05/01/2023
စိတ်ကို ကျွဲထိန်းသလို ထိန်းပါ
တစ်ခါတော့
မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့
ဆရာတော် တရားဟောကြွလေ၏။
ထိုဒေသတွင် မိုးများသည့်အတွက်
တောင်ယာသမား အများစုသည်
နွားအစားကျွဲများဖြင့်သာ
ထွန်ယက်စိုက်ပျိုးကြရလေ၏။
ကျွဲများသည် သန်မာထွားကျိုင်းပြီး
ချိုကြီးများကားနေ၏။
ဆရာတော်သည်
ကျွဲကြီးများကို မြင်သောအခါ
ထိုဒေသမှ ဒကာကြီးများကို
ယခုကဲ့သို့ မေးကြည့်လေ၏။
ဒကာကြီး
ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေက
ဒကာကြီးတို့ကို ပြန်ပြီး
ရန်မမူကြဘူးလား
တစ်ခါတလေတော့ ရန်မူတယ်ဘုရား၊
တလောက ဟိုဘက်ရွာက
တောင်သူတစ်ယောက်
ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး
နေရာမှာတင် ပွဲချင်းပြီးသေတာပါရောလား
ဘုရား
အိုး ကြောက်စရာ ကောင်းလိုက်တာ၊
ကျွဲထိန်းရတာလည်း
တော်တော်အန္တရာယ်များတာပဲ
ဒါက ဖြစ်ခဲပါတယ်ဘုရား၊
သူတို့ ကျွဲထိန်းတဲ့နေရာမှာ
ညှာလိုက်လို့ပါ
ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊
ကြောက်အောင် ရိုက်နှက်ထားလို့လား
တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ
ထိန်းတဲ့နည်းရှိတယ်ဘုရား
ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို
မေတ္တာသမားနဲ့ ကိုက်တာပေါ့၊
ဘယ်လိုထိန်းတာလဲ
အလုပ်နဲ့ ထိန်းတာပါဘုရား၊
လယ်ချိန် လယ်ထွန်တယ်၊
ယာချိန် ယာထွန်တယ်၊
လယ်တွေ၊ ယာတွေ မရှိရင်
ရေခပ်ခိုင်းတယ်၊
ရေစည်ကိုလှည်းပေါ်တင်ပြီး
မြစ်ရေကိုသယ်တယ်၊
ရေသယ်စရာ မရှိရင်
ထင်းလိုက်တယ်ဘုရား
အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင်
ဒီကျွဲဟာပင်ပန်းပြီး
ညောင်းနေတဲ့အတွက်
နားရတဲ့အချိန်လေးမှာ
ငြိမ်နေတာပေါ့ဘုရား။ ဒေါသဖြစ်ချိန်ကို
မပေးတော့ဘူးဘုရား
အို
ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းက
ဘုန်းကြီးအတွက်တော့
တရားတစ်ပုဒ်ပါပဲ၊
ကျွဲကြီးကို စိတ်နေရာမှာထားပြီး
စိတ်ကိုအလွတ်မထားဘူး
အမြဲခိုင်းနေမယ်ဆိုရင်
လောဘ၊ ဒေါသ၊ မောဟဆိုတဲ့
ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့
ဒါကြောင့် ကိုယ်တော်တို့တတွေလည်း
စိတ်ကို အအားမပေးနဲ့၊
စိတ်ဆိုတာ မကောင်းတဲ့ဘက်မှာ
ပျော်တာအားနေရင် စာဖတ်၊ စာရေး၊
တရားနာ၊ တရားဟော
အဲဒီလို မနားတမ်း လုပ်ကြပါလို့
တိုက်တွန်းပါတယ်
ညီမေတ္တာ
(မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများမှ)
c/o ( MS )