Books4Booze - Online Bookstore

Books4Booze - Online Bookstore Books for Booze

03/09/2026

#အဲဒီငန်းဟာငန်းတကာတို့ရဲ့ဘုရားသခင်လို..

အဝေးက အဖေ့အကြောင်း ဖုန်းဝင်လာပြီး၊
နှင်းမုန်တိုင်းကြောင့် မနက်ဖြန် ဖလိုက်တွေအကုန် ကန်ဆယ်ဖြစ်ပြီး၊
ငါတို့နှစ်ယောက်ကြား မပြောလိုက်ရတဲ့ နောက်ဆုံးစကားတွေ ဒီတိုင်း ကျန်နေခဲ့ပြီး၊
ရင်ခွဲရုံမှာ ကလီစာတွေ နှုတ်သိမ်းပြီး၊
အလောင်းကို ရေခဲတိုက်ကနေထုတ်ယူ မီးသင်္ဂြုလ်ပြီး၊
ပြာအိုးကို ငါ့အိမ်ရှေ့အရောက် စာတိုက်ကနေ ပို့လာပြီး၊
ဘရွတ်ခ်လင်မှာ သူ့အတွက် ရက်လည်လုပ်ပြီး၊

ငါ့ကိုယ်ငါ ပြောလိုက်တယ်၊ ငါငှက်တွေကို ကြွေးချင်တယ်။ ငါငှက်တွေကို ပေါင်မုန့်ကြွေးချင်တယ်။ ငါ ပန်းခြံထဲက ငှက်တွေကို ပေါင်မုန့်ကြွေးချင်တယ်။

ရေကန်နဲ့ စစ်ပွဲအမှတ်တရအဆောက်အအုံဘေးက ပတ်လျှောက်ပြီး၊
ခြေတလှမ်းလှမ်းတိုင်း တခု တွေ့နေရတဲ့ ငန်းစာမကြွေးပါနဲ့ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်လာပြီး၊
အဲဒီငန်းဟာ ငန်းတကာတို့ရဲ့ဘုရားသခင်လို ရေထဲက ရုန်းထလာပြီး၊
အဲဒီငန်းဟာ ငန်းတကာတို့ရဲ့ငရဲကလာတဲ့ မိစ္ဆာလို အော်မြည်ပြီး၊
အဲဒီငန်းဟာ ငန်းတွေထက်သေးငယ်တဲ့ သတ္တဝါတွေ ကျဲဖြန့်လိုက်ပြီး၊
မာကြောတဲ့နှုတ်သီး၊ ရိုင်းကြမ်းတဲ့ပါးစပ်နဲ့ ငါ့လက်ကပေါင်မုန့်ကို သုတ်ယူသွားပြီး၊

ငါ့ခေါင်းထဲမှာ တိတ်ဆိတ်သွားတော့တယ်၊ ဝင်္ကပါတွေထဲ လမ်းပျောက်နေတဲ့ ကွယ်လွန်သူတွေဆီက
ပွက်လောရိုက်နေတဲ့အသံလည်း မရှိတော့၊ ဝမ်းနည်းစကားဆိုနေတဲ့ ခြင်တွေရဲ့ တဝီဝီမြည်သံလည်း မရှိတော့၊
ငါ့ရဲ့ လက်ဗလာထဲ နောက်တကြိမ်တင်မြှောက်ထားတဲ့ ပေါင်မုန့်ပဲရှိတော့တယ်
လောကနဲ့ ငါ စစ်ပြေငြိမ်းလိုက်တဲ့အထိမ်းအမှတ်စားပွဲပေါ်က နွေးနေတဲ့ပေါင်မုန့်သာ ရှိတော့တယ်။

Martin Espada ရဲ့ After the Goose the Rose like the God of Geese ပါ
မိုးဆတ်၂၀၂၁ မှာ ပြန်ပြီး ၂၀၂၆ မှာ နည်းနည်းပြင်ပါတယ်။

 #ရိုလာကိုစတာညစာစားပွဲမှာ အန်းဒတ်ရှ်လုကာရဲ့ အခန်းကဏ္ဍကတော့ မှိန်လိုက်လင်းလိုက်ပဲ။ ဝတ်ကျေတန်းကျေအဖိတ်ခံရရုံနဲ့ ရောက်ချလာတ...
03/08/2026

#ရိုလာကိုစတာ

ညစာစားပွဲမှာ အန်းဒတ်ရှ်လုကာရဲ့ အခန်းကဏ္ဍကတော့ မှိန်လိုက်လင်းလိုက်ပဲ။ ဝတ်ကျေတန်းကျေအဖိတ်ခံရရုံနဲ့ ရောက်ချလာတဲ့ အထီးကျန်အမူးသမားတယောက်အနေနဲ့ သူ ပါဝင်ကပြနေတာပေါ့။ တကယ်သူကပြနေတာ အဲဒီအခန်းကဏ္ဍပဲလားဆိုတာလည်း သူမသေချာပြန်ဘူး။ ကြုံတောင့်ကြုံခဲအရာတခုနဲ့ မကြုံကြိုက်ခင်အထိပေ့ါ။ အဲဒါကဘာလဲဆိုတော့ ညစာစားပွဲမှာ သူစိတ်ဝင်စားမယ့် ခေါင်းစဉ်တခုကို စပြီးပြောကြတာပဲ။ အဲဒီအကြောင်းကို ဖရစ်ဘောင်းမန်းက စပြောတာ။ ဒီငနဲက လူကသာ လေးဆယ်ကျော်ရုံရှိသေးတယ်။ ရူပဗေဒဌာနမှာ ဒုဌာနမှူးဖြစ်နေပြီ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က အန်းဒတ်ရှ် အတင်းအကျပ်အငြိမ်းစားပေးခံခဲ့ရတဲ့ ဌာနမှာပေါ့။ သူပြောတာက “မနာမကျင်ပဲဘဝကို အဆုံးသတ်ပေးမယ့် ရိုလာကိုစတာ” လို့နံမည်ပေးထားတဲ့ အရာတခုကို လူငယ်တယောက်က စမ်းပြီးထွင်နေတယ်လို့ သူကြားတယ် ဆိုတာပဲ။ နှစ်ရှည်လများရောဂါဝေဒနာခံစားနေရတဲ့သူ ဒါမှမဟုတ် အသက်ရှင်နေရတာ သိပ်ကိုကြာလွန်းနေပြီလို့ ခံစားနေရတဲ့သူတယောက်ယောက်ကို တခေါက်စီးရုံနဲ့ ဘာဝေဒနာမှမခံစားရပဲ သေသွားအောင်လုပ်ပေးဖို့ ဒီဇိုင်းဆွဲထားတဲ့ ရိုလာကိုစတာပေါ့။ “အဲ့လ်ပ်တောင်ခြေတနေရာမှာ အဲဒါကို စမ်းပြီးဆောက်ထားတယ်တဲ့။ အစမ်းသပ်ခံမယ့် ဗော်လန်တီယာရှာနေတယ်ကြားတယ်”လို့သူ့မိန်းမက ဝိုင်ထပ်ငှဲ့ပေးနေတုံး ဘောမန်းကပြောတယ်။

