်ငြိမ်းမေ(မမီး)
#ကိုယ်တိုင်ရေးစာစု
#ဝထ္ထုရှည်ဝထ္ထုတိုများ
#ဝထ္ထုတို #ဖြစ်ရပ်မှန်ဇာတ်လမ်း

Address

Yangon
11011

Telephone

+959777262262

Website

Alerts

Be the first to know and let us send you an email when သျှင်ငြိမ်းမေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သျှင်ငြိမ်းမေ:

Shortcuts

Share