အဲလိုနဲ့ စကားလမ်းကြောင်းက အဲဒီကနေ တခြားကို ရောက်သွားပြန်တယ်။ ဒီခေါင်းစဉ်ပြီး ဒီခေါင်းစဉ် ပြောနေလို့တော့ မရဘူး၊ ခေါင်းစဉ်တိုင်းကို ညီတူမျှတူအာရုံစိုက်ပေးရမယ်ဆိုတဲ့ပုံမျိုးနဲ့ တခြားအကြောင်းအရာတွေ လျှောက်ပြောနေကြတာကို အန်းဒတ်ရှ်ကတော့ ဖီးလ်မလာဘူး။ သူ တဖြည်းဖြည်းနဲ့ ငိုက်သွားပြီး အိပ်မက်ပါ မက်မိသွားတယ်။ အိပ်မက်ထဲမှာ ရိုလာကိုစတာကို သွားမက်တာပေါ့။ အိပ်မက်ထဲမှာ မာရေကြောရေနိုင်ပေမယ့် နာကျင်မှုတော့မပေးဘူးဆိုတဲ့ပုံ ပေါက်နေတဲ့ ရိုလာကိုစတာ အဝေ့အဝိုက်တွေနားမှာ သူ့ကိုယ်ခန္ဓာက ပျံဝဲနေတယ်။ သူ့ချိုင်းကြားမှာ လက်တစုံပေါ်လာပြီး “အိမ် ပြန်ကြစို့” ဆိုတဲ့အသံပါ တပါတည်း ထွက်မလာခင် အထိပေါ့။ အဲဒီနောက်တော့ တက္ကစီကားထဲက သမားရိုးကျ မူးတူးတူး အချိန်ခဏကို ဖြတ်ကျော်ပြီး ခပ်ထိုင်းထိုင်းအိပ်ယာထဲ သူပြန်ရောက်သွားတယ်။ နာရီနည်းနည်းကြာတော့ ကဖေးရှုဘာက ထိုင်နေကျခုံမှာ ထိုင်ပြီး မစ်ကာဖီကို သူမွှေနေတယ်။ ဆူးဒွိုက်ဇိုက်တန်သတင်းစာမှာပါတဲ့ သတင်းခေါင်းစဉ်တွေလျှောက်ဖတ်ရင်း ပန်းသီးမုန့်ကို ဖဲ့စားနေရင်း နာရေးနဲ့ ပုဂ္ဂိုလ်ရေးကြော်ငြာတွေပါတဲ့ နောက်ကျောဖုံးကို သူရောက်သွားတယ်။ အဲဒီမှာ မနာမကျင်ပဲ ဘဝကို အဆုံးသတ်ပေးမယ့် ရိုလာကိုစတာ အကြောင်း ခပ်ဝါးဝါး လျှောက်ရေးထားတဲ့ ဆောင်းပါးတိုလေးတခုကို သွားတွေ့တယ်။ ဖတ်လို့မပြီးခင်မှာပဲ ဒါဟာ ငါ့ဘဝတလျှောက်လုံး စောင့်မျှော်နေခဲ့တဲ့အရာပဲလို့ သူထင်လာတယ်။ တကယ်တော့အန်းဒတ်ရှ်က သိပ္ပံသမား၊ ဓမ္မဓိဌာန်ကျကျလူမျိုးလေ။ အခုလိုထင်လာတယ်ဆိုတာကလည်း သူ့ရဲ့နေ့ရက်တွေဖြစ်လာနေသလိုပဲ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားရှိလှတယ်လို့တော့ မဟုတ်ဘူး။ ဟုတ်တော့ဟုတ်တယ်။ လူတိုင်းဟာ သူ့တို့ဘဝတလျှောက်လုံး သေခြင်းတရားကို စောင့်မျှော်နေကြရတာပဲလို့ ပေါ်ပေါ်တင်တင် မိုက်မိုက်ကန်းကန်းပြောမယ်ဆို ပြောလို့ရတာပဲလေ။ အကြွေနည်းနည်း စားပွဲမှာချန်ထားပြီး မသက်မသာနဲ့ ထရပ်လိုက်ရင်း သူ ဒီလိုတွေးမိတယ်။ “ဒါပေမယ့် ဒီတခုက ပိုလေးနက်ပြီး ပုဂ္ဂိုလ်ရေးဆန်တယ်၊ ဒီကမ္ဘာလောကကြီးထဲမှာ ငါ့အတွက်သပ်သပ် ရည်ရွယ်ထားတဲ့ဟာမျိုးပဲ။”

အဲဒီနေ့မှာလည်း တခြားနေ့တွေလိုပဲ မြို့ထဲက လေတိုက်တဲ့လမ်းအိုလမ်းဟောင်းတွေထဲ သူလျှောက်သွားနေခဲ့တာပါပဲ။ သူ့ကို အလိုမရှိတော့တဲ့ တက္ကသိုလ်ရဲ့ အစွန်ဖက်နားကနေ သူ့ကို အဖက်မလုပ်တော့တဲ့ ဈေးသည်တွေရဲ့ စာအုပ်အဟောင်းဆိုင်တွေရှိတဲ့ လမ်းကြိုးလမ်းကြားတွေအထိပေါ့။ ကမ္ဘာမြေပေါ်မှာ သူနေထိုင်နေတဲ့ကာလကို အဆုံးသတ်ပေးစရာ အဲဒီရိုလာကိုစတာကလွဲပြီး တခြားမရှိတော့ဘူးလို့ အန်းဒတ်ရှ်စိတ်ထဲမှာ ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုတာ သူ့အတွက်တော့ တနေ့တနေ့ အိပ်ယာထဲလှဲပြီး အချိုတွေအဆိမ့်တွေစားနေတာမျိုးနဲ့ ကွာလှတယ်မဟုတ်ဘူး။ လူရယ်လို့ဖြစ်ရှိရှင်သန်နေရခြင်းကို တည့်တည့်ရင်ဆိုင်ကြည့်ရင်း အဲဒါဘာလဲဆိုတာကို သဘောပေါက်ထားတဲ့ အရွယ်ရောက်ပြီး ယောကျ်ား ဒါမှမဟုတ် မိန်းမတွေအနေနဲ့ အလေးအနက် စဉ်းစားစရာကိစ္စ မဟုတ်ဘူးလို့ မြင်ခဲ့တယ်။ ဒါပေမယ့် ရိုလာကိုစတာကျတော့ တမျိုးလို့ ထင်လာတယ်။ ကိုယ့်ကိုယ်ကိုသတ်သေတယ်ဆိုတဲ့ စကားလုံးထက် နက်နဲသိမ်မွေ့တဲ့ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းမျိုးလို့ ပြောရမယ်။ ဘဝကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ မေးခွန်းအတွက် သိပ္ပံပညာရဲ့ အဖြေလို့ ဆိုရမလား။ ငါ့ဟာငါဆို ဖြစ်နိုင်မယ်လို့ ဘယ်လိုမှ မထင်မိတဲ့ နည်းလမ်းပဲလို့ သူတွေးမိတယ်။ စိတ်ကူးနဲ့ လက်တွေ့ကြားက လိုင်းကို ကျော်လွှားဖို့ နည်းလမ်းတခု ကိုရှာဖို့ ဆုံးဖြတ်ရတော့မယ်ဆိုပြီး သူတွေးတယ်။ ဒါပေမယ့် အထဲမှာ ကွယ်ဝှက်ထားတဲ့ အကြောင်းပြချက်အစစ်အမှန်က အဲဒီထက်နက်နဲမှန်းလည်း သူ သိပါတယ်။


သူနဲ့ အဆက်အစပ်ရှိသေးတဲ့ ကွန်ယက်တွေကို အန်းဒတ်ရှ် လိုက်ဆက်သွယ်တယ်။ ကျွမ်းကျင်ပညာရှင်လို့ ခေါ်ခံရတဲ့သူတွေ တယောက်ပြီးတယောက်ပေါ့။ တလလောက်ရှိသွားတော့ ဇူးရစ်ဆင်ခြေဖုန်းအစွန်ဖက်ကနေ မိုင်တော်တော်ဝေးတဲ့ ကွင်းပြင်တခုထဲကို သူရောက်နေပြီ။ သူအရင် ပါမောက္ခလုပ်တုံးက ဝတ်သလိုမျိုး ပလတ်စတလေကာအကျီရယ်၊ မီးပူတိုက်ထားတဲ့ ကာကီဘောင်းဘီရယ် တွဲဝတ်လို့ပေါ့။ သူ့ကိုယ်သူ ယော်ဂန်ထာကယ်လို့ မိတ်ဆက်တဲ့ တော်တော့်ကိုငယ်သေးတဲ့ သိပ္ပံပညာရှင်တယောက်နဲ့ သူလက်ဆွဲနှုတ်ဆက်ရတယ်။ ယော်ဂန်က မနာမကျင်ပဲ ဘဝကို အဆုံးသတ်ပေးမယ့် ရိုလာကိုစတာ တီထွင်သူလို့ သူ့ကိုယ်သူ ပြောထားတယ်။ တခြားသူထွင်ထားတာတွေလည်း ရှိသေးတယ်။ “တချို့ဟာတွေတော့ လူသိတယ်”ယော်ဂန်က သိပ်မထိရောက်တဲ့ နှိမ့်ချပုံမျိုးနဲ့ ပြောတယ် “တော်တော်များများကတော့ မသိကြဘူး”။

အန်းဒတ်ရှ်ကတော့ ရိုလာကိုစတာရဲ့ မတ်စောက်တဲ့ အဝေ့အဝိုက်ကြမ်းကြမ်းတွေဆီ အာရုံရောက်နေတယ်။ အဝေ့အဝိုက်တခုချင်းစီက အရှေ့တခုထက် ပိုမတ်စောက်လာပြီး ပိုပြီးဆိုးသထက်ဆိုးလာရင်း မမြင်ရတဲ့လဆီ ထိုးတက်သွားနေတယ်။

“ဒါဘာလဲဆိုတာ ခင်ဗျားသိပြီးသား ဖြစ်မှာပါ” အပိုဆာဒါးတွေကို မြန်မြန်ကျော်ပြီး သူ့စမ်းသပ်မှုရဲ့ အနှစ်သာရဆီ သွားချင်နေတဲ့ သိပ္ပံပညာရှင်တယောက်ရဲ့ ထက်သန်မှုမျိုးနဲ့ ယော်ဂန် ပြောလိုက်တာကို သူကြားတယ်။

တကယ်တော့ အန်းဒတ်ရှ်ကလည်း စိတ်အားထက်သန်နေပါတယ်။ “ငါ နားလည်ပါတယ်။ ပြောသလိုဖြစ်ရင် ရိုလာကိုစတာက ငါ့ကို သတ်ပေးမယ်။ အဲဒီအခါကျရင် ဒါတွေအားလုံး ငါ့ဆီကနေ ပျောက်ကွယ်သွားမယ်။” ကွင်းပြင်တွေ၊ ကြယ်တွေရယ်၊ အဲလ့်ပ်တောင်တန်းတွေရယ်ဆီကို လက်ယမ်းပြရင်း သူက ပြောလိုက်တယ်။

ယော်ဂန်က ခေါင်းညိတ်ပြတယ်။ အခုလိုအခြေအနေမျိုးမှာတောင် သက်တောင့်သက်သာရှိနေတဲ့လူမျိုးနဲ့ ပြောဆိုဆက်ဆံရတာ သူလည်း စိတ်သက်သာရာရသွားပုံပဲ။ “ကွင်းတွေက ထွက်လာမယ့် လှည့်အားကို လူစီးတွဲရဲ့ မြင့်သထက်မြင့်လာမယ့် အရှိန်နဲ့ ပေါင်းလိုက်တဲ့အခါ သွေးတွေက ခင်ဗျားရဲ့ အောက်ပိုင်းမှာ ပိုပိုပြီး သွားစုလိမ့်မယ်။ ပထမဆုံးအနေနဲ့ ခင်ဗျားရဲ့ပေါင်၊ နောက်တော့ ညိုသကျည်း၊ နောက်တော့ ခြေဖဝါး၊ အဲဒီလိုနဲ့ နောက်ဆုံးအဝေ့အဝိုက်ကျရင် ခင်ဗျားရဲ့ နှလုံးက အဲဒီသွေးတွေကို ပြန်ရအောင်မလုပ်နိုင်တော့ပဲ စက်တခုကို ခလုတ်ပိတ်လိုက်သလိုမျိုး ဖြစ်သွားလိမ့်မယ်၊ ဘာနာကျင်မှုမှ မရှိပဲနဲ့ပေ့ါ”။ ပြောပြီးတော့ ဒီဘဲက ရိုလာကိုစတာကို ကြည့်နေတယ်။ သူထွင်ထားတဲ့စက်အကြောင်း သူ့သာသူပြောလိုက်တာတွေ မှန်မမှန် ပြန်စိစစ်တာကျနေတာပဲ။ ပြီးတော့ သူက ဆက်ပြောတယ်။ “အီးယူကတော့ ဒီလိုစမ်းသပ်မှုကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် စဉ်းစာဉာဏ်မရှိတဲ့ သမားရိုးကျ ဗျူရိုကရေစီအဖွဲ့အစည်းတွေပဲ နေရာတကာမှာ ရှိနေတာကိုး။ ဒီစက်က ထိရောက်မှုရှိတယ်ဆိုတာရယ် ပြီးတော့ ပိုအရေးကြီးတာက နာကျင်မှုမရှိဘူးဆိုတာရယ်ကို သက်သေအရင်ပြနိုင်ရင်တော့ သူတို့ ပျော်ပျော်ကြီး ခွင့်ပြုကြမှာပါ။ ဒါပေမယ့် အဲဒီအတိုင်း ဖြစ်ရမယ်ရယ်လို့တော့ ကျွန်တော်တို့ အပြည့်အဝအာမမခံနိုင်ဘူးနော်။ အဲဒါကိုတော့ ခင်ဗျားသိတယ်မဟုတ်လား။”

အန်းဒတ်ရှ်က ခေါင်းညိတ်ပြလိုက်တယ်။ ယော်ဂန်က သူ့ကျောကို ပုတ်ရင်းပြောတယ်။ “ကောင်းပြီဗျာ။ ဒါနဲ့ နေဦး။ ဒီပရောဂျက်မှာ ကျွန်တော်ဂုဏ်အယူရဆုံး အပိုင်းတခုရှိသေးတယ်။ နောက်ဆုံးအခိုက်အတန့်လေးမှာ အရမ်းပျော်ရွှင်စိတ်လှုပ်ရှားရတဲ့ အချိန်အပိုင်းအခြားလေးတခုကို ခင်ဗျားကြုံရလိမ့်မယ်။ ရိုလာကိုစတာက နောက်ဆုံးအဆင့် ထိုးဆင်းသွားတဲ့အချိန် အောက်ခြေအရောက်မှာ အလေးချိန်မဲ့သွားတဲ့ စပ်ကူးမတ်ကူးကာလလေးတခုရှိမယ်။ ခင်ဗျားအဆုတ်တွေထဲက အောက်ဆီဂျင်တွေကို နောက်ဆုံးအနေနဲ့ တွန်းထုတ်လိုက်လိမ့်မယ်။ ကဗျာဆန်သွားရင် ကျွန်တော့်ကိုခွင့်လွှတ်ဗျာ။ ပကတိတည်ကြည်မှုရမယ့် အခိုက်အတန့်လေးလို့ပဲ ပြောပါရစေ။ သေမင်းခံတွင်းဝ ရောက်တဲ့အခိုက်မှာ ဘဝမှာ ခင်ဗျား အောင်မြင်ခဲ့တယ်လို့ပဲ ထင်လိုက်မိလိမ့်မယ်။ တကယ်လည်းအောင်မြင်ခဲ့ချင်အောင်မြင်ခဲ့မယ်ဗျာ။ ကျွန်တော်ပြောတာရိုင်းသွားရင် ခွင့်လွှတ်”။

ယော်ဂန်က ပါးပေါ်က မျက်ရည်တစကို သုတ်လိုက်တယ်။ အန်းဒတ်ရှ်ကတော့ သူကျွဲမြီးတိုသွားတာကို မပေါ်အောင် မျိုသိပ်ထားရတယ်။ ငါကသေရတော့မယ်လူ။ အဲဒါကိုသူက လာငိုနေတယ်ဆိုပြီး တွေးနေမိတယ်။ ဒါပေမယ့် ပါးစပ်ကတော့“ကျေးဇူးပဲဗျာ”လို့ သူပြောလိုက်တယ်။ ပြီးတော့“အားလုံးအဆင်ပြေပါတယ်။ စကြတော့မလား”လို့ ဆက်ပြောလိုက်တယ်။

အန်းဒတ်ရှ်ကို လူစီးတွဲထဲမှာ ကြိုးတွေနဲ့ သိုင်းပေးကြတယ်။ အပြောကျယ်တဲ့ ဆွစ်ညထဲက အထီးကျန်ရိုလာကိုစတာစီးသူပေါ့။ စထွက်ပါတော့မယ် ဘာညာ ပြောတဲ့လူတော့ မရှိ။ စက်သံမြည်လာပြီး မကြာခင်ပဲ ရိုလာကိုစတာက အဝေ့အဝိုက် အယိမ်းအလှုပ်တွေ စတော့တာပဲ။ အန်းဒတ်ရှ်ကတော့ ဒုတိယကမ္ဘာစစ်ပြီးလို နှစ်တွေနည်းနည်းကြာတုံးက သူ့မိဘတွေနဲ့ တူရင်မှာ စီးခဲ့တဲ့ ရိုလာကိုစတာကို သွားသတိရတယ်။ မှတ်ဉာဏ်က သူ့ကို မျက်ရည်စို့စေတုံးမှာပဲ ရိုလာကိုစတာက အပေါ်ကို ဆောင့်တက်သွားတယ်။ အရှိန်ကလည် မြန်သထက်မြန်လာနေပြီး အောက်ကိုထိုးကျပြန်တယ်။ သူ့ကို မနာကျင်စေပေမယ့် ကြမ်းကြမ်းတမ်းတမ်းဆွဲခါပစ်လိုက်တယ်။ သူ့ကိုယ်အင်္ဂါတွေယမ်းခါထွက်ကုန်သလို ခေါင်းထဲမှာ သွေးတွေ တအားစီးနေသလိုပဲ။ ဘယ်အချိန်မှာ အဲဒါဖြစ်လာတော့မလဲဆိုပြီး တွေးနေတာကို သူသတိထားမိတယ်။ တကယ့်အခိုက်အတန့်က ဘယ်တော့ရောက်မလာလဲပေါ့။ ရိုလာကိုစတာက နယ်ခြားမျဉ်းကိုဖြတ်ပြီး သူ့ကိုခေါ်ဆောင်သွားမယ်အခိုက်အတန့်ကိုပေါ့။ အခုတော့ အဲဒါကို ဘဝကို အဆုံးသတ်ပေးမဲ့ ခေတ်မီကိရိယာတခုလို့ မမြင်တော့ပဲ ရိုးရိုးသေမင်းရထားတစင်းလို မြင်စပြုလာနေပြီ။ ကံဆိုးမိုးမှောင်ကျနေတဲ့ ခရီးသည်ကို ပြန်လမ်းမရှိတော့မယ့်နေရာတခုစီ တရွတ်တိုက်ဆွဲသွားနေတဲ့ရထားပေါ့။ သူ ကလေးဘဝမှာပဲ ရှိသေးတဲ့နှစ်တွေတုံးက ဒီနိုင်ငံကို ဖြတ်ပြီး တခြားတနေရာကို ရထားနဲ့အတင်းအကျပ်အပို့ခံရတဲ့ သန်းပေါင်းများစွာသော လူတွေအတွက် ပြန်လမ်းမရှိခဲ့သလိုပေ့ါ။

ဒါပေမယ့် မဟုတ်သေးဘူးလို့ သူထင်လာတယ်။ ဒါမျိုးဟာ ငါ့ရဲ့ နောက်ဆုံးအတွေး မဖြစ်နိုင်ဘူး။ ဒါမျိုးသာဆိုရင် အရင်လူပေါင်းများစွာ ကြုံခဲ့ကြဖူးတာနဲ့ သွားတူနေမှာပေါ့။ အဲဒီအချိန်မှာပဲ ရိုလာကိုစတာက သူ့ခေါင်းကို တဖက်ကို ထိုးချပစ်လိုက်တယ်။ သူတပတ်လည်သွားတယ်။ ဘယ်ကနေညာ၊ ညာကနေဘယ်ယမ်းခါပြီး သူ့စိတ်လည်း ဟာလာဟင်းလင်းဖြစ်သွားတော့တယ်။

သူသတိပြန်ရလာတော့ ယော်ဂန်နဲ့ သူလက်ထောက်တွေက သူ့ကို မိုးပြီးကြည့်နေကြတယ်။ သူအသက်ရှုသေးလား စမ်းနေကြတယ်။ သူ့မျက်လုံးထဲကိုလည်း ဓာတ်မီးနဲ့ထိုးကြည့်ကြတယ်။ လက်ထောက်တွေက သူ့ကို ခါးပတ်ဖြုတ်ပေးပြီး မတ်တပ်ထရပ်ဖို့ အကူအညီပေးနေတဲ့အချိန်မှာ ယော်ဂန်ရဲ့မျက်နှာပေါ်မှာ စိတ်ပျက်လက်ပျက်ပုံစံ အထင်းသားပေါ်နေတယ်။ ဆံပင်ကိုလက်နဲ့ထိုးဖွလိုက်ပြီး ယော်ဂန်ကပြောတယ်။ “အလုပ်မဖြစ်ဘူးဗျာ။ ဘာဖြစ်လို့ ဒီလိုဖြစ်ရပါလိမ့်။ နမူနာအရုပ်တွေအများကြီးနဲ့ ကျွန်တော်တို့ အကြိမ်ကြိမ်စမ်းပြီးသား။ ကောက်ရိုးရုပ်တွေအများကြီးနဲ့ စမ်းတယ်။ ပြီးတော့ အလေးချိန်သေချာတွက်ထားတဲ့ လူရုပ်တွေအများကြီးနဲ့လည်း ထပ်စမ်းထားတာ”

သူအခု ဘယ်လိုခံစားနေရသလဲဆိုတာကို အပြေးအလွှားပြောပြချင်စိတ် အန်းဒတ်ရှ်မှာ မရှိဘူးဖြစ်နေတယ်။ သူတို့မှားနေတယ်ဆိုတာ သူသိတယ်။ ရိုလာကိုစတာက အလုပ်ဖြစ်တယ်။ တကယ်တော့ အခုဖြစ်ပျက်နေသမျှအရာရာဟာ တဖက်ခြမ်းကိုရောက်နေပြီဆိုတာ သူသိတယ်။ သိပ္ပံပညာရှင်တွေရဲ့ မျက်နှာတွေကို စက်ရုပ်တွေလိုလိုက်ကြည့်ရင်း ဒါ သေခြင်းတရားပဲလို့ သူတွေးနေတယ်။ တကယ်ကတော့ ဒီထက်ပိုပြီး ထူးဆန်းမယ်၊ ပိုပြီးတစိမ်းဆန်မယ်လို့ ငါထင်ခဲ့တာ။ ကိပ်တောင်းကို ဖဲလိုးရှစ်နဲ့ မရောက်ဖူးခင်အထိ အာဖရိကကို ငါ့စိတ်ထဲမှာ ပုံဖော်ထားခဲ့ဖူးသလိုမျိုးပေါ့။ နာရီပေါင်းများစွာ လမ်းလျှောက်ဖို့ ညထဲကို တိုးဝင်မသွားခင်အထိ သူအဲဒီလို တွေးနေခဲ့တယ်။ ယော်ဂန်က အော်ပြောနေတာကို သူလှည့်မကြည့်တော့ဘူး။ “ခင်ဗျားဘယ်ကို သွားမလို့လဲ။ ဒီကို ပြန်လာခဲ့။ ခင်ဗျားကို စစ်စရာတွေရှိတယ်။ ဟေ့လူ.. အခုပြန်လာ”

*
အန်းဒတ်ရှ်အတွက် အဆင့်အသစ်တခုကို စတင်ဖြတ်သန်းရတော့တယ်။ သူ့တိုက်ခန်းထဲမှာ သူ့စာအုပ်တွေရယ်၊ သိပ္ပံဂျာနယ်တွေရယ်၊ များသထက်များလာတဲ့ ဘေလ်တွေရယ်နဲ့ပေါ့။ အဲဒါတွေအားလုံးက သူ့အတွက် အလှကြည့်နေရုံသက်သက်ပဲ ရှိတော့တယ်။ အဲဒါတွေက သူ့အနာဂတ်နဲ့ဆိုင်တယ်ဆိုတာမျိုး မရှိတော့ဘူး။ တကယ်တော့ သူ့မှာ အနာဂတ်ဆိုတာလည်း မရှိတော့ဘူး။

အဲဒီအဆင့်ရဲ့အစောပိုင်းကာလတခုမှာပဲ ဆွစ်အစိုးရက မနာမကျင်ပဲ ဘဝကိုအဆုံးသတ်ပေးမယ့် ရိုလာကိုစတာကို ထိရောက်မှုမရှိကြောင်း တွေ့ရှိရတဲ့အတွက် ထပ်မံစမ်းသပ်ခြင်း မလုပ်ဖို့ တားမြစ်လိုက်တယ်။ (ဇိုက်တန်သတင်းစာမှာ တမနက်သား အဲဒီကြေညာချက်ကို တွေ့တော့ အန်းဒတ်ရှ်တယောက် ရယ်တောင်ရယ်မိတယ်)။ ရိုလာကိုစတာဆင်ထားတဲ့အနားမှာ ပန်းခြံလေးတခုနဲ့ စက်ဘီးစီးဖို့လမ်းတခုတောင် ဇူးရစ်မြို့က သွားဆောက်လိုက်သေးတယ်။ သတ္တုထည်အကွေးအကောက်ကြီးတွေကိုတော့ “အရွယ်အစားကြီမားတဲ့ စိတ်ကူးထည်အနုပညာတွေအနက် မျိုးဆက်တဆက်အတွင်းမှာ အရဲရင့်ဆုံးခြေလှမ်းတရပ်” လို့ Art Basel ရဲ့ စိတ်လှုပ်ရှားစရာကြေညာချက်တခုထဲမှာပါလာတဲ့အတိုင်း ထားလိုက်ကြတယ်။ သူ့ရဲ့ အဖြူရောင်ဓာတ်ခွဲခန်းဝတ်စုံကိုစွန့်ပြီး လိမ္မာယဉ်ကျေးတဲ့ဖျော်ဖြေရေးသမားတယောက်လို အနက်ရောင်တီရှပ်နဲ့ သားရေဂျာကင်ဝတ်ထားတဲ့ ယော်ဂန်ကိုလည်း ဆုတွေဘာတွေ ကောင်းကောင်းပေးလိုက်ကြသေးတယ်။ အန်းဒတ်ရှ်ကတော့ အသက်ရှင်နေသူတိုင်း ပြုလုပ်ရမြဲဖြစ်တဲ့ ရှက်စရာ ချော်လဲရောထိုင်လုပ်ရမှုတွေကို မပြုံးပဲ မနေနိုင်ဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ် အနှစ်နှစ်ဆယ် တနည်းပြောရရင် သူအသက်ရှင်နေခဲ့တဲ့ အချိန်တွေတုံးက ဒါမျိုးကြုံရရင် သူထွက်မယ့် ဒေါသကိုလည်း သူသတိရမိတယ်။

အခုတော့ လမ်းထောင့်ဆိုင်ကနေ ရိုးရိုးဆင်းဒွစ်လေးနဲ့ ဝိုင်တပုလင်းလောက်ဝယ်၊ အခုများတော့ ကိုစတာပါ့ခ်လို့ ခေါ်နေကြတဲ့ ပန်းခြံဆီရောက်မယ့် ဘတ်စ်ကားကိုစီး၊ အဲ့လ်ပ်တောင်တန်းတွေရဲ့ အခြေနားမှာ၊ ကလေးငိုသံနဲ့ ငယ်ငယ်ရွယ်ရွယ်စုံတွဲတွေရဲ့ ရယ်သံတွေ ကြားထဲမှာ (လူတွေကလည်း အစုံပဲ၊ ဂျာမန်တွေ၊ ပြင်သစ်တွေ၊ အာရပ်တွေတောင်ပါတယ်၊ အဲဒီလူတွေနောက်မှာ အားကစားတီရှပ်နဲ့ ဦးထုပ်တွေဝတ်ထားပြီး လှိုင်းတွန့်ပုံတက်တူးတွေတောင်ထိုးထားသေးတဲ့ ရိုလာကိုစတာရူးသွပ်သူ လူငယ်တွေက ရှိသေး) အရောင်တောက်တောက် သတ္တုထည်ကြီးနားထိုင်ရင်း ယူလာတာလေးတွေ ထုတ်စားပေါ့။ အဲဒီလိုလုပ်တာက တနင်္ဂနွေနေ့တနေ့ကို ကုန်ဆုံးဖို့ရာ သဘောခွေ့စရာလည်းဖြစ်၊ ပုံမှန်ထက်ထူးကဲတဲ့နည်းလမ်းလည်းဖြစ်မယ် မဟုတ်လား။

အဲဒီလိုနေ့တွေမှာ အန်းဒတ်ရှ်ကတော့ ရိုလာကိုစတာရဲ့ အဝေ့အဝိုက်ကွင်းတွေကို ကြည့်တယ်။ တခုထက် တခုက ပိုကျဉ်းသွား ပိုမတ်စောက်သွားတယ်။ ဘယ်အဝေ့အဝိုက်မှာ သူသေခဲ့တာလည်းလို့ တွေးမိတယ်။ သူ့ဘဝတခုလုံးကို သူပြန်တွေးကြည့်ရင်း သူ့ကိုယ်သူ အသက်ရှင်နေဆဲ အဘိုးအိုတယောက်လို ခံစားမိပြန်ရော။ ငယ်ငယ်ရွယ်ရွယ်၊ လန်းလန်းဆန်းဆန်းနဲ့ ရှင်သန်လိုစိတ်ရော၊ အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရားအပေါ် စိုးရွံ့စိတ်ပါအပြည့်ရှိနေခဲ့သေးတဲ့ ချာတိတ်ဘဝတုံးက နှစ်ခြိုက်ခဲ့တဲ့ ရိုလာကိုစတာကို တခါပြန်ပြီး မျက်နှာချင်း ရပ်ကြည့်နေမိတဲ့ အဘိုးအိုပေါ့။ အဲဒီလိုအခါမျိုးကျပြန်တော့လည်း သူသာ တကယ်မသေခဲ့ပဲ အိုရုံပဲအိုမင်းခဲ့မယ်ဆိုရင် ဥရောပတတိုက်လုံး ကိုယ်ဖန်တီးတဲ့ငရဲကနေ ပြန်ထမြောက်ဖို့ ကိုယ့်ဟာကိုယ် ကြိုးပမ်းနေချိန် လွန်ခဲ့တဲ့ရာစုနှစ်တဝက်ကျော်လောက်က သူစီးခဲ့ပြီး အခုထိမပြောင်းမလဲရှိနေတဲ့ သတ္တုကွင်းကြီးကို တအံ့တသြကြည့်ရင်း သူဘယ်လို ခံစားရမလဲဆိုတာ တွေးကြည့်ဖို့ ခက်ခဲနေပြန်တယ်။ နေ့ခင်းကြောင်တောင် ဝိုင်ဖြူတွေသောက်ပြီးမူးနေတဲ့ အဘိုးကြီးက ဒီမှာ ဆက်ရှိနေပြီး ရှင်သန်တဲ့ဘဝနဲ့လည်း ထိုက်တန်၊ အဲဒီဘဝမှာ နေဖို့ လိုလိုချင်ချင်လည်းရှိတဲ့ ဟိုချာတိတ်ကတော့ ဒီမှာ မရှိရှာတော့ဘူး၊ ဘယ်တော့မှလည်း ရှိနိုင်မှာမဟုတ်တော့ဘူးလို့ တွေးလိုက်မိတဲ့အခါ သူမျက်ရည်မဆည်နိုင် ဖြစ်ရတယ်။

David Leo Rice ရဲ့ The Painless Euthanasia Roller Coaster ကို မိုးဆတ်ပြန်ဆိုသည်။

#မိုးဆတ် #ဘာသာပြန်စာပေ

ခရီးရှည်လမ်းလျှောက်ခြင်း၁။ကျွန်တော်တို့ ချင်းမိုင်ကနေ မြောက်ဖက်ကို ဦးတည်ပြီးမောင်းခဲ့တယ်။ သွားရမယ့်နေရာက ဒီမှာ ခရီးသည်တွ...
27/07/2026

ခရီးရှည်လမ်းလျှောက်ခြင်း

၁။
ကျွန်တော်တို့ ချင်းမိုင်ကနေ မြောက်ဖက်ကို ဦးတည်ပြီးမောင်းခဲ့တယ်။ သွားရမယ့်နေရာက ဒီမှာ ခရီးသည်တွေ အလည်အပတ်များတဲ့နေရာနှစ်ခုရဲ့ ကြားမှာ ရှိတယ်။ အဲဒီကို ရောက်ဖို့ပိုင်ကို သွားတဲ့လမ်းပေါ်ကနေဆို ညာဖက်ကွေ့ဝင်သွားရသလို ချင်းဒေါင်းသွားတဲ့လမ်းဖက်ကဆို ဘယ်ဖက်ကို ကွေ့ဝင်သွားရတယ်။ မြေပုံက ညွှန်ပြထားတဲ့ နေရာမှာ ကားတွေရပ်ထားပြီး ကျွန်တော်တို့ လမ်းစလျှောက်ကြတယ်။ လမ်းက ချောင်းနံဘေးတလျောက် လျှောက်ကြရတာပဲ။ ချောင်းနံဘေးက ဘယ်လိုမှ ဆက်လျှောက်လို့ မဖြစ်တဲ့အခါ တောင်ကုန်းတွေပေါ် ပန်းတက်ရတယ်။ တခါ ချောင်းဘေးကို ပြန်ဆင်း။ စစ်ချီအတွေ့အကြုံတွေကို ပြန်ရေးတဲ့ ဝတ္ထုတွေထဲကလိုပဲ။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ကျွန်တော့်ရှေ့က လျှောက်နေတဲ့ ကောင်မလေးက တော်လှန်ရေးသမားတွေကို ဂုဏ်ပြုတဲ့ တီရှပ်တထည်ကို ဝတ်ထားတယ်။ တခါတလေမှာ ချောင်းကို ဖြတ်ရတယ်။ သိပ်မနက်တဲ့ ရေထဲက ဖြတ်လျှောက်ရင် လျှောက် ဒါမှမဟုတ် ချောင်းထဲက ကျောက်တုံးကို သေချာကြိုတင်တွက်ချက်ရွေးချယ်ပြီး ရေမစိုအောင် ခုန်ကူးချင်ကူးပေါ့။ နှစ်နာရီလောက် အဲဒီလို သွားနေရာက နောက်ဆုံးတော့ ချောင်းကို ကျွန်တော်တို့ လုံးဝချန်ထားခဲ့တယ်။ တောင်ကြောပေါ်ကိုပဲ တဖြည်းဖြည်း တက်ရင်းနဲ့ ရှုခင်းကောင်းတဲ့ နေရာတခုဆီ ရောက်လာတယ်။ အဲဒီမှာ တိမ်တွေရွေ့နေတာကို အပေါ်က စီးမြင်နေရတယ်။ စုစုပေါင်း လေးနာရီလောက် လျှောက်ပြီးတော့ အိပ်မက်ပြောတဲ့ရွာဆီ ကျွန်တော်တို့ ရောက်လာတယ်။ အရင်ဆုံး အားလုံးဆာဆာနဲ့ နေ့လယ်စာစားကြတယ်။ စားနေတုံးမှာပဲ တိမ်တွေက ကျွန်တော်တို့ဘေးကနေ တချက်တချက် ဖြတ်သွားတယ်။ တိမ်တွေကို အနီးကပ်မြင်ရတဲ့အခါ အဝေးက မြင်ရတာနဲ့ သိပ်မတူဘူး။ ကျွန်တော်တို့အဖွဲ့က လူများတော့ အိပ်မက်ပြောမယ့်သူ တယောက်ကို ဧည်သည်သုံးယောက် ဒါမှမဟုတ် လေးယောက် ဝိုင်းနားထောင်ဖို့ အစီအစဉ် ချရတယ်။

၂။
ကျွန်တော်ပါတဲ့ အုပ်စုမှာ အိပ်မက်ပြောတဲ့ ကောင်မလေးက ခုနထမင်းဆိုင်က စားပွဲထိုးမလေးပဲ။ သူမက ညက ဓာတ်ပုံလေးပုံ အိပ်မက်တယ်လို့ပြောတယ်။ သူမက အိပ်မက်မက်တိုင်း ဓာတ်ပုံတွေကိုပဲ မက်တတ်တယ်လို့ ကျွန်တော်တို့ကို share ပေးတဲ့ သူမရဲ့ ပရိုဖိုင်ထဲမှာ ပြောထားတယ်။ ဆင်တကောင်ပေါ်မှာ ခြေတပေါင်ကျိုးရပ်နေတဲ့ လူတယောက်ပုံကို သူမ အရင်ဆုံးအိပ်မက်တယ်။ ပုံထဲမှာ အဲဒီဆင်ဟာ နှာမောင်းကို ပါးစပ်ထဲထည့်ပြီး ငုံထားသတဲ့။ ဆင်ပေါ်မှာ ရပ်နေတဲ့လူက ကျန်တဲ့ခြေတဖက်ကို ကွေးညွှတ်ပြီး ရပ်နေတဲ့ ခြေရဲ့ဒူးပေါ်ကို ထောက်ထားတယ်။ ပြီးတော့ ရပ်နေတဲ့ ခြေထောက်ဘက်အခြမ်းက လက်ကို ခါးမှာထောက်ထားပြီး ကျန်လက်တဖက်နဲ့ အဝေးကို ညွှန်ပြနေတယ်။ နောက်ထပ် သူမ မက်တာက စပျစ်သီးခြံတခြံ။ ကိုယ်တုံးလုံးနဲ့လူ‌တွေ စပျစ်သီးစားနေကြတဲ့ပုံ။ အဲဒီခြံဟာ ပထမပုံက လူ ညွှန်ပြလိုက်တဲ့ နေရာပဲလို့ သူမခံစားရတယ်ဆိုပြီး ကောင်မလေးက ပြောတယ်။ အဲဒီလူတွေရဲ့ ကိုယ်အင်္ဂါတွေမှာ စပျစ်သီးက ထွက်လာတဲ့ အရည်တွေ ပေကျံလို့။ တိမ်တွေ ကျွန်တော်တို့ကြားကို တိုးလာနေပုံကလည်းကောင်မလေးအိပ်မက်ထဲထိရောက်သွားပြီး ဓာတ်ပုံတွေထဲထိ စိမ့်ဝင်သွားတော့မလိုပဲ။ နောက်တပုံမှာတော့ စပျစ်ရောင်အရည်တွေပေနေတဲ့ အဝတ်တွေကို အမျိုးသမီးတဦးက အိမ်သာ ကမုတ်တွေထဲမှာ စိမ်ပြီး လျှော်ဖွပ်နေတယ်။ အိပ်မက်မက်တဲ့ ကောင်မလေးက အမျိုးသမီးကို အဲဒီလို လုပ်တာ မညစ်ပတ်ဖူးလားလို့ မေးလိုက်သေးတယ်လို့ ကျွန်တော်တို့ကို ပြန်ပြောတယ်။ ဒါပေမယ့် သူမ ဘာတုန့်ပြန်မှုမရဘူးတဲ့။ ဓာတ်ပုံတွေကို မက်တဲ့အိပ်မက်ဆိုတော့ interactive မဖြစ်ဘူးပေါ့။ နောက်တပုံကတော့ ဘာမှ အဆက်အစပ်မရှိဘူး။ လူတယောက်က ပုန်းအောင်းနေပြီး လူတချို့က သူ့ကိုလိုက်ရှာနေကြတယ်။ အဲဒီပုံကို အိပ်မက်မက်နေတဲ့ အချိန်မှာ သူမဟာ အဲဒီပုံထဲက တယောက်ယောက်လို့ ခံစားခဲ့ရတယ်။ ဒါပေမယ့် မနက်ကျတော့သူမဟာ ပုန်းသူလား လိုက်သူလား မမှတ်မိဘူး။ နိုးလာတော့ နှစ်ဖက်လုံးရဲ့ ခံစားချက်တွေကို ခံစားနေရတယ်လို့ သူမက ပြောတယ်။

၃။
အိပ်မက်နားထောင်ပြီးတော့ ကျွန်တော်တို့ အုပ်စုလိုက်ဓာတ်ပုံရိုက်ကြတယ်။ ရိုက်တဲ့လူက အဝေးကြီးမှာ။ ပုံထဲမှာ ကျွန်တော်တို့ကို မြင်ရမှာမဟုတ်ဘူးလို့ ကျွန်တော်ခံစားရတယ်။ အပြန်လမ်းတနေရာမှာ ဘီယာသောက်ကြမယ်လို့ အားလုံးသဘောတူကြတယ်။ ဒါပေမယ့် ဘယ်လိုကနေ ဘယ်လို အမှတ်မှားသွား၊ မျက်ခြေပြတ်သွားလဲမသိဘူး။ ဆုံကြမယ်လို့ ထင်တဲ့ဆိုင်ရောက်တော့ တောင်တက်တုံးက ရှေ့ကလျှောက်နေတဲ့ ကောင်မလေးနဲ့ ကျွန်တော်ပဲ ရှိနေတယ်။ သူက ပါလာတဲ့ ဝိနည်းနည်း ကျွန်တော့်ကို တိုက်တယ်။ ကျွန်တော်တို့ ဖတ်ထိုင်းတပွဲမှာပြီး ဘီယာနဲ့မြည်းကြတယ်။ ထိုင်နေတဲ့နေရာကနေ မြစ်ကွေ့တခုကို မြင်နေရတယ်။ မြစ်ကွေ့နားမှာ အရမ်းကြီးတဲ့သစ်ပင်ကြီးတပင်။ ဟိုးအနောက်မှာက ကျွန်တော်တို့ တက်ခဲ့ပုံရတဲ့ တောင်ကြောတွေ။ ကောင်မလေးကတော့ ရှုခင်းကိုထပြီး ဓာတ်ပုံရိုက်သေးတယ်။ ချန်းတဘူးစီကုန်တော့ ကိုယ့်အုပ်စုမှာကိုယ် နားထောင်ခဲ့တဲ့အိပ်မက်တွေအကြောင်း နဲနဲပါးပါး ပြောဖြစ်ကြတယ်။ ဆင်တွေနဲ့ လူတွေ မြစ်ထဲကို ဆင်းလာကြတာ လှမ်းမြင်ရတာနဲ့ စကားခနပြတ်သွားတယ်။ ကြည့်ရတာ ဆင်ဦးစီးတွေက ဆင်တွေကို ရေလာချိုးပေးပုံပဲ။ နောက်တော့ သူက တခုပြောတယ်။ ကိုယ့်အိပ်မက်ကိုယ် အခုလို လျှောက်ပြောလိုက်ရင် အများပိုင်အိပ်မက် ဖြစ်သွားမယ်ထင်တယ်နော်တဲ့။ ဆင်တွေ ရေချိုးတာ ဆယ်မိနစ်လောက်ပဲကြာမယ်။ ဆင်ဦးစီးတွေက ဆင်တွေကို ကမ်းပေါ်ပြန်မောင်းတင်နေကြပြီ။ တခုခုပြန်ပြောဖို့ စိတ်ကူးရတာနဲ့ သူတို့ပြောတဲ့ တချို့အိပ်မက်တွေကို ငါတို့ ဆက်မက်ချင်မက်မိကြမယ်ထင်တယ်လို့ လှမ်းပြောလိုက်တယ်။ဆင်အုပ် တော်တော်လှမ်းလှမ်းရောက်သွားမှ ဆင်ပေါက်လေး တကောင်က မြစ်ဆီ ပြန်ပြေးလာတယ်။

မိုးဆတ်

21/07/2026

ငရုတ်သီးစာပေအတွက်ဖတ်ပေးရမယ်ဆိုပြီး လာရွေးခိုင်းတော့ ဒီစီးရီးထဲကဒီတပုဒ်ကိုအကြိုက်ဆုံးမိုလို့ ရွေးပေးလိုက်တာ ခုနားထောင်တော့လည်း အတော်ကြိုက်တယ်ဆိုတာပိုသေချာသွားတယ် 🤩❤️

RIP, Ama💔အမွန်မွန်း
10/07/2026

RIP, Ama💔အမွန်မွန်း

29/06/2026

မိုဒီယာနိုဖတ်ရင်း ခေါင်းထဲဖြတ်ဝင်လာတာတွေ

၄။ မြစ်ဆီသွားဖို့မလိုတော့တဲ့ဂျွန့်ကို ၁၉၇၇မှာ မွေးတယ်။ ဆင်ဆာခေတ်ထဲ သတင်းစာတစောင်မှာ ဘာသာြပန်လုပ်ရင်း အသက်မွေးတယ်။ သတင်းစာတိုက် သွားလည်တဲ့လူတိုင်းကို သူ လဖက်ရေတိုက်တယ်။ သူ စကားပြောရင် မျက်ခွံက ချွေးပြန်လာတတ်တယ်။ နောက်တော့ သူ စာအုပ်တွေ ဘာတွေ ထုတ်ဖြစ်တယ်။ မိန်းမစီးဖို့ ကားဝယ်ပေးပြီး သူက အများပြည်သူသုံးခရီးသွားဝန်ဆောင်မှုတခုခုကိုပဲ ဆက်သုံးတယ်။ ခရစ္စမတ် ဒါမှမဟုတ် နယူးရီးယားလို ညတညမှာ အကြောတွေဘာတွေဆွဲပြီး သူ ဆုံးတယ်။ ဈေးသက်သာပြီး စစ်ဆေးထိန်းကျောင်းခံရခြင်းမရှိတဲ့ အရက်တွေကြောင့်ပေါ့။ သူ မရှိတော့ မသေခင်ကွာရှင်းပြီးသား သူ့မိန်းမက သူ့တို့သမီးလေးကို တော်တော်နှိပ်စက်တယ်လို့ သူ့ထုတ်ဝေသူက ကျနော့်ကို ပြောပြတယ်။

၅။ ကျွန်တော် သိပြီး အပြင်မှာဆုံဖူးတဲ့လူတွေ စသေတာ ၁၉၈၄ (အေဒီ)။ ကျွန်တော် သိပေမယ့် အပြင်မှာ မဆုံဖူးတဲ့ကလူထဲက စသေတာတော့ ၄၇၉ (ဘီစီ)ဖြစ်မယ်။ (ဒါလဲ ကွန်ဖြူးရှပ်သေတဲ့နှစ်ပဲ ကွန်ဖမ်းဖြစ်ပြီး ဗုဒ္ဓသေတဲ့နှစ်က ကွန်ဖမ်းမဖြစ်လို့ပဲ။) ကြားထဲက သေတဲ့သူတွေထဲ မှတ်မှတ်ရရရှိနေတာ တယောက်က ၂၀၀၃ (သိပြီး မဆုံဖူး)။ နောက်တယောက်က ၂၀၁၆ (သိဖူးဆုံဖူး)။ ၂၀၁၆ မှာ သေတဲ့သူက ၁၉၈၄ တုံးက သေသူရဲ့ အသုဘမှာ သင်္ချိုင်းကို လမ်းပြသူ လုပ်ခဲ့တယ်။

၆။ Auschwitz က လွတ်မြောက်လာတဲ့အမျိုးသမီး တယောက်က ဆုံးပါးကျန်ရစ်ခဲ့တဲ့ အဖော်တယောက်နဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ချတယ် “သူ့မှာ ခံနိုင်ရည်မွေးဖို့ လုံလောက်တဲ့ ပျော်စရာမှတ်ဉာဏ်တွေမရှိဘူး”။

မိုး ဆတ်

28/06/2026

မိုဒီယာနိုဖတ်ရင်း ခေါင်းထဲဖြတ်ဝင်လာတာတွေ

၁။ ထောင်စုနှစ်ပြောင်းခါနီး မော်လမြိုင်သီရီမြိုင်ဖာတန်းမှာ ကျောတခုလုံး တက်တူးအပြည့်ထိုးထားတဲ့ ခေါင်းတပွေရှိတယ်။ အရုပ်က သိမ်းငှက်ရုပ်ဆိုတော့ သူ့ကိုလည်း အဲဒီနာမည်နဲ့ပဲခေါ်ကြတယ်။ သူ့သမီးကလည်း အပျိုဖော်ဝင်စအရွယ် ဖာအိမ်မှာပဲ ဝင်ထွက်သွားလာနေတာ။ ကျနော်ကအကြောင်းမသိပဲ အဲဒီကောင်မလေး ခေါ်မယ်လေဆိုပြီး လုပ်သေးတယ်။ စောက်ခွက်အရိုက်မခံရတာပဲကံကောင်း။ ၂၇ နှစ်ကြာမှ ဖတ်လက်စ စာအုပ်ထဲက brothel ဆိုတဲ့ စကားလုံးကနေ ဘယ်လိုကဘယ်လို အဲဒီကောင်မလေး ဒီအသံတွေ၊ အနံ့တွေ၊ မြင်ကွင်းတွေကြားမှာ မဟော်နီဘူးလားလို့ သွားတွေးမိတယ်။

၂။ အသနားခံစာတွေကို တကယ်က ဘယ်သူမှ မဖတ်ကြဘူး။ ကျနော်ကသာကိုသွားလည်တော့ ဂျော့အော်ဝဲနေခဲ့တဲ့အိမ်ကိုရောက်သွားတယ်။ အခုလဲ ဌာနာကပဲပိုင်တာမို့ သူတို့ပုလိပ်ဆွမ်းလောင်းအသင်း ပစ္စည်းပစ္စယတွေလည်း တွေ့ခဲရတယ်။ တနေရာမှာ ခြင်းတခြင်းအပြည့် မဖွင့်ရသေးတဲ့ စာအိတ်ဟောင်းတွေ။ လူလဲရှင်းနေတာနဲ့ ကျနော်ဖွင့်ကြည့်တော့ အချုပ်ခံရတဲ့သူတွေရဲ့ အဝေးက မိသားစုဝင်၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်စတာတွေက ကသာဌာနာအုပ်ဆီ လိပ်မူထားတဲ့ အသနားခံစာတွေ။ အကြောင်းအရာတွေကတော့ အချုပ်ခံထားရတဲ့သူတွေရဲ့ ကျန်းမာရေးသတင်းမေးတာကနေ လွှတ်ပေးဖို့ တောင်းဆိုတာအထိ ပါတယ်။

၃။ အခုအချိန်မှာ ကျနော့်အနေနဲ့တတ်နိုင်တာက သူမရှိနေတဲ့မြို့ရဲ့ ရာသီဥတုနဲ့ သတင်းပလင်းအချို့ကို စောင့်ကြည့်နေဖို့ပဲ။ ဒီသတင်းပတ်မှာဆိုရင် ပထမသုံးရက်လောက်က အဲဒီမှာ မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှု မြင့်တက်နေခဲ့တယ်။ အဲဒီမတိုင်ခင် လွတ်နေတဲ့ ကျားတကောင်က မြို့ရဲ့မလှမ်းမကမ်းမှာ နွားတကောင်ကို ကိုက်သတ်သွားသေးတယ်။ ကျားကိုတွေ့တဲ့နေရာက သူမ ရေသွားကူးလေ့ရှိတဲ့ ရပ်ကွက်နဲ့ ကီလိုမီတာ သုံးဆယ်လောက်ပဲဝေးတယ်။ ဗုဒ္ဓဟူးနေ့မှာ မိုးရွာလာပြီး တောမီးတွေ ငြိမ်းသွားတယ်။ အဲဒီလိုဆို မီးခိုးတွေပျောက်သွားပြီး သူမအိမ်ဝရန်တာကနေ တောင်ကိုလည်း ပြန်မြင်လာရလိမ့်မယ်။ ကြာသာပတေးနေ့ မြို့ရဲ့အနောက်မြောက်ဘက် တနေရာမှာ ဆူညံလို့ဆိုပြီး အိမ်နီးချင်းတယောက်က နောက်တယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ သောကြာနေ့မှာ ၃၆ ဒီဂရီအထိ အပူချိန်တက်လာလို့ သူမအိမ်ရှေ့ ခြံထဲက အပင်မှာ cicada တွေ အော်နေခဲ့လိမ့်မယ်။ ဒီနေ့တော့ အဲဒီမြို့မှာ မိုးက ပြန်ရွာမလိုလိုပဲ။

မိုး ဆတ်

ที่อยู่

34/3 Ratchamankha Road
Chiang Mai
50200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Books4Booze - Online Bookstoreผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